Saturday, March 24, 2012

သဘောထားအမြင် - နောက်ပြန်ဆွဲဝါဒီများနှင့် ၂၀၁၂ ဧပြီ

by Yangon Press International on Saturday, March 24, 2012 at 10:02am 





·




မွန်မွန်မြတ်ရေးသားသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရန် ရက်ပိုင်းသာလိုတော့သည်။

မတ်လနေပူကျဲကျဲအောက်တွင် ရဲရဲတောက် NLD ခွပ်ဒေါင်းအလံတွေ၊ တီရှပ် ခေါင်းစည်း အနီရောင်များ၊ ဆိုင်းဘုတ်အနီရောင်များကို တလွှားလွှားတွေ့နေရ၍ ပင်နီရောင်လွှမ်းခဲ့ဖူးသည့် ၁၉၉၀ ရွေးကောက်ပွဲကိုပြန်မြင်ယောင်မိသည်။

နှစ်ပေါင်း ၂၀ကျော်အတွင်းထပ်မံပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်တော့ အစိမ်းရောင်များသာလွှမ်းနေခဲ့၏။

ရွေးကောက်ပွဲနီးလာတိုင်း လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ဖို့လိုသည်ဆိုသည့် ဆော်သြသံတွေကြားလာရပြန်ပါပြီ။

မလွတ်မလပ် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်ခဲ့လျှင်ရော ဘာလုပ်ကြမှာပါလိမ့်။ နိုင်ငံတကာမီဒီယာတွေမှာ ကြိုက်သလောက်တစာစာအော်ရုံနှင့်ရော ဘာများထူးခြားခဲ့လို့ပါလိမ့်။


၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိခဲ့သော်လည်း သန့်ရှင်းလွတ်လပ်စွာ ကျင်းပနိုင်ခဲ့ကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းကပြောကြားခဲ့သည်။

သို့သော်လည်း ကြိုတင်မဲကိစ္စကြောင့် အရပ်ရပ်နေပြည်တော် ကြားလို့မတော်သည့် အငြင်းပွါးဖွယ်ကိစ္စများဖြစ်ခဲ့သည့် သက်သေသာဓကများစွာရှိခဲ့ပေသည်။

သည်တစ်ကြိမ် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာဆီယံ စသည့်နိုင်ငံများမှ စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်များလာရောက်အကဲဖြတ်နိုင်ရန် အာဏာပိုင်များက ဖိတ်ခေါ်နေဆဲမှာပင် ဦးအောင်သိန်းလင်းက “ဒါဟာကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတွင်းအရေးကိစ္စ ဖြစ်တယ်” ဟု အာဆီယံလေချဉ်တက်သံဖြင့် ပြောဆိုခဲ့သည်ကိုတွေ့ရ၏။

အင်တာနက်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့သည့် ဦးအောင်သိန်းလင်း နှင့် “မ” ပြောင်းဖူး (“မ” စာလုံး ရေးထားသည့်ပြောင်းဖူး) ကို ဇောက်ထိုးကိုင်ထားသည့် တပည့်ကျော်တို့၏ မဲဆွယ်ပွဲမှာကမ္ဘာကျော်မကျော် မသေချာသော်လည်း မြန်မာအင်တာနက်သုံးစွဲသူများနှင့် ဖေ့(စ)ဘွတ်(ခ)အသုံးပြုသူများအကြား ရေပန်းစားခဲ့သည်ကတော့ အမှန်ပင်။

အနှီကဲ့သို့သောမဲဆွယ်ပွဲမျိုးသည် လျှပ်တပြက်ဂျာနယ်နှင့်အင်တာဗျူးတွင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းပြောဆိုခဲ့သည့် “တစ်အိမ်ဆင်း တစ်အိမ်တက်” (သို့မဟုတ်) တစ်ဈေးဝင် တစ်ဈေးထွက်မဲဆွယ်နည်း သေင်္နဂဗျူဟာများထဲမှ တစ်နည်းမဟုတ်တစ်နည်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သို့တည်းမဟုတ် အခါတော်ပေးများက အိုဘားမား၏ “Change” ကို ကက်ကင်းရိုက်သည့်သဘောဖြင့် ပြောင်းဖူးတစ်ဖူးဖြင့်ဓါတ်ဆင်ဓါတ်ရိုက်လုပ်လိုက်သည်များလား....။

ဟုတ်သော်ရှိ မဟုတ်သော်သည်ရှိ၊ လောလောဆယ်တော့ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို လစ်လပ်နေရာ ၄၈နေရာထဲမှ ကချင်ပြည်နယ်ရှိမဲဆန္ဒနယ်သုံးနယ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးရန်တစ်ပါတ်အလိုကျမှ လုံခြုံရေး အခြေအနေအရ ရက်အကန့်အသတ်မရှိရွှေ့ပြောင်း လိုက်ပြန်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်၏ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “လုံခြုံရေးအရရွှေ့ဆိုင်းလိုက်တယ်ဆိုတာ ဘယ်သူ့ကိုပြောချင်တာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။ KIO ကိုပဲ အဖျက်သမားဆိုပြီး မီးမောင်းထိုးပြချင်တာလားဆိုတာ စဉ်းစားစရာပဲ” ဟု YPI နှင့်ပြုလုပ်သည့်အင်တာဗျူးထဲတွင်ပြောဆိုခဲ့သည်။

လုံခြုံရေးအရရွှေ့ဆိုင်းလိုက်သည့် မဲဆန္ဒနယ်မြေများတွင်တိုက်ပွဲများဖြစ်ပွါးနေခြင်းမရှိကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း KIO အနေဖြင့်အနှောင့်အယှက်မပေးခဲ့သလို၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲကိုလည်း တရားမျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်းလည်းပြောဆိုခဲ့၏။

