သိပ္ပံဆိုင်ရာ အသိပညာ အပိုင်း (၁)
by Wai Maw on Monday, March 26, 2012 at 10:22am
(ဤစာစုများမှာ ဆရာမြတ် ဒေါက်တာချစ်ငယ်(ဒဿန) ရေးသားပြုစုတော်မူသော SOMETHINGS ABOUT SCIENCE, SCIENCTIST AND SCIENTAFIC KNOWLEDGE စာအုပ်ပါဆောင်ပါးများကို မိမိဥာဏ်မီသရွေ့ ကြိုးစားအားထုတ် ဘာသာပြန်ဆို ထားခြင်းဖြစ်ပါသည်။ ဆရာမြတ်က သိပ္ပံဆိုင်ရာစမ်းသပ်တွေ့ရှိချက်များနှင့် သိပ္ပံပညာရှင်တို့၏ဒဿနကို ဗုဒ္ဓဘာသာအမြင်ရှုထောင့်မှ သုံးသပ်တင်ပြထားပါသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး အသေးစိတ် အကျယ်အပြန့်လေ့လာလိုပါက www.chitnge.com တွင် ဖတ်ရှုနိုင်ပါသည်။)
ကျွန်တော်အောက်ပါအတိုင်း ရေးသားဖော်ပြဖူးသည်-
“ အို .. သိပ္ပံဆရာ..သင်ကား လူးသားအစွမ်းသတ္တိကို တယ်လည်းလျှော့တွက်ပါလား… သင်က သိပ္ပံကိရိယာကို အားကိုးလွန်းတယ်။ တကယ်တမ်းမှာတော့ ဘာကိရိယာမှမသုံးဘဲနဲ့လည်း လူးသားဟာ တကယ့်အသိပညာကို ရရှိပိုင်ဆိုင်နိုင်တာပါပဲ။
“ သိပ္ပံသမားမှာ ပန်းတိုင်ရည်မှန်းချက်မရှိ။ သို့သော်လည်း အဆုံးမသတ်နိုင်တဲ့စူးစမ်း လေ့လာမှု့တွေကို ရှာပုံတော်ဖွင်ရင်းစဉ်ဆက်မပြတ်ခရီးနှင် နေသူဟာသိပ္ပံပညာရှင်ပါ” ဟူ၍နိုဘယ်ဆုရှင်မက်(စ်)ဘွန်း Max Born က သူ၏နာမည်ကျော် Cause and Chance စာအုပ်၌ အထူးတလယ်ဖော်ပြထားလေသည်။ သည့်အပြင် ဟော့ကင်း Hawking ကလည်းသူ၏ A Brief History of Time စာအုပ်၌ ဖော်ပြထား၏။ ဤနေရာ၌ ကျွန်တော်တို့စဉ်းစားမိသည်မှာ ကိရိယာသုံးစမ်းသပ်လုပ်ဆောင်ခြင်းဖြင့် တကယ့်အသိပညာကိုမရရှိနိုင်။ ကမ္မဋ္ဌာန်းတရားအာထုတ်ခြင်း၊ သမာဓိထူထောင်ခြင်း၊တရားသဘောကိုဆင်ခြင်သုံးသပ်ခြင်း စသည်ဝိပဿနာ ကျင့်စဉ်ဖြစ်သာလျင် အစစ်အမှန်ပညာကိုရရှိဟူ၍တည်း။
ဤနေရာတွင်ကိရိယာမသုံးဘဲ တကယ်အသိပညာရရှိပိုင်နိုင်ပုံကို အသေးစိတ်ရှင်းလင်းပြပါမည်။ တခါတရံတွင် သိပ္ပသမား၏စဉ်းစားတွေးခေါ်မှုက သစ္စတရားနှင့်နီးကပ်လေ့ရှိသော်လည်း သူတို့သည်လူးသား အကြောင်းကို ပြည့်စုံလုံလောက်စွာ နားလည်နိုင်စွမ်းမရှိချေ။အိုင်စတိုင်းက လူသားဟူသည် စကြ၀ဋ္ဌာကြီး အစိတ်အပိုင်း တစ်ခု ဟု ရေးသာခဲ့ဖူးလေရာ ဤအချက်သည် သင့်လျော်မှုရှိပါသည်။ လူသား၌ အချိန်ကာလနှင့် ဌာန သတ်မှတ်ချက် ရှိသည်နည်းဆိုသောလူ့သက်တမ်းရှိသည် ဟုအိုင်းစတိုင်းက ထင်မြင်ချက်ပေးပါသည်။ ကိုယ်တိုင်တွေ့ကြုံ ဆက်ဆံရသည့် ထိတွေ့မှုအာရုံတွေကို သိမြင်ခံစားတတ်သော လူသား၏အတွေးနှင်ခံစားမှု သည်လောကကြီး အတွင်းကျန်ရှိသော အရာများနှင့်သီခြားကင်းလွတ်နေသည့် ပုဂ္ဂလိက ပင်တိုင်တွေးခေါ် စဉ်းစားမှုဖြစ်သည် ဟုသူကဆိုပြန်သည်။
ဤအချက်ကိုနားလည်မှုပေးနိုင်ပါသည်ယင်းပုဂ္ဂလိက အတွေးအခေါ် နှင့် ခံစာချက်တို့ကလူသား၏ အသိဥာဏ် ကိုလွဲမှားတဲ့ သိမြင်မှု့တွေဖြစ်ပေါ်စေတတ်တာ ထိုလွဲမှားသော ခံယူချက် ကလေးတွေကလူသား၏ အသိဥာဏ် ကို အကျဉ်းကျစေသည်။ ဆိုလိုသည်မှာလူသားသည် မိမိကိုယ်တိုင်တွေ့ကြုံဆက်ဆံမှတစ်ဆင့် သိရ သော အတ္တအသိကမ္ဘာကျဉ်းကျဉ်းကလေး ထဲတွင်ပိတ်လှောင်မိနေပြီး အမှားကိုအမှားမှန်းမသိဘဲ အမှန်ဟု ထင်မှတ် နေသည်။ လူသားတို့သည် ၎င်းတို့ကိုယ်တိုင်တွေ့ကြုံရသော ခံစားသိကလေးဖြင့်ကိုယ့်ကိုယ်ကို ပြန်၍ သတ်မှတ် ပြဌာန်းလိုက်ပြီး ယင်းခံစားသိအရ ရှင်သန်ရသောအတ္တကမ္ဘာအမြင်ဖြင့်ပင် မိမိတို့နှင့် ဆက်နွယ်နေသော ပတ်ဝန်းကျင်ကို သက်ရောက်ကြည့်ရှု မိလေသည် (သို့မဟုတ်) ခင်မင်တွယ်တာမှုရှိလေသည်ဟု အိုင်စတိုင်းက ကောက်ချက်ဆွဲလိုက်သည်။ လူသား၏ အသိဥာဏ်သည်ပုဂ္ဂလိက တွေ့ကြုံခံစားမှုကို အခြေခံသည့်အလျောက် လောကကို ဘောင်ခတ်ကြည့်မြင်တတ်ခြင်းကို ဆိုလိုသည်။
၎င်းနောက် အိုင်စတိုင်းက သုံးသပ်တင်ပြသည်မှာကျွန်ုပ်တို့လူသားများ အနေဖြင့်ကျဉ်းမြောင်းသည့် အတ္တ ကမ္ဘာသိမြင်မှု သဘောမှလွတ်မြောက်အောင်ရုန်းထွက်ဖို့ရာ ကျွနုပ်တို့၏ အသိဥာဏ်ပညာကို ချဲ့ထွင် ရမည် စကြ၀ဠာအတွင်ရှိ သတ္တ၀ါအားလုံး မည်သို့တွေးခေါ်စဉ်းစားသည်။ ကြုံတွေ့လာသမျှကို မည်သို့တုန့်ပြန် တတ်သည် ဆိုသည့်သဘောအထိသိမြင်ပေါက်မြောက်အောင် ကျွနုပ်တို့၏ အသိပညာကိုချဲ့ထွင်ရမည်ဟု ဆိုပါသည်။ ဤအချက်တွင် အိုင်စတိုင်း၏ တွေးခေါ်စဉ်းစားမှုမှာ အတော်ကလေး စိတ်ကူးယဉ်ဆန်လှသည်။ ယင်းသို့ အတ္တကမ္ဘာမှ လွတ်မြောက်အောင်ကြိုးစားရခြင်းသည် လူသားတို့၏ အပြီးအပိုင်လွတ်မြောက်မှုအတွက် ခိုင်မာလုံခြုံသောအစစအရာရာ တာဝန်ခံမှုကို