Thursday, March 29, 2012

ရာမညမြေရဲ့ ခန့်မှန်းရခက်တဲ့ April Fool လက်ဆောင်


by Yangon Press International on Thursday, March 29, 2012 at 8:31pm ·

မော်လမြိုင်၊ မတ်လ ၂၉ ရက် ၂၀၁၂ ခုနှစ် YPI  ပဲခူးသွန် ရေးသားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်သာလိုပါတော့တယ်။
မွန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ပေါ်က လမ်းတွေမှာတော့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး အသံတွေဖြစ်တဲ့ ပါတီအောင်နိုင်ရေး သီချင်းတွေ ဖွင့်ထားတဲ့ ကားတွေ၊ဆိုင်ကယ်တွေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေနဲ့နှိုင်းယှဉ် ရင်တော့ အနည်းငယ် တက်ကြွလာတဲ့ မြင်ကွင်းလေး မြင်လာရပါတယ်။

“မွန်ပါတီရယ်၊ NLD ရယ် နှစ်ပါတီလောက်ပဲ အိမ်လာပြီး စည်းရုံးရေးဆင်းတာ တွေ့ရတယ် ၊ကျန်တဲ့ပါတီ တွေကတော့ မလာကြသေးဘူး”လို့ မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း အနီးမှာ နေထိုင်တဲ့ မလှသောင်းကပြောတယ်။


၂၀၁၀ ရွေးကောက်ပွဲထက် ပြည်ပကရော ပြည်တွင်းကပါ ပိုပြီးအာရုံစိုက် ခံရတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဘာသတင်းပဲကြားကြား အတည်လို့ သတ်မှတ်လို့မရတဲ့ April Fool Day (ဧပြီလ ၁ရက်နေ့) မှာကျင်းပမှာပါ။

အိမ်တိုင်ရာရောက် လက်ကမ်းကြော်ငြာ လိုက်လံ ပေးနေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုး

လစ်လပ်နေရာ ၄၈ နေရာထဲမှာ တိုင်းရင်းသားဒေသတွေ အနည်းငယ်သာပါတဲ့အထဲမှာ မွန်ပြည်နယ်၊မော်လမြိုင်မြို့လည်း  ၁နေရာပါ ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာဖြစ်ပြီး  သိပ္ပံနဲ့နည်းပညာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ရဲ့ နေရာဖြစ်ပြီး အရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ က အနိုင်ရရှိထားတဲ့ နေရာလည်းဖြစ်ပါ တယ်။

မွန်ပြည်နယ်မှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အပြိုင်အဆိုင် အားပြိုင်ခဲ့ကြတဲ့ မွန်လူမျိုးကိုယ်စားပြု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အတွက် အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုးလာတဲ့  ယှဉ်ပြိုင်ဘက်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပဲဖြစ်ပါတယ်။

NLD ဟာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လစ်လပ်နေရာအားလုံးဝင်ရောက်ယှဉ်ပြိုင်မယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်တဲ့ ပါတီဖြစ်တာကတကြောင်း  လူထုချစ်တဲ့  NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲဆွယ်စည်းရုံးရေးဆင်းတဲ့ပါတီ ဖြစ်တာလည်းတကြောင်းကြောင့် သူ့နဲ့ ယှဉ်ရမယ့် တိုင်းရင်းသား ပါတီတွေအဖို့ အခက်တွေ့နိုင်ပါတယ်။

 “ကြားဖြတ်က အရင်လိုမဟုတ်ဘဲ အမှန်အကန်သာ လုပ်မယ်ဆိုရင် မွန်ပါတီအနေနဲ့ နိုင်ဖို့ သေချာပါတယ် အခုတော့NLD ပါလာတယ်ဆိုတော့ နိုင်ဖို့တော့ အခက်တွေ့သွားတာပေါ့” ဟုမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီမှဝင်ရောက်ယှဉ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်ဝေက ပြောပါတယ်။
သူနဲ့ ယှဉ်ပြိုင်ရမယ့် NLD ပါတီရဲ့ ကိုယ်စားလှယ်က အမျိုးသမီးဖြစ်တာခြင်းလည်း တူ၊ ရှေ့နေဖြစ်တာခြင်းလည်းတူပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက်မော်လမြိုင်မြို့တွင် မဲပေးနိုင်သူ တသိန်းငါးသောင်းကျော်ကျော်ရှိပြီး မဲရုံပေါင်း ၁၁၉ ရုံရှိတယ်။တပ်မဲရုံဟာ ၁၁ ရုံရှိပြီး ရပ်ကျေးစုစုပေါင်း ၄၁ခုရှိပြီး ကျေးရွာ ၁၉ ရွာနှင့်ရပ်ကွက် ၂၂ ခုရှိပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ပါတီတွေဟာ NLD တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(တစည)၊ မွန်ဒသေလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)စုစုပေါင်း၎ ပါတီဝင်ရောက်ယှဉ်ပြိုင်ကြမယ်ဖြစ်ပြီး အားလုံးဟာ အင်အားကောင်းတဲ့ပါတီတွေပါ။

