Wednesday, March 28, 2012

ဗိုလ်ချုပ်အကြောင်း(၂၁)


 
 ကျွန်တော်သိသော ဦးနောင်ချို               
 
 ရွှေမိုး

ဦးနောင်ချိုသည်----
မိမိ ကိုယ်ရေးကိုယ်တာကို လုံးဝဂရုမထားသူ နိုင်ငံရေးသမားအစစ်ဖြစ်သည်။ 
စိတ်ရင်းစေတနာ အဖြူစင်ဆုံးနှင့် အသန့်ရှင်းဆုံး ခေါင်းဆောင်ဖြစ်သည်။
မြန်မာတိုင်းရင်းသား ပြည်သူလူထုကြီး တစ်ရပ်လုံး၏ အကျိုးစီးပွားကို မိမိ၏ အကျိုးနှင့် ထပ်တူထပ်မျှထားသူ ဖြစ်သည်။

ယနေ့ အချို့သော ကွန်မြူနစ် အမည်ခံများနှင့် အချို့သော ဆိုရှယ်လစ် အမည်ခံများလို ယောင်တောင်တောင် ဖြစ်နေခြင်းထက် တကယ့်ဆိုရှယ်လစ် သဘောတရားများကို နက်ရှိုင်း ပိုင်နိုင်စွာ သိမြင်နားလည်သူ အခြေအနေကို မှန်ကန်စွာ အသုံးချတတ်သူ ဆိုရှယ်လစ်အမြင်ကို ကြည်လင်စွာထားရှိသူ တကယ့်ခောတ်ပြောင်း တော်လှန်ရေးသဘောကို နားလည်သူခေါင်းဆောင်ကြီးဖြစ်သည်။

          ကျွန်တော်သည် ဦးနောင်ချိုနှင့် ရင်းရင်း နှီးနှီး သိကြွမ်းခဲ့ရ လိမ့်မည် ၊ ဆွေးဆွေး နွေးနွေး ဆက်ဆံခဲ့ရ လိမ့်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ပေ။ 

          သို့သော်  ထိုနေ့တွင် ဦးနောင်ချို၏ ရှေ့မှောက်သို့ မမျှော်လင့်ဘဲ ရောက်ခဲ့ရပေ၏။ ကန်တော်ကြီးကို ဖြတ်၍ တိုက်လာသော လေနုအေးသည် ပတ်လမ်းရှိ ဦးနောင်ချို၏ အိမ်ဖြူ ပြူတင်းမှ ဝင်ရောက်ကာ အဖြူနုရောင် စားပွဲခင်းစကို တော့၍ တော့၍ ဆော့နေပေ၏။ 

စားပွဲပေါ်ရှိ ကော်ဖီပန်းကန်များလည်း အေးစက်၍ နေပြီဖြစ်ရာ  ကစီနှစ်များပင် တတ်နေပေပြီ။ နံနက်  ၁၁ နာရီမှစ၍ စားပွဲပေါ်သို့ေ၇ာက်လာသော ကော်ဖီပန်းကန်များကို ယခု ညနေစောင်း  ၃  နာရီထိအောင် မသောက်ရသေး။ သောက်၍လည်းကောင်းတော့မည် မဟုတ်။

          ``အဲဒါပဲကွ---- အလုပ်ကို နည်းမှန်အောင် လုပ်ကြဘို့ပဲလိုတယ်။ ကမ္ဘာ့ အခြေအနေက ကောင်းနေပြီ။ ဒီတခါတော့ တို့ရဲ့(Revolution)ဟာ အောင်ရမှာ အမှန်ဘဲ။ ကဲ-----ကော်ဖီသောက်ကြဦးကွာ----`

          လေးနာရီလုံးလုံး မရပ်မနားပဲ ကြီးစွာသော အာရုံစူးစိုက်ခြင်းဖြင့်  ကျွန်တော်တို့ ကွန်မြူနစ်ပါတီဝင် ရဲဘော်တစ်စုအား  ကမ္ဘာ့နိုင်ငံေ၇းနှင့် ဗမာ့နိုင်ငံရေးများကို ရှင်းလင်းပြောဆိုနေသော ဦးနောင်ချိုသည် သူ့ရှေ့မှ ကော်ဖီပန်းကန်ကို ကောက်ယူ၍ သောက်လိုက်ပေသည် ။ ထိုအခါကျမှပင် ကျွန်တော်တို့လည်း ကော်ဖီပန်းကန် များ ကို အသီးသီးကိုင်ယူမိကြပေတော့သည်။

          ထိုနေ့ကိုကား ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်။

          အဘယ်ကြောင့်ဆိုသော်  ဦးနောင်ချိုအပေါ်ဝယ် အထင်လွဲ အမြင်မှား ဖြစ်လာခဲ့သမျှသည်  ထိုနေ့တွင် ပျောက်လွင့်ကုန်သောကြောင့်ပေတည်း။ ဦးနောင်ချိုနှင့် မတွေ့သေးမီက ဦးနောင်ချိုနှင့် ပတ်သတ်၍ ဦးထွန်းဝေတို့ လူတစ်သိုက်ထံမှ ကြားသိခဲ့ရသည်မှာ တစ်မျိုးဖြစ်ခဲ့၏။ ဦးနောင်ချိုအကြောင်း မကောင်းတာများ ကိုသာ ကြားနာခဲ့ရ၏။ ဦးနောင်ချိုအပေါ်တွင် အထင်လွဲ အမြင်လွဲဖြစ်ခဲ့၏။ 

          ယခုမူကား  ထိုအထင်အမြင်လွဲမှုများသည်  မရှိကြတော့ပြီ ။ ဦးနောင်ချိုအပေါ်ဝယ် ယုံကြည်အားကိုးသော စိတ်တို့သည် တထောင်းထောင်း ဖြစ်ပေါ်ခဲ့ပေပြီ။ ဦးနောင်ချိုကို အားကိုးရာ ခေါင်းဆောင်ကြီးဟူ၍ တထစ်ချယူဆလိုက်ပေပြီ။

