Thursday, March 29, 2012

လူသည် ကြာငုံသာ ဖြစ်သေးသည်


by Zay Ya on Thursday, March 29, 2012 at 6:00pm ·

လူသည် မျိုးစေ့ ဗီဇ အနေဖြင့်သာ မွေးဖွားလာခဲ့ သူ ဖြစ်သည်။ အပွင့်အခက် မရှိသေး ၊ မျိုးစေ့မျှသာ ရှိသေး သည်။ ကြီးထွား မလာသေး။ ငုံဖူး လျက်သာ ရှိသေးသည်။ ယင်း မျိုးစေ့၊ ယင်း အငုံအဖူး ဘဝ ကို မပျိုးထောင်လျှင် အပင် ကိုယ်ထည် သာ ကြီး၍ အပွင့် အသီး သီးပွင့် မည် မဟုတ်ပေ ။ ရှင်သန် နေသည့် မိမိမှာ ခန္ဓာသာ ထွားလာ၍ နွားနှင့်သာ တူနေပေလိမ့်မည်။ ခန္ဓာကိုယ် ကြီးထွား လာခြင်း သည် ဖွံ့ထွားလာခြင်း မဟုတ်။ အသက်ကြီးလာခြင်း သည် အသိကြီးလာခြင်း မဟုတ်။ ရုပ်ပိုင်း သည် စိတ်ပိုင်း ဆိုင်ရာ နှင့် လွတ်မြောက်မှု ပိုင်း ဆိုင်ရာ တို့ ကို များစွာ အထောက်အကူ မပြု။ အချိန်ပေါင်း များစွာ ဖြတ်သန်း နေထိုင် ပြီးသည့် တိုင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မရှိခဲ့ပါလျှင် အကြင်သူ ကို အချိန် အလဟဿ  ဖြုန်းတီး ပစ်ခဲ့သူ ဟုသာ ဆိုရမည် ဖြစ်သည်။


လူသည် ဤကမ္ဘာမြေ ပြင်တွင်  အသိဥာဏ် အလင်း ရနိုင်သော တစ်ဦးတည်းသော သတ္တဝါ ဖြစ်သည်။ ဆင်၊ ကျား၊ ခြေင်္သေ့ စသဖြင့် တို့ သည် အသိဥာဏ် အလင်း မရနိုင်ပေ။ လူသည်သာ အသိဥာဏ် အလင်း ရနိုင်စွမ်း ပြီး၊ ကုမုဒြာ ကြာ ၏ ပွင့်ချပ်ပေါင်း များစွာ စုငုံ ထားသော မျိုးစေ့ လည်း ဖြစ်သည်။ မပွင့်အာသေး - သို့သော် ပွင့်အာရန် အစွမ်းရှိသည်။ လူ၏ အသွင်သန္တာန် အတွင်း၌ သာ ဘုရား သခင် ၏ သင်းပျံ့သော ရနံ့ ကောင်းစွာ ကိန်းဝပ် နေနိုင်သည်။ မမွှေးပျံ့သေး - သို့သော် မွှေးပျံ့ရန် အလားအလာ ရှိသည်။

ထို့ကြောင့် အခြား အကြောင်းအရာ၊ မလိုရာ တို့နှင့် တရံစာ၊ တခြည်မျှင်မျှ အချိန် မဖြုန်း တီး မိပါစေနှင့်။ အဓိက ကျသော အရာ ကိုသာ သိမှတ်၊ စွဲမြဲ အားထုတ်စေ သင့်၏။ စောင့်ကြည့်မှု ၊ သတိ၊ (ဝါ) အပ္ပမာဒ၌ တရံမလပ် စွမ်းအား ရှိနေသင့်၏ ။ သိမှု သတိအားဖြင့် ရရှိ သည့် စက္ကန့် ခဏတိုင်း အပေါ် သိမြင် ရှင်သန်ရန်၊ ကောင်းစွာ နိုးကြား နေကြပါရန် တိုက်တွန်း လိုသည်။အကြောင်းမှာ "နိုးကြားမှု" မရှိ လျင် ယခု ခဏ ရှင်သန် နေမှု တို့ကို  စင်စစ် "ရှင်သန်နေမှု" အမှန် ဟု ခေါ်ဆိုနိုင်မည် မဟုတ်။ အသိမရှိသော ရှင်သန်မှု သည် သေ သည် နှင့် မခြား ၊ အဘယ်မျှ မထူးခြားပေ။ စင်စစ် တိပသော ရှင်သန်မှု  ၌ ဘဝ၏ ချမ်းမြေ့မှုသည် ပြည့်စုံစွာ တည်ရှိသည်။ ၎င်းကို သင် ကိုယ်တိုင် မနိုးကြားနိုင် မချင်း မြင်နိုင်မည် မဟုတ်။ သင်၏ တခဏတာ အတွင်း၌ ပွင့်လက် ကြကုန်သည့် ပန်းပေါက် လေး များ သည် မြူးထူး စွာ ကခုန် လျက် ရှိ၏။ သို့သော် သင် သတိမပြုမိ မချင်း  မြင်မည် မဟုတ်ပေ။

ဘဝ၏ ချမ်းမြေ့မှု သန္တိ သည် အပ္ပမာဒ တံခါးကို ဖြတ်သန်း ၍သာ တွေ့ရ၏။ သတိဖြင့် ရှုမြင်သော ဘာဝနာ ကို ဖြတ်သန်းရ၏။ ထိုသို့ ဝင်ရောက် မှသာ သန္တိ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်၏ ။ လောကဓာတ် ရှိ ပန်းပွင့်၊ ဂီတ၊ နက္ခတ်တာရာနှင့် တကွ ကောင်းခြင်း ဆိုးခြင်း အမှု အားလုံး သည် သင် ကိုယ်တိုင် နိုးကြား သည့် အခါ အပြည့်ဝဆုံး သီကြွေးလျက် ရှိနေကြပေမည် ။ သင်သည်လည်း ထိုအခါ ၌ မိမိကိုယ်တိုင် ထူးဆန်း အံ့ဩနေ လိမ့်မည်။ ဤအကြောင်းတို့ ကြောင့် လူသာကြီး၍ အမြင်မရှိသည် မျိုး မဖြစ်ပါစေလင့်။ အပ္ပမာဒ ဖြင့် သာ ခဏမလပ် သတိချပ် နေထိုင်သင့်၏။ အိပ်ပျော်ရာ ခဏမှ သိမြင်မှု ဘဝဖြင့် နိုးကြားနိုင်ကြ ပါစေရန် ရှေး သူတော်ကောင်း တို့ တိုက်တွန်း ကြခြင်း မှာလည်း ယင်း အကြောင်း တို့ကြောင့် ပင် ဖြစ်၏။

....................
~ Dhammapada: the way of Buddha
....................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...