Saturday, March 24, 2012

တပေါင်း၏ သြဇာနှင့် ဆရာအို၏ ပြဿနာ

by Lu Cifer on Saturday, March 24, 2012 at 9:35pm ·
ဆရာအိုပြဿနာ


အချိန်မှာ ကျွန်ုပ်တို့၏ ရန်ကုန်တက္ကသိုလ် နွေရာသီကျောင်းပိတ်ချိန် တနေ့သော နံနက်ခင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ပင်စင် ယူရခါနီးပြီဖြစ်သော ကထိက ဆရာအိုကြီးတဦး ဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညတ်မီကပင် ကိုယ့်ဖာသာစည်းကမ်း သတ်မှတ်ပြီး ကျောင်းသို့ ၉ နာရီ မှန်မှန်ရောက်အောင် လာလေ့ရှိသည်။
ကျောင်းသားတွေအတွက် ကျောင်းပိတ်ပြီးဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ် သေးသော ရက်များ၌ပင်လျှင် ဤအချိန်ဇယားကို စည်းကမ်းကြီးစွာနှင့် စောင့်ထိန်းလေ့ရှိသည်။


ကျွန်ုပ်သည် နေအိမ်မှ ကျောင်းသို့ ခြေလျင် လျှေက်ရခြင်းကိုလည်း  နေပူမရှောင်၊ မိုးရွာမရှောင် ကျင့်သုံးသော အလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းသည်မှာ ဤအလေ့ကြောင့် တကြောင်းဖြစ်သည်။
လူငယ်ဆရာတွေက မော့စ်ဗစ်၊ ဘဲလောက်စ်ဗစ်တာ စသော ကားကလေးများ ၀ယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲဖြေလွှာ ဖျက်ခထဲမှသော်၎င်း အပတ်တကုတ် ကြိုးစား၍ ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ ပင်စင်ယူလျှင် ကိုယ့်ဝင်း၊ ကိုယ့်ခြံ၊ ကိုယ့်အိမ်ကလေးနှင့် နေနိုင်အောင် စုဆောင်း နေရပေသည်။

ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာ သစ်ပင်စိုက်ရင်း ရုက္ခဗေဒ သုတေသန လုပ်ရန်စိတ်ကူး ထားသည်။ ရုက္ခဗေဒသည် ကျွန်ုပ်သင်ကြား ပြသနေရသော ဘာသာရပ်ကား မဟုတ်ပါ။ ၀ါသနာအလျောက် လေ့လာနေသော အပျော်လုပ်ငန်းတခုသာ ဖြစ်လေသည်။
ကျွန်ုပ်သည် တက္ကသိုလ်ရိပ်သာ လမ်းမကြီး ကိုဖြတ်ပြီး ပုဂံလမ်းထဲသို့ ၀င်လာလေသည်။ ၀င်လာမိသည်နှင့် တပြိုင်နက် ပုဂံလမ်းတွင် နေထိုင်ကြသော ဘူမိဗေဒပါမောက္ခ ဒေါက်တာ သာလှ၊ မြန်မာစာပါမောက္ခ ဦးအေးမောင်၊ ရူပဗေဒပါမောက္ခ ဒေါက်တာမောင်မောင်ခ၊ ပိဋကတ်တိုက်မှုး ဦးသိန်းဟန် (ဇော်ဂျီ)၊ မော်ကွန်းထိန်း အရာရှိ ဦးယုခင်နှင့် ဘာသာပြန်နှင့် ထုတ်ဝေရေး ဦးဝန်(မင်းသုဝဏ်) တို့သည် အားလုံးပင် ကျွန်ုပ်ထက်ငယ်သူများ ဖြစ်ကြောင်း ဗြုံးကနဲ သတိရသွားလေသည်။