          ထို့ကြောင့် ထိုနေ့ကို  မမေ့နိုင်တော့----။

          မမေ့နိုင်သော ထိုနေ့ကား အခြားမဟုတ် ၊ ၁၉၄၄  ခု အောက်တိုဘာလ ၃  ရက်နေ့ပင်ဖြစ်၏။ ဒေးဒရဲ မြို့ရှိ ကွန်မြူနစ်ပါတီ  (ဗမာပြည်) ဋ္ဌာနချုပ်ရှိ ဆရာကြီး ဦးထွန်းဝေထံမှ ပြန်ရောက်ခါစ ရှိသေး၏။ ဦးထွန်းဝေနှင့် ဒုတိယ အကြိမ်မြောက် တွေ့ဆုံဘူးခြင်းလည်း ဖြစ်၏။ ဦးထွန်းဝေရေးခဲ့သော ဆိုရှယ်လစ်ဝါဒကျမ်းကို ဖတ်ဖူးခဲ့သည့်အချိန်မှ စ၍ မာ့စ်လီနင်ဝါဒ ၏ ကျောင်းတော်သားဖြစ်ခဲ့သော ကျွန်တော်သည် ဦးထွန်းဝေကို အဝေးမှ ကြည်ညို၍ နေခဲ့၏။ ဘုရားရှိခိုးတိုင်းပင် ဦးထွန်းဝေနှင်တကွ ဆိုရှယ်လစ်ဝါဒ အကြောင်းကို ရေးသားဖူး ကြသော သခင်ဘသိန်း ၊ သခင်သန်းထွန်း ၊ တက်ဘုန်းကြီး ကိုသိန်းဖေ ၊ သခင်ဗိုလ် ၊ အစရှိသော ပုဂ္ဂိုလ်ကြီးများ အသက်ရာကျော် ရှည်ကြပါစေမည့်အကြောင်း  အကြိမ်ကြိမ် ထပ်လောင်း၍ ဆုတောင်းခဲ့ပေ၏။ ဘီအိုင်အေ ကာလကို လွန်၍ ဘီဒီအေ ခေတ်အတွင်းသို့ဝင်လာသောအခါ  ဆရာကြီး ဦးထွန်းဝေ ဦးစီးသော ကွန်မြူနစ်ပါတီနှင့် ကျွန်တော်သည် အဆက်အသွယ်ရခဲ့ပေ၏။ တပ်နီ ဗိုလ်ချုပ်ဟောင်း ဗိုလ်သိန်းတန်မှ တဆင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) ၏ ဗဟိုလ်ကော်မတီဝင် လူကြီးဖြစ်သူ ကိုတင်မြ (သခင်တင်မြ) နှင့် ရှေးဦးစွာ တွေ့ဆုံခဲ့ရ၏။ ထို့နောက် ကိုတင်မြမှ တဆင့် ဆရာကြီး ဦးထွန်းဝေထံ လူကိုယ်တိုင် ရောက်ခဲ့ပေတော့၏။ 

          ဦးထွန်းဝေကို မြင်လျှင်မြင်ချင်း ရင်ဖိုခဲ့၏။ ဦးထွန်းဝေ၏ ဖော်ရွေမှုနှင့် သဘောတရားစာပေများကို အံ့သြလောက်အောင် ကိုးကား၍ ပြောဆိုနိုင်မှု တို့ကို တွေ့သောအခါ ကျွန်ုပ်ကိုယ်ကို ကျွန်တော် ဦးထွန်းဝေ အတွက်ဟု ရည်စူးကာ လှုထားလိုက်တော့၏။ ဦးထွန်းဝေ၏ ပြောစကားကို တစ်လုံးမကျန် နားထောင်မိ၏။ တရားမင်၍ ပုဂ္ဂိုလ်ကိုခင်လေရာ  ထိုမှတဖန် သူ့တရားသည် ကျွန်တော်၏ ဦးဏှောက်ဝယ် နက်နဲစွာပင် ဝင်လာပေတော့၏။

          ထို့ကြောင့်လည်း ဦးထွန်းဝေက ``သခင်အောင်ဆန်းဟာ  စစ်ဝါဒ သမားကြီး ၊ မျက်ကန်းမျိုးချစ်ကြီး တစ်ယောက်ပါ `` ဟု ဆိုသောအခါ  ကျွန်တော်သည် မစဉ်းစားတော့ဘဲမျက်စိ မှိတ်၍ လက်ခံလိုက်လေတော့၏။ 

          ၁၉၄၄ - ခု အောက်တိုဘာလ ၃ ရက်နေ့သို့ ရောက်သောအခါမှသာ ကျွန်တော်သည် ဦးထွန်းဝေ၏ သြဇာအောက်မှ လွတ်မြောက်ရန်  လူးလွန့်စ ပြုခဲ့ရပေသည်။ 

          ``ကိုယ်လူတို့   ဦးနောင်ချိုနဲ့  မနက်ဖြန်ခါ သွားတွေ့ကြရမယ်  ၊ မေ့မနေကြနဲ့ဦး --``
          ရဲဘော်ကိုတင်မြက  ကျွန်တော်တို့လူတစ်စုအား လိုက်လံ၍ အကြောင်းကြားထား၏။ ဦးနောင်ချိုအပေါ်ဝယ် အထင်မကြီးလှသော ကျွန်တော်သည် ကိုတင်မြ၏ 
စကားကြောင့် ကြောင်၍ နေမိ၏။ ဘာကိစ္စကြောင့်  ဦးနောင်ချိုနှင့် သွားတွေ့ကြရဦးမှာပါလိမ့် ။

          ရဲဘော် ဗိုလ်သိန်းတန်ကမူ  ``ဗိုလ်ချုပ်ကိုတော့ အထင်မသေးနဲ့ဗျာ--  သူလည်းပဲ  ဆိုရှယ်လစ်ဇင် သမားပါပဲ သူ့စေတနာက တိုင်းပြည်အတွက်ပါပဲ  ဒါတော့ သံသယ ဖြစ်စရာ မရှိပါဘူး`` ဟု မျှတသော အမြင်ဖြင့် ပြောဆိုပါသည်။ 

          သို့သော်လည်း ကျွန်တော်သည် ဆရာကြီး ဦးထွန်းဝေဟု အမည်တွင်ခဲ့သော`` ဆရာကြီး``
သခင်စိုးနှင့်  ကိုစံညွန့် (ကွယ်လွန်သူ) တို့၏ တစ်ဖက်နားသွင်းစကားများကြောင့် ဗမာ့ကာကွယ်ရေး တပ်မတော်ကြီး၏ သေနာပတိဖြစ်သော သခင်အောင်ဆန်းခေါ် ဦးနောင်ချိုအပေါ်ဝယ်  အထင်မကြီး နိုင်အောင်
ဖြစ်နေပေသေး၏။ ထို့ကြောင့် ``ဂျပန်နဲ့ ပေါင်းခဲ့တာဟာ မှားခဲ့တာပဲ မဟုတ်လား`` ဟု ပြောခဲ့ပေ၏။
          ယခုတော့  ဗိုလ်ချုပ်ကြီး ဦးနောင်ချိုနှင့်တွေ့ ၍ သြဝါဒပေးခြင်းကို ခံရပေဦးတော့မည် ။ စိတ်ထဲတွင်ကား လှိုက်လှိုက်လှဲလှဲ မရှိလှသေး  ။ 