 အမျိုးသားရေး၊ ဒီမိုကရေစီအရေး နဲ့ ၀မ်းရေး

ကြားဖြတ်ရွေးကောက်ပွဲကို မော်လမြိုင်လူထုကလည်း အထူးစိတ်ဝင်စားနေတာကို တွေ့ရပါတယ်။ “၂၀၁၀ တုန်းက တော့ အမတို့ အိမ်မှာ နှစ်ယောက်ပဲ မဲသွားထည့်တယ် ၊အခုအိမ်သား ခြောက်ယောက်လုံး သွားထည့်ကြမှာ မဲစာရင်းပါမပါလည်း သွားကြည့်ပြီးပြီး ဒေါ်စုကိုပဲမဲထည့်မယ်”လို့ မလှသောင်းကပြောပါ တယ်။

သူမအနေနဲ့ မွန်လူမျိုးဖြစ်ပေမယ့် မွန်ပါတီကိုမဲမထည့်ဖြစ်တဲ့ အကြောင်းရင်းကတော့ “အမစိတ်ထင် အမတို့ကစစ်အစိုးရလက်အောက်က မလွတ်သေးဘူးထင်တယ်လေ။ စစ်အစိုးရကိုတိုက် ဖို့ဆိုရင် ဒေါ်စုမှပဲတိုက်နိုင်မယ် ၊ကိုယ့်မွန်လူမျိုးတော့ချစ်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်တနိုင်လုံးအနေ နဲ့ဆို ဒေါ်စုကိုပဲဦးစားပေးရမယ်၊နောက်မှမွန်အတွက် အခွင့်အရေးတောင်းပေါ့၊သူကတိုင်းရင်းသားတွေကို ညှာတယ်လို့ထင်တယ်” လို့သူမအမြင်ကိုပြောပြပါတယ်။

မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ဝင် ဦးသန်းအေးကတော့ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးအားကြောင့် ကြားဖြတ်ရွေးကောက်ပွဲကိုယခင်ရွေးကောက်ပွဲထက် လူတွေပိုစိတ်ဝင် စားတာကို ဖြစ်ကြောင်းသူ့အမြင်ကိုပြောပါတယ်။

NLD ပါတီအနေနဲ့ယခု လဆန်းပိုင်းကမော်လမြိုင်မြို့ ခြောက်မိုင်ကျွဲခြံကွင်းသို့ ဒေါ်အောင်ဆန်းစုကြည်မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် မော်လမြိုင်လူထု သောင်းသောင်းဖျဖျအားပေးမှုကလည်း အနိုင်ရရှိရန်အတွက် တွန်းအားဖြစ်နေတယ်။

သို့ပေမယ့် မော်လမြိုင်မြို့ပေါ်က မရမ်းကုန်းရပ်ကွက်မှ မကြူကြူမွှေးကတော့ “ကိုယ်က မွန်လူ မျိုးဆိုတော့ မွန်ပါတီပဲမဲထည့်မယ်၊ မွန်ပါတီက မဲရတာနည်းတယ် ဆိုရင်တောင် မွန်ကိုပဲထည့်မှာပါ” လို့ဆိုပါတယ်။

“စည်းရုံးရေးဆင်းခဲ့တဲ့ အခြေအနေအရဆိုရင် မွန်ရွာတွေမှာ ဆိုမွန်ပါတီပဲထည့်ဖို့ သေချာတယ်မြို့ပေါ်မှာတော့ မခန့်မှန်းနိုင်ဘူးပေါ့၊ မွန်ရွာတွေမှာ မွန်ပါတီကို အရမ်းအားပေးကြတယ်”လို့ ဒေါ်မြင့်မြင့်ဝေက ဆိုပါတယ်။ မော်လမြိုင်မြို့ဟာ မွန်လူမျိုး၊ ဗမာလူမျိုးနှင့် ကုလားလူမျိုးများအများဆုံးနေထိုင်ကြတဲ့ မြို့ပါ။