ကျွန်ုပ် ကူးဖြတ်ခဲ့ရသော တက္ကသိုလ်ရိပ်သာ လမ်းမကြီးနှင့် ပုဂံလမ်းမှာ ခြားနားလှသည်။ ပုဂံလမ်းထဲ ၀င်လိုက်သည်နှင့် တပြိုင်နက် ငြိမ်သက်အေးချမ်းခြင်း အရသာကို ထူးထူးခြားခြား ခံစားလိုက်ရ၏။ နဂါးဘက်စ်ကားနှင့် ပရိုက်ဗိတ်ကားသံများသည် ပျောက်ကွယ်သွားသည်။ ပူရှိန်ကောင်းစ တောက်ပ၀င်းထိန်နေသော နေခြည်များမှ ကင်းလွတ်ခဲ့ပြီး ပုဂံလမ်းပေါ်သို့ ဖြာဆင်းနေသော သစ်ပင်ရိပ်ကြီးများ အောက်သို့ အေးခနဲ ၀င်ရောက်လာ ခဲ့လေသည်။
လမ်း၏ဟိုဘက် သည်ဘက်မှ ထင်းရူးပင်ကြီးများသည် ကျွန်ုပ်အား ထီးမိုးပေးနေ ကသည်နှင့် တူ၏။

ခြံစည်းရိုးများပေါ်မှ ကျော်ထွက်နေကြသော တရုတ်စကား အကိုင်းအခက်များ သည် ငွေဖြူစကားပန်းရိပ်များဖြင့် ကျွန်ုပ်အား လက်ဝှေ့ရမ်းကာ နှုတ်ဆက်နေကြသည် နှင့်တူ၏။
ကျွန်ုပ်သည် အစပထမ၌ ထင်းရူးပင်ကြီးများကို ရုက္ခဗေဒ အမြင်ဖြင့် လေ့လာကြည့်မိ၏။ မျိုးစေ့ကို လျှို့ဝှက် သိုလှောင်သော အပင်မျိုးနှင့် မျိုးစေ့ကို တမင်ဖော် ပေးထားသော အပင်နှစ်မျိုးရှိရာ ထင်းရူပင်မှာ ဒုတိယအပင်မျိုး ဖြစ်ကြောင်းနှင့် ရန်ကုန်သည် ထင်းရူးပင်၏ မူလပေါက်ဖွားရာ အရပ်မဟုတ်ကြောင်း သတိရနေလေသည်။

တရုတ်စကားပင်၏ မျိုးစု၊ မျိုးခွဲ၊ မျိုးစပ် စသော ရုက္ခဗေဒ ဇယားကို သူ့အခေါ်အဝေါ် နှင့်တကွ မှတ်မိအောင် လေ့လာကြည့်သည်။ ကျွန်ုပ်မှာ လူငယ်များလို မှတ်ဥာဏ်မကောင်းတော့ချေ။ သို့သော် ထိုးထွင်းဥာဏ် တီထွင်ဥာဏ် တို့ကား ပိုမိုထက်မြတ်လာသည်ဟု ထင်ပါ၏။
အချို့ငုပင်များသည် ပုဂံလမ်းပေါ်၌ ရွှေဝါပန်းကုံးများကို သွယ်ချထားကြပြီး အချို့ငုပင်များကမူ နီလာပန်းကုံးများ သွယ်ချထားကြ၏။ ကျွန်ုပ်သည် ငုရွှေဝါ၊ ငုနီလာတို့ကိုကား ရုက္ခဗေဒ အမြင်ဖြင့် ကြည့်၍ မရတော့ပါ၊ အလှကြည့်သာ ကြည့်မိပါ တော့၏။  စိန်ပန်းပင်များ သည်လည်း ပင်လုံးကျွတ် ပွင့်ကုန်ကြလေပြီ။ နီရဲဝင်းထိန်သော ပတ္တမြားပန်းများပေတည်း။