ဦးထွန်းဝေ  ဦးစီးသော ကွန်မြူနစ်ပါတီဝင်  ရဲဘော်များဖြစ်ကြသည့် ဗိုလ်သိန်းတန် ၊ ဗိုလ်စိုးမောင် (ယခု ကိုချစ်ကောင်း) ၊ ဗိုလ်လှမောင် (တောခို ကွယ်လွန်သူ) ၊ ကိုထွန်း ၊ ကိုစိုးတင့် ၊ ကိုစိန်လှိုင် ၊ ကိုစံညွန့် ကိုတင်မြနှင့် မောင်စန်းငွေ ( ခေါ် ) ကျွန်တော်တို့သည် ကွန်မြူနစ်ပါတီ၏ လုပ်ငန်းများကို ဗမာ့ကာကွယ်ရေး တပ်မတော်ထဲတွင် လုပ်ဆောင်ကြတော့မည်ဖြစ်ရာ ကွန်မြူနစ်ပါတီနှင့် နားလည်မှု ရပြီးကာစဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်မြ ၊ ဗိုလ်ချုပ်နေဝင်း ၊ ဦးဗဆွေ ၊ ဦးကျော်ငြိမ်းတို့၏ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်များနှင့် တိုင်ပင်စီစဉ်ကြရမည်ဖြစ်၏။ စစ်တပ်ထဲတွင် နိုင်ငံရေးသင်တန်း ပေးကြရမည့် ကျွန်တော်တို့ လူစုအား ဦးနောင်ချိုခေါ် (ဗိုလ်ချုပ်အောင်ဆန်း) နှင့် မိတ်ဆက်တွေ့ဆုံပေးရန်  ကိုတင်မြက စီစဉ်ပေ၏။ 

          လျှို့ဝှက်ရေးကာလ၏ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့က  ဦးနောင်ချိုဟူ၍ ၎င်း ၊ သခင်စိုးကို ဦးထွန်းဝေ (သို့မဟုတ်) ကိုဦး ဟူ၍၎င်း ၊ သခင်သန်းထွန်းကို ကိုဘမောင်ဟူ၍၎င်း ခေါ်ကြပေ၏။ 

          ဦးနောင်ချို (ခေါ်) ငမိုး (ခေါ်) ဗိုလ်ချုပ်အောင်ဆန်း ကို ပထမဦးဆုံးမြင်ခဲ့ဘူးသည်မှာ မင်္ဂလာဒုံ ဒုတိယ ပတ် ဗိုလ်သင်တန်းကို တတ်ရောက်ရန် ပျဉ်းမနားစခန်းရှိ တပ်ရင်း ၃ မှ ရောက်လာခဲ့ခြင်းဖြစ်၏။

          ပေါ်လွင်ခန့်ညားသော စစ်ဝတ်စုံဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းကို မျက်စိထဲတွင် မြင်ယောင်နေမိသေး၏။ ထိုစဉ်က ``ပညာရှာ ပမာသူဖုန်းစား`` ဆိုတဲ့စကားလို မင်းတို့သင်ရ မယ် ၊ ပညာကို ကောင်းကောင်းတတ်ကျွမ်းအောင် သင်ကြ ၊ ဒါဘဲ ငါပြောချင်တယ်`` ဟု တိုတောင်းစွာ ပြောကြားခဲ့သောအခါ သူ့စကားများ၏ အတိမ်အနက်ကို ဝိုးတိုးဝါးတားသာလျှင် ခန့်မှန်းနိုင်ခဲ့ပေ၏။ ကြည်ကြည်လင်လင် တော့ဖြင့် မထင်မြင်နိုင်ခဲ့။ ထင်မြင်နိုင်စွမ်းလည်း မရှိခဲ့။ မှောင်အတိကျ၍ နေသေးသော ကာလကြီးပင်ဖြစ်၏။    
    
          မင်္ဂလာဒုံမှ ဆင်းခဲ့၍ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီနှစ်ရပ် လှုပ်ရှားမှုများနှင့် အဆက်ရပြီး သောအခါမှသာ မဟာမိတ်နှင့်ပေါင်း၍ ဖက်ဆစ်ဂျပန်များကို  တော်လှန်ရဦးမှာပါတကား ဟူသော အသိဥာဏ် အလင်းရောင်ကို ရရှိခဲ့ပေ၏။ ယခု ထိုအလင်းရောင်ကို ပို၍လင်းပြောင်စေမည့် ပုဂ္ဂိုလ်ကြီး ဦးနောင်ချိုကို တွေ့ရပြန်တော့မည်ဖြစ်ပေသည်။ စိတ်ထဲတွင် လှိုက်လှဲမှု မရှိသေးဟု ဆိုခဲ့သော်လည်း မဝေခွဲ တတ်သော လှုပ်ရှားမှုလေးတွေကိုတော့ ခံရပေသေးသည်။

          ၁၉၄၄ ခု  အောက်တိုဘာ  ၃ ရက်နေ့ နံနက် ၁၀ နာရီလောက်တွင် ဗိုလ်သိန်းတန် အစရှိသော ကျွန်တော်တို့ လူစုသည် နှစ်ယောက်စီခွဲ၍ ဦးနောင်ချို၏ အိမ်ဝင်းအတွင်းသို့ ဝင်ရောက်ကြ၏။ ဂျပန်ကင်ပေတိုင် သူလျှိုတို့ မရိပ်မိဘို့က အရေးကြီးသောကြောင့်ဖြစ်ပေသည်။ 

          အိမ်အောက်ထပ်မှ အိမ်ပေါ်သို့တတ်သွားကြရ၏။ လှေကားထိပ်ရှိ ဧည့်ခန်းတွင် ဒေါ်ခင်ကြည်က နေ၇ာထိုင်ခင်းပေးပြီး အိမ်ခန်းထဲရှိ ဗိုလ်ချုပ်ကြီး ဦးနောင်ချိုအား သွားရောက်၍ ပြော၏။ ချည်ကြမ်းလုံချည် အဖြူကွက်နှင့် စွတ်ကျယ်လက်တိုကို ဝတ်ဆင်ထားသော ဦးနောင်ချိုသည် အခန်းဝတွင် ပေါ်လာကာ ကျွန်တော်တို့အား တစ်ချက်မျှကြည့်ပြီး ပြူတင်းပေါက်အနီးတွင်ထိုင်၏။ 

