Thursday, March 29, 2012

ငှက်ပိတုန်း စိတ်ဓာတ်


by Lu Cifer on Thursday, March 29, 2012 at 9:22pm 


ငှက်ပိတုန်းကို မြင်ဖူးပါလိမ့်မည်။ ပုံစံက နှုတ်သီးရှည်ပြီး ချွန်သည်။ အမွေးအတောင်လှပသည်။ လေထဲတွင် တနေရာထဲ၌ အချိန်ကြာမြင့်စွာ အတောင်ပံတစ်ဖျတ်ဖျတ်ခတ်ပြီး ပျံဝဲနေနိုင်သည့် ငှက်မျိုးဖြစ်သည်။ အရွယ်မှာ စာကလေးကိုယ်လုံးသာသာ ရှိပြီး၊  ပိတုန်းတစ်ကောင်၏ လျှင်မြန်ခြင်းမျိုးရှိသဖြင့် ငှက်ပိတုန်း ( Hummingbird ) ဟု ခေါ်ပုံရသည်။ တချို့ကလည်း ၀တ်ရည်စုတ်ငှက်ဟု ခေါ်ကြသည်။

ကျွန်တော် ငှက်ပိတုန်း အကြောင်း ပထမဆုံးအကြိမ် စကြားဖူးခဲ့သည်မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ၀မ်ဂါရီမာသိုင်း (၁၉၄၀ - ၂၀၁၁) ၏ အင်တာဗျုးတစ်ခုတွင် ဖြစ်သည်။ သူမ၏ ဟောပြောပွဲများတွင်လည်း အခါအားလျော်စွာ ငှက်ပိတုန်း ပုံပြင်အကြောင်း ထည့်သွင်းပြောကြားတတ်သဖြင့် သူမကို ငှက်ပိတုန်းငှက်အဖြစ်ပင် တင်စားခြင်းခံရပါသည်။
မာသိုင်းကိုယ်တိုင်က ထိုပုံပြင်ကို ရည်ညွန်းရသည့်အကြောင်းရင်းမှာ အရှုံးမပေးစတမ်း ဆောင်ပုဒ်နှင့် ထပ်ခါတလဲလဲ ကြိုးစားအားထုတ်ခြင်းကို တင်ပြလိုခြင်း ဖြစ်သည်။

တစ်ခါက တောအုပ်ကြီးတစ်ခုတွင် ဧရာမတောမီးကြီး တောက်လောင်ခဲ့သည်။ မီးတောက်မီးလျှံများမှာ အရှိန်ပြင်းထန်လွန်းသဖြင့် တောကောင်များသည် မီးဘေးလွတ်ရာ တောအုပ်အစပ်သို့ စုရုံးထွက်ပြေးကြရသည်။ အလျှံငြီးငြီးတောင်လောင်နေသော မီးကို အဝေးမှ လှမ်းကြည့်ရင်း တောတွင်းတိရိစ္ဆာန်များသည် ကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။


ထိုမီးကို ငြိမ်းသက်ဖို့အရေး မည်သို့မျှမကြံနိုင်၊ အားမထုတ်နိုင်ဖြစ်နေပြန်သည်။ သို့သော် ထို တောတိရိစ္ဆာန်များအနက်မှ အလွန်တရာအကောင်သေးငယ်လှသည့် ငှက်ပိတုန်းကလေးကတော့ ထိုမီးနှင့်ပတ်သက်ပြီး တစ်ခုခုလုပ်နိုင်ရမည်ဟု ယုံကြည်လျှက်ရှိသည်။

