Wednesday, March 28, 2012

လူငယ်နှင့် အပြောင်းအလဲ

by So Min Oo on Thursday, March 29, 2012 at 5:41am 

 “အပြောင်းအလဲ”ဆိုတဲ့ ဝေါဟာရအပေါ်  ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ခံယူချက်တွေရဲ့ တိုင်းပြည်ရဲ့ အရေးပါဆုံးသော အပြောင်းအလဲ အဆင့်တိုင်းမှာ သူတို့ပါဝင် လှုပ်ရှားခဲ့ပုံများ နှင့်နှိုင်းယှဉ်ဆွေးနွေးမှုများကို Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂ ထုပ်မှပြန်လည်းဝေမျှလိုက်ပါတယ်ခင်ဗျာ....
ပါဝင်ဆွေးနွေးသူများမှာတော့ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုနေဘုန်းလတ်၊ ကိုဋ္ဌေးကြွယ်၊ ဖြစ်ကြပါတယ်။ 
စိုးမင်းဦး


------------------------------------------------------------------------------------------------
ကိုဂျင်မီ-အပြောင်းအလဲ ဆိုတာကတော့ နိယာမတရားပဲ။ အပြောင်းအလဲကို ငြင်းလို့ မရဘူး။ အပြောင်းအလဲက လောကရဲ့ နိယာမတရား၊ ဓမ္မတရားပဲ။ အပြောင်းအလဲကို လက်ခံနိုင်ရမယ်။ အဲဒီ အပြောင်းအလဲနှင့် အညီ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိဆိုတာကလည်း အရေးကြီးတယ်။ လိုက်လျော ညီထွေ ပြောင်းလဲနိုင်သရွေ့ ပြောင်းလဲခြင်းဟာ အဓိပ္ပာယ် ရှိတယ်။

မနီလာသိန်း-အပြောင်းအလဲ ဆိုတာကတော့ နေရာတိုင်းမှာ ရှိတယ်။ အချိန်တိုင်းမှာ ရှိတယ်။ အဲဒီ အပြောင်းအလဲဟာ ကောင်းတဲ့ ပြောင်းလဲခြင်းနဲ့ ပြောင်းလဲတာလား။ ကိုယ့်ရဲ့ ပြောင်းလဲခြင်းဟာ အကောင်းကနေ အဆိုး ပြောင်းလဲ သွားတာလား။ အဆိုးကနေ အကောင်းပြောင်းလဲ လာတာလားဆိုတာတော့ ကိုယ့်ဟာကိုယ် သုံးသပ်ရမယ်။ အဆိုးကနေ အကောင်းပြောင်းလဲ သွားရင်တော့ ကောင်းသထက် ကောင်းအောင် ကြိုးစားသွားရမယ်။ အကောင်းကနေ အဆိုး ပြောင်းလဲသွားရင်တော့ ဆင်ခြင်သတိနဲ့ အဆိုးကနေ အကောင်း ပြောင်းလဲနိုင်အောင် ကြိုးစားရမှာပေါ့လေ။

ကိုနေဘုန်းလတ်- တချို့အပြောင်းအလဲက လူတွေကြောင့်ဖြစ်တာ။ တချို့ လူတွေက တစ်ခုခုလုပ်လိုက်လို့ အပြောင်းအလဲဖြစ်တာ၊ ဒီလိုပဲ ပတ်ဝန်းကျင် ကြောင့် လူတွေကို ပြောင်းလဲသွားတာလည်း ရှိတယ်။ အပြောင်းအလဲကိုလူ က ဖန်တီးတာရယ်၊ အပြောင်းအလဲက လူကို ဖန်တီးတာရယ် နှစ်မျိုးရှိတယ်။  စွမ်းဆောင်နိုင်တဲ့သူတွေက အပြောင်းအလဲကို သူတို့က ဖန်တီးတာ၊ စွမ်း ဆောင်ရည်နိမ့်တဲ့သူတွေက သူတို့ကိုအပြောင်းအလဲက ဖန်တီးသွားတာ၊ အဲဒီ နှစ်မျိုးမှာ လူတွေက ကိုယ့်ကိုယ်ကို ဘယ်လိုလူဖြစ်မလဲ၊ ဥပမာ Facebook ကို တည်ထောင်တဲ့ Mark Zuckerberg  ဆိုသူက အပြောင်းအလဲကို ဖန်တီးတဲ့ သူ။ဘာလို့ ဖန်တီးနိုင်လဲဆိုတော့ သူက စွမ်းဆောင်ရည် ရှိလို့၊ ကိုယ်တို့ကျတော့ အမှန်အတိုင်း ပြောရင် ဒီ  facebookကို လိုက်သုံးနေရတယ်။ ကိုယ်တို့က အပြောင်းအလဲကို မှီအောင် လိုက်နေရတဲ့သူ ဒီလိုမျိုး နှစ်မျိုးနှစ် စား ရှိတယ်။ အဲဒီ အထဲမှာ ကိုယ့်ကိုယ်ကို ဘယ်လိုလူ ဖြစ်နိုင်မလဲပေါ့နော်။ ဒါကကိုယ့်ကိုယ် ကို ပျိုးထောင်မှုနဲ့လည်း ဆိုင်တယ်။ အပြောင်းအလဲကို ဘယ်သူမဆို ဖန်တီးလို့ရ တယ်။ တစ်ဦး တစ်ယောက်တည်းကနေလည်း ကြီးမားတဲ့ အပြောင်းအလဲကို ဖန်တီးလို့ရတယ်။ အဲဒီ Concept ပေါ့နော်။ အဲဒါ လေးကိုတော့ ကျွန်တော်မြင်တယ်။

ယုံကြည်ချက် တစ်ခုကြောင့် အကျဉ်းကျ ခံရတယ်။ ပြန်လည်လွတ် မြောက်လာတဲ့ အချိန်မှာ မြင်တွေ့ရတဲ့ အပြောင်းအလဲတွေ၊ ကိုယ် ကိုယ်တိုင် ခံစားမိတဲ့ အပြောင်းအလဲတွေကို မေးမြန်းကြည့်တဲ့ အခါကျတော့-