          ``မင်းတို့ ဘယ်တော့သွားကြမှာလဲ``

          ဦးနောင်ချိုက ကိုတင်မြနှင့် ဗိုလ်သိန်းတန်ဘက်သို့လှည့်၍ မေးလိုက်၏။ 

          ``တစ်ရက်  နှစ်ရက် အတွင်း ထွက်ဖြစ်ကြမှာဘဲ --အဲဒါ ဦးနောင်ချို မှာချင်တာ မှာဘို့ပဲ---``

          ကိုတင်မြက ပြန်၍ဖြေ၏။ ဦးနောင်ချိုသည် ကျွန်တော်တို့အား တစ်ယောက်စီကြည့်လိုက်သေးသည် ၊ ဒေါခင်ကြည်၏ ညီမနှင့်တူသည့် အမျိုးသမီးတစ်ဦးသည် ကော်ဖီပန်းကန်များကို တည်ခင်းနေသည်။ 

          ဦးနောင်ချိုသည်  ဘာမှ မပြောသေးဘဲ သူ၏ အိပ်ခန်းအတွင်းသို့ ဝင်သွား၏ ။ ခဏကြာမှ ထွက်လာလေသည်။ ဖိုင်တွဲတစ်ခုမှ လက်နှိပ်စက်ဖြင့် ရိုက်ထားသော စာမူတစ်ခုကို ဆွဲထုတ်ကာ ----

          ``ဟောဒီမှာ  ညီညွတ်ရေး တပ်ဦးနဲ့ ပတ်သတ်လို့ ကိုယ်ရေးထားတာ ရှိသေးတယ် ။ ပြီးရင် ကိုထွန်းဝေဆီ ပို့ပေးအုံးမယ်`` ဟုပြောဆို၏။  စာမူကို အင်္ဂလိပ်လို ရေးထားရာ အရေးကြီးသော စာပိုဒ်များ ကို အနည်းငယ် ကောက်နှုတ်၍ ဖတ်ပြပေ၏။

          ``မင်းတို့ သင်တန်းတတ်တာ ဘယ်လောက်ကြာခဲ့ကြသလဲ -- ``

          ဦးနောင်ချိုသည် ကျွန်တော်တို့အား အကဲခတ်သောမျက်လုံးဖြင့် ကြည့်၍ မေးလေသည်။ 

          ``တစ်လ ကျော်ကျော်လောက် ကြာခဲ့ပါတယ်``

          ``ခု  ဘယ်လို အစီစဉ် ရှိထားကြသလဲ``

          ကိုတင်မြက -----

          ``တိုင်းအလိုက်ခွဲပြီး တပ်တွေနဲ့ နေပြီး နယ်တွေမှာ စည်းရုံးဘို့ဘဲ ၊ သင်တန်းတွေလည်း ပေးဘို့ဘဲ`` ဟုရှင်းပြပေသည်။

          ``ဒါပေမယ့် ဒီလိုလုပ်ရုံနဲ့ မပြီးသေးဘူးကွ --``

          ဦးနောင်ချိုသည် ဘယ်လက်ကို ကုလားထိုင်လက်ရမ်းပေါ်တွင် တင်ကာ ညာလက်တံကို သူ၏ညာဘက် ဒူးပေါ်တွင်ထောက်၍ သူ၏ စကားကို နိဒါန်းပျိုးပါလေတော့သည်။ ကျွန်တော်တို့သည် သူ့ပါးစပ်မှ ထွက်ပေါ်လာမည့် စကားများကို နားစွင့်၍ နေကြပေ၏။ သူသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးလျှင် ----

          ``မင်းတို့  သင်တန်းပေးထားတဲ့ ကေဒါ(တပ်သား) တွေကို ရွာတိုင်းကိုလွှတ်ပြီး Anti – Fascist  
ကော်မတီတွေ ဖွဲ့စီးခိုင်းရမယ်။ ဂျပန်ဆန့်ကျင်ရေး အင်အားစု မှန်သမျှကို  နေရာတိုင်းမှာ  စည်းရုံးရမယ်။ ဒါမှလည်း ဒို့လုပ်ငန်းရဲ့အခြေခံဟာ ကျယ်ပျံ့မယ်။ ဒီမှတရော့ဖ်  ရေးတဲ့ The Working Class Against Fascism  စာအုပ်ထဲမှာပါတဲ့ ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းပုံ နည်းလမ်းတွေဟာ အတော်ဘဲကောင်းတာကွ အဲဒါတွေ သေသေချာချာလေ့လာကြဦး။ မင်းတို့ချည်းဘဲ ရှေ့ရောက်လွန်းရင် လူထုနဲ့ ကင်းကွာ သွားနိုင်တယ်။ လီနင်ပြောသလို  ရှေ့လည်းမရောက်လွန်း နောက်လည်းမကျစေဘဲ ချီတတ်နိုင်ရမယ် မဟုတ်လား။ ဒါလဲ သဘောတရားမြင်မှဘဲ လုပ်နိုင်ကြမယ်။ စတာလင်ပြောသလို အကန်းလည်းမဖြစ်စေရဘူး။ အမြုံလည်း မဖြစ်စေ ရဘူး။  ဒါကိုနားလည်ပြီး  alert နိုးနိုးကြားကြားဖြစ်နေဘို့လိုတယ်--``
          ကျွန်တော်တို့သည် ဗိုလ်ချုပ်ကြီးနောင်ချို၏ စကားလုံးများဝယ်ညိတွယ်မိကြလေပြီ။ ကျွန်တော့်အဖို့ကား အံ့အားသင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သည် ရောယှက်၍ နေတော့သည်။ ကျွန်တော်၏ စိတ်ကို ဦးနောင်ချို၏ စကားများက ညို့သွားလေပြီ။ ကွန်မြူနစ်ပေါက်စ ဖြစ်သော ကျွန်တော်သည် စာအုပ်ကြီး ထဲတွင်ပါသော ကွန်မြူနစ်ဝေါဟာရ အသုံးအနှုံးများတွင် မွေ့လျော်၍ နေတုန်းအခါ ဖြစ်ပေရာ ဦးနောင်ချို၏ လီနင် ၊ စတာလင် ၊ ဒီမီထရော့ဖ် တို့အား ကိုးကား၍ ပြောဆိုနေသောစကားများကို ကြားနာရသည်တွင် ဖရဏာပီတိ ဂွမ်းဆီထိ ဘိအလား အကျေနပ်ကြီး ကျေနပ်မိပါတော့၏။ ဦးနောင်ချိုသည် သိပ္ပံနည်းကျသော ဆိုရှယ်လစ်ဝါဒ အမြင်ကို ဦးထွန်းဝေလောက်ပြောနိုင်မည်ဟု မထင်စားခဲ့။ ယခုတော့မူ ဦးနောင်ချိုအား စိတ်ဝင်စားလာရပေပြီ။ ဦးနောင်ချိုသည် လက်နှစ်ဖက်ကို လှုပ်ကာ ရပ်ကာ စိတ်အားထက်သန်စွာ ပြောပြနေလေသည်။