သူက “ ငါ့အနေနဲ့ မီးလွတ်ရာထွက်ပြေးပြီး အဝေးကနေ လက်ပိုက်ကြည့်နေတာမျိုးမလုပ်နိုင်ဘူး၊ ဒီမီးငြိမ်းရာငြိမ်းကြောင်း ငါနိုင်သလောက် လုပ်ကြည့်မယ်” ဟု ဆိုကာ အနီးစပ်ဆုံးစမ်းချောင်းရှိရာသို့ ပျံသန်းသွားသည်။ ထို့နောက် သူ့နှုတ်သီးဖြင့် ရေတစ်စက်ချင်း စုတ်ယူလိုက်၊ မီးတောက်ထဲသို့ပျံသန်းကာ ငြိမ်းသက်လိုက်ဖြင့် မနေမနားကြိုးပမ်းတော့သည်။
ထိုအချိန်တွင် သူ့လုပ်ရပ်ကိုကြည့်နေသော အခြားတိရိစ္ဆာန်များက သူ့ကို ကိုယ့်ဒုက္ခကိုယ်မရှာဖို့၊ လောင်နေသော မီးနှင့်ယှဉ်လျှင် သူ့နှုတ်သီးဖြင့်သယ်နိုင်သော ရေစက်ပမာဏမှာ သေးငယ်နေသဖြင့်လက်လျှော့လိုက်ဖို့၊ သူ့အတောင်ပံတွေသာ မီးဟပ်လောင်ကျွမ်းပြီး အသက်သေဖွယ်ရာရှိနိုင်ကြောင်း စိတ်ပျက်ဖွယ်ရာ ဝေဖန်ပြောဆိုကြသည်။


ထိုတိရစ္ဆာန်များအနေဖြင့် စကားများနေမည့်အစား တနိုင်တပိုင်စုပေါင်းပြီး ရေသယ်ကြမည်ဆိုလျှင် အလွန်ပမာဏများသော ရေကိုရမည်ဖြစ်သော်လည်း အားလုံးဘေးထွက်ထိုင်နေကြသည်။ မနိုင့်ဝန် ထမ်းနေရသော ငှက်ပိတုန်းကိုပင် အပြစ်တင်လိုက်သေးသည်။ ထိုအချိန်တွင် တိရိစ္ဆာန်တစ်ကောင်က ငှက်ပိတုန်းကိုကြည့်ပြီး မချင့်မရဲလှမ်းမေးသည်။

        “ မင်းကိုယ်မင်း ဘာလုပ်နေတယ်ဆိုတာရော သိရဲ့လား ”
      ငှက်ပိတုန်းကလေးက အချိန်ကုန်မခံနိုင်သည့်တိုင် ထိုမေးခွန်းကို ပြန်ဖြေလိုက်သည်။
         “ ငါ လုပ်နိုင်သမျှတော့ အကောင်းဆုံးလုပ်နေတာပဲ ”

ပုံပြင်တိုင်းတွင် စိတ်ဓာတ်ရေးရာ သင်ကြားချက်များ ရှိတတ်ပါသည်။ ငှက်ပိတုန်းလေးက ပေးသောသင်ခန်းစာမှာ ကိုယ်လုပ်နိုင်စွမ်းရှိသရွေ့ လုပ်ကြဖို့နှင့် ကိုယ့်လုပ်ရပ်ကို ကြီးသည်ငယ်သည်ပဓာနမထားဘဲ ဘယ်တော့မှ လက်မလျှော့ဖို့ ဖြစ်ပါလိမ့်မည်။

ငှက်ပိတုန်းတို့ကျင်လည်ရာ တိရိစ္ဆာန်လောကနည်းတူ၊ လူ့လောကတွင်လည်း မီးတောက်မီးလျှံနှင့်တူသော အခက်အခဲများ ရှိသည်။ ဘေးထိုင်ဘုပြောနေကြသော လူတန်းစားများလည်း အုံနှင့်ကျင်းနှင့်တွေ့ရတတ်သည်။ အများကမဖြစ်နိုင်ဟု ထင်နေသောအရာကို ကြိုးစားပမ်းစား ယုံကြည်သည့်အတိုင်း လုပ်ဆောင်နေသည့်လူများလည်း မရှိမဟုတ်၊ ရှိပါသည်။ ပုံပြင်တွေထဲကလို လောကအကျိုးဆောင်သည့် လူအရည်အတွက်မှာ အများနှင့်တစ်ယောက်လို နည်းပါးနေသည်က ၀မ်းနည်းဖွယ် ဖြစ်သည်။