ကျွန်ုပ်သည် နွေဦးပန်းများ၏ အလှတွင် ကြည်နူးနေရာမှ အတန်ကြာတော့ ယစ်မူးသွားလေပြီ။ စကားပန်းငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်းပတ္တမြားတို့သည် ကျွန်ုပ်၏ မနောအကြည်ဓါတ်တွင် ရောင်စုံရိုက်ခတ်ပြီး တဖျတ်ဖျတ် နေကြလေပြီ။
ပုဂံလမ်းသည် အခါတိုင်းလိုပင် ယာဉ်အသွားအလာ နည်းသည်။ ယနေ့မူ လူသူလေးပါးပင် အသွားအလာမရှိ။ ထို့ကြောင့် တိတ်ဆိတ် ငြိမ်သက် လှပေ၏။ ထိုအခိုက် မြောက်ဖက်မှ မျက်နှာ တူရူ ဆော်သွင်းလာသော် လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်တွင် တိုးဝှေ့ကစားပြီး ကျွန်ုပ်၏ ပါးစပ်များကို နမ်းရှုတ်လိုက်လေသည်။ လတ်ဆက် ထုံသင်းလှသော လေညင်းပေတည်း။ ထိုအချိန်တွင် ပုဂံလမ်းကို ကျွန်ုပ် တစ်ဦးတည်း ပိုင်ဆိုင်နေသည်ဟု ကျွန်ုပ်ထင်မှတ်လိုက်ပေ၏။

ကျွန်ုပ်မှာပင်စင် ယူရခါနီး ဆရာအိုကြီးဖြစ်သဖြင့် တခါတခါ ဒူးဆစ်များ ကိုက်ခဲတတ်သည်။ သို့ရာတွင် ကျွန်ုပ်၏ ခြေလှမ်းများမှာ ခပ်မှန်မှန်ပင်ဖြစ်၏။ ထိုင်နေသောအခါ ခါးမှာ အနည်းငယ်ပင် ကိုင်းနေပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ခပ်မတ်မတ်ပင် လမ်းလျှောက် ပေသည်။ ကျွန်ုပ်၏ ဆံပင်များမှာ ဖြူကုန်ပါပြီ။ သို့ရာတွင် သေသပ်စွာ ဖြီးထားပါ၏။ မျက်လုံးများမှာ အနီးကြည့်အတွက် ခပ်မွဲမွဲ ဖြစ်သဖြင့် မျက်မှန်ဆောင်ထားရ၏။ အဝေးကြည့်အတွက်ကား မျက်မှန် မလိုပါ။
ပုဂံလမ်းသည် လမ်းတိုကလေး ဖြစ်ပြီး ဟိုဘက်ထိပ်မှ သည်ဘက်ထိပ် တောက်လျှောက် မြင်နိုင်သည်။ ကျွန်ုပ်သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်းပတ္တမြားတို့တွင် ပျံဝဲကာ အလှဝတ်ရည်များ သောက်သုံးနေသော မျက်လုံးများကို ရှေ့လှမ်းပြီး တည့်တည့်လွှတ် လိုက်လေသည်။ လမ်းတလျှောက်လုံး ငွေဖြူရောင်၊ ရွှေဝါရောင်၊ နီလာရောင်နှင့် ပတ္တမြားရောင်များ ကွန့်မြူးယှက်သန်းနေသည်။ ကျွန်ုပ်သည် ပုဂံလမ်းတခုလုံးကို ကျွန်ုပ်တစ်ဦးတည်း ပိုင်သည်ဟု ထင်မှတ်ခဲ့၏။

ယခုတော့ ကျွန်ုပ်တစ်ဦးတည်း ပိုင်သည်မဟုတ်ကြောင်း တွေ့ရသဖြင့် ၀န်တိုခြင်းဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။ ပုဂံလမ်းကို ကျွန်ုပ်နှင့်ပူးတွဲ၍ ပိုင်သူမှာ မိန်းမပျိုလေးတဦး ဖြစ်နေ၏။
ရုတ်တရက်သော် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ရှေ့ကသွားနေသူမိန်းမပျိုအား နောက်မှခြေ ၄-၅ လှမ်းလိုက်ရင်း စူးစိုက်ကြည့်မိသောအခါ စိတ်ဝင်စားသွားလေသည်။
သူမလမ်းလျှောက်သွားပုံမှာ ကြည့်၍ကောင်းလှသည်။ ဖျက်ဖျက်လတ်လတ် လျှောက်သွားသော်လည်း ကြော့ရှင်းယဉ်ကျေးမှု မပျက်ခြင်းမှာ ထူးခြား၏။