အမှန်တစ်ကယ်တော့ လက်ကျန်နေရာ ၄၀ ကျော်သည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း၏ ၁၀ ရာခိုင်နှုန်းပြည့်အောင်ပင်မရှိခြေ။

နေရာအနည်းငယ်မျှဖြင့် လွှတ်တော်ထဲသို့ချီတက်သွားမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွှတ်တော်အကျယ်ချုပ်သို့ပြောင်းလဲကျခံသွားရသကဲ့သို့သာရှိလိမ့်မည်ဟု ၀ါရင့်သတင်းစာဆရာကြီးတစ်ဦးကပြောဆိုခဲ့ဖူးသည်ကိုလည်း သတိချပ်ဖွယ်ပင်။

“အခြေခံဥပဒေပြင်ဆင်ရန်”ဆိုသည့် အချက်သည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုင်စွဲထားသည့် ရွေးကောက်ပွဲဝင်ရခြင်းရည်ရွယ်ချက်များထဲမှ တစ်ချက်ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ယခုနှစ်တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါးထဲတွင် “တပ်မတော်ရဲ့တာဝန်” ထဲတွင် နိုင်ငံတော်ကာကွယ်ရေးသက်သက်သာမကပဲ “နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရေး လည်းပါဝင်သည်”ဟူသောအချက်ကိုထည့်သွင်းရေးသားလာသည်ကိုတွေ့ရပြန်ရာ၊ “ဆားသည် ယင်မောင်း”များဖြစ်နေသလားဟုတွေးချင့်စရာပင်။

ရွေးကောက်ပွဲနီးကပ်လာချိန်မို့ နိုင်ငံရေးပါတီများအပြိုင်အဆိုင်မဲဆွယ်လာကြသလို၊ ပါတီအခြင်းခြင်းပုတ်ခတ်ပြောဆိုမှုများရှိလာတတ်သည်မှာလည်းဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တစ်နှစ်ပြည့်မိန့်ခွန်းတွင် နိုင်ငံတကာသတင်းမီဒီယာများက မြန်မာပြည်အသွင်ကူးပြောင်းမှုကို “Burma Spring” “Myanmar Spring” ဟုကင်ပွန်းတပ်ခံနေရသည့်အပေါ်အသိအမှတ်ပြုပြောဆိုခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းကမူ ဒေါ်အောင်ဆန်းစုကြည်၏မဲဆွယ်ပွဲများတွင် လူထုကအုန်းအုန်းကြွက်ကြွက်ပါဝင်ကြပုံကို အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်ဖမ်းနေသည်ဟု လျှပ်တပြက် ဂျာနယ်နှင့်အင်တာဗျူးထဲတွင် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲနီးလာလေလေ၊ နိုင်ငံရေးထူးခြားဖြစ်စဉ်တွေ ရှေ့နောက်မညီမှုတွေ များလာလေလေ၊

ခုတလော စာပေစီစစ်ရေးကလည်း လက်သံပြောင်လာပြန်သည် ဆိုသည့်ညည်းညူသံများကိုကြားလာရပြန်၏။ ခေါင်းစဉ်ပါမကျန်ဖြုတ်လိုက်ရတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်၏မဲဆွယ်ပွဲမိန့်ခွန်းများထဲက စာသားတွေဖြုတ်ရတာတွေအပြင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏မိန့်ခွန်းကိုပါမကျန်စီစစ်နေဆဲဖြစ်ရာ “မီဒီယာလွတ်လပ်ခွင့်”ဆိုသည့်စကားလုံးက ဂျပန်တွေပေးသည့်ရွှေရည်စိမ်လွတ်လပ်ရေးကဲ့သို့များဖြစ်နေမည်လားမသိ။

လတ်တလောမြန်မာ့အလင်းအယ်ဒီတာ့အာဘော်တွင်စကားဦးသမ်းထားသကဲ့သို့ “အနာဂါတ်တွင်မြန်မာ့မီဒီယာလောကသည် ပိုမိုလွတ်လပ်ပွင့်လင်းလာတော့မည်”ဆိုသည်မှာ သံသယပွါးဖွယ်ပင်။

မြန်မာ့မီဒီယာလောကဘယ်၍ဘယ်မျှလွတ်လပ်ပွင့်လင်းလာသည်ဆိုသည်ကို မြန်မာ့အလင်းသတင်းစာကိုနေ့စဉ်စောင့်ဖတ်ခြင်းဖြင့်ပင်သိသာနိုင်သည်။

ကချင်ပြည်နယ်ရှိမဲဆန္ဒနယ်သုံးနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ခြင်းနှင့်ပါတ်သက်၍လည်း KIO ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးလနန်က သံသယဖြင့်ဤသို့ပြောဆိုခဲ့၏။

“လူထုကိုကြောက်လန့်အောင်ရည်ရွယ်ချက်နဲ့ခြိမ်းခြောက်တဲ့သဘောဆိုရင်တော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ အလားအလာကောင်းမယ်မထင်ဘူး”။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများ လာမည့်ဧပြီလ တစ်ရက်နေ့တွင် ဧပြီအရူး (April Fools) အလုပ်မခံရဖို့ကိုတော့ အသေအချာစောင့်ကြည့်ကြရအုန်းမည်ဖြစ်သည်။
ပြီး။

(ဤ ဆောင်းပါးသည် ရေးသူ့အမြင်သက်သက်သာဖြစ်ပါသည်။ YPI ၏ သဘောထားအမြင်ကိုကိုယ်စားပြုခြင်းမရှိပါ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...