Sunday, August 3, 2014

#‎သူပြောတဲ့‬ ကျွန်တော်တို့ မန္တလေး

#သူပြောတဲ့ ကျွန်တော်တို့ မန္တလေး
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ အလုပ်ကိစ္စနဲ့ မန္တလေးကို လာမှာမို့ လာကြိုပါတဲ့။ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းဖြစ်၊ လာတိုင်းလည်း ကိုယ့်ဆီမှာပဲ တည်းခိုနေကြ၊ ကျောင်းနေဖက်ဆိုတော့ သွားကြိုဖို့ ဆုံးဖြတ်လိုက်တယ်။
ကားကြီးကွင်းကို ရောက်ပြီးသူနဲ့ တွေ့တွေ့ချင်းမှာပဲ ကျွန်တော့်ကို စကားတစ်ခွန်း အရင်ပြောလိုက်တယ်။ 'မင်းရေနီမြောင်းရေတွေ ချိုးနေတုန်းလား၊အသားတွေကလည်း မဲချိတ်နေတာပဲ´တဲ့။ မန္တလေးက မြို့အရှေ့ဘက်နဲ့ အနောက်ဘက်ကို ဘူတာကြီးကနှစ်ခြမ်းခွဲထားတယ်။ အရှေ့ဘက်ခြမ်းက လူတွေက ရေနီမြောင်းရေကို အားကိုးကြတယ်။ ကျွန်တော့်အိမ်ဘေးမှာတင်ကို ရေနီမြောင်းက တသွင်သွင်စီးနေခဲ့တာ။ ပူလာအိုက်လာတယ်ဆိုရင် အဲဒီမြောင်းထဲကို ဒိုက်ပစ်လိုက်ရုံပါပဲ။ ဒီမြင်ကွင်းမျိုး ဒီအရသာမျိုးကို သူနဲ့ကျွန်တော် ကျောင်းတက်တုန်းက အတူတူခံစားခဲ့ကြဖူးတယ်။ 
ဒါပေမယ့် အခုတော့ သူပြောသလို ရေနီမြောင်းရေချိုးနေတုန်းတော့မဟုတ်။ မချိုးဖြစ်တာမဟုတ်ပါဘူး။ ချိုးစရာရေနီမြောင်းသန့်သန့်မရှိတော့လို့ပါ။ အရင်ရပ်ကွက်နေသူတွေ အားကိုးအသုံးပြုနေကြတဲ့ ရေနီမြောင်းက အခုတော့ တိုက်အိမ်အကြီးကြီးတွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေက ရေဆိုးတွေစွန့်ထုတ်တာတွေ၊အညစ်အကြေးတွေ စွန့်ထုတ်ကြတာတွေ၊အမှိုက်သရိုက်တွေကို စည်းကမ်းမရှိ ပစ်ကြတာတွေနဲ့ အချို့ရေနီမြောင်းတွေကို ပိတ်ပြီးမြေတိုးချဲ့ယူထားတာတွေကြောင့် ရေဆိုးမြောင်းအဖြစ်ကိုပြောင်းနေပါပြီ။ ဒါကိုတော့သူ့ကို ရှည်ရှည်ဝေးဝေး ရှင်းမပြတော့ပါဘူး။ သူမြင်ရင် သိသွားပါလိမ့်မယ်။