ထိုလူနည်းစု၏ ကိုယ်ကျိုးမဖက်သောဆောင်ရွက်ချက်တိုင်းတွင် ကြီးစွာသော သက်ရောက်မှုများရှိတတ်ကြသည်။ အစပိုင်းတွင် ထိုသက်ရောက်များမှာ မသိသာလှသလို အရေးပါဖွယ်ရာဟုပင် ထင်ဖို့ခဲယဉ်းသည်။ လူရယ်စရာ ဖြစ်ချင်လည်း ဖြစ်နေနိုင်ပြန်သေးသည်။

လူအများစုအား တွေဝေကြောက်လန့်စေသည်မှာ ထိုအစပိုင်းကာလ၏ ဆင်းရဲပင်ပန်းမှုတို့ကြောင့်များလားဟု စဉ်းစားဖွယ်ရာ ရှိသည်။ သို့သော်အချိန်ကြာလာသည်နှင့်အမျှ လူ့အဖွဲ့အစည်းတစ်ခုလုံးက ထိုလူတစ်စု၏ လုပ်ရပ်အပေါ် မှီခိုအားထားလာရသည်မှာ မငြင်းနိုင်သော အမှန်တရားလည်း ဖြစ်သည်။

အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ကြုံတွေ့သည့်အခါ ကျွန်တော်တို့ ရင်ဆိုင်သည်ဖြစ်စေ၊ ထွက်ပြေးသည်ဖြစ်စေ ကိုယ့်ဆုံးဖြတ်ချက်၏ ရလဒ်ကို ကိုယ်ခံစားကြရပါသည်။ အမှားနှင့်အမှန်ကို ခွဲခြားဆုံးဖြတ်ရာတွင်လည်းကောင်း၊ တစ်စုံတစ်ရာ အဖြေအတွက် မဲခွဲရာတွင်လည်းကေင်း ကျွန်တော်တို့သည် မိမိ၏အဆုံးအဖြတ်အတွက် တာဝန်ယူရစမြဲ ဖြစ်သည်။

မည်သည့်ဘက်မှမပါဘဲ ကြားနေသည့်တိုင်အောင် ထိုသို့ကြားနေခြင်းမှာလည်း  သက်ရောက်မှုရှိသည်ဖြစ်သည်။ သို့သော် ထိုအကျိုးသက်ရောက်မှုမှာ အပြုသဘောဆောင် မဆောင်ဆိုသည်ကိုတော့ အချိန်က အဖြေပေးသွားပါလိမ့်မည်။
အာဖရိကတိုက် ကင်ညာနိုင်ငံ၌ ၀မ်ဂါရီမာသိုင်း စတင်ဦးဆောင်လှုံ့ဆော်ခဲ့သော အစိမ်းရောင်ဇုန် လှုပ်ရှားမှု (Green Belt Movement) သည်လည်း ထိုအခက်အခဲများအတွက် ချွင်းချက်တစ်ခု မဟုတ်ပါ။ ၁၉၇၇ ခုနှစ်ဝန်းကျင် မာသိုင်း အနေဖြင့် ကင်ညာနိုင်ငံရှိ အိမ်ရှင်မများ၊ အမျိုးသမီးများကို စုစည်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ရန် ဆော်သြလာသောအခါ ဖြစ်နိုင်လိမ့်မည်ဟု မထင်ခဲ့သူများရှိခဲ့သည်။

နောင်တချိန်တွင် သစ်ပင်အရေအတွက်ပေါင်း သန်း ၄၀ မျှ ကမ္ဘာနှင့်အ၀န်းစိုက်ပြနိုင်ပြီးသည့်အခါ ထိုစဉ်က သံသယများသည် လူရယ်စရာပြန်ဖြစ်သွားခဲ့သည်။ သူတို့၏ခြေလှမ်းအစမှာ စိတ်အားထက်သန်သူများနှင့် အဆိုးမြင်တတ်သူများအကြား ရုန်းကန်အမြစ်တွယ်ခဲ့ရသော သစ်ပင်တစ်ပင် ဖြစ်ပါသည်။

သစ်ပင်တစ်ပင်ကိုစိုက်ပျိုးချင်သော မာသိုင်း၏ဆန္ဒမှာ ပြည်သူ့ဘ၀လိုအပ်ချက်ကို ဖြည့်တင်းလိုခြင်းမှအစပြုခဲ့ပါသည်။ ထိုမှတဆင့် သစ်တောပြုန်းတီးမှုမှကာကွယ်ခြင်း၊ လောင်စာသိုမှီးခြင်း၊ ၀င်ငွေမြှင့်တင်ခြင်းတို့အပြင် အမျိုးသမီးထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအထိ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားသွားခဲ့သည်။ သစ်ပင်စိုက်သူတစ်ဦးသည် ဒီမိုကရေစီအရေး ဘက်အထိ နယ်ကျယ်အောင် လှုံ့ဆော်နိုင်သောအခါ ကင်ညာအစိုးရမှ သူမအား ထောင် နှစ်ကြိမ် ချပစ်ခဲ့သည်။

သို့သော် ငှက်ပိတုန်းစိတ်ဓာတ် အပြည့်ရှိသော မာသိုင်းသည် သူမ၏ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုချီးမြှင့်ခြင်းကို ခံယူခဲ့ရပါသည်။


မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အခက်အခဲများကို နေ့စဉ်နှင့်အမျှ ဖြတ်သန်းနေရဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မာသိုင်းလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှတဆင့် ဒီမိုကရေစီအရေးဆီသို့ တစတစ ဦးတည်လာသည်မျိုးမဟုတ်။ နိုင်ငံရေးဘ၀ အစမှာထဲက ဒီမိုကရေစီအရေးဖြင့် ပွဲဦးထွက်လာသောကြောင့် ဖိနှိပ်ချုပ်ချယ်သောအစိုးရ၏ အန္တာရယ်နှင့် အချိန်စောလျင်စွာ ပိုမိုနီးစပ်ခဲ့သည်။
ထို့ကြောင့်လည်း နေအိမ်အကျယ်ချုပ် သုံးကြိမ်ဖြင့် စုစုပေါင်း ၁၅ နှစ်ခန့် အထိန်းသိမ်းခံခဲ့ရသည်။

တရာမျှတမှုကင်းမဲ့သော ရေခံမြေခံတွင် ဒီမိုကရေစီအညှာကို မိမိရရဆုပ်ကိုင်လိုသူတို့ ပေးဆပ်ခဲ့ရသည့် သမိုင်းတန်ဖိုးလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်သည် ဒီမိုကရေစီကို ရှေ့တန်းတင်ထားသော်လည်း အခြေခံအကျဆုံးဖြစ်သည့် ပြည်သူ့ဘ၀ လိုအပ်ချက်ကို ဖြည့်တင်းလိုခြင်းမှနေ၍ ကင်းကွာမသွားခဲ့ပါ။ နိုင်ငံအနှံ့သွားလာနေသော မဲဆွယ်ပွဲများ၌ ပြည်သူလူထု ၀င်ငွေမြင့်မားရေး၊ အလုပ်အကိုင်သစ်များဖော်ထုတ်ရေး၊ ပညာသင်ကြားမှုအဆင့်မြင့်ရေး၊ တရားဥပဒေစိုးမိုးရေး အပါအ၀င် စစ်မှန်သော ငြိမ်းချမ်းရေးအကြောင်းများကို လူထုအား အစဉ်တစိုက်အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် မြစ်ဆုံအရေးကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်လည်း ပြည်သူများ၏ မျှော်လင့်ချက်ရောင်ခြည်ကို ထွန်းညှိပေးခဲ့ပြန်သေးသည်။