ဖြစ်ပေါ်စေသည့် အခြေခံအရင်းအမြစ်ဖြစ်သည့်အတွက် နှစ်လိုဖွယ်ရာကောင်းသည်ဟု အိုင်စတိုင်းက အကြံပြုတင်ပြဖူးရာ သူ၏ရေးသားချက် များမှာစိတ်ဝင်စားစရာ ကောင်းသော်လည်း အိုင်စတိုင်းကိုယ်တိုင်ပင် သူစိတ်ကူးယဉ်တင်ပြသောလူသားအသိဥာဏ် အထွဋ္ဋ်အထိပ် ပန်းတိုင်ကိုပေါက်မြောက်အောင်မြင်မှု မရှိခဲ့ချေ။
ဗုဒ္ဓဘာသာနှင့်ပတ်သတ်၍ အိုင်စတိုင်းက အောက်ပါအတိုင်းဖော်ပြထားလေသည်-
“ အနာဂတ်ကာလ၌ စကြ၀ဠာအ၀ှမ်း ကျယ်ပြန့်သောဘာသာရေးတစ်ခု ပေါ်ပေါက်မည်ဆိုပါက ယင်းမှာ ဗုဒ္ဓဘာသာပဲဖြစ်နိုင်ပြီး ဗုဒ္ဓဘာသာ၌ ယင်းကဲ့သို့သောဂုဏ်ရည်လက္ခဏာရပ်များပြည့်စုံစွာ တည်ရှိသည်။ ဗုဒ္ဓဘာသာသည် တသီးပုဂ္ဂလထာဝရ ဘုရားသခင်ကိုကျော်လွန်သည်၊ တရားသေဖြစ်မှုကို ရှောင်လွဲစေနိုင်သည်၊ လက်တွေ့နှင့်ကင်းကွာသော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော ယုံကြည်ကိုကွယ်မှုများကိုပယ်ခွာသည်။ ၎င်းအပြင် ဗုဒ္ဓဘာသာသည် သဘာဝနှင့်ရော စိတ္တဗေဒအရပါကိုက်ညီအောင် တည်ဆောက်ထားသည်။ အမှန်တကယ်တွင် သတ္တ၀ါအားလုံး၏ အတွေ့အကြုံဖြစ်ရပ်အားလုံးကို လွှမ်းခြုံ၍ပေါ်ထွက်ဖူးပွင့်လာသောဘာသာတရားမှာ ဗုဒ္ဓဘာသာ သာလျှင်ဖြစ်သည်” ဟုသူကဆိုသည်။
အနာဂတ်ကာလတွင် ပေါ်ထွန်းလာဖွယ်ရှိသောအလွန်ကျယ်ပြန့်သည့်ဘာသာတရားတစ်ခု၌ ရှိအပ်သော ဂုဏ်ရည်လက္ခဏာရပ်များ ဗုဒ္ဓဘာသာ၌ ပြီးပြည့်စုံစွာရှိထားသည်ကို အိုင်းစတိုင်းက အသိအမှတ် ပြုလက်ခံ ရကား နောင်တချိန်၌ ခေတ်သစ်သိပ္ပံပညာရပ်၏ လိုအပ်ချက်များကို ပြည့်စုံစွာ ဖြေရှင်းပေးနိုင်သော ဘာသာတရားတစ်ခုပေါ်ထွန်းလာမည်ဆိုပါက အဆိုပါဘာသာတရားသည် ဗုဒ္ဓဘာသာ သာလျင်ဖြစ်ရမည်ဟု ကောက်ချက်ဆွဲလိုက်သည်။ ဤအချက်၌ သူ၏ရပ်တည်ချက်အမြင်မှာ ချီးမွမ်းထောပနာပြုစရာပင်။ သို့သော် သူ၏ THE FUNDAMENTS OF THEORETICAL PHYSICS စာအုပ်၌ “အမှန်တရားကိုသိအောင် စူးစမ်း ရှာဖွေရခြင်းက အမှန်တရားကို ရရှိပိုင်ဆိုင်ရခြင်းထက် ပို၍မြတ်နိုးဖွယ် ကောင်းလေသည်”ဟုဖော်ပြထားလေရာ သူသည် လူသား၏အသိပညာအထွဋ်အထိပ်ပန်းတိုင်ကို အရောက်မလှမ်းနိုင်ဖြစ်ကြောင်း သိသာထင်းရှား လှသည်။ ဤသည်ပင်လျှင် ပန်းတိုင်ကိုရောက်ရှိခြင်းနှင့် ပန်းတိုင်ရောက်အောင် ကြိုးစားလုံ့လပြုခြင်း အခြေအနေနှစ်ရပ်နှင့် ပတ်သက်၍အိုင်းစတိုင်း၏ ရှုမြင်ပုံဖြစ်လေသည်။