          ``အမှန်ကတော့ ဘာသာတရားဆိုတာ  မရှိလို့မဖြစ်ဘူး။ ဒါကြောင့်မို့  ခုလို မင်းတို့ ဆွေးနွေးလေ့လာခဲ့ကြတာ ကောင်းတာပဲ --။ အေး  လှေနံဓါးထစ် မယူဘို့ အရေးကြီးတယ်။ Marx တို့ Engels တို့က ပြောတာလည်း ရှင်းသားပဲ ။ Our Theory is not a dogma , but a guide to action ဒီနေရာမှာ ဒီစကားရဲ့အဓိပ္ပာယ်ကို သဘောပေါက်ဘို့လိုတယ်။ ဖြစ်ပျက်နေတဲ့ Phenomena တွေကို သေသေချာချာ လေ့လာ ပြီး အခြေအနေနဲ့ ကိုက်ညီအောင် လုပ်တတ်ဖို့လိုတယ်။ ပညာဆိုတာ ဒါဘဲကွ``

          ဦးနောင်ချို၏ စကားလုံးတိုင်းသည် ကျွန်တော်၏ ဦးဏှောက်ထဲသို့ ဝင်၍ဝင်နေတော့သည်။ တစ်သက် တွင် မမေ့နိုင်တော့မည့် စကားလုံးများပင် ဖြစ်ပါပေသည်။

          သူသည် မမောနိုင်မပန်းနိုင် ဆက်တိုက်ပြောနေပေ၏။ ခောတ်ကြီးများ အတောမသတ် ဆက်တိုက် ပြောင်းလဲခဲ့ပုံ စီးပွားရေးစနစ်များ မတည်မြဲကြပုံ ၊ အရင်းရှင်ခောတ်ရောက်ရှိခဲ့ကြပုံ ၊ ကုန်ထုတ်စွမ်းအားစုနှင့် ကုန်လုပ်ဆက်ဆံရေး များအဆင်မပြေ ကြသဖြင့် စီးပွားပျက်ကပ်များ စစ်ပွဲကြီးများဖြစ်ပွားခဲ့ကြရပုံ ၊ ဖက်ဆစ် ဝါဒ ပေါ်ပေါက်လာပုံ ၊ ဒုတိယကမ္ဘာစစ်ကြီး၏ အသွင်အပြင်များပြောင်းလဲလာပုံ ၊ ကမ္ဘာ့ ပြည်သူ့စစ်ပွဲကြီးအသွင် ဆောင်လာပုံ ၊ စစ်ပြီးသွားလျှင် ဗမာ့လွတ်လပ်ေ၇းအလားအလာ ပွင့်လန်းလာမည့်ပုံ အမျိုးသားညီညွတ်ရေးကို အခြေခိုင်အောင် မည်သို့လုပ်ရပုံ ၊ အဓိက လုပ်ငန်း၏ အချိန်အခါကို ရွေးချယ် တတ်ဖို့ လိုပုံ။

          နံရံမှ နာရီသည် သုံးချက်ထိုးသွားလေပြီ ။ သို့သော် ဦးနောင်ချို၏ ပြင်းပြသော စိတ်ဇွဲရှိန်သည် ပျော့မလာသေး။ ကျွန်တော်တို့လည်း နားမညောင်းသေး။ တစ်ခန်းလုံးတွင် ဦးနောင်ချို၏ စိတ်တန်ခိုးပါ သောအသံသည် ဝဲပျံ၍ နေပေသည်။

          ``အရေး ကြီးတာက ဒါဘဲ-- တော်လှန်ရေးဆိုတာ လူထုအင်အားနဲ့ လှုပ်ရှားပြီး အခြေခံကနေပြီး ပြောင်းလဲနေတာကို ပြောတာဘဲ။ ဒါလဲဘဲ Emotional စိတ်လိုက်မာန်ပါ ဖြစ်လို့မရဘူး ၊ Transformation of Quantity into Quality အရေအတွက် သဘော ပြောင်းလဲရာက အရည်အချင်းသဘောကိုပြောင်းလဲ ရတာဘဲ။ ဒါကို နားလည်ပြီး စည်းရုံးတတ်ဘို့လိုတယ်။ ဒို့ရဲ့  Anti Japanese Front ကိုလည်း ဒီသဘောနဲ့ယှဉ်ပြီး လုပ်သွားရမှာဘဲ အဲဒါဘဲကွ ၊ အလုပ်ကို နည်းမှန်အောင် လုပ်ကြဘို့ပဲလိုတယ်။ ကမ္ဘာ့အခြေအနေက ကောင်းနေပြီ ဒီတစ်ခါတော့ ဒို့ရဲ့ Revolution ဟာ အောင်ရမှာ အမှန်ဘဲ။ ကဲ--ကော်ဖီသောက်ကြဦး ကွာ--``

          ထိုအခါကျမှပင် ကျွန်တော်၏ အေးစက်၍ ကစီနှစ်တတ်နေသော ကော်ဖီပန်းကန် များကို သောက်ကြ တော့သည်။ လေတိုင်နေသဖြင့် ကော်ဖီပန်းကန်များတွင် ယင်ကောင်များ ခိုနားခြင်းမရှိ၍ သာ တော်ပါပေသေး၏။

          ကိုတင်မြက

          ``တပ်ထဲမှာ  ကျွန်တော်တို့လုပ်လို့ ရအောင် ဆိုင်ရာတပ်မှုးတွေနဲ့ Understanding ရဘို့တော့ ဗိုလ်ချုပ်တို့စီစဉ် ပေးမှဘဲထင်တယ် ``ဟုပြောရာ  ဦးနောင်ချိုက ကျွန်တော်တို့အား ကြည့်ပြီး--