ကျွန်တော့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များကို ကြားရတိုင်း ငှက်ပိတုန်းလေးသည် အရွယ်အစားနှင့်ကြံ့ခိုင်မှုကို ဂရုမထားဘဲ မြန်မာပြည်အနှံ့ မနားမနေ လွန်းထိုးသွားလာနေရသလို ခံစားမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာနိုင်ငံသည် ပုံပြင်ထဲကလို တောမီးလောင်ကျွမ်းနေသော သစ်တောအုပ်ကြီးတစ်ခုနှင့် တူချင်မှတူပါလိမ့်မည်။

သို့သော် မိုးကို ငံ့မွတ်စွာ မျှော်လင့်နေသည့် ခြောက်သွေ့သစ်တောတစ်ခုတော့ ဖြစ်နိုင်ဖွယ်ရာရှိပါသည်။ ထို့ကြောင့်လည်း ရောက်လေရာနေရာတိုင်းတွင် ပါသမျှမေတ္တာမိုးကို ရွာနိုင်သလောက်ရွာချသည့်တိုင် လောက်ငှပုံမရပါ။

ကျွန်တော်တို့သည် ငှက်ပိတုန်းတစ်ကောင်ထဲက ရေသယ်နေသည့်အဖြစ်ကို ထိုင်ကြည့်နေကြတော့မည်လားဟု ကိုယ့်ကိုယ်ကို မေးရတော့မည်အချိန် ရောက်နေသည်။ ကျွန်တော်တို့ကိုယ်တိုင် အေးရာအေးကြောင်း ဘေးထိုင်နေသည့် လူအုပ်ထဲတွင်ရောက်နေသည်လား.. (သို့မဟုတ်)  မနိုင်ဝန်ထမ်းနေခြင်းကို အပြစ်တင်ရှုတ်ချတတ်သည့် အဆိုးမြင်ဝါဒီ လူအုပ်ထဲမှာ နစ်မြုပ်နေသည်လား… သဲကွဲဖို့ လိုအပ်နေပါသည်။

သေချာသည်မှာ ကိုယ့်နှုတ်သီးထဲက ရေတစ်စက်၏တန်ဖိုးကို မည်သို့မျှလျစ်လျုမရှုသင့်သော အခါကာလထဲသို့ ရောက်နေခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ ၀ိုင်းဝန်းပြီး ထပ်ခါတလဲလဲ ရွာချလိုက်လျှင် .. ဧရာမမိုးဥတုကြီး ဖြစ်သွားနိုင်သည်။

ထိုရေစက်ရေပေါက်များသည် နှစ်ပေါင်းများစွာခြောက်သွေ့နေခဲ့သော တောအုပ်ကြီးကို စိမ်းစိုဝေဆာလာစေနိုင်သော အဓိကအင်အားကြီးလည်း ဖြစ်သည်။ ကျွန်တော် လက်တွေ့ ထ လုပ်ကြမည်ဆိုလျှင် မယုံလျှင်ပုံပြင်မှတ် ဟူ၍ပင် ပြောရလောက်အောင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ပါလိမ့်မည်။

ဝေးသည်ဖြစ်စေ..၊ နီးသည်ဖြစ်စေ.. ၊ ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံ၏ မိုးကောင်ကင်ယံတွင် ပြိုင်တူအတောင်ဖြန့်ရင်း ဆုံစည်းချင်ပါသည်။    ။

သူရိယမျိုး
မောက္ခပညာရေးမဂ္ဂဇင်း
Wednesday, 28 March 2012 14:59

(ဤဆောင်းပါးဖြင့် ကွယ်လွန်သူ နိုဗယ်လ်ဆုရှင် ၀မ်ဂါရီမာသိုင်း ကိုလည်းကေင်း၊ မကြာမီ ရွေးကောက်ပွဲ ၀င်ယှဉ်ပြိုင်တော့မည့် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်းကောင်း ဂုဏ်ပြုပါသည်။)

http://www.maukkha.org/index.php/book-store/essay-maukkha/1984-maukkha-hummingbird

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...