စိတ်ဝင်စားသူ အများအပြားတွေ့နေရသလို  ကြားဖြတ်ရွေးကောက်ပွဲကိုစိတ်မ၀င်စားတဲ့သူများလည်း တချို့နေရာမှာ ရှိနေတာ တွေ့ရပါတယ်။

“သန်းခေါင်စာရင်း အပြောင်းအလဲကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲလည်း ကျွန်တော်မဲမထည့်ရဘူး ၊အခုလည်း မဲစာရင်းမပါဘူးပြောတယ်။ မပါလည်းသွားမပြောဘူး၊ ဘယ်သူပဲနိုင်နိုင်ကိုယ့် ထမင်းကိုယ်ရှာစားရတော့ ကြိုက်တဲ့လူတက်ပါစေပေါ့၊” လို့လှိုင်ရပ်ကွက်မှာ နေတဲ့ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပါတယ်။

နိုင်ငံရေး ဆိုတာ နိုင်ငံအရေး၊ စားဝတ်နေရေး ဆိုတာကို သူ့အနေနဲ့ နားမလည်တာဖြစ်နိုင်သလို သူရှာနိုင်မှ သူစားရမယ်ဆိုတာကို သူရဲ့ နိုင်ငံရေး အမြင်အဖြစ် ခံယူထားပုံရပါတယ်။

ယခင်မဆလ အစိုးရလက်ထက် မှောင်ခိုခေတ်အားကောင်းစဉ်က  မွန်ပြည်နယ်ရဲ့ စီးပွားရေးအချက်အချာဖြစ်ခဲ့တဲ့ မော်လမြိုင်မြို့ရဲ့လက်ရှိစီးပွားရေးကတော့ မြ၀တီဘက်မှ ကုန်စည်များကို သယ်ယူပို့ဆောင်ပြီးပြည်တွင်းရှိ  အခြားဒေသသို့ ပြန်လည်တင်ပို့ဖြန့်ချိခြင်းကို အဓိကလုပ်ဆောင်နေကြကြောင်းတွေ့ရတယ်။

ကန့်သတ်ချက်များ ၊ ခန့်မှန်းချက်များနှင့် ရလဒ်

“အခုစည်းရုံးရေးဆင်းခဲ့တဲ့အခြေအနေကိုကြည့်ရင်တော့ NLD နိုင်မှာ သေချာတယ်လူတွေ ကလည်း NLDကို မဲပေးဖို့ အရမ်းတက်ကြွနေကြတယ်”လို့ NLD မှကိုယ်စားလှယ်လောင်းဒေါ်ခင်ဋ္ဌေးကြွယ်က ပြောတယ်။

သူမဟာ ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင်NLD မှအမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမွန်ပြည်နယ်မှအနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်လောင်းပါ။

 “စည်းရုံးရေးဆင်းတာကန့်သတ်ချက်တွေများတယ် ဒေါ်စုကသူလာတုန်းကလည်း လူထုကို သူ့ပါတီကိုမဲထည့် ဖို့ ပြောသွားတာပဲလေ၊ကျွန်မတို့ကျတော့ ကွင်းနဲ့လည်းဟောပြောလို့မရ ၊လူအများစုဝေးပြီးတော့လည်း ဟောပြောလို့မရဆိုတော့ မမျှတဘူးလို့ထင်တယ်” လို့မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့  ဒေါ်မြင့်မြင့်ဝေကဆိုပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဟာ၂၀၁၀ ရွေးကောက်ပွဲတွင်မွန်ပြည်နယ်နဲ့ မွန်လူမျိုးများရှိတဲ့ဒေသစုစုပေါင်း ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၆ နေရာ အနိုင်ရရှိခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲကို NLD ၀င်ရောက်ယှဉ်ပြိုင်ရန် ကြေငြာပြီးနောက် တိုင်းရင်းသားဒေသတွေ မှာ ၀င်ရောက် မယှဉ်ပြိုင်ရန် တိုင်းရင်းသားပါတီအချို့က ညှိုနှိုင်းမှုပြုရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောတယ်။

