Sunday, August 3, 2014

သတ္တိဆိုတာ


" အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့ " သူမက မေးသည်။
" ဟုတ်တယ် "
" အင်းလေ ... ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ ဒါပေမဲ့ သတ္တိရှိတယ် ဆိုရင်လဲ အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ် တစ်ချို့ကြောင့်လို့ ဆိုရမှာပါ၊ ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ် "
" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက ကျွန်မ စတင်းဖို့ဒ်ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ် လုပ်ခဲ့ဖူးတယ်၊ အဲဒီ မှာ လီဇာဆိုတဲ့ လူနာ မိန်းကလေး တစ်ယောက် ကျွန်မ တွေ့ရတယ်၊ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါ ဝေဒနာဆိုး တစ်မျိုးကို ခံစား နေရတာ၊ သူ နာလန်ပြန်ထူလာဖို့ အတွက်က အသက်ငါးနှစ်ပဲ ရှိသေးတဲ့ သူ့ မောင်လေး ဆီက သွေးကို သွင်းပေးတဲ့နည်းလမ်း တစ်ခုပဲ ရှိတော့တယ်၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အမ ရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာရှင်သန် လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန် နိုင်တဲ့ ပဋိပစ္စည်းတွေလဲ သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်၊

ဆရာဝန်က ဒီကလေးကို သူ့အမရဲ့ ရောဂါ အခြေ အနေ အကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒ ရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်၊ အဲဒီနောက် သက်ပြင်းလေးတစ်ချက် ရှိုက်ပြီး သူပြန်ဖြေ တယ်၊ ' မမအသက်ကို ကယ်နိုင်မယ် ဆိုရင် ကျွန်တော် ပေးပါ့မယ် ' တဲ့ "
" အဲဒါနဲ့ သူ့ဆီကသွေးကို သွင်းတဲ့အခါ အစ်မ ခုတင်ဘေးမှာ သူလဲ ခုတင်တစ်လုံးနဲ့ လှရင်း ကြည့်နေတယ်၊ ကောင်မလေး ပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံးနည်းတူ သူလဲပြုံးနေ တာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော် ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ်၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန် ယင်ယင် အသံလေးနဲ့ သူမေးရှာတယ်၊ ' ကျွန်တော် အခု တစ်ခါတည်း သေသွားတော့မှာလား ' တဲ့ "
" ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး၊ သူက သူ့အစ်မအတွက် သွေးပေးရမယ် ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး "
" အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလဲ သတ္တိဆိုတာ ရှိတတ် လာခဲ့ တာပါ " ။ ။[မူရင်း။ ။ Dan Millman ၏ On Courage] ဆရာ ဖေမြင့် ၏ အသင့်ထုပ်ပိုး ပြင်ဆင် ထားသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် စိတ်ဓာတ်သတ္တိများ ပါသည့် နှလုံးသား အာဟာရ(ရသစာများ) ကိုယ်တိုင် စားသုံးပြီးဖြစ်၍ မိတ်ဆွေများ ထံ ဖြန့်ချိဝေငှ ပေးလိုက်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...