ကိုဂျင်မီ-ကိုယ်က ထောင်ကနှစ်ခါ ထွက်တာဆိုတော့ နှစ်ပိုင်းတော့ ပြောရမယ်။ ပထမတစ်ခါ ၁၆ နှစ်တုန်းက အစ်ကိုတို့က ကျောင်းသား ဘ၀ရဲ့ အသက် ၂၀ ကျော် ၂၀၊ ၂၁ နဲ့ ထောင်ထဲ ရောက်သွားတာ၊ ကိုယ်ပြောင်းလဲ တာတော့ ကိုယ်သိတယ်။ ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ် ဆိုတာလည်း သိတယ်။ ကျဉ်းကျပ်နေတဲ့ ကာလမှာ တော်တော် အခြေအနေ ဆိုးဆိုးတွေ ဖြတ်သန်းရတယ်။ လူငယ်ဖြစ်တဲ့ အတွက် ငယ်ငယ်တုန်းက လက်တုန့်ပြန်ချင်တဲ့ သလောပေါ့။ ပြီးတော့ အာဃာတသဘော ဒေါသ သဘောလေးတွေတော့ ရှိတယ်။ ကိုယ်တို့ အပြစ်ဒဏ်တွေ ၀င်ရတယ်။ ဒေါက်ခြေကျင်းတွေနဲ့ နှိပ်စက် ခံရတဲ့အချိန်မှာ ပိုကြီးတယ်။ ဒါပေမဲ့ အဲဒါကြီးတွေကို ထုပ်ပိုက် ထားရတာက တော်တော်ပင်ပန်းတယ်။ ပင်ပန်းတဲ့အတွက် ဒီထောင်ထဲရောက်တဲ့ နှစ်အပိုင်း အခြားလေးမှာပဲ အဲဒါကြီးကို ပစ်ချလိုက်တယ်။ “သြော်-သူတို့ဒီလိုပဲ လုပ်တတ်ကြတာပဲ၊ နောက် နောင်သားတွေ ဒီလိုမဖြစ်ဖို့ပဲ အရေးကြီးတယ်။ ငါ့ အလှည့်မှာတော့ လုပ်ကြပါစေ။ ခံလိုက်မယ်” အဲဒီလိုမျိုး ခွင့်လွတ်လိုက် တယ်။ အဲဒီအချိန်မှာ တကယ်ပြောင်းလဲသွားတယ်။ ပေါ့ပါးသွားတယ်။  ပင်ပန်းမှု မရှိတော့ဘူး။ 

ဒီတော့ ကိုယ်စဉ်းစားကြည့်တယ်။ ထောင် ၁၆နှစ်သက်တမ်းဟာ အမုန်းတရား၊ အာဃာတတရားနဲ့သာ သွားနေခဲ့ ရင် ဒီလောက်ဒဏ် ခံနိုင်ပါ့မလား။ ခံနိုင်မှာ မဟုတ်ဘူး။ တစ်ခုခု မှားနေလိမ့်မယ်။ အဲဒီတော့ သူတို့ဟာ ဒီလိုပဲ လုပ်တတ်ကြသူတွေပဲဆိုပြီး ခွင့်လွှတ်တဲ့ အမြင်နဲ့ကြည့်လိုက်တော့ ၁၆ နှစ် မကလို့နှစ်ပေါင်း ၁၆၀ လည်း ကိုယ်ခံနိုင်တယ်။ အဲဒီအတွက် ကိုယ်ဟာ အဆင့်သင့်ဖြစ်သွားပြီ။ ဒါဟာ ကိုယ့်ရဲ့ ပြောင်းလဲမှု။ ပြီးတော့ ကိုယ်ထောင်ကနေ ၂၀၀၅ မှာ လွတ်လာတယ်။လွတ်လာတော့အပြင်မှာ ဘာအပြောင်းအလဲလို့မေးရင်  အဆောက်အဦးတွေ များလာတယ်။ ကားတွေ များလာတယ်။ ဒီပြောင်းလဲမှုတွေ ရှိတယ်။ စီးပွား ရေးအရာ ပြောင်းလဲမှုကတော့ သိပ်မတွေ့ရပါဘူး။ လူတွေမှာကတော့ ဘာသွားတွေ့ရသလဲ ဆိုတော့ အကြောက်တရားပေါ့။ ၂၀၀၅ က အကြောက်တရား ကတော့ ကိုယ်တို့ ၁၉၈၉ ၀င်သွားတဲ့ အချိန်နဲ့က ပြောင်းလဲတာ မတွေ့ရဘူး။ လူတွေက ကြောက်နေကျတုန်းပဲ။ ဒီမှာ စဉ်းစားစရာ ရှိတာက အစတုန်းက တော့ လူငယ်တွေဟာ နိုင်ငံရေးကို ကြောက်တာလို့လည်း ယူဆတယ်။အဲဒီမှာ ဆိုက်ကား စီးရင်းနဲ့ အဲဒီဆိုက်ကားသမား ကြီးက သူ မကျေနပ်တာတွေ ပြောပြတယ်။ ပြောပြရင်းနဲ့ ပြောရင်းလည်း ဒုက္ခ ရောက်ဦးမယ်တဲ့။ တဖြည်း ဖြည်းလူတွေနဲ့ ချဉ်းကပ်ကြည့်တဲ့ အခါကျတော့ လူတွေက ဘာဖြစ်သွားလဲ ဆိုတော့ ပထမတော့ နိုင်ငံရေးရဲ့ အပြင်ဘက်ကို ထုတ်ခံ ထားရတယ်လို့ ကိုယ်  ထင်တာ၊ အမှန်တော့ အမှန်တရားရဲ့ အပြင်ဘက်ကို ထုတ်ခံထားရတာ။ လူတွေဟာ အမှန်တရားရဲ့ အပြင်ဘက်ကို ရောက်နေတာ။ အဲဒါဟာ အကြီး အကျယ် မှားယွင်းတဲ့ အရာဖြစ်တယ်။ ဒါကို ပြောင်းလဲဖို့ လိုတယ်။

မနီလာသိန်း-ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့က ပထမ တစ်ခါ အစ်မထောင်ထဲ ၀င်ရတယ်ပေါ့ နော်။ အဲဒီအချိန်တုန်းက အစ်မ တို့က မဟုတ်ရင် မခံဘူး ဆိုတဲ့ စိတ်ပေါ့နော်။ လူငယ်လည်း ဖြစ်တော့ သူတို့ ဖိနှိပ်တာကို ငါတို့ မခံဘူး။ ကိုယ်ကလည်း မှန်အောင်နေတယ်။ ဒါပေမဲ့ အဲဒီတုန်းက အစ်မတို့က အရမ်း Sensitive ဖြစ်တယ်။ တုန့်ပြန်မှုလည်း ကြီးတယ်။ အဲဒီလို မျိုးနေလာတဲ့အခါ  အစ်မတို့မှာ အရမ်းနာကျင်မှု တွေ ရှိတယ်။ အဲဒီလိုမျိုး ၈ နှစ်ခွဲလောက်နေလာ ပြီးတော့ ပြန်ထွက် လာတယ်။ ပြန်ထွက်လာပြီး ဒီတစ်ခေါက် ပြန်ကျတဲ့အချိန်မှာ ထောင်ထဲကို ၀င်သွားလိုက်တာနဲ့ နည်းနည်းပြောင်းလဲတဲ့ အငွေ့အသက်လေးတွေ ခံစားလိုက်ရတယ်။ သူတို့တွေရဲ့ ဆက်ဆံမှု အပြောအဆို ကိုယ်တွေနဲ့ ထိတွေ့ ဆက်ဆံလိုက်တာနဲ့ အပြောင်းအလဲ လေးတွေ တွေ့ရတယ်။ နည်းနည်းလေးပဲ ပြောင်း လဲသေးတာ။ အဲဒီ အပြောင်းအလဲ လေးတွေကို လည်း အစ်မတို့ ကြိုဆိုတယ်။ အဲဒီကနေမှ အစ်မ တို့ သရက်ထောင်ကို ရောက်တဲ့ အခါကျတော့  သူတို့တွေက နိုင်ငံရေးသမားတွေကို မတွေ့ဖူးတဲ့ အသိတစ်ခုနဲ့ အစ်မတို့ကို နားမလည်ကြဘူး။ အစ်မဘာပြောရမလဲဆိုရင် သူတို့တွေ မတွေ့ဖူး၊ မဆုံဖူးတဲ့အတွက် ဒီလူတွေကို ဘယ်လို ဆက်ဆံ ရမှန်း မသိတဲ့အတွက် သံတိုင်နောက်က လူက သံတိုင်အပြင်ဘက် လူကို နားလည်ပေးမယ်။ အချိန်တစ်ခုကို စောင့်ပါ အဲဒီ အချိန်မှာလည်း သူတို့ရဲ့ နားမလည်မှုဟာ အစ်မတို့ရဲ့  နေထိုင်မှုမှာ အများကြီး စိတ်အနှောင်အယှက်ဖြစ် ခဲ့ရတယ်။ 

