Monday, March 26, 2012

ဒီလှိုင်းမှာ ဖော်ပြခဲ့တဲ့ နောက်တပုဒ်ပါ။


by Ludu U Sein Win on Tuesday, March 27, 2012 at 3:54am ·

ယုံတာ-မယုံတာ အသာထား ကိုယ့်အလုပ်ကိုယ်တော့ တာဝန်ကျေအောင်လုပ်ရမှာပဲ                         လူထုစိန်ဝင်း

၂၅-၂-၂၀၁၂ နေ့က ထိုင်းနိုင်ငံက နေးရှင်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖွဲ့ ရောက်လာပြီး စကားပြောတယ်။ စကားအတော်လေးပြောပြီးတော့ သူက" ယုံတစ်ဝက်၊ မယုံတစ်ဝက်နဲ့ ယုံရခက်ခက်ဖြစ်နေတာ အခုအချိန်မှာ ခင်ဗျားတစ်ယောက်ပဲရှိလိမ့်မယ်ထင်တယ်" လို့ ပြောလိုက်ပါတယ်။

ပြောင်းလဲနေပြီလို့မြင်ကြ
          သူနဲ့သူ့အဖွဲ့ဟာ တွေ့သင့်တွေ့ထိုက်သူ အတော်များများနဲ့ တွေ့ခဲ့တယ်။ တွေ့သူတွေအားလုံးက အပြောင်းအလဲတွေ မြင်တွေ့နေရပြီး ရှေ့ဆက်သွားအောင် ၀ိုင်းပြီး တွန်းအားပေးကြဖို့ လိုတယ်လို့ပြောကြတယ်။ အမေရိကန်၊ ဥရောပ သမဂနဲ့ ဂျပန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေကလဲ ဒီလိုပဲ ရှုမြင်သုံးသပ်ကြပြီး ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ပြောလာကြတယ်။ ကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေပေးဖို့လဲ ကတိက၀တ်တွေပြုနေကြတယ်။ ခင်ဗျားကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသလို၊ ရွေးကောက်ပွဲကိုလည်း လက်မခံခဲ့ဘူး။ ဦးသိန်းစိန် အစိုးရကိုလည်း အခုထိ မထောက်ခံသေးဘူး။ " စံ သုံးစံ" နဲ့ စောင့်ကြည့်ဦးမယ်လို့ လူသိရှင်ကြားပြောခဲ့သလို စာနဲ့လဲ ရေးခဲ့တယ်။ အဲဒီလို စကားမျိုး တခြားဘယ်သူမှ မပြောဘူး။ ခင်ဗျားတစ်ယောက်ဆီကပဲ ကြားရတယ်။ လို့ပြောပြတယ်။

          အကြောင်း၂ခုကြောင့် သူက လူချင်းမတွေ့ခင်ကတည်းက အထိုက်အလျောက် လေ့လာထားပြီးဖြစ်ပုံရတယ်။ ပြင်ပမှာ အနည်းအကျဉ်းလောက်ပဲ ရေးခဲ့ဖူးတဲ့စာတွေကို ဖတ်ဖူးပြီး၊ ပြည်တွင်း ပြည်ပက လူအတော်များများဆီကလဲ ကြားဖူးထားတာတွေ ရှိတယ်လို့ ရှင်းပြတယ်။ ဘာကြောင့် ယုံရခက်နေတယ်ဆိုတာ ရှင်းပြပေးနိုင်မလားလို့လဲ ဆက်မေးတယ်။ အကြောင်း၂ခုကြောင့်လို့ " လိုတိုရှင်း" ဖြေလိုက်တယ်။ ပထမအကြောင်းကတော့ အပြောင်းအလဲဆိုတာ လောလောဆယ်မှာ အသွင်သဏ္ဍာန်အားဖြင့် ပြောင်းသွားရုံသာ ရှိသေးပြီး လက်တွေ့ပိုင်းမှာ အနှစ်သာရအားဖြင့် ပြောင်းလဲသွားတာ မတွေ့သေးဘူး။ ဒီမိုကရေစီတို့ လွတ်လပ်တဲ့ဈေးကွက်စီးပွါးရေးတို့ နေ့စဉ်ပြောနေကြပေမဲ့ သာမန်ပြည်သူတွေ လက်တွေ့ကြုံတွေ့နေရတာက မီးရထားခတွေ ၁၀ဆ တက်ပြီး မီတာခအပါအ၀င် အခွန်အခတွေအားလုံး မိုးထိမတတ် ခုန်တက်ကုန်တာဖြစ်တယ်။