ဤမိန်းမပျိုသည် ဘယ်ကလာသနည်း။ ဆရာမကလေးလော။ ကျောင်းသူလော။ ကျွန်ုပ် သို့ လောသို့လော တွေးတော နေသည်။ မိန်းမပျိုသည် အောက်သူလော၊ အညာသူလော၊ ရခိုင်လော၊ ရှမ်းလော၊ ထားဝယ်သူလော၊ ဘိတ်သူလော။

သို့ကလို တွေးတော ကြည့်နေရာမှ မနုဿဗေဒခေါ် အင်သရိုပိုလိုဂျီ အတိုင်းအထွာ စံချိန်များနှင့် တိုင်းထွာ ကြည့်လိုစိတ်များ ပေါ်လာလေသည်။ အင်သရိုပိုလိုဂျီ အမျိုးအစား ဇယားများတွင် သွင်းကြည့်လျှင် ဘယ်လို နေပါလိမ့် မည်ဟု စဉ်းစားရန် စမိသည်။ သို့ရာတွင်ထိုသို့စဉ်းစား၍ မရပါ။ ငုရွှေဝါ၊ ငိုနီလာတို့အား ရုက္ခဗေဒအမြင်ဖြင့် ဆင်ခြင်မရခဲ့သည့် အတိုင်းပင် ဖြစ်ပါသတည်း။ ရှင်းနေသော လမ်းပေါ်တွင် ထိုမိန်းမပျိုအား မြင်လိုက်ရသည်မှာ ပွင့်ချပ် အာခါစ ကြာပန်းကြီး ထိုးစိုက်ထားသော ပန်းအိုးကို ထီးထီးကြီး မြင်လိုက်ရသည်နှင့် တူနေ၏။

သူမ၏ အရပ်အမောင်းမှာ နွဲ့နွဲ့ နောင်းနောင်း ဖြစ်၏။ သို့ရာတွင် ကိုယ်လုံးကိုယ်ထည်ကား တောင့်တင်း ကျစ်လစ် သည်ပင်ဖြစ်၏။ ကျွန်ုပ်သည် ကျောင်းဆရာ ဖြစ်ရုံမက အသက်အရွယ်လည်း ကြီးပေပြီ။ သို့ရာတွင် မိန်းမပျို၏ အိစက်ဖေါင်းကြွသော တင်သားနှင့် သေးသွယ် ၀ိုင်းကျစ်သော ခါးတို့အပေါ်တွင် မျက်စိမကစားပဲ မနေနိုင်ပါ။ စိတ်လည်း မကွန့်မြူးပဲ မနေနိုင်ပါ။ ကွေးကွေး ကလေး ပြေပြစ်စွာ ကျဆင်းသော ပခုံးများကိုလည်း သတိမပြုဘဲ မနေနိုင်ပါ။ ရှေ့ကသာဆီးပြီး ကြည့်ရလျှင် ထင်ရှားစွာ ဖေါင်းမို့နေသော သူမ၏ ရင်သားများကို မြင်ရလိမ့်မည်ဟု စိတ်ဆန္ဒ မဖြစ်ဘဲလည်း မနေနိုင်ပါ။ မယ်တက္ကသိုလ်၊ သို့မဟုတ် မယ်ဗမာတို့များ ဖြစ်လေသလော။