၂၀၁၁ ရောက်တဲ့ အချိန်မှာ  အစ်မကို ပြောင်းလဲ သွားအောင် လုပ်နိုင်တဲ့အရာကတော့ ဘာသာ တရားပါပဲ။ အဓီကက ဆရာတော် ဦးသုမင်္ဂလရဲ့ တရားတွေကို အရမ်း နာခဲ့ရတယ်။  ဆရာတော်ရဲ့ တရားတွေက လူပိန်းနားလည်အောင် ဟောပြော နိုင်တယ်။ အစ်မတို့အတွက် အရမ်းအကျိုးများ တယ်။ အကြောင်းကြောင်းကြောင့်အကျိုး ဖြစ် လာတဲ့အပေါ်မှာ အရှိတရားတွေကို အစ်မ လက်ခံ လို့ရသွားတယ်။ တစ်ခုခု ဖြစ်တယ်ဆိုရင်“သြော်-အတိတ်ရဲ့ အကြောင်းကြောင့် ငါ ဒီမှာ အကျိုးခံ နေရတာပဲ။ သူတို့ အပေါ်မှာထားတဲ့ ဒေါသ၊ အာဃာတတွေက နည်း သွားတယ်။ ၂၀၁၁ မှာ တစ်ခုခုပြဿနာဖြစ်တဲ့ အပေါ်မှာ သူတို့တွေကို ဒေါသမဖြစ်တော့ဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတဲ့ အရှိတရားပေါ်မှာ လက်ခံလိုက်တယ်။ လက်ခံပြီးတဲ့ နောက်မှာ အခက်အခဲတွေ ရှိရင် သူတို့တွေနဲ့ ညှိပြီးတော့ ပြောတယ်။ အဲဒီလို လက်ခံလိုက်တဲ့ အခါမှာ တော်တော်ကို စိတ်ကပေါ့ပါး၊ သက်သာသွားတယ်။ 

အဲဒီ အပြောင်းအလဲ ဖြစ်အောင် အစ်မကို အဓိက လုပ်ပေးတာကတော့ “ဘာသာတရား” ပါပဲ။ ၂၀၀၅ တုန်းက လူတွေ က ဒီစနစ်ဆိုးကြီးရဲ့ ၀ဲဂယက်ကနေ ရုန်းမထွက် နိုင်ဘူး။ သူတို့ ကိုယ်တိုင်ကလည်း မိုးလင်းတာနဲ့ ထမင်းတစ်နပ်စားဖို့ကို ရုန်းကန်နေရတာ ဆိုတော့ အမှန်တရားကို သိပေမဲ့လည်း အကြောက်တရား အရမ်းကြီးတော့ မလုပ်နိုင်ဘူး။ အဲဒီအခါမှာ အမှားတွေကိုပဲ လုပ်နေမိနတဲ့အရာတွေ ရှိတယ်။ သူတို့အတွက် မကျေချမ်းမှုတွေ တွေ့ရတဲ့အခါမှာ အစ်မတို့စိတ်လည်း မကောင်းဘူး။ ကိုယ်တွေ အလုပ်ပိုလုပ်ရ မယ်ဆိုတဲ့အသိလည်း ရလာ တယ်။ ဒီတစ်ခေါက် ပြန်ထွက်လာတဲ့အခါမှာ အပြောင်းအလဲတစ်ခုကကျတော့ နည်းပညာပေါ့။  လူငယ်တွေ သူတို့အချင်းချင်း အင်တာနက်ကနေ အချင်းချင်း အသိအမြင်တွေ ဖလှယ်ကျတယ်။ ဒီနာဂစ်ဖြစ်သွားတဲ့ အခါမှာဆို လူငယ်တွေရဲ့ အစွမ်းက အရမ်းကို ရှေ့တန်းထွက်လာတယ်။ သူတို့ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။ ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် ဘာလုပ်ပေးရ မလဲဆိုတဲ့အသိတွေ ရှိလာတာဟာ ၀မ်းသာ စရာပါ။ ဒီတစ်ခါတွေ့ရတဲ့ အပြောင်းအလဲက တော့ အစ်မတို့ အနှစ် ၂၀ မျှော်လင့်ရတဲ့အရာ ပုံရိပ် ထင်လာပြီပေါ့။

ကိုနေဘုန်းလတ်-ပတ်ဝန်းကျင်မှာ ထွက်လာခြင်း တွေ့ရတာကတော့ ပတ်ဝန်းကျင်က လူတွေအား လုံးက ပျော်နေတာ၊ မျက်လုံးတွေမှာပါ မြင်ရတယ်။ သူတို့ရဲ့ အပျော်တွေကို နောက်တစ်ခု ထပ်တွေ့ရတာက မျှော်လင့်ချက်ပေါ့။  ဒေါ် အောင်ဆန်းဆုကြည်ကို မျှော်လင့်တယ်။ NLD ကိုမျှော်လင့်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေကို မျှော်လင့်တယ်။ ၀ိုင်းဝန်းပြီး တိုင်းပြည် အတွက် အလုပ်လုပ်မယ် ဆိုတာကို သိရတယ်။ အဲဒီလို မြင်နေရတဲ့ မျှော်လင့်ချက်ကို ပျောက်မသွားအောင် အားလုံးမှာ တာဝန်ရှိတယ်။ အစိုးရ ပိုင်းမှာလည်း တာဝန်ရှိတယ်။ အားလုံးမှာ တာဝန် ရှိတာပေါ့နော်။ နောက်တစ်ခုက လူငယ်တွေရဲ့ မျက်စိထဲမှာ ဘာမြင်ရလဲဆိုတော့ အလုပ်လုပ်ဖို့ အတွက် သိပ်ပြီးတော့ အခွင့်အရေးမရှိဘူး။ နောက်တစ်ခုက ခြောက်ထား၊ လှန့်ထားတဲ့  အနေအထားမျိုးလည်း ရှိတဲ့အတွက် ကြောက် လန့်တာတွေရှိတယ်။ ပြန်လွတ်လာတဲ့ အချိန်မှာ Transperacy ပွင့်လင်းမြင်သာ မှုတွေ ရှိလာတယ်။ နောက်ပြီးတော့ ခြောက်လုံး လှန့်လုံးတွေကလည်း သိပ်မရှိ တော့ဘူးဗျာ၊ အဲဒါကြောင့်မို့ လူငယ်တွေရဲ့ မျက်လုံးထဲမှာ အားမာန်တွေ တွေ့နေရတယ်။ 