ဤနေရာ၌ ကျွနုပ်တို့ပိုင်းခြားစိပ်ဖြာ သုံးသပ်နိုင်သောအချက်မှာ ရည်မှန်းချက်ပန်းတိုင်သို့ ဆိုက်ရောက်ခြင်း မရှိသေးသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပန်းတိုင်သို့ဆိုက်ရောက်ခြင်း အခြေအနေနှင့် ပန်းတိုင် ရောက်ရန် ရုန်းကန်ကြိုးစားရခြင်းအခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်ဖော်ပြရန် မထိုက်တန်ဟူ၍ဖြစ်ပါသည်။ ဥပမာဆိုရသော် ရွှေတိဂုံစေတ်ီတော်မြတ်၏ ရင်ပြင်တော်ထက်သို့ မရောက်ဖူးပါလျက် ရွှေတိဂုံစေတီတော်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ရခြင်းထက် စိတ်ကူးဖြင့်မှန်းဆဖူးမြော်ရခြင်းကပို၍ ကြည်ညိုဖွယ်ကောင်းသည်ဟု ဆိုသကဲ့သို့ ဖြစ်ချေ ပေမည်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကတော့ မိမိကိုယ်တိုင်တိကျပိုင်နိုင်မှု မရှိသော အခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်မှုပြုရန် လုံ့လထုတ်ခဲ့လေသည်။
ဤသည်မှာ အိုင်းစတိုင်း၏အတွေးအမြင်အားနည်းချက်ဟု ကောက်ချက်ချနိုင်သည်။ အလားတူပင် ဟော့ကင်း ကလည်းသူ၏ THE UNIVERSE IN A NUTSHELL စာအုပ်၌ “မျှော်လင့်ချက်ဖြင့် ခရီးဆက်ရခြင်းက မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိခြင်းထက်ပိုကောင်းသည်” ဟုဖော်ပြထားရာ ဤနေရာ၌အိုင်းစတိုင်းရော ဟော့ကင်းပါ အတွေးအမြင်တူညီနေသည်ကို ထူးဆန်းစွာ သိမြင်ရပါသည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးပင် ပန်းတိုင်ကိုဆိုက်ရောက်ထားသူများမဟုတ်ကြကြောင်း သတိပြုမှတ်သားမိလိုက်ပါသည်။
အချုပ်ဆိုရပါမူ အိုင်းစတိုင်းရော ဟော့ကင်းပါ ကိုယ်စီရည်မှန်းထားသော ပန်းတိုင်ကိုဆုပ်ကိုင်ဆွတ်ခူးထားသူ များမဟုတ်လေရာ ပန်းတိုင်ကိုဆိုက်ရောက်ခြင်းက ပန်းတိုင်ရောက်ဖို့ကြိုးစားရခြင်းလောက်မြတ်နိုးဖွယ် မကောင်းဟု နှိုင်းယှဉ်ပြောဆိုခွင့် မရှိချေ။ ဤသည်ပင် သိပ္ပံပညာရှင်ကြီး နှစ်ဦး၏ ဒဿနအတွေးနှင့်ပတ်သက်၍ ကျွန်တော်ခွဲခြမ်းစိပ်ဖြာဝေဖန်မှု ပြုလိုသော အချက်ဖြစ်ပါတော့သတည်း။
ဆက်လက်ဖော်ပြပါမည်။
ဝေမော်
0 comments:
Post a Comment