ခပ်မှန်မှန် လှမ်းနေသော ကျွန်ုပ်၏ ခြေလှမ်းများသည် ခပ်မြန်မြန် ဖြစ်လာလေ၏။ နောက်ကနေပြီး အကဲခတ်ရခြင်းဖြင့် ထိုမိန်းမပျိုသည် အသက် ၂၀ ကျော်လောက်တွင်ရှိမည်ဟု ခန့်မှန်းရလေ၏။ ကျွန်ုပ်နှင့် အသက် ၃၀ ကျော်ကွာရပေမည်။ ကျွန်ုပ်သည် ထိုခဏ၌ သူမနှင့် ကျွန်ုပ်အသက် ကွာခြားခြင်းကို မေ့စပြုလေပြီ။
မိန်းမပျိုသည် ဘယ်သို့သော ပန်းကိုပန်ပြီး ဘယ်သို့သော ဆင်ယင်ထုံးဖွဲ့နည်းများ ကိုသုံးသည်၊ ဘယ်အရောင် ဘယ်ပုံရှိသော အင်္ကျီနှင့် ဘယ်အဆင်အသွေး ရှိသော ထမီတို့ကို ၀တ်ဆင်သည် စသည့်ဖြင့် ကျွန်ုပ်စာမဖွဲ့တတ်ပါ။ ခေတ်သိပ်မမှီသော အဘိုးကြီး ဖြစ်သဖြင့် ဆင်ယင်ထုံးဖွဲ့မှု အခေါ်အဝေါ်များ ကိုလည်း နားမလည်။ သူမ၏ဆင်ယင်ထုံးဖွဲ့မှု၌လည်း အသေးစိတ်စိတ်မ၀င်စားပါ။

သို့ရာတွင် ကျွန်ုပ်တခုတော့ ပြောချင်သည်။ သူမ၏ အဆင်းရူပကာနှင့် သူမ၏ဆင်ယင်ထုံးဖွဲ့မှုတို့သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာ၊ စိန်ပန်းပတ္တမြားတို့နှင့်ကား အပြန်အလှန် အရောင်ဟပ်၍ များစွာ ပနံရနေပေသည်။
မြောက်ဖက်မှ ဆော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်မှာ ဝှေ့ကစားသလို မိန်းမပျို၏ ရင်ခွင်မှာလည်း ဝှေ့ကစားခဲ့ပေလိမ့်မည်။ လေညင်းသည် ကျွန်ုပ်၏ပါးကို နမ်းရှုတ်သလို သူမ၏ပါးကိုလည်း နမ်းရှုတ်ခဲ့ပေလိမ့်မည်။ ယင်းသို့ ဆင်ခြင်မိသည်နှင့် တပြိုင်နက် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ပါးသည် လေကဲ့သို့ ပေါ့ပါးသွားလေသည်။ ထိုင်နေလျှင် ခပ်ကိုင်းကိုင်း ဖြစ်တတ်သောခါး၊ လျှောက်လျှင် မတ်မတ်ထားပြီး လျှောက်ရသောခါး။

ကျွန်ုပ်၏ ထိုခါးသည် စစ်ရေးပြသော ခါးကဲ့သို့ မတ်သွားသည်။ ကျွန်ုပ်၏ ဆံပင်ဖြူတို့သည် မည်းနက်လာကုန်၏။ ကျွန်ုပ်၏ မွဲမွဲခြောက်ခြောက် မျက်လုံးတို့သည် ကြည်လင် ထွန်းတောက်လာကုန်၏။ ကျွန်ုပ် ဆရာအိုကြီး မဟုတ်တော့ဘဲ ကျောင်းသားကလေး ဖြစ်သွားတော့၏။
ကျွန်ုပ်က မြန်မြန်လျှောက်ပြီး လိုက်သော်လည်း သူမသည် မှန်မှန်သာ လျှောက်၏။ တဖက်တချက် နိမ့်တုံမြင့်တုံ ဖြစ်နေသော သူမ၏ တင်သားများမှာ ဆန်ကောဝိုင်းသလို လည်နေပေရာ ကြည့်မငြီးအောင်ဖြစ်၏။ ကျွန်ုပ်မှာ အထွေအထူး လုပ်ရန် စိတ်ကူးသည့်ပြင် မပေါက်သော်လည်း သူမ၏ တင်သားများကို လက်ဝါးဖြင့် အသာအယာ ပွတ်ပွတ်စမ်း လိုက်ချင်စိတ်ကား ပေါက်လာပါသည်။ ပါးလွှာသောအကျီ င်္ နှင့်သေးးငယ်သော ဇာဘော်လီကြိုး များကြားမှ ထွင်းဖောက် ပေါ်လာသော ၀ါဝင်းသည့် ကျောပြင်မှာ ရွှေတလင်းပြင်နှင့် တူလေ၏။ ကျွန်ုပ်သည် သူမအား မီလာပြီးဘေးတိုက် လျှောက်နေလေပြီ။