အလုပ် လုပ်မယ်ပေါ့ဗျာ။ နိုင်ငံရေးကို စိတ်ဝင်စား လာကြတယ်။ တိုင်းပြည်အတွက် လူငယ်တွေ အနေနဲ့ ဘာလုပ်မလဲ ဆိုတော့ အရာတွေပေါ်လာတယ်။ သိပ်လည်းမကြောက်တော့ပဲ အားမာန်တွေ မြင်နေ ရတယ်။ ဒါပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲ။ ကိုယ် ကိုယ်တိုင်နဲ့ ပတ်သက် လို့ကတော့ ထောင်ထဲမှာ ဖြတ်သန်းတဲ့ကာလမှာ ဘယ်လိုဖြတ်သန်းလဲဆိုတာ အရေးကြီးတယ်။ ကျွန်တော်အဓိက ဖြတ်သန်းတာကတော့ လိပ်ပြာသန့် တဲ့စိတ်၊ အဲဒီစိတ်နဲ့ ဖြတ်သန်းတယ်။ လူတစ်ယောက် Guilty ဆိုတဲ့ အပြစ် ရှိတဲ့ စိတ်ခံစာနေရရင် အဆင်မပြေဘူး။ နေရတာလည်း မပျော်ဘူး။ ကိုယ်တို့ မှာတော့ ကိုယ် လုပ်ခဲ့တဲ့ အလုပ်တွေအတွက် အပြည့်အ၀ ယုံကြည်မှုရှိတယ်။ နောက်တစ်ခါ “ထောင့်အပြင် တန်းမရှိဘူး”ဆိုတဲ့ စကားရှိတယ်။ ထောင်ထဲမှာ နေရတဲ့ အခြေအနေ တစ်ခုမှာမှ ကိုယ်က ကောင်းကောင်း မွန်မွန်ဖြတ်သန်းနိုင်ခဲ့ တယ်။ အဲဒါနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာ မရှိဘူး။ ထောင်ထဲမှာ ၄ နှစ် နေလိုက်ရတာ ကိုယ့်ကိုယ်ကို Self Confidence ရလာတယ်။ ထောင့်အမြင်တိုက် ရှိတယ် ဆိုတဲ့ စကားလည်း ရှိတယ်။ 

ကိုယ့်တို့က တိုက်ထဲမှာတောင်မှ ကိုယ်တို့က အေးအေးဆေးဆေး၊ လိပ်ပြာသန့်သန့်နဲ့ နေထိုင်နိုင် ခဲ့တဲ့အတွက် အပြင် ရောက်လာပြီး တခြား ဘယ်လိုလောကဓံတွေ လာဦးမလဲ၊ မမှုတော့ဘူး။ ဒီလို ဖြတ်သန်းတဲ့ အချိန်မှာ ကိုယ့်ဘက်ကသာ မှန်ရင် ဘာကိုမှ ကြောက်စရာ မရှိဘူး ဆိုတဲ့ အတွေးလေး ရလာတယ်။ ကိုယ်တိုင်အတွက် ပြောရရင် ယုံကြည်မှု ရလာတယ်။ မှန်တာကို ပြောဖို့၊ လုပ်ဖို့ရဲရင့်လာတယ်။

ကိုဋ္ဌေးကြွယ်-ပြောင်းလဲမှု ဆိုတာက ပင်ကိုယ်အခြေအနေ တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲတာ။ ပင်ကိုယ်အခြေအနေ တစ်ခုဟာ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ ပြောင်းလဲနိုင်တယ်။ ဒီပြောင်းလဲမှုနဲ့ ကြုံလာတိုင်းမှာ လူမှာ လည်း လုပ်နေတဲ့အရာကို လုပ်မြဲ လုပ်ချင်နေတဲ့ ဆန္ဒတွေ၊ သွားနေတာကို  ဆက်သွားမြဲ သွားနေချင်တဲ့ ဆန္ဒတွေ ရှိတယ်။ အပြောင်းအလဲအတွက် လူတိုင်းဟာ အဆင်သင့် မဖြစ်နိုင်ဘူး။ 

တချို့ဆိုရင် အပြောင်းအလဲနဲ့ ကြုံလာတဲ့ အခါ မှာ Shock ရှိတယ်။ ဒါပေမဲ့ အပြောင်းအလဲဆိုတာဟ လူတိုင်း ဘယ်လိုမှ မကင်းနိုင်ဘူး။ အပြောင်းအလဲအတွက် အဆင်သင့် ဖြစ်ရမယ်ဆိုတဲ့ စိတ်ပဲ လိုတယ်။ လူသားရဲ့ ဗီဇစိတ်ကိုက ဖန်တီးချင်တဲ့သူ၊ အဆိုး ဆိုရင်လည်း အကောင်းဘက်ကို ဖြစ်အောင် ကိုယ်က ဖန်တီးနိုင်ရမယ်၊ လူ့ရဲ့ စွမ်းရည်မှာ ကတည်းက ဘယ်လိုမှ ကြိုတင် ခန့်မှန်းလို့ မရတဲ့ စွမ်းရည်တွေ ရှိတယ်။ 

ဒီ အင်အားတွေကို ပြောင်းလဲမှု ဖြစ်တိုင်းမှာ Shock မဖြစ်ပဲ လိုက်ပါဆောင်ရွက် နိုင်မယ်ဆိုရင် ပြောင်းလဲမှု ဆိုတဲ့ အရာဟာ ကိုယ့်အတွက် ဖြစ်လိမ့်မယ်။ ပြောင်းလဲမှုလို့ ပြောတော့ ကျွန်တော်တို့က မဆလ ခေတ်မှာ မွေးလာခဲ့တဲ့သူ တွေ၊ အဲဒီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး၊ အဲဒီပုံစံနဲ့ ဒီ ဘက်စစ်အာဏာ သိမ်းတယ်။ ဈေးကွက် စီးပွားရေး ဖြစ်လာတယ်။ နိုင်ငံရေး စနစ်ပုံစံရော၊ စီးပွားရေးစနစ်ပုံစံရော ပြောင်းတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အများကြီး တွေ့ရတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမှာတော့ဆိုပါတော့ ငွေကြေးတန်ဖိုး၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက ငွေကြေးတန်ဖိုးထက် လူရဲ့ ပင်ကိုတန်ဖိုးကို ပိုတန်ဖိုးထားတယ်။ ပြီးတော့လာဘ်စားရင် ရှက်စရာကောင်း တယ် ဆိုတာမျိုး၊ ဒါပေမဲ့လို့ အခုတော့ ဘယ်ဌာနက ငွေများများရမလဲဆိုတာ မျိုးက ပိုအရေးကြီးနေတော့၊ ပြီးတော့ လေးနက်မှု လို့ပဲ ပြောရမလား၊ ခေတ်ရဲ့ ပြဌာန်းပုံမတူတော့ ဘူး။ ၁၉၇၀၊ ၁၉၈၀ တုန်းက ဆို ကလေးလေး တွေ ကစားတာအစ ထုပ်ဆီးထိုးတမ်း၊ စိန်ပြေး တမ်း၊ဂျင် ပေါက်တမ်းလို့ ကိုယ့်ဟာကိုယ် တီတွင် ပြီး ပြောရတာပေါ့။