          ``ဒါတော့  ဒို့စီစဉ်ပေးပါ့မယ်---- မင်းတို့ရဲ့  Initiativ ကိုလည်း သုံးကြရမှာဘဲ ``ဟု အားပေးလေ၏။ 

          ကျွန်တော်တို့သည်  ဦးနောင်ချို၏  သြဝါဒများကို နာခံကြပြီးနောက် လုပ်ငန်း၏ လက်တွေ့ကိစ္စများကို အနည်းငယ် ဆွေးနွေးကြသည်။ ဦးနောင်ချိုသည်  ဘုကျတတ်သည်။ စိတ်တိုတတ်သည်ဆိုသော ကြိုတင်ကြားနာ ထားခြင်းများမှာ မှားသည်ဟု ကျွန်တော်ဆိုချင်သည်။ ဦးနောင်ချိုသည်  ကျွန်တော်တို့ ရဲဘော်များအား စိတ်ရှည်လက်ရှည် ရှင်းလင်း၍ ညွှန်ကြားနေခဲ့ပေ၏။

          ဦးနောင်ချိုအိမ်မှ  စမ်းချောင်းရှိ တပ်တွင်းသို့ ပြန်ရောက်သောအခါ ကျွန်တော်သည် ဦးနောင်ချိုအပေါ်တွင် အထင်အမြင်လွဲမှားခဲ့ခြင်းများသည် လွင့်စဉ်၍ ပျောက်ကွယ်သွားကုန်၏။ ဦးနောင်ချိုနှင့် မတွေ့သေးမီက ဦးနောင်ချိုကို စစ်ဝါဒီကြီးဟု နားလည်ခဲ့၏။ ယခုမူ ဦးနောင်ချိုသည် တကယ့်ဆိုရှယ်လစ် ဒီမိုကရေစီသမားကြီးဟု ယုံကြည်မိပေပြီ။ ဦးနောင်ချို၏ စကားများကို မကြားရသေးမီက သူ့အား သိပ္ပံနည်းကျ သော ဆိုရှယ်လစ်ဝါဒ၏ ရန်သူကြီးဟူ၍ ထင်ခဲ့၏။ ယခုမူ ဦးနောင်ချိုသည် တကယ်မူမှန်သော တော်လှန်ရေး ဆိုရှယ်လစ်ဝါဒသမားကြီး ဖြစ်သည်ဟု ကြည်ညိုမိလေပြီ။

          ကျွန်တော်သည် ဗိုလ်ချုပ်ကြီး ဦးနောင်ချိုနှင့်  ပတ်သတ်သော ဆရာကြီး ဦးထွန်းဝေ၏ ထင်မြင်ချက်များ အပေါ်ဝယ် သံသယများရှိစပြုလာပေတော့သည်။

          ဦးနောင်ချိုနှင့် တွေ့ဆုံပြီးသည့်နောက် နှစ်ရက်အကြာတွင် ဦးနောင်ချိုထံသို့ ဗိုလ်မှုးရန်အောင် (ရဲဘော် သုံးကျိပ်ဝင်) နှင့် အတူသွားရပြန်၏။ သူ့ထံမှစာတစ်စောင် ယူရန်ဖြစ်သည်။ ကျွန်တော်နှင့် ဗိုလ်မှုးရန်အောင် (ယခု တောခို ကွန်မြူနစ်) သည် အနောက်တိုင်းစစ်ဋ္ဌာနချုပ်၏ နယ်ပယ်များတွင် ကွန်မြူနစ်ပါတီ နှင့် ဖက်ဆစ်ဆန့်ကျင်ရေး ညီညွတ်ရေးတပ်ဦးတို့၏ စည်းရုံးေ၇းနှင့်ဆိုင်သော တာဝန်များ ကို အတူတူ တိုင်ပင်၍ ဆောင်ရွက်သွားပါရန် ပါတီက တာဝန်လွှဲအပ်ခဲ့ပေ၏။ ဋ္ဌာနချုပ်၏ အနောက်တိုင်း စစ်လက်အောက်ခံ တပ်အသီးသီးတွင် နိုင်ငံရေးသဘောတရား သင်တန်းများ ကိုပေးကာ စည်းရုံးရေး ကေဒါ (တပ်သား) များကို ဖွဲ့စည်းရမည်ဖြစ်၏။ ထိုကေဒါများကို  တောလက်ကျေးရွာများသို့ စေလွှတ်ကာ ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်စေရန်ဖြစ်၏။

          ဦးနောင်ချိုသည်  ကျွန်တော်၏ လုပ်ငန်းတွင် အခက်အခဲမတွေ့စေရန် ( ယခု သင်တန်းပေးရန် တာဝန်အရ စေလွှတ်ထားသူသည် ငါ၏ ရဲဘော်ဖြစ်၍ ဆိုင်ရာ တပ်များမှ ကူညီကြရမည်။ အောင်ဆန်း ) ဟူသော စာတိုကလေးတစ်စောင်ကို ကျွန်တော့်အားရေးပေးလိုက်သည်။ 

          အနောက်တိုင်း စစ်ဋ္ဌာနချုပ်သို့  မသွားေ၇ာက်ရသေးမီ  ကျွန်တော့် ကိုစစ်ဝန်ကြီးရုံးရှိ  ဦးစီးဗိုလ်ချုပ် ဖြစ်သူ ဗိုလ်ချုပ်နေဝင်း (ယခု တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး) က ခေါ်ယူသဖြင့် သတင်းသွားပို့ရာ  ဗိုလ်ချုပ်နေဝင်းက ကျွန်တော့်အား အလုပ်လုပ်ရာတွင်  ဂျပန်မရိပ်မိအောင် ပိပိရိရိ ရှိရန်  သတိပေးပါ၏။ ထို့နောက် ကိုစံညွန့်က သွားတွေ့လိုက်ပါ ဆိုသဖြင့်  ဗိုလ်လင်္ကျာထံသို့လည်း သတင်းပို့ရပါသေး၏။ ဗိုလ်လင်္ကျာသည်  အသက်  ၁၈ -နှစ် မပြည့်သေးသော ကျွန်တော်၏ ငယ်ရွယ်လွန်းပုံကို ကြည့်ကာ ``ငယ်လှချည်လား   ဖြစ်မှဖြစ်ပါ့မလား`` ဟု ကိုစံညွန့်ကို ပြောလေ၏။ ထိုအခါတွင် ကျွန်တော်သည် ကျွန်တော်ထမ်းဆောင်ရမည့် တာဝန်အတွက် မိမိကိုယ်မိမိ စိတ်အားငယ်သလို ဖြစ်ရပါသေး၏။ သို့သော်လည်း ဦးနောင်ချို၏ စာရွက်ကို အားကိုးကာ ကျွန်တော့ကိုယ်ကျွန်တော် အားပေးရတော့သည်။