ကျွန်ုပ်က သူမဘက်သို့ ငဲ့ကြည့်လိုက်လာသောအခါ သူမသည် တချက်လောက်သာ ကျွန်ုပ်ဘက်သို့ လှမ်းကြည့် လိုက်ပြီး ရုတ်ခြည်းပင် မျက်လွှာချသွားလေသည်။ သူမ၏ ခြေလှမ်းများ သည်ကားမတုံ့ပါ။ နောက်တကြိမ်လည်း ထပ်မကြည့်ပါ။
ကျွန်ုပ်ကသာ သူမအား ထပ်ထပ်ကြည့်နေသည်။ သူမသည် မျက်တောင်ကော့ကော့၊ နှာတံပေါ်ပေါ်နှင့် ဖြစ်သည်။ ဘေးတိုက်မြင်လိုက်ရသော ရင်သားမှာ တင့်ထွားထင်ရှားလှပေသည်။ ကျွန်ုပ်သည် သူမအား ဘေးတိုက်ကြည့်ရရုံ ဖြင့်အားမရ။ ရှေ့ကနေပြီး ကြည့်ချင်မြင်ချင် ပြန်လေသည်။
ကျွန်ုပ်သည် ခပ်သွက်သွက် ကျော်တက် လျှောက်သွား၏။ ပေတရာလောက်ရှေ့က လျှောက်သွား မိသောအခါ လမ်းဘေးသို့ ကပ်လိုက်၏။ ခြံစည်းရိုးမှ ထိုးထွက်နေသော ကြက်သွေးရောင် ပန်းစက္ကူ ကိုင်းများကို ဆွဲချိုးမည်ကဲ့သို့ ဟန်ဆောင် နေလေသည်။ ကျွန်ုပ်သည် ပန်းမှာ စိတ်ဝင်စားနေသည် မဟုတ်ပါ။ မိန်းမပျို အပေါ်မှာသာ စိတ်ဝင်စား နေပါသည်။

သူမမှာ လှပပြုံးချိုသော မျက်နှာရှိ၏။ နီရဲသော နှုတ်ခမ်းကလေးများမှာ ပန်းချီဆရာ ဆေးဖြင့်ရေးပြီးတွင် ကျွန်ုပ်၏ မျက်လုံးများသည် သူမ၏ နှုတ်ခမ်းများပေါ်တွင် ကြာရှည်မနေပါ။ ဖောင်းကြွပြည့်ဖြိုးသော ရင်သားများနှင့် သွယ်တန်း အိစက်သော ပေါင်လုံးများဆီသို့သာ ဆင်းသွားကြကုန်၏။
ကျွန်ုပ် အိနြေ္ဒမဲ့စွာ ကြည့်နေသော်လည်း မိန်းမပျိုသည် ရှိုးတိုးရှန့်တံ့ လုံးဝမဖြစ်ပါ။ ကျွန်ုပ်က တပ်မက်ခြင်းဖြင့် စူးစိုက်၍ ကြည့်နေသည်ကိုပင် သတိမူမိရှာ ပုံမပေါ်ပါ။ မျက်လွှာချ၍ ရှေ့သို့လျှောက်နေသည်။ ရွှေပေးလို့ မရသော အိနြေ္ဒမျိုး ပင်တည်း။
မိန်းမပျိုက ကျွန်ုပ်ရှေ့သို့ ရောက်သွားပြန်လေပြီ။ ကျွန်ုပ်သည် ဆွဲထားသော ပန်းစက္ကူကိုင်းကြီးကို လွှတ်လိုက်သည်။ ပန်းပွင့်အချို့ကြွေကျသွားလေသည်။ ကြွေကျသောပန်းပွင့် အနည်းငယ်ကို ကောက်ယူကာ သူမနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြန်လေသည်။