ပြီးတော့ အုပ်စု လိုက်ကစား ရတဲ့ ကစားနည်းတွေ စည်းလုံးတယ်၊ ရင်းနှီး တယ်၊ သူစိမ်း မဆန်ဘူး။ ဒီဘက်ခေတ်မှာတော့ ကလေးတွေကို ပိုပြီးတော့ သတိထားမိ တယ်။ သူတို့ရဲ့ Virtual Rorld လေး ဖန်တီးထားသလိုပဲ။ Game ကစားမယ်။ Internet မှာ နေမယ်၊ လူငယ်တွေ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ခွင့် နည်း လာတယ်။ အခုခေတ်ကလေးတွေမှာ သူတို့ရဲ့  Respond ကောင်းလာတာလေးတွေလည်း ကျွန်တော်တို့ တွေ့ရတယ်။ ပြီးတော့ ရသစာပေ၊ ငယ်ငယ်တုန်းကဆို မိုးတွင်းဆို ရသစာပေတွေ အရမ်း ရောင်းကောင်းတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းပိတ်ရက်ဆိုရင် စာအုပ်တွေကို ဘေးမှာချပြီးတော့ ဖတ်တော့တာပဲ။ မသိမသာ Absorb လုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြောင်းလဲမှု တွေရှိတယ်။ စာဖတ်ရင်းနဲ့ လိုက်တွေးနေရတဲ့ဟာ မျိုးတွေ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ဒီလောက် စိတ်မရှည်ကျတော့ဘူး။ ရသစာအုပ် တစ်အုပ် ဖတ်တာထက် DVD တစ်ခုကြည့်မယ်။ Game တစ်ခုကစားမယ်။ တုန့်ပြန်မှုတွေ ပိုမြန်လာတယ်။ ခေတ်က ပြောင်းလဲလာတော့ Printed media တွေ ကို ဖတ်ချိန် နည်းလာကြတယ်။ ထောင်ထဲမှာ ပိတ်ဆို့ထား ခံရတယ်။ လွတ်လပ်ခွင့်ကို ထိန်းချုပ်ခံလိုက်ရတယ်။ 

ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှုတွေ၊ မတရားတာတွေကို တွန်းလှန်ချင်တဲ့ အတွက်ကြောင့် သာမန်ပြောရရင် ထောင်ကျတာ မကောင်းဘူး။ ဒါပေမဲ့ ထောင်ကျတယ်ဆိုတဲ့ ဒဏ်ကို ကျွန်တော်တို့က Self-Imprisoned လို့ ခေါ် တယ်။ ဒီယုံကြည်ချက်ကြောင့် ဘာပဲကြုံကြုံ ကျွန်တော်တို့ ရင်ဆိုင်နိုင်တယ်။ ထောင်မှာ ပိတ်ဆို့ထားရင်းနဲ့ ပြန်တွေးဖြစ်တာတွေ ရှိတယ်။ အပြင်လောက နေ့စဉ် ဘ၀မှာ ကျွန်တော်တို့က ဇောတွေနဲ့ ဖြတ်တာပေါ့နော်။ ဆိုတော့ ခရီးရှည် ကြီးတစ်ခုကို ငုံပြီးတော့ ပြေးသလိုပဲ၊ ရှေ့မှာ လာတွေရှိမှန်း မကြည့်ဖြစ်ဘူး။ ဒါပေမဲ့ထောင်ဆို တဲ့ဟာမှာကြာတော့ ရပ်ပြီး စဉ်းစားနိုင်တယ်၊ ရပ်ကြည့်နိုင်တယ်။ အတိက်ကိုလည်း ကြည့်တယ်။ ပစ္စုပန်ကိုလည်း ကြည့်တယ်။  အနာဂတ်ကိုလည်း ကြည့်တယ်။ ပြန်ပြီးတော့ သုံးသပ် ကြည့်တယ်။ ပြီးတော့ ထောင်ထဲမှာ ၈၉၊ ၉၀၊ ၉၁ ထိကို စာဖတ်ခွင့် မရှိဘူး။ ကျွန်တော်တို့ဟာ သိပ်ပြီး စာဖတ်ချင်တဲ့ အခါမျိုး၊ အခန်းထဲမှာ ဘာမှလုပ်စရာ မရှိပဲ ပိတ်လှောင်ထားတဲ့ အခါမျိုး တိုက်ထဲမှာ ထည့်ပြီး ပိတ်ထားတယ်။ ဘေးကြည့် ရင်လည်း နံရံလေးဘက်ပဲ မြင်ရတယ်။ ခေါင်မိုးနဲ့ ပေါင်းရင် ငါးဘက်ပေါ့။ 

လူတစ်ယောက်ရဲ့ စိတ်ဒုက္ခရောက်အောင် လုပ်ခဲ့တာ တွေလည်း ရှိတယ်။ ဒါပေမဲ့လို့ အဲဒီလိုနေရတဲ့အခါမျိုး၊ သိပ်စာဖတ်ချင်လာတဲ့ အခါမျိုးမှာ ဟိုတုန်းက ဆေးလိပ်သောက်ခွင့် ရတယ်။ ဆေးလိပ်ဖင် စည်ခံလေးကို ခွာပြီးတော့ အထဲကပါလာတဲ့သတင်းစာ အပိုင်းလေးကို ဖတ်ရတယ်။ ပြီးတော့ တစ် ယောက်နှင့်တစ်ယောက် ဖတ်ပြီးသားအကြောင်း အရာကို ပြန်ပြောကြတယ်။ သိမှုကို Share လုပ် ကြရတယ်။ ဒီလိုနဲ့ကျွန်တော် တို့ ဦးနှောက်ဖွံ့ဖြိုးမှု သေမသွားအောင် ကြိုးစားရတယ်။ တရားတွေ ထိုင်ကြတယ်။ သူတို့ပေးတာတော့ အဆိုးပဲ၊ ကျွန်တော်တို့ကောင်း တဲ့ဘက်ကို ဖန်တီးနိုင်ရ မယ်။ နောက်ပိုင်းမှာ စာဖတ်ခွင့်ရလာတယ်။ စာကို နည်းနည်းပါးပါး ရေးခွင့်ရလာတဲ့အချိန်မှာ တော့ ပိုကောင်းလာတယ်။ အားလုံး ပိုပြီးတော့ Share လုပ်နိုင်တယ်၊ ပိုတွေးနိုင်တယ်။ ထောင်ထဲ မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် လူတစ်ဦး ချင်းစီက ကိုယ့်ရဲ့ဦးနှောက်ကြွက်သားသန်စွမ်း အောင်တော့ လုပ်သင့်တယ်လို့ထင်တယ်။ ပြီးတော့ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို Challenge လုပ်နေတဲ့ဟာမျိုး၊ ဘယ်သူမှ မပေးလည်း ကိုယ့်ဘာသာ ကိုယ်ပေးသင့်တယ်။