          အနောက်တိုင်းစစ်ဋ္ဌာနချုပ်သို့ ရောက်သောအခါ ဗိုလ်မှုးရန်အောင်နှင့် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်ဝင်) ဗိုလ်မှုးစိန်မှန် (ကွယ်လွန်သူ) ဗိုလ်မှုးစိန်ဝင်း ၊ ဗိုလ်မှုးစန်းယု (ယခု တော်လှန်ရေးကောင်စီဝင်)များ စသော ပုဂ္ဂိုလ်ကြီးများ၏ အကူအညီဖြင့် ကျွန်တော်၏ လုပ်ငန်းတာဝန်များကို အခက်ခဲများစွာ မတွေ့လှဘဲ ဆောင်ရွက်နိုင်ခဲ့ပေသည်။ 

          ထိုအချိန်မှစ၍  ၁၉၄၅ -ခု  မတ်လ ၁၅ ရက်ထိအောင် အနောက်တိုင်းစစ်ဋ္ဌာနချုပ်တည်ရှိရာ (ပြလို့ရွာစခန်း)မှသည် ဆရာကြီး ဦးထွန်းဝေခေါ် သခင်စိုး၏ ဒေးဒရဲဋ္ဌာနချုပ်စခနုးသို့ ၎င်း ၊ ဦးထွန်းဝေ စခန်းမှ သည် ဦးနောင်ချိုခေါ် ဗိုလ်ချုပ်အောင်ဆန်းအိမ် စခန်းသို့၎င်း ရံဖန်ရံခါ  ဦးဘမောင်ခေါ် သခင်သန်းထွန်းထံသို့၎င်း ကျွန်တော်သည် တာဝန်အမျိုးမျိုးအတွက် အမျိုးမျိုးအဖုံဖုံ လှည့်လည်၍ ကျက်စားခဲ့ရပေ၏။ ထိုသို့ လှည်လည်၍ ကျက်စားနေခဲ့ရစဉ်အတွင်း ကျွန်တော် မောင်စန်းငွေခေါ် မောင်ချစ်လှိုင်ဆိုသူ နိုင်ငံရေးသမား ကွန်မြူနစ်ပေါက်စနကလေးသည် ဦးထွန်းဝေ ၊ ဦးနောင်ချို ၊ ဦးဘမောင် အစရှိသည့် နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် မမျှော်လင့်ဘဲ ရင်းနှီးခွင့်ရခဲ့ပေသည်။

          တနည်းအားဖြင့်ဆိုလျှင် ကျွန်တော်သည် နိုင်ငံရေးနယ်ပယ်သို့ ဝင်လာခဲ့ကတည်းက အောက်သက် မကျေခဲ့ ။ သို့သော် အထက်သက်ကား အလွန်ပင်ကျေခဲ့ရပါ၏။ နိုင်ငံရေး ခေါင်းဆောင်ဆိုသူများကို နီးကပ်စွာ လေ့လာခွင့်ရခဲ့သောကြောင့်ဖြစ်ပေသည်။ (ယခုတော်လှန်ရေးခေတ်တွင် အာဏာရခဲ့သော ဖ-ဆ-ပ-လ ၊ ပ-ထ-ဆ ခေါင်းဆောင်များကိုလည်း လေ့လာဘူးပါ၏)

          အခြားသောခေါင်းဆောင်များ၏ တန်ဘိုးကို ထိခိုက်၇ာ မေ၇ာက်စေရအောင် ရေးသားဖော်ပြရမည်ဆို လျှင်-----------

          ဗိုလ်ချုပ်အောင်ဆန်း သို့မဟုတ် ဦးနောင်ချိုသည် မိမိ၏ ကိုယ်ေ၇းကိုယ်တာကို လုံးဝဂရုမထားသူ နိုင်ငံရေးသမားအစစ် ဖြစ်သည်ဟု ဆိုချင်၏။

          ဦးနောင်ချိုသည် စိတ်ရင်းစေတနာ အဖြူစင်ဆုံးနှင့် အသန့်ရှင်းဆုံး ခေါင်းဆောင်ဖြစ်သည်ဟု ဆိုချင်၏။

          ဦးနောင်ချိုသည် မြန်မာတိုင်းရင်းသား ပြည်သူလူထုကြီးတစ်ရပ်လုံး၏ အကျိုးစီးပွားကို မိမိ၏ အကျိုးနှင့် ထပ်တူထပ်မျှထားသူ ဖြစ်သည်ဟု ဆိုချင်၏။ 

          ဦးနောင်ချိုသည် ယနေ့အချို့သော ကွန်မြူနစ် အမည်ခံများနှင့် အချို့သော ဆိုရှယ်လစ် အမည်ခံများလို ယောင်တောင်တောင် ဖြစ်နေခြင်းထက် တကယ့်ဆိုရှယ်လစ် သဘောတရားများကို နက်ရှိုင်း ပိုင်နိုင်စွာ သိမြင်နားလည်သူ အခြေအနေကို မှန်ကန်စွာ အသုံးချတတ်သူ ဆိုရှယ်လစ်အမြင်ကို ကြည်လင်စွာ ထားရှိသူ တကယ့်ခောတ်ပြောင်း တော်လှန်ရေးသဘောကို နားလည်သူ ခေါင်းဆောင်ကြီး ဖြစ်သည်ဟု ဆိုချင်၏။ (ယခု အဖို့ဆိုလျှင်  ဗိုလ်ချုပ်ကြီးနေဝင်းသည် ဦးနောင်ချို၏ မပြီးဆုံးသေးသော တော်လှန်ရေး ကြီးကို မတိမ်းမစောင်းရအောင် ထိမ်းကြောင်းလျှက်ရှိပြီ)

          ဦးနောင်ချိုနှင့် ပတ်သတ်၍ ကျွန်တော်မမေ့နိုင်သော စကားတစ်ခွန်းနှင့် ဟောကိန်းတစ်ခုကို ဖော်ပြလိုလေသေး၏။

