ဒီမိုကရေစီနဲ့ တိုင်းပြည်ကို ဖျက်ဆီးမယ့် အန္တရာယ်ကြီး
by Lwin Aung Soe on Sunday, March 11, 2012 at 11:01pm ·
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ညီညွတ်မှု မရှိဘဲ နိုင်ငံသားအချင်းချင်း စစ်တိုက်နေခဲ့ကြတာ ခုဆို ရပ်ဆိုင်းနိုင်ဖို့ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေအားလုံးက အားထုတ်ကြိုးပမ်းလာနေကြပါတယ်။ တကယ်လို့ အောင်မြင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆ဝ ကျော်အောင် တနိုင်ငံလုံး မျှော်လင့် တောင့်တနေတဲ့ အမျိုးသားရေး ရည်မှန်းချက်ပါ။
ဒီလိုဖြစ်လာရင် မြန်မာနိုင်ငံဟာ ပိုပြီး သွေးစည်းညီညွတ်လာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလည်း ရလာတော့မှာဖြစ်လို့ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှားလို တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံသားတွေ ပျော်ရွှင် ကျေနပ်ဖို့ ဖြစ်လာပါတော့မယ်။
နဂိုကတည်းက သဘာဝ သယံဇာတကောင်းပြီး ပထဝီအချက်အချာကျတဲ့ မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်တဲ့ ငြိမ်းချမ်းမှု ရှိသွားရင် တရုတ်အတွက် ကိုယ်ကျိုးစီးပွား ရှာနိုင်ဖို့ အခွင့်အလမ်း နည်းသွားမှာ ဖြစ်ပါတယ်။ ဥပမာ - ဗီယက်နမ်နိုင်ငံကို ကြည့်နိုင်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံသားအချင်းချင်း မညီမညွတ် ဖြစ်နေအောင်လုပ်ဖို့ တရုတ်က အကြံပက်စက်ပြီး စနစ်တကျ အချိန်ယူ ပြင်ဆင်လာနေပြီလို့ ယူဆမိပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးကို အဆက်မပြတ် ပြောဆိုပြီး တောင်းဆိုနေတာ တရုတ်ပါ။ ဒါပေမယ့် အပြောနဲ့ အလုပ် လက်တွေ့မကျတဲ့အတွက် တရုတ် (ကွန်မြူနစ်အစိုးရ) ဟာ ယုံကြည်စရာ မကောင်းလှပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံသားအချင်းချင်း မညီမညွတ်ဖြစ်နေတယ် ဆိုရင် အစဉ်အလာရှိတဲ့ စစ်ဝါဒက ပြန်လည် ခေါင်းထောင်လာနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် ပြန်လည် လွှမ်းမိုးလာနိုင်ပါတယ်။ ဒါဆို ဒီမိုကရေစီနဲ့ ပြန်လည် အလှမ်းဝေးသွားစရာ ရှိနိုင်ပါတယ်။
တရုတ်ဘက်ကကြည့်ရင် သူ့အိမ်နီးချင်းနိုင်ငံတခုဟာ ကမ္ဘာမှာ စံထားလောက်တဲ့ ဒီမိုကရေစီ နိုင်ငံတခုက နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ရပ်တည်နေမှာကို လိုလားမှာ မဟုတ်ပါဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့ တားဆီးဖို့ ကြံစည်မှာကို ဖြစ်နိုင်သလောက် တွေးဆကြည့်ပါ။ မျှော်မြင် သုံးသပ်ကြည့်ပါ။
မြန်မာနိုင်ငံအတွက် အကောင်းဆုံးကတော့ ဒီမိုကရေစီ အမြန်ဆုံး အခြေကျ ဖြစ်ထွန်းလာဖို့သာ ရှိပါလိမ့်မယ်။ မြန်မာ့ရှေ့ရေးအတွက် အညီညွတ်ဆုံး အင်အားကို အခြေခံပြီး အမျိုးသားရေးစိတ်ဓါတ်နဲ့ ဒီမိုကရေစီကို တည်ဆောက်ကြပါစို့။
လွင်အောင်စိုး
၁၁-၃-၂ဝ၁၂
……………………………
ရည်ညွန်း -
စည်းလုံးညီညွှတ်မှုနှင့် စံတော်ချိန် မှားနေသော နာရီတစ်လုံး (by Tuntun Win on Sunday, March 11, 2012)
.............
0 comments:
Post a Comment