ကိုနေဘုန်းလတ်- ကျွန်တော်က “တာရာမင်းဝေ” စာတွေ ဖတ်တာများတယ်။ တာရာမင်းဝေ စာတစ်ပုဒ်မှာ ကောင်မလေးက ဂျူနိုပေါ့နော်။ ကချေ သည်မလေး သူအရမ်းအခက်အခဲ ဖြစ်တဲ့ အချိန်မှာ အဘိုးကြီး တစ်ယောက်ဆီ သွားတော့ အဲဒီအဘိုးကြီးက ဓားတစ်ချောင်းကို အသွားဘက်ကနေ ကမ်းပေးလိုက်တယ်။ အဲဒါကို ကောင်မလေးက အသွားဘက်က လှမ်းမယူဘဲ အရိုးဘက်က ၀ိုက် ပြီး ယူလိုက်တယ်။ ကောင်မလေးက ဘာလို့အဲဒီ လိုပေးတာလဲမေးတော့ အဘိုးကြီးက ဘာပြန် ပြောလဲဆိုတော့ လောကဓံက မင်းကို အကောင်း ပေးရင်လည်းပေးမယ်၊ အဆိုးပေးရင်လည်း ပေး မယ်။ မင်း ဘယ်လိုယူလဲဆိုတာ ပေါ်မူတည်ပြီး တော့ ပြောင်းလဲတယ်ပေါ့နော်။ ဓားသွားပေးပေမယ့်လည်း ကိုယ် ဓားရိုးက လှည့်ယူရင်ရတယ်။ အဲဒါလေး ကျွန်တော် ဖတ်ရတယ်။ အရမ်း ကြိုက်တယ်။ အရမ်းကြိုက်လို့ ကျွန်တော်ခေါင်းထဲမှာ မှတ်ထားတယ်။ ဒါက စာထဲကရတဲ့အသိပေါ့။ နောက်တစ်ခုလည်း စာထဲမှာပဲဖတ်ရတာ။ စာကြောင်းလေး တစ်ကြောင်းပါပဲ “This will also be over”တဲ့ “ဒါလည်း ပြီးသွားမှာပါ ပဲ” ပေါ့နော်။ 

ကျွန်တော် နေခဲ့တဲ့ တိုက်ရဲ့ တံခါးမှာတောင် အဲဒီ စာကြောင်းလေး ထွင်းထားခဲ့သေးတယ်။ နောက်တစ်ခါ သစ်တိုက်ကို ရောက်တဲ့ ကိုမင်းကိုနိုင်နဲ့ တွေ့တဲ့ အခါကျတော့ သူကပြောတယ်။ အရေးကြီးဆုံးက “ယောနိသော မနာဘိကာယ” ပဲ စိတ်ကို မှန်ကန်စွာ နှလုံး သွင်းထားခြင်းပေါ့နော်။ အဲဒါ သူပြောတာ သူပြောပြီးတော့ ကျွန်တော် စဉ်းစားတယ် စိတ်ကို ဘယ်လို မှန်ကန်စွာ နှလုံး သွင်းရမလဲပေါ့။ ဒေါသတွေကို နှလုံးသွင်းထဲ ထည့်ပြီးနေမလား။ လောဘတွေကို နှလုံးသွင်းထဲ ထည့်ပြီးတော့နေမလား။ မောဟမသိ ခြင်းတွေကို နှလုံးသားထဲ ထည့်ပြီးနေမလား။ ဒါမှမဟုတ် နားလည်ခွင့်လွှတ် ခြင်းတွေ၊ အသိပညာတွေကို ထည့်ပြီးတော့ နေမလားပေါ့။ 

အဲဒါတွေကို စဉ်းစားကြည့်တော့ ဘယ်လိုနေရ၊ ဘယ်လို ထိုင်ရမယ်ဆိုတာကို သဘော ပေါက်လာတယ်။ ခုနက ကိုဌေးကြွယ် ပြောသလိုပဲ။ လူတိုင်းမှာ မမြင်နိုင်တဲ့ စွမ်းအားတွေရှိတယ်။ တကယ်စွမ်း အားမြင့်မားတဲ့သူက ဘာပဲရောက် လာရောက်လာ၊ ရောက်လာတဲ့ဟာကို အကောင်းဆုံးဖြစ်အောင်၊ ပုံစံလုံးဝ ပြောင်းသွားအောင်လည်း လုပ်ပစ်လိုက် လို့ရတယ်။ ဒီထက်ပိုပြီးတော့ တန်ဖိုး မြင့်လာအောင်လည်း လုပ်လို့ရတယ်။ ကျွန်တော် စဉ်းစားတယ်ဗျ။ ကျွန်တော် နလပိန်းတုံးတော့ မဖြစ်ချင်ဘူး ဘာအစွမ်းအစမှ မရှိတဲ့ ခပ်ညံ့ညံ့ ကောင်လည်း မဖြစ်ချင်ဘူး။ ဒီတော့ကျွန်တော့်ကို အဆိုးပေးလည်း ရတဲ့ အဆိုးကိုကျွန်တော့်စွမ်းအားနဲ့ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ဖန်တီး မယ်ပေါ့နော်။ အဲဒီစိတ်ဓာတ်နဲ့ အထဲမှာ ရသမျှ အခွင့်အရေးကို ရသလိုယူပြီးတော့ ဖြတ်သန်းခဲ့တယ်။ စာအုပ်တွေ ဖတ်တယ်။ စာအုပ်မဖတ်တဲ့ အချိန်ဆို လူတွေ ကို လိုက်ဖတ်တယ်။ စာအုပ်ပဲ ဖတ်လို့ရတာ မဟုတ်ဘူး။ ဖတ်လို့ရတာတွေ အကုန်ဖတ်တယ်။ ကိုယ့်ကိုယ်ကိုလည်း ဖတ်တယ်။ အားကစားလည်း လုပ်တယ်။ အချိန်တွေကို အဲဒီလို ဖြတ်သန်းခဲ့တော့ ထောင်ထဲ ရောက်နေပေမယ့် အပြင် လောကနဲ့ အဆက်အသွယ်ပြတ် နေတာမျိုး မရှိဘူး။ ငါတတ်နိုင်သမျှ ငါ အကောင်းဆုံး လုပ်နိုင်တယ်။ ကျွန်တော်က အဲဒါကိုပဲ စိတ်ဝင်စားတယ်။ တတ်နိုင်သမျှ အလုပ်လုပ်ခဲ့လိုပဲ ဒီဆိုးတဲ့ အခြေအနေကြီး တစ်ခုက ကျွန်တော်တို့ လက်ထဲ ရောက်လာတဲ့ အခါမှာ ဒါကို အဆိုးကနေ အကောင်းကို ပြောင်းလဲပစ်လိုက်နိုင်တယ်။

မနီလာသိန်း- အစ်မ ဒုတိယ တစ်ခေါက်ထောင် ကျတဲ့အချိန်မှာ အဲဒီတုန်းက အစ်မတို့တစ်တွေ စာအုပ်ဖတ်ခွင့် မရကြသေးဘူး။ မရသေးတော့ ဘာလုပ် လဲဆိုတော့ မမသီတာနဲ့ မမနဲ့က တစ်တိုက်တည်းနေတာ ဆိုတော့ မမသီတာက သူ အပြင်ရောက်ရင် သူရေးမယ့ စာအုပ်လေးတွေ အကြောင်း ပြောပြတယ်။ အစ်မနဲ့ စာပေနဲ့ ထိတွေ့ ခွင့်နည်းပါတယ်။ အဲဒီလို ဖတ်ခွင့်ရတဲ့ မိနစ် ၂၀ အတွင်းမှာ မမရှိတဲ့ သံတိုင်ကြားထဲကနေ မမ ပြောတာတွေကို နားထောင်တယ်။ ဘာမှလုပ်လို့ မရပေမယ့် ရတာကို လုပ်မယ်ဆိုတဲ့ စိတ်ပေါ့နော်။ 