စိတ်မချမ်းသာစရာ သတင်းတွေ
ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်တွေကို ကျောကော့အောင် အလူးအလဲခံနေရတဲ့ အချိန်မှာ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ပြန်ဖြစ်လာတဲ့ သတင်းတွေကိုလည်း စိတ်မချမ်းသာစရာကြားကြရတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့ ပတ်ဝန်းကျင်တွေမှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးလယ်မြေတွေကို စီးပွားရေးသမားတွေက ၀င်ရောက်သိမ်းပိုက်ပြီး ဖယ်ပေးဖို့ ငြင်းဆန်တဲ့ လယ်သမားတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့ သတင်းတွေလည်း ဆက်တိုက်ကြားလာရတယ်။ အရင် အစိုးရဟောင်းလက်ထက်က နယ်ဘက်တွေမှာ ဒီလို သိမ်းယူတဲ့သတင်းတွေ ကြားခဲ့ရပေမဲ့ ရန်ကုန်ပတ်ဝန်းကျင်မှာတော့ မကြားဖူးခဲ့ဘူး။ အခုအစိုးရလက်ထက်ရောက်မှ ဒီလိုကြားလားရတာဖြစ်တယ်။ တစ်နှစ်နီးပါးကာလအတွင်းမှာ တိုင်းသူပြည်သားများရဲ့ ဘ၀က ဘာတစ်ခုမှ အကောင်းဘက်ကို ပြောင်းလဲတိုးတက်လာတာမတွေ့ရသေးဘူး။ ဒါကြောင့် ယုံရခက်နေတာ။

ရှေးကလဲ ကြုံဖူးတယ်
ဒုတိယအကြောင်းကတော့ သမိုင်းတစ်ကျော့ ပြန်လည်တတ်တဲ့ သဘာဝတရားကြောင့် ဖြစ်တယ်။မတူပါစေနဲ့၊ မတူပါစေနဲ့လို့ စိတ်ထဲမှာတင် ကျိတ်ပြီး ဆုတောင်းနေပေမယ့် အရင်က ကြုံခဲ့ဖူးတာတွေကို မေ့ပျောက်ပစ်လို့ မရနိုင်ဘူး။ ၁၉၇၄ခုနှစ်တုန်းကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကြီး ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ချိမ့်ချိမ့်သဲ လုပ်ခဲ့ကြတယ်။ အဲဒီတုန်းကလဲ မရှိတာထက်စာရင် ရှိတာက ပိုကောင်းတာပေါ့ ဆိုတဲ့ အသံတွေ ကျယ်လောင်ခဲ့တယ်။ ဆန္ဒခံယူပွဲမှာ ပြည်သူလူထု ရာခိုင်နှုန်း ၉၀ကျော်က ထောက်ခံတယ်ဆိုပြီး အခြေခံဥပဒေ အတည်ဖြစ်ခဲ့တယ်။ အဲဒီနောက် ရွေးကောက်ပွဲတွေ ကျင်းပပြီး လွှတ်တော်ကြီး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီမှာ တော်လှန်ကောင်စီဥကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ လမ်းစဉ်ပါတီ ဥကဋ္ဌကြီး ဦးနေ၀င်း ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးလိုက်တယ်။

အဆင်းရဲဆုံးနိုင်ငံအဖြစ်
အဲဒီနောက် ရွေးကောက်ပွဲ သုံးကြိမ်ထပ်လုပ်ပြီး ၀န်ကြီးတစ်ချို့ အပြောင်းအလဲတွေ ရှိခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေကတော့ ဆုတ်ယုတ်သထက် ဆုတ်ယုတ်သွားတာကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂမှာ ကိုယ်တိုင်လျှောက်ထားခဲ့ရတဲ့အထိ ဖြစ်သွားတယ်။ လူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ကြီးသထက်ကြီးလာတဲ့အခါ အလုပ်သမားဆန္ဒပြမှုတွေ၊ ကျောင်းသားဆန္ဒပြမှုတွေ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းဆိုတာတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်။ နောက်ဆုံးကျတော့ ၁၉၈၈ခု ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး တစ်ပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ရတယ်။

သမိုင်းဘီးတစ်ပတ်လည်
တစ်ပါတီ အာဏာရှင်စနစ်နေရာ ၀င်ရောက်လာတာက တစ်သွေး-တစ်သံ- တစ်မိန့် နဲ့ဘဲ အုပ်ချုပ်တဲ့ စစ်တပ်အစိုးရဖြစ်တော့ ၁၉၆၂ခုနှစ်က အခြေအနေ ပြန်ရောက်သွားသလို သမိုင်းဘီး တစ်ပတ်လည်သွားခဲ့တယ်။ စစ်အစိုးရ သက်တမ်း ၂၃နှစ်ကြာတော့ သမိုင်းဘီး နောက်တစ်ပတ်ပြန်ရောက်ပြီး ဦးသိန်းစိန်အစိုးရ ဖြစ်ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ ၁၉၆၂ တို့၊ ၁၉၈၈ တို့က တက်လာတဲ့ စစ်အစိုးရတွေနဲ့ မတူဘဲ စထွက်လာကတည်းက ပြည်သူ့ဆန္ဒလေးစားရမယ်။ ပြည်သူတွေ စိတ်ချမ်းသာအောင် ဆောင်ရွက်ရမယ်။ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိအောင် လုပ်ဆောင်ရမယ်လို့ ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောနေကြတာကြောင့် အားရကျေနပ်တယ်။ ယုံချင်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ နေ့စဉ် နေရေး၊ထိုင်ရေး၊ စားရေး၊ သောက်ရေးတွေ ထူးထူးခြားခြားပြောင်းလဲတိုးတက်လာတာ မတွေ့ရသေးတော့ ယုံရခက်သလို ဖြစ်နေရပြန်တယ်။