တဖက်တချက်တွင် မြင့်တုံနိမ့်တုံ ဖြစ်သော ဆန်ကော ၀ိုင်းနေသော တင်သားများကို လက်ဝါးဖြင့်အသာအယာ ပွတ်ပွတ်စမ်းလိုသော စိတ်ပိုလာပြန်ပါပြီ။ ရွှေသလင်းပြင်နှင့်တူသော သူမ၏ကျောပြင်ပေါ်တွင် ကျွန်ုပ်၏ပါးကို ကပ်ထား လိုသည်။ သည်မျှမကသေး။ သည့်ထက်ပိုကဲ၍ သူမ၏ သေးသွယ်လုံးကျစ်သောခါးကို ဖက်၍ ညှစ်လိုက် ဖျစ်လိုက်ချင်တော့သည်။ သူမသည် ကျောင်းသူဖြစ်၏။ ကျွန်ုပ်ကား ကျောင်းသားဖြစ်၏။
ကျွန်ုပ်က သူမ၏သေးသွယ်လုံးကျစ်သော ခါးကိုဖက်လျှက် သူမကမူ ကျွန်ုပ်၏သေးသွယ်လုံးကျစ်သော ခါးကို ဖက်လျက် သူမကမူ ကျွန်ုပ်၏ ဘယ်ဘက်လက်မောင်းအုံကြီးပေါ်တွင် ခေါင်းမီလျှက်နှစ်ယောက်သား ညုကာ တာကာ ယုယကာပိုက်ထွေးကာဖြင့် လျှောက်သွားနေကြသည်။

သူမမှာ အသက် ၂၀ ကျော်ကျော် ရင့်ကျက်သော မိန်းမပျိုကလေး။ ကျွန်ုပ်မှာမူကား အသက်အစိတ်ကျော်ကျော် ရင့်ကျက်သောလူပျိုကလေး။ ရွှေချောင်းထဲက မြရေယဉ်မှာ ပတ္တမြားလှေကိုစီးပြီး ငွေရွက်လွှင့်နေကြလေသည်။
သို့သော် ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်သို့ရောက်ခါနီးသောအခါ ရွှေချောင်းမှာဆုံးသွားပြီး မြရေယဉ်မှာ ရပ်စဲသွား လေသည်။ ပတ္တမြားလှေသည် ပေါက်ကွဲပြီး ငွေရွက်သည် လဲကျသွားလေသည်။
ပုဂံလမ်းထိပ်၊ စစ်ကိုင်းလမ်းပေါ်တွင် လူငယ်တဦးသည် အရှေ့မှအနောက်သို့လျှောက်သွားလေသည်။ မိန်းမပျိုသည် ထိုလူငယ်အားမြင်လိုက်သောအခါ `ဟလို´ဟု အော်ကာ နှုတ်ဆက်လိုက်လေသည်။ လူငယ်သည် သူမအား ပြုံးရွှင်စွာဖြင့် `ဟလို´ဟု တုံ့ပြန်လိုက်လေသည်။ လှောင်အိမ်တခုစီမှာ လှောင်ထားရာမှ လွှတ်လိုက်သော ဟင်္သာမောင်နှံလို မြူးသွားကြပြီး တဦးထံတဦး ချည်းကပ်သွားကြလေသည်။