နောက်တစ်ခုက “သာယာဝတီ” ရောက်သွားတဲ့ အခါမှာလည်း ကိုယ့်ရှေ့က အစ်မတွေ မကလျာတို့ ရှိတယ်။ အစ်မတို့က အခန်းတံခါးပိတ်ပြီး ဆိုတာနဲ့ ကိုယ်ဖတ်ထားတဲ့ ၀တ္ထုတွေ၊ စာအုပ်တွေ အကြောင်း ပြောပြတယ်။ အစ်မတို့က သံတိုင်လေး ကိုင်ပြီး အခန်းဝကနေ နားထောင်တယ်။ အဓိက ပြောချင်တာ ဘာလဲဆိုရင် ကိုယ်ကလုပ်ျင်တဲ့စိတ် ရှိဖို့ လိုတယ်။ ဘယ်နေရာ ဘယ်ဒေသ ပဲရောက်ရောက် ဘယ်လိုအရာမျိုးနဲ့ပဲ ကြုံတွေ့ရ၊ ကြုံတွေ့ရ။ အစ်မတို့ကို သူတို့က ထောင်ထဲ  ထည့်လိုက်တယ်။ ထောင်ထဲရောက်သွားပြီ ဆိုရင် ဘာမှ မလုပ်နိုင်ဘူးလို့ ထင်တယ်။ အဲဒီကနေမှ ကိုယ်ရောက်နေတဲ့ ၀န်းကျင်လေးမှာ ကောင်းတဲ့အရာ လေးတွေကို ဆွဲယူပြီးတော့ လေ့လာတယ်။ 

နောက်တစ်ခါ စာဖတ်တဲ့ အခါမှာ ကိုဂျင်မီက အစ်မကို အမြဲပြောတယ်။ ရဲရဲတွေး၊ ရဲရဲဖတ်၊ ရဲရဲပြောပါ ဆိုပြီးတော့။ နောက်ပိုင်း စာဖတ်ခွင့်ရ လာတဲ့အခါမှာ စာအုပ်တွေကို ဖတ်ပြီးတိုင်းပြန် ဆွေးနွေးတာမျိုး လုပ်တယ်။ အစ်မ “တဂိုး” ရဲ့ စာတွေကို အရမ်း သဘောကျတာ ဘာလဲဆိုတော့ သူ့စာတွေက အရမ်း လွတ်လပ်တယ်။ ကဗျာတစ်ပုဒ် မပြောနဲ့၊ စာကြောင်းလေး တစ်ကြောင်းတောင် အစ်မမှာ မရေးတတ်ခဲ့ဘူး။ ဒါပေမဲ့ သူ့စာတွေ ဖတ်ပြီးသွားတဲ့ အခါမှာ ဘာမှ အကာအရန် အတားအဆီး မရှိ တွေးလိုက်တယ်။ ပြီးတော့မှ ကိုယ် တွေးထားတဲ့ဟာကို ချရေးတယ်။ ကဗျာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်ရဲ့ရင်တွင်းခံစားချက် ပေါ့နော်။ ဒီစာအုပ်လေးတစ်အုပ်ဖတ်ပြီးလိုက် တော့မှ ကိုယ့်ရဲ့အသိတစ်ခုက မှန်တာလည်းရှိမယ်။ မှားတာလည်း ရှိမယ်။ ကိုယ့်ကိုပြင်ပေးတဲ့ ဟာရှိရင် ကိုယ်မှန်သွားတယ်ပေါ့။ စာအုပ်တွေ အများကြီးမတတ်နိုင်ပေမဲ့ ကိုယ်ဖတ်နိုင် တဲ့စာအုပ်တွေထဲက ဘယ်လို အကြောင်းအရာတွေ ယူမလဲ၊ ယူပြီးတော့ ကိုယ့် ကိုယ်ကို ဘယ်လိုပြင်မလဲ၊ ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုပြင်မလဲဆိုတဲ့ စိတ်တစ်ခု နဲ့ အမြဲလုပ်ဖြစ်တယ်။

ကိုဂျင်မီ-ကိုယ့်ဆောင်ပုဒ်တစ်ခ ရှိတယ်။ အဲဒါကတော့ အမြဲတမ်း အကောင်း ဆုံးအတွက် ပြောင်းလဲရဲရမယ်။ ဒီအကောင်းဆုံးထဲကနေ နောက်ထပ်  အကောင်းဆုံး ရှိရင်လည်း ပြောင်းလဲ ရဲရမယ်။ ဆိုပါစို့ ဒီမိုကရေစီဟာ အကောင်းဆုံးဖြစ်လို့ ကိုယ် တို့လက်ခံထားတာ။ ဒီမိုကရေစီထက် ကောင်းတာ ရှိရင်လည်း ကိုယ်တို့ပြောင်းလဲနိုင်ရမယ်။ ကိုယ် စာတွေဖတ်တယ်။ ရုပ်ရှင်တွေကြည့်တယ်။ အနုပညာနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားတယ်။ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြော ချင်တာကတော့ အကောင်းဆုံးအတွက် ပြောင်း လဲရဲရမယ်။ လူတစ်ယောက်က အရေးအကြီးဆုံး အပြောင်းအလဲက ဘယ်ကလာလဲဆိုရင် အတွင်း ကပဲလာတယ်။ ဒီတော့ အပြင်က ဘယ်လောက် ကြီးပဲပြောင်းလဲနေနေ အတွင်းကမပြောင်းလဲရင် ပြောင်းလဲစရာမရှိဘူး။ ပြောရရင်တော့ စာဖတ် တာကလည်း အလွန်အကျိုး ကြီးပါတယ်။ စာကတော့ အစုံဖတ်ပါ။ စာဖတ်ခြင်းကလည်း ပြောင်းလဲခြင်း အတွက် အခြေခံကျပါတယ်။

ပြောင်းလဲလာတဲ့ ကျွန်မတို့ရဲ့ တိုင်းပြည် ကောင်းသထက်ကောင်းအောင် ကြိုးစားဖို့က ကျွန်မတို့ရဲ့တာဝန်ပါ။ ဒါကြောင့်မို့ ၈၈ မျိုးဆက် ကျောင်းသား ၄ ဦးမှလည်း လူတစ်ယောက် ပြောင်းလဲဖို့အတွက် အခြေခံကျတဲ့အချက် အလက်တွေ၊ တွန်းအားဖြစ်စေမယ့်အရာတွေကို ဝေမျှခဲ့ပါတယ်။

ကိုဂျင်မီ- ကိုယ်ပြောချင်တာက “သံသယ”၊ အဲဒီ “သံသယ”က ပြောင်း လဲခြင်းကို အရမ်းအနှောင့် အယှက်ဖြစ်တယ်။ အစပြောင်းလဲနေပါပြီ။ ပြောင်းလဲနေပါပြီပြောလည်း မယုံတဲ့သူတွေက အများကြီး၊ မယုံကြည် လောက်တဲ့အရာတွေက လည်း ရှိခဲ့တာကိုး။ ဒီ“သံသယ” တွေပြေပျောက် အောင် ပြောင်းလဲသူတွေနေရာမှာလည်း တာဝန် ရှိတယ်။ ရဲရဲဝံ့ဝံ့ပြောင်းလဲမှုတွေလုပ်ဖို့ “သံသယ” စိတ်တွေကို ဖျောက်ပါ။