ကူညီဖို့ အသင့်ပြင်ထား
ယုံရခက် - မယုံရခက်နဲ့ ယုံရခက်ခက် ဖြစ်နေပေမယ့် သမ®တကြီး အမိန့်နဲ့ မြစ်ဆုံဆည် ကိစ ရပ်ဆိုင်းလိုက်တာ၊ အတွင်းဝန်ရုံးကြီးကို ဟိုတယ်ဖွင့်ဖို့ငှားမယ့်ကိစ ပယ်ဖျက်လိုက်တာ၊ ဦးခွန်ထွန်းဦးတို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့လို ၈၈မျိုးဆက်တွေကို လွှတ်ပေးလိုက်တာတွေကို ကြိုဆိုတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မယ်လို့ ပြောဆိုတာတွေကိုလည်း ကြိုဆိုတယ်။ ထောက်ခံတယ်။ သတင်းသမားနေရာက တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီဖို့ အသင့်ပြင်ထားတယ်။ ငြိမ်းချမ်းရေးစကားကြားရုံနဲ့တင် ပြည်သူတွေအားလုံး စိတ်ချမ်းသာနေကြပါတယ်။ တကယ်အကောင်အထည်ပေါ်လာပါစေလို့လဲ ဆုတောင်းနေကြပါတယ်။

သတိချပ်ဖို့ နှိုးဆော်
ယုံတစ်ဝက်ဘက် အသာပေးချင်ပေမယ့် မယုံတစ်ဝက်က အထပ်ထပ်သတိပေးနေတာကြောင့် သတိကြီးစွာ ထားရင်းနဲ့ပဲ စောင့်ကြည့်နေရတယ်။ " ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ" ဆိုသလို တကယ်လို့များ သမိုင်းဘီး နောက်ပြန်လှည့်သွားခဲ့ရင် ရှေ့ဆက်သွားအောင် တွန်းဖို့အတွက် အားတွေမွေးထားရတယ်။ ကိုယ်တစ်ယောက်အားနဲ့တော့ ဘယ်တွန်းနိုင်မှာလဲ။ ပြည်သူတွေပါ ၀ိုင်းတွန်းမှ ဖြစ်မှာ။ အဲဒါကြောင့် ပြည်သူတွေကိုလည်း အိုးစည်ဘုံမောင်းတွေ တီးပြီး မေ့မေ့လျော့လျော့ မနေကြဘဲ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ ဆိုသလို အမြဲတစေ သတိချပ်ပြီး နိုးကြားနေကြဖို့ နှိုးဆော်နေရတယ်။

လူထုစွမ်းအား
စွမ်းအားမှန်သမျှမှာ အနုမြူစွမ်းအားက အကြီးဆုံးလို့ ဆိုကြတယ်။ ဒါမှားတယ်။ လူထုစွမ်းအားထက်တော့ ဘယ်စွမ်းအားမှ ပိုမကြီးနိုင်ဘူး။ လူထုစွမ်းအားနဲ့ ဘာမဆို ဖန်တီးနိုင်တယ်။ တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့ ပေါင်းစည်းညီညွတ်တဲ့ စွမ်းအားနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းအောင် တည်ဆောက်နိုင်တယ်။ စစ်ပွဲကြီးတွေကို တားဆီးနိုင်တယ်။ မြန်မာပြည်မှာလဲ တိုင်းရင်းသားလူမျိုးစုတွေအားလုံး ပေါင်းစည်းညီညွတ်ကြရင် သမိုင်းဘီးကို နောက်ပြန်မလည်အောင် တွန်းထားနိုင်တယ်။ ရှေ့ကိုဆက်သွားအောင်လဲ တွန်းပေးနိုင်တယ်။ အရေးကြီးတာက စစ်မှန်တဲ့ ပေါင်းစည်းညီညွတ်ရေးသာ ဖြစ်တယ်။ ဒါကို အမြဲတမ်း သတိပေးနှိုးဆော်နေဖို့အလုပ်ကို သတင်းစာသမားတွေက လုပ်နေကြရမှာဖြစ်တယ်။ လက်ရှိအခြေအနေအပေါ် ယုံတာ မယုံတာ အသာထား၊ ကိုယ်လုပ်ရမယ့် အလုပ်ကိုတော့ တာဝန်ကျေအောင် လုပ်ရမှာပဲ။ ဒါမှ သံတော်ဆင့်လို့ ခေါ်နိုင်မှာပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...