ဒီလိုနဲ့ သူငယ်ချင်းကို ခေါ်ပြီးဆိုင်ကယ်နဲ့ ဖြည်းဖြည်းမှန်မှန်မောင်းရင်း လာခဲ့ကြတယ်။ လမ်းတစ်လျှောက်လုံး သူကဟိုဟာမေး၊ဒါမေးမေးတော့တယ်။ အရင်တစ်ခေါက်မန္တလေးလာတုန်းက ဒီလမ်းနားမှာ လက်ဖက်ရည်ဆိုင်ရှိတယ်။ အခု အဲဒီနေရာမှာ ဘီယာဆိုင်အကြီးကြီး ဖြစ်နေပြီဆိုတဲ့အကြောင်း၊ မင်းတို့ဆီက မီးပွိုင့်တွေကလည်း အချိန်ပြည့်ပျက်နေတော့မှာလားဆိုတာ လည်းပါတယ်။ ဆိုင်ကယ်တက္ကဆီသမားတွေက သူကားပေါ်က ဆင်းဆင်းချင်း ၀ိုင်းဆွဲကြတာ လူကိုသေမတတ်ဆိုတာလည်း ပါတယ်။ မိုးလေးမဖြစ်စလောက်ကျတာကို ကားကြီးကွင်းက ဗွက်တွေချည်းမို့ ခြေချစရာတောင် မနည်းရှာယူရတယ်ဆိုတာလည်း ပါတယ်။ ပြောနေတာတွေကတော့ အများကြီးပဲ။ ကျွန်တော်လည်း အာရုံစိုက်မောင်းနေရတာဆိုတော့ သူပြောတာ ကြားတစ်ချက် မကြားတစ်ချက်ပါ။
တစ်ညလုံးကားစီးလာရတာဆိုတော့ ဗိုက်ဆာနေလောက်ပြီပေါ့။ ဒါကြောင့် နီးရာလက်ဖက်ရည်ဆိုင်ကို တန်းမောင်းလိုက်တယ်။ ကံမကောင်းစွာပဲ လမ်းကြားကထွက်လာတဲ့ ဆိုင်ကယ်က ဘာဟွန်းမှမတီး၊ ဘယ်ကွေ့မလဲ အချက်မပြ၊အရှိန်လည်း မလျော့ဘဲ မောင်းချလာတာကို လွတ်ရုံလေးသာရှောင်နိုင်ခဲ့တာ။ သူငယ်ချင်းက တောက်တစ်ချက်ခေါက်လိုက်ပြီး`မင်းတို့ မန္တလေးက ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားကိုမလည်ဘူး။ မောင်းချင်သလိုမောင်းနေကြတယ်။ ´လို့ ပြောတယ်။ 
မင်းတို့မန္တလေး၊မင်းတို့မန္တလေးနဲ့ ထည့်ထည့်ပြောနေတာတော့ မန္တလေးအစွဲပါလို့လား မသိဘူး။ သိပ်တော့ဘ၀င်မကျလှဘူး။ 
လက်ဖက်ရည်သောက်နေရင်း သူကပြောတယ်။ ဘီယာဆိုင်တွေ က ငါအရင်တစ်ခေါက်လာတုန်းကထက်တောင် ပိုများလာသေးတယ်တဲ့။ ဒီလောက်ဆိုင်အများကြီး ဒီမှာပဲ မြင်ဖူးတယ်တဲ့။ ပြီးတော့ လမ်းတစ်လျှောက်လုံးကို ငါလေ့လာကြည့်နေတာ။ အနီရောင်ဆိုင်းဘုတ်တွေ၊ အနီရောင်မီးပုံးတွေ လွတ်တဲ့နေရာ မတွေ့မိဘူးတဲ့။ မင်းတို့မြို့လူတွေ အတော်ကိုသဘောကောင်းတာပဲတဲ့။
သူပြောလည်း ပြောချင်စရာပါပဲ။ မန္တလေးမှာက မြေဈေးကလည်း အရမ်းကောင်းနေ၊ အခြေခံလက်လုပ်လက်စားကလည်း အရမ်းများ၊ဘီယာဆိုင်တွေကလည်း ဟီးဟီးထ၊ လမ်းတစ်လမ်းထဲမှာတင် နှစ်ဆိုင်သုံးဆိုင်၊အချို့နေရာမှာ အရင်က လက်ဖက်ရည်ဆိုင်အကြီးကြီး ရှိခဲ့ပေမယ့် မြေငှားခ တိုးမပေးနိုင်တဲ့ ဆိုင်ရှင်တွေက ဆိုင်သိမ်းကြ၊အဲဒီနေရာမှာ ဘီယာဆိုင်တွေက နေရာယူလာ၊ ဘုန်းကြီးကျောင်းနဲ့ကပ်လျှက်ဘီယာဆိုင်၊ မျက်နှာချင်းဆိုင် ဘီယာဆိုင်တို့တောင် ရှိချင်ရှိနေဦးမှာ။ ကိုယ်သိတာမှတ်လို့။ နောက်ပြီး အနီရောင်ဆိုင်းဘုတ်တွေလည်း များလာတာ အမှန်ပဲ။ ကျွန်တော့်အမျိုးတစ်ဦးဆိုရင် မြို့ထဲနေရတာ မျက်စီရှုပ်၊နားရှု့ပ်တယ်ဆိုပြီး ခြံကိုရောင်းဖို့ဆုံးဖြတ်လိုက်တာ။ ကိုယ်လိုချင်တဲ့ ဈေးထက်တောင် ပိုရနေတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ရောင်းလိုက်ပြီး မြို့သစ် အစွန်အဖျားမှာ နားအေးပါးအေး သွားနေပါရောလား။ ငွေပမာဏကို လုံးဝမကြည့်ဘဲ ဒီလိုတွေ ပေးဝယ်နိုင်တာ၊ ကိုယ့်ဗမာထဲမှာ ဘယ်သူရှိလဲ။ ရှိတော့ရော အဲလိုပေးပါ့မလား။ ဒီလိုနဲ့ပဲ အနီရောင်ဆိုင်းဘုတ်တွေက များများလာတာ။ တစ်ချို့ဆိုရင် ကိုယ့်လမ်းထဲမှာနေတာ။ မြန်မာလိုတောင် ကောင်းကောင်းမပြောတတ်ဘဲ တရုတ်ပစ္စည်းတွေ ရောင်းနေတာမှ ၀ယ်လိုက်ကြတာ ကြိတ်ကြိတ်တိုး။ ဒါလည်း ရှင်းမပြတော့ပါဘူး။ သူလည်းပညာတတ်ပဲ တွေးကြည့်တာနဲ့တင် သိနေပြီပေါ့။ 
ကျွန်တော်တို့မြို့ထဲတစ်ပတ်ပတ်ပြီး အိမ်ပြန်လာကြတယ်။ အိမ်မှာ ခဏနား၊ရေမိုးချိုးပြီး သူ့ကို ဆိုင်ကယ်ပေးလိုက်တယ်။
သူကမန္တလေးအနေကြာခဲ့တယ်ဆိုတော့ ဆိုက်ကယ်မောင်းတာကျွမ်းနေပြီ။ ဒါကြောင့် စိတ်ချလက်ချ ဆိုင်ကယ်ပေးလိုက်တယ်။ ညနေအိမ်ပြန်လာမှ ဆုံမယ်ပေါ့။ ညနေပြန်လာရင် မန္တလေးရဲ့ ဘယ်လိုမြင်ကွင်းတွေကို ဖောက်သည်ချဦးမယ်မသိ။ 
ညနေဘက် သူအိမ်ပြန်ရောက်လာတယ်။ ထင်တဲ့အတိုင်းပဲ။ မန္တလေးအကြောင်း ကောင်းတာမှ ရှိပါလေစ။ ရေဆာလို့ ဆိုင်ကယ်ရပ်ပြီးရေဗူး ၀ယ်တာ၊ပြန်ထွက်လာတော့ ဆိုင်ကယ်ရပ်ခ နှစ်ရာတောင်းလို့ ပေးလိုက်ရတယ်တဲ့။ ငါဒိနားမှာ ထားတုန်းက မင်းမရှိပါဘူးဆိုတော့ ဟိုးအရိပ်အောက်မှာနေတာ။ အကို့ကို ကျွန်တော်မြင်တယ်တဲ့။ ဖြတ်ပိုင်းကို ပြန်ထွက်လာမှပေးတော့ ဆိုင်ကယ်များပျောက်သွားရင် မင်းတို့တကယ်တာဝန်ယူမှာလား မေးတော့ နောက်ပိုက်ဆံမပေးချင်ရင် လူပိုခေါ်လာပြီး ဆိုင်ကယ်နားစောင့်ခိုင်းထားတဲ့။ သူပြောတဲ့ ကျွန်တော်တို့ မန္တလေးအကြောင်းကို တစ်အိမ်လုံးက ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတာ။ ပြန်ပြောစရာလည်း မရှိဘူး။ ဒါမျိုးကိစ္စ ကျွန်တော်လည်း ခဏတိုင်းကြုံဖူးနေတာကိုး။