သူက “ညှိုဖို့အတွက် ဒေါ်စုနဲ့တွေ့ဆုံခွင့်တောင်းခဲ့တာပါ၊ အဲဒီတုန်းကNLD ကအကြောင်းမပြန်ခဲ့ဘူး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲက တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အာဏာရပါတီဖြစ်တဲ့ပြည် ခိုင်ဖြိုးပါတီပြီးရင် ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ တစညပါတီကလည်း သူ တို့အနေနဲ့ နိုင်ချေရှိနေတယ်လို့  အခုလိုပြောပါတယ်။

“အခုနိုင်ငံရေးကပေါ်ပြူလာနိုင်ငံရေးမဟုတ်တော့ဘူးလေ။လူထုကလည်းဒါကို နားလည်နေကြပါပြီး၊ဘယ် သူက သူတို့အတွက်ပိုလုပ်နိုင်လဲဆိုတာသိတယ်။ NLD ကအားကောင်းနေပေမဲ့လည်း ကျွန်တော်တို့ဘက်ကလည်းနိုင်မယ်လို့ မျော်လင့်ထားပါတယ်”ဟုကိုယ်စားလှယ်လောင်း ဦးအောင်သန်းဦး က ပြောတယ်။

တစညပါတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် တခုထဲမှာ ၄၅ နေရာဝင်ရောက်ယှဉ်ပြိုင်တဲ့အနက် ၄နေရာ အနိုင်ရခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် တ၀က်ကျော်ကျော်အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်စိုးမိုးနိုင်ကိုတော့ ပါတီစည်းရုံးရေးတွေ ဆင်းနေလို့ မအားလပ်တာကြောင့် မေးမြန်းခွင့်မသာခဲ့ပါဘူး။

ပြည်ခိုင်ဖြိုးဟာမွန်ပြည်နယ်တွင် ၄၅ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၈ နေရာ အနိုင်ရရှိခဲ့တယ်။မော်လမြိုင်မြို့ပေါ်တွင် အမတ်နေရာ အများအပြားအနိုင်ရရှိထားတဲ့ပါတီဖြစ်တယ်။
“ပြည်ခိုင်ဖြိုးကတော့မဲလာဆွယ်တယ်၊သူတို့ကိုမဲထည့်ပေးပါပေါ့၊သူတို့လည်းပြန်သွားရော ရာအိမ်မှူးတွေ က လာတယ် ကျောင်းနေအရွယ်ကလေးဘယ်နှယောက် ရှိလဲကျောင်းထားပေးမယ်ပေါ့ အဲဒီလိုလာ မေးတယ်”ဟု မော်လမြိုင်မြို့ မောင်ကလေးလမ်းမှာ  နေထိုင်သူ တဦးက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ  ယခု လပိုင်းတွေမှာ လမ်းများခင်းပေးတာ ရေရရှိဖို့ အတွက်ဆောင်ရွက်ပေးတာတွေ  ရှိလာတယ်ဟုဆိုတယ်။
“မနေ့ကပြည်ခိုင်ဖြိုးပါတီဈေးမှာမဲလာဆွယ်တယ်၊

ပူလို့ ရေမဖြန်းတာကြာတဲ့ ဈေးခေါင်မိုးကိုတောင် ဈေးတာဝန်ရှိတဲ့သူတွေက ရေဖြန်းပေးတယ်”ဟု ပြီးခဲ့တဲ့နှစ်က မီးလောင်သွားလို့ အသစ်ပြန်ဆောက်ထား တဲ့မော်လမြိုင်မြို့အောက်ဈေးမှာ ဈေးရောင်းသူ မဘိုမ ကပြောတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့အားကောင်းနေတဲ့ တကျော့ပြန်NLD, လူမျိုးစု အတွက်အားကောင်းနေတဲ့ မွန်ပါတီ၊ အာဏာရပါတီအနေနဲ့ လုပ်ပိုင်ခွင့်အပြည့်အ၀ရထားတဲ့ ပြည်ခိုင်ဖြိုး၊လစ်လပ်နေရာ အများအပြား ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ တစည ဒီပါတီလေးပါတီမှာ ဘယ်ပါတီ က ရာမညမြေ ရဲ့ အဖြေဖြစ်မလဲဆိုတာနောက်သုံးရက်ကို ကျော်ဖြတ်ပြီးနောက်ပိုင်း အဖြေထွက်လာမှာပါ။

April Fool Day မှာထွက်လာမဲ့အဖြေဟာ အားလုံးမျှော်လင့်ထားတဲ့ အဖြေလား ဒါမှမဟုတ် အားလုံး အံ့အားသင့် စေမယ့် အဖြေလားဆိုတာကတော့…………

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...