          ၁၉၄၅ -ခု ဧပြီလ ကုန်ကာနီးတွင်  သရက်ခရိုင် မင်းတုန်း ၊ ကာမနယ် ၊ သရက်ချောင်း ရွာကလေးတွင် စခန်းချနေခိုင် နိုင်ငံရေး သဘောတရားများကို  ဆွေးနွေးကြစဉ်  ဦးနောင်ချိုက ရုတ်တရက် ညာလက်ကို မြှောက်ကာ -----

          ``ဟေ့   -- မောစီတုန်းတို့လဲ  ဆိုရှယ်လစ်ဝါဒကို  တရုတ်ဇာတ်သွင်းတာဘဲ ဒို့လည်း ဗမာဇာတ်သွင်းထားတဲ့ ဆိုရှယ်လစ်ကို  လုပ်ကြရမှာဘဲ `` ဟု ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်ကို ဗိုလ်မှုးဗလ (ရဲဘော်သုံးကျိပ်ဝင်) နှင့် ကျွန်တော်တို့  နားဝယ်ကြားရောင်နေမိပေသည်။

          လက်နက်ကိုင် တော်လှန်ရေးများပြီးစီးပြီးနောက်  ကျွန်တော်သည် ပြည်သူ့ရဲဘော်ကိစ္စနှင့် ဗိုလ်ချုပ်ဦးနောင်ချိုအိမ်သို့ နှစ်ကြိမ်မြောက် ရောက်ရပေသည်။ ထိုအတွင်း ကွန်မြူနစ်ပါတီ၏ ဒုတိယ ကွန်ကရက်တွင် ကွန်မြူနစ်ခေါင်းဆောင်များက မလိမ့်တပတ်လုပ်၍  ဗိုလ်ချုပ်ကြီးနေဝင်း အပါအဝင် ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်များနှင့် ဗိုလ်ချုပ် ဦးနောင်ချိုတို့ကို  ကွန်မြူနစ်ပါတီဝင်များ အဖြစ်မှ ချန်လှပ်ထားခဲ့ကြ၏။ ထိုအချက်ကြောင့် ဦးနောင်ချိုသည်  ကွန်မြူနစ်ခေါင်းဆောင် များအပေါ်ဝယ် အတော်ပင် စိတ်နာခဲ့၏။ 

          ကွန်မြူနစ်ပါတီ၏  ကွန်ကရက်ကျင်းပပြီး  ရက်သတ္တပတ် တစ်ပတ် ခန့်ကြာလတ်သော် ကျွန်တော်သည် ပဲခူးမှ  ရန်ကုန်သို့ ပြန်ရောက်၏။ ကွန်မြူနစ်ပါတီ၏ သဘောထားနှင့် ပတ်သတ်၍ ဦးနောင်ချိုထံ သွားတွေ့သောအခါ  ဦးနောင်ချိုသည် ပါတီအပေါ် စိတ်နာစကား ပြောဆိုပါ၏။ သူသည် ဗမာ့လွတ်လပ်ရေး၏ ရှေ့စခန်းများကို ရှင်းပြပြီးနောက်  ရုတ်တရက်  စားပွဲကို ထုလိုက်လေသည်။ ကျွန်တော်သည် အံ့အားသင့်သွား၏။ 

          ``ဒီလူတွေ   ငါ့ကို   ပါတီက  ထုတ်တာမှားတယ် -- ငါလည်း  မာ့စ် ဝါဒသမား ပါဘဲကွ ဟေ့-- ကြည့်ပါကွာ    ငါလည်း  မာ့စ် အဖွဲ့တစ်ခု ဖွဲ့ပြပါဦးမယ် ၊ အမျိုးသားညီညွတ်ရေးကိုသာ အဓိက အသွင်ထားပြီး လုပ်ရင် ရပါတယ်ကွာ--တစ်နေ့ကျရင်  တစ်ပြည်လုံး ငါ့နောက်လိုက်ရမယ် --- အဲဒီတော့မှ  ဒီငနဲတွေ  သူတို့မှားကြောင်း  ဝန်ခံမှာဘဲ--`` 

          ဦးနောင်ချိုသည်  စာနာသောမျက်နှာဖြင့် ပြောခဲ့ပေ၏။ ယနေ့တိုင် မြင်ယောက်နေပေ၏။
          ယခုမူကား  အများပြည်သူတို့  သိကြသည့်အတိုင်းပင်  ဗိုလ်ချုပ်ဦးနောင်ချို  (ဝါ) ဗိုလ်ချုပ်အောင်ဆန်း နောက်သို့ မြန်မာပြည်ထောင်စုကြီး တစ်ခုလုံး လိုက်ပါခဲ့ကြပြီ မဟုတ်ပါလား။

          သို့သော်  ဦးနောင်ချို၏  မူမှန်သော မာ့စ် ဝါဒ အသင်းကိုကား  မမြင်ရနိုင်တော့။

          ဗိုလ်ချုပ်တို့ အစိုးရအဖွဲ့  ဖွဲ့သောအခါ  ကျွန်တော်သည် ဇာတိချက်ကြွေ  ရပ်ဋ္ဌာနသို့ ပြန်ခဲ့လေသည်။

          ၁၉၄၇  ခု  ဇူလိုင်လ  ၁၉  ရက်နေ့ညတွင်  ကျွန်တော်သည် အဆိုကျော် မေရှင်၏  နန်းကေသီ သီချင်းကို လေချွန်၍နေစဉ်  ကျွန်တော့အမ ဖြစ်သူသည် မျက်စိမျက်နှာပျက်၍  ရောက်လာ၏။

          ``ဟဲ့----နင်ကြားပလား----``

          ``ဘာလဲ   မမ ----``

          ``ဗိုလ်ချုပ်သေပြီ   တဲ့---``

          ``ဘာ----``

          ကျွန်တော်၏ရှေ့တွင်  မြန်မာပြည်ကြီးသည်  သွက်သွက်ခါ၍ ပြိုကျသွားပြီဟု  ထင်လိုက်ပါတော့၏။

          ကျွန်တော်၏  မျှော်လင့်ချက်  တောင်ကြီးနှင့်တူသော   ဦးနောင်ချိုသည်  ကျွန်တော်တို့နှင့်အတူ  မရှိတော့လေပြီ  ဟူသော အသိတရား၏   ထိုးဆွချက်ကို  တွေးမိတိုင်း  မချိအောင်ပင် ခံစားနေရပေပြီ။

          ကျေးဇူးရှင်ကြီး  ဦးနောင်ချိုသည် ကောင်းရာသုဂတိသို့  လားပါစေသတည်း ။။။။


 ကိုစိုးနိုင် ×----၂၈-၃-၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...