ဒီအကြောင်းလောက်နဲ့ မပြီးသေးဘူး။ လမ်းဘေးပလက်ဖောင်းဆိုတာ လူသွားဖို့လုပ်ထားတာလားလို့ မေးတယ်။ ပလက်ဖောင်းက လူသွားဖို့မဟုတ်ရင် မင်းဂျီးတော်သွားဖို့လား´လို့ စိတ်ပေါက်လို့ ပြောလိုက်တယ်။ `အေး၊ ပလက်ဖောင်းက လူမသွားရဘဲ ဘေဘုတ်တွေကအပြည့်၊ လူတွေက လမ်းပေါ်ကတက်လျှောက်နေကြတယ်။ အဲဒီတော့ ကားတွေဆိုင်ကယ်တွေက သူတို့ကို ရှောင်မောင်းရ၊ လမ်းကြောကကျဉ်း၊ဒီကြားထဲ ယာဉ်တွေကလည်း ရပ်ထားသေး´တဲ့။ ကျွန်တော်လည်း ဆိုင်ကယ်ပဲ စီးနေတဲ့သူ။ ပလက်ဖောင်းမှာ လမ်းမလျှောက်တာကြာပြီ။ ဒါကြောင့် သတိမထားမိဘူး။ 
`ပလက်ဖောင်းကို ခြံလိုကာပြီး အ၀င်အထွက်ရှိသည် မရပ်ရဆိုတဲ့ဆိုင်းဘုတ်ကို ပလက်ဖောင်းပေါ်မှာ စိုက်ထားတာလည်း တွေ့ခဲ့ရတယ်။ ပလက်ဖောင်းကိုဖျက်ပြီး ကားအတက်အဆင်းလုပ်ဖို့ ကုန်းလျောလုပ်ထားတာတွေလည်းတွေ့တယ်။ ပလက်ဖောင်းပေါ်မှာ ဈေးရောင်းနေကြတာလည်းတွေ့တယ်။ မင်းတို့မြို့က အတော်ကို လူနိုင်သူနိုင်များတာပဲ´တဲ့။ ကဲ--ဘာကျန်သေးလဲ ပြောစရာ လို့ကျွန်တော်ခပ်ဆတ်ဆတ်မေးလိုက်တယ်။
`မင်းတို့မြို့ကို ဘေဘုတ်မြို့တော်လို့ နာမည်ပြောင်းမယ်´။ ဒီစကားကို ကျွန်တော်ကြိုက်တယ်။ ဘေဘုတ်တွေ၊ဗီနိုင်းတွေကတော့ များတာအသေအချာပဲ။ တချို့ဘေဘုတ်ကြီးတွေဆို အောက်ခြေမှာ နတ်တိုင်ဆွဲထားတာက နှစ်လုံးသုံးလုံး၊ အဲဒီဘေဘုတ်ကြီးက လမ်းအလယ်မရောက်တရောက်ထိ စိုက်ထားတယ်။ ငလျင်လှုပ်တာပဲဖြစ်ဖြစ်၊ တစ်ခုခုပေါ့။ အဲလိုများကြုံခဲ့ရင် မြို့ထဲမှာ သွားလာနေတဲ့သူတွေက အများကြီး။ ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် မြို့ထဲမှာ ဘေဘုတ်အကြီးကြီးတွေကို ခွင့်မပြုစေချင်ကြဘူး။
မန္တလေးကိုရောက်ရောက်ချင်း အလုပ်ကိစ္စကို တောက်လျှောက်လုပ်နေတဲ့ သူငယ်ချင်း အ၇မ်းပင်ပန်းနေတယ်ဆိုတာသိတယ်။ ဒါကြောင့် သူ့ကိုစောစောအိပ်ဖို့ပြောတယ်။ မရဘူး။ စကားပြောဦးမယ်တဲ့။ သူပြောရင် မန္တလေးအကြောင်းပဲ။ ကောင်းတာလည်း ပါမှာမဟုတ်ပါဘူ့းလို့ပဲတွေးလိုက်တယ်။ `မန္တလေးတောအထာတွေ မပျောက်သေးဘူး´။ဘာဖြစ်လို့လည်းမေးတော့ ခုနစ်သံချီတဲ့အသံချဲ့စက်ကြီးတွေ ဖွင့်ထားတုန်း၊ ငွေဖလားတစ်ဂျောက်ဂျောက်နဲ့ အလှူငွေ မထည့်မချင်း ရစ်သီရစ်သီလုပ်နေကြတုန်း၊ အရင်လိုပဲ ဖုန်တွေကလည်း မွှန်ထူနေတုန်း၊ အိမ်ရှင်ပါဆိုပြီး ဧည့်သည်တွေကို နေရာတွေဖယ်ပေးလွန်းလို့ အိမ်ရှင်တွေ မြို့အစွန်အဖျားရောက်နေကြတာတောင် သဘောကကောင်းနေကြတုန်း၊ မီးခဏတိုင်းပျက်နေတာကို သည်းခံတတ်ကြတုန်း၊ အင်အား လိုချင်လို့ပါဆိုပြီး လက်မှတ်လာထိုးခိုင်းတာကို အားနာလို့ဆိုပြီး လက်မှတ်ထိုးပေးနေကြတုန်း´။ သူပြောတာ သိပ်တောင်မကျန်တော့ဘူး။ တော်တော်ကိုစုံနေပြီ။ ဘယ်အချိန်ကများ ဒီလောက်ထိ လေ့လာထားပါလိမ့်။ ကိုယမန္တလေးအကြောင်းကို သူပြောမှပဲ သတိထားမိတော့တယ်။
ညနေဘက် အလုပ်တွေလည်း ပြီး။ ညဘက် ၉း၃၀ မှာ ကားလက်မှတ်က အပြန်အတွက် တစ်ခါတည်းဖြတ်ထားပြီးသား။ ဒါကြောင့် သူ့ကို ညစာထမင်း ဧည့်ခံပြီးတာနဲ့ ကားဂိတ်ကိုစောစောလေး ထွက်လာခဲ့ကြတယ်။ လမ်းမှာသူကပြောတယ်။ 
` မန္တလေးမှာ အနေကြာခဲ့လို့လားမသိဘူး။ မန္တလေးကို ချစ်တယ်။ ငါ့ကိုယ်ငါ မန္တလေးသား တစ်ယောက်လို ခံယူနေတုန်းပဲ။ မန္တလေးမှာ ကျောင်းတက်၊အဖေတို့ တာဝန်ကျရာလိုက်ရ၊ အခုငါကိုယ်တိုင် အလုပ်လုပ်တော့ရန်ကုန်ရောက်နေ။ ငါမရောက်ဖြစ်တော့တဲ့ နှစ်တွေအတွင်းမှာ မန္တလေးမြို့ဟာရုပ်ပိုင်းဆိုင်ရာ တိုးတက်လာပေမယ့် ငါသိခဲ့တဲ့ သူတွေ၊ငါ့ဆရာတွေ၊ငါ့မိတ်ဆွေတွေနဲ့ ငါ့အမျိုးတွေဟာ မြို့ထဲတွေမှာတောင် သိပ်မရှိကြတော့တာကို စိတ်မကောင်းဖြစ်ရတယ်။ မန္တလေးသူ၊မန္တလေးသားတွေရဲ့ ဟန်မဆောင်တတ်တဲ့ ဖော်ရွေပျူငှာမှု ၊ဧည့်ဝတ်ကျေမှုတွေကို မပြောင်းမလဲ ခံစားရတယ်။ မန္တလေးမှာ ဖောင်းကြွစာလုံးတွေနဲ့ အနီရောင်မီးပုံးကြီးတွေ ချိတ်ဆွဲထားတာတွေကို မြင်တိုင်း မန္တလေးသူ၊မန္တလေးသား စစ်စစ်တွေ ဘယ်ရောက်ကုန်ပြီလဲလို့ တွေးမိတယ်။ နောက်တစ်ခါ မင်းဆီကို ငါလာခဲ့ရင် ဒီနေရာ၊ဒီလမ်း။ဒီအိမ်မှာ မင်းတို့မိသားစုတွေ ဆက်ရှိနေပါစေ၊တောင့်ခံနိုင်ပါစေလို့ ငါဆုတောင်းပါတယ် သူငယ်ချင်း´တဲ့။ 
ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်မန္တလေးကို ချစ်သလို သူလည်း မန္တလေးကို သိပ်ချစ်တဲ့သူဆိုတာ သိလိုက်ရတယ်။ ဒါပေမယ့်သူငယ်ချင်း ငါတို့တွေ မတတ်နိုင်တဲ့တစ်ခုကတော့ ငွေဆိုတာ အရာရာကိုပြောင်းလဲစေနိုင်တယ်။ မရှိနွမ်းပါး ဆင်းရဲကြတဲ့ လက်လုပ်လက်စားဘ၀တွေမှာ ခြံကျယ်ဝန်းကျယ်ကြီးတွေမှာ နေပြီးစားဝတ်နေရေးခက်ခဲကြတာတွေ၊ရှေးလူကြီးသူမတွေကမြို့ပြရဲ့ ဆူပူမှုကို မခံနိုင်ကြတာတွေနဲ့ အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့် ကိုယ့်ခြံကိုယ့်ဝန်း ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာနေကြရတာကိုတော့ ဘယ်သူစိတ်ချမ်းသာပါ့မလဲ သူငယ်ချင်း။
သူ့ကို နှုတ်ဆက်ပြီး ပြန်အလာမှာတော့ မြို့ပြကို သတိထားကြည့်မိတယ်။ အနီရောင်မီးပုံးတွေက နေရာတိုင်းအပြည့်။ အနီရောင်ဆိုင်းဘုတ်တွေက နေရာတိုင်းအပြည့်။ အနီရောင်စာတမ်းတွေ ချိတ်ထားတဲ့ အဆောက်အဦးတွေက နေရာ တိုင်းအပြည့်……………….
CREDIT T0 - Thin Thin Thaw 
Photo-Zaw Min Latt
https://www.facebook.com/hnin.waiwai.37/posts/673157082774353?ref=notif&notif_t=notify_me

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ အလုပ်ကိစ္စနဲ့ မန္တလေးကို လာမှာမို့ လာကြိုပါတဲ့။ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းဖြစ်၊ လာတိုင်းလည်း ကိုယ့်ဆီမှာပဲ တည်းခိုနေကြ၊ ကျောင်းနေဖက် ဆိုတော့ သွားကြိုဖို့ ဆုံးဖြတ်လိုက်တယ်။
ကားကြီးကွင်းကို ရောက်ပြီးသူနဲ့ တွေ့တွေ့ချင်းမှာပဲ ကျွန်တော့်ကို စကားတစ်ခွန်း အရင်ပြောလိုက်တယ်။ 'မင်းရေနီမြောင်းရေတွေ ချိုးနေတုန်းလား၊အသားတွေကလည်း မဲချိတ်နေတာပဲ´တဲ့။
မန္တလေးက မြို့အရှေ့ဘက်နဲ့ အနောက်ဘက်ကို ဘူတာကြီးကနှစ်ခြမ်းခွဲထားတယ်။ အရှေ့ဘက်ခြမ်းက လူတွေက ရေနီမြောင်းရေကို အားကိုးကြတယ်။ ကျွန်တော့်အိမ်ဘေးမှာတင်ကို ရေနီမြောင်းက တသွင်သွင်စီးနေခဲ့တာ။ ပူလာအိုက်လာတယ်ဆိုရင် အဲဒီမြောင်းထဲကို ဒိုက်ပစ်လိုက်ရုံပါပဲ။ ဒီမြင်ကွင်းမျိုး ဒီအရသာမျိုးကို သူနဲ့ကျွန်တော် ကျောင်းတက်တုန်းက အတူတူခံစားခဲ့ကြဖူးတယ်။

Unlike

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...