မနီလာသိန်း- ကိုယ်ပြောင်းလဲလိုက်တဲ့အပြောင်း အလဲပေါ်မှာ ယုံကြည်စိတ် ရှိစေချင်တယ်။ ဒီပြောင်းလဲမှုပေါ်မှာ သံသယမရှိဘဲ ယုံယုံကြည် ကြည်နဲ့ ဖြည့်စွက်ပြီးတော့ လုပ်မယ်ဆိုရင် ကောင်း တဲ့ပြောင်းလဲမှုဖြစ်လာမယ်။ လူငယ်တွေမှာလည်း  ပတ်ဝန်းကျင်ရဲ့ ခံစားချက်၊ နာကျင်ချက်တွေရှိ မယ်။ အဲဒါတွေကို အစ်မတို့က အငြိုးအတေး မထားဘဲနဲ့ ခွင့်လွှတ်လိုက်။ အာဃာတတွေ မထားဘဲနဲ့ ဒီအပြောင်းအလဲပေါ်မှာ ယုံကြည်ပြီးတော့ ပါဝင်ဆောင်ရွက်မယ် ဆိုရင် ရလဒ်ကောင်း တွေ ထွက်လာမှာပါ။

ကိုနေဘုန်းလတ်- အပြောင်းအလဲမှာ လိုက်ပါ ဆောင်ရွက်နိုင်ဖို့က ဘာတွေပြောင်းလဲတယ်ဆိုတာ သိဖို့လိုတယ်။ အဲဒါအရေးကြီးတယ်။ ဘာ တွေပြောင်းလဲနေမှန်းမသိရင် အပြောင်းအလဲမှာ မပါဝင်နိုင်ဘူး။ ဘေးထွက်သွားလိမ့်မယ်။ ပထမ ချက် ဘာတွေပြောင်းလဲနေလဲဆိုတာ သိရမယ်။ ဒုတိယအချက် ပြောင်းလဲမှုမှာ ကိုယ်ကဘယ်လို ပုံစံနဲ့ ပါဝင် မလဲပေါ့နော်။ ပါဝင်လို့ရတဲ့လမ်းတွေ ရှိတယ်။ ငါဘာမှမလုပ်နိုင်ဘူး ဆိုပြီး တော့၊ အရင်တုန်းကတော့ လူငယ်တွေမှာ အဲဒီအတွေး မျိုးရှိတယ်။ အခုတော့ မရှိတော့ဘူး။ ပြောင်းလဲမှု တွေက လမ်းတွေပွင့်လာပြီ။ လုပ်နိုင်ရင်လုပ်နိုင် သလောက် အရာထင်လာပြီ။ ကျွန်တော် အရမ်း ကြိုက်တာလေ။ obama မဲဆွယ်တုန်းက သုံးခဲ့တဲ့ စကားနှစ်လုံး ရှိတယ်။ “We can” နဲ့ “Change” ငါတို့ ပြောင်းလဲနိုင်တယ်ပေါ့နော်။ အဲဒီ Mind Set လေး လူငယ်တွေစိတ်ထဲမှာ ပျိုးထောင်စေ ချင်တယ်။ 

မြန်မာလို ပြောရင် အောင်စိတ်ပေါ့နော်။ အပြောင်းအလဲက သူ့ဟာသူဖြစ်လာတာ မဟုတ်ဘူး။ အလုပ်လုပ်တဲ့ သူတွေ လုပ်လို့သာ။ ဘာမှ မလုပ်တဲ့ သူတွေကြည့်ရင်တော့ အချိန်တန်လို့ သူ့ဟာသူ ပြောင်းလဲသွားတာလို့ ထင်တာ။ တကယ်တမ်း အဲဒီလို မဟုတ်ဘူး။ တကယ် အလုပ်လုပ်တဲ့ သူတွေက အနစ်နာခံ၊ အဆုံးရှုံး ခံလုပ်လို့သာ အပြောင်းအလဲ ဆိုတာ ဖြစ်လာတာ။ အပြောင်းအလဲတွေမှာ Follow လိုက်နေမယ့်အစား ကိုယ်ကိုယ်တိုင်လည်း အပြောင်းအလဲကိုဖြစ်နိုင် တယ်ဆိုတဲ့ Mind Set လေးပေါ့နော်။ အဲဒီ Mind Set မျိုးက အရေးကြီးဆုံးပဲ။ အဲဒီMind Set မျိုးရှိမှ ဒီပြောင်းလဲမှုမှာ ကိုယ်က အားတစ်ခု အနေနဲ့ ၀င်ပါနိုင်မှာ။

ကိုဌေးကြွယ်-တကယ်ပြောင်းလဲ နိုင်ဖို့ဆိုတာ ကတော့ အနာဂတ်ကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ ကိုယ်ယုံကြည်တဲ့အနာဂတ်ကို ကိုယ်တိုင်ဖန် တီးနိုင်တဲ့စိတ်လည်း လိုအပ်ပါတယ်။ မြန်မာ နိုင်ငံသားတွေဟာ ညံ့ဖျင်းတဲ့နိုင်ငံသားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာမှာ ဖွံ့ဖြိုး ပြီးနိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာရှိနေတဲ့သူတွေ ရဲ့ ဉဏ်ရည်ဉဏ်သွေး ယှဉ်နိုင်တဲ့စွမ်းရည်သတိ္တ တွေ တကယ်ရှိတယ်။ အဲဒီလို ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ၀ိုင်းဝန်းဖန် တီးကြရမယ်။ နှစ်ခုပဲ ရွေးစရာရှိတယ်။ ကိုယ်က ပြုပြင်မလား၊ ပြုပြင်တာကိုခံမလား။ လူက ဖန်တီးခံဆိုရင်တော့ ဟိုးဂူထဲကနေသားစိမ်း၊ ငါး စိမ်းစားပြီးနေရတဲ့ဘ၀ကကို ထွက်မှာမဟုတ်ဘူး။ အခု လူသားယဉ်ကျေး မှုတအားမြင့်နေပြီ။ အင်္ဂါဂြိုဟ်ထိ ကျွန်တော်တို့ခြေဆန့်ခဲ့ပြီးပြီ။ အရမ်းကို မြင့်မားနေပါပြီ။ ခေတ်သစ်သိပံ်္ပ ပညာဟာ ဘာသာတရားတစ်ခုလိုတောင် ဖြစ်လာတယ်။ အဲဒါတွေကို လုပ် တာဟာ လူသားတွေချည်းပဲ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက နှစ်ပေါင်း များစွာ ပိတ်ဆို့ထားတဲ့ Inward Looking အတွင်း ကိုကြည့်ပြီး ကိုယ့်ဘာ သာကိုယ် သာယာနေတတ် တဲ့အဖွဲ့အစည်းဖြစ်ခဲ့တော့၊ တကယ့်စီးကြောင်း ထဲမှာ ကျွန်တော်တို့ မပါတော့ဘူး။ Backwater (ရေသေ) တစ်ခုလိုပဲ ကျန်ခဲ့ရ တယ်၊ မဟုတ်ဘူး။ ထိုက်ထိုက်တန်တန် ကျွန်တော်တို့ ပါရလိမ့်မယ်။ “ခေတ်မှီမီ ကမ္ဘာကြည့်ကြည့်မြင်”ဆိုတဲ့ မြို့မငြိမ်း ရဲ့စာသားလို ကျွန်တော်တို့ ကမ္ဘာကြည့် ကြည့်ရပါမယ်။ ကျွန်တော်တို့ ပြောင်းနိုင် ရပါလိမ့်မယ်။

ဧကရီဘို
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...