ကျွန်ုပ်၏ ရှေ့မှာ လျှောက်သွားနေသော မိန်းမပျိုတွင် ရွှေပေးလို့မရသောအိနြေ္ဒသည်မရှိတော့ပါ။ ကျွန်ုပ်နှင့် စိတ်ကူးယဉ်အိမ်မက်ထဲ တွင် ဖက်ကာမှီကာ ယုကာယကာ လျှောက်သွားနေသော မိန်းမပျိုသည် တကယ့်အဖြစ်မှာတော့ ထိုလူငယ်နှင့် ဖက်ကာ၊ မီကာ၊ ယုကာ လျှောက်သွားကြတော့မည်ဟု ထင်ရပါလေသည်။
ကျွန်ုပ်ကား ပထမသော် နှမြောဝမ်းနည်းသလို ဖြစ်မိ၏။ နောက်တခဏ၌ကား မိန်းမပျိုနှင့်လူငယ်တို့သည် ရွယ်တူ တန်းတူ၊ ကျောင်းသူ ကျောင်းသားကလေးများဖြစ်ကြောင်း သတိရလာလေသည်။ ကျွန်ုပ်၏ မတ်မတ်ထားအပ်သော ခါးသည်ကိုင်းသွားပါသည်။ သန်သန်နှင့်မြန်မြန်လျှောက်နေသော ခြေထောက်များသည် ချည်နဲ့ပြီး လေးကွေးသည်။

ပိနေအောင် ဖီးထားသော ဆံပင်များသည် ပွထလာကာ ဖြူစွတ်ခြင်းကို တံခွန်လွှင့်ပြနေကြ သည်နှင့်တူ၏။
သူငယ်နှင့် မိန်းမပျိုတို့သည် တဦးဆီတဦး မြူးတူးခုန်ပေါက် ခပ်မြန်မြန်လျှောက်သွားပြီးနောက် နီးကပ်နေမှ အရှိန် သတ်လိုက်ကြသည်။ တဦးနှင့်တဦး ကိုယ်ထိလက်ရောက် ဖက်ယမ်းခြင်း၊ ကိုင်တွယ်ခြင်းမရှိ။ သို့ရာတွင် သူတို့၏ အပြုံးနှင့် မျက်လုံးများကား ဖက်ယမ်း နမ်းရှုတ်နေကြပေသည်။

လူငယ်သည် ကျွန်ုပ်ထံသို့ လှမ်း၍ `ဂွတ်မောနင်း ဆရာ´ဟု ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ပြီးတော့ `ဆရာ ဒီနေ့ နဲနဲ နောက်ကျတယ် ဆရာ´ဟု ပြောသေး၏။

ကျွန်ုပ်၏ မျက်စိများသည် မွဲခြောက်သွားကြဟန်တူ၏။ လူငယ်၏မျက်နှာကို ကြည့်သည်။ သူကား ကျွန်ုပ်၏ တပည့်ဖြစ်ကြောင်းကို သိပါ၏။ သို့ရာတွင် ဘယ်သူဘယ်ဝါဖြစ်သည်ဟု နာမည်နာမနှင့်တကွ တပ်အပ် သတိမရတော့ချေ။ ကျွန်ုပ်သည် တပည့်အား ရှက်ပြုံးဖြင့်ကြည့်ပြီး
`အေး၊ နဲနဲနောက်ကျသွားတယ်။ ပန်းကလေးတွေ ကောက်နေရလို့´ ဟု ပြောစရာမရှိ ပြောလိုက်လေသည်။ မဖူလုံသော အကြောင်းပြချက်ဖြစ်၏။

ကျွန်ုပ်၏ အတွင်း ဖောက်ပြန်မှုကို တပည့်များ မိသွားသဖြင့် ကျွန်ုပ်မှာ အခြေပျက်နေပါပြီ။ ရှက်စိတ်ဖြင့် ပူထူနေသည်။ မိန်းမပျိုနှင့် ကျွန်ုပ်၏ တပည့်တို့သည် တယောက် တယောက်ပြုံးကြည့်ရင်း ရှေ့မတိုး၊ နောက်မဆုတ် ရပ်နေကြ၏။ သူတို့သည် ကျွန်ုပ်၏ စိတ်ဖောက်ပြန်ပုံကိုသိပြီး ကျွန်ုပ်အား လှောင်ပြောင်သော အားဖြင့် ၀မ်းသာလုံးဆို့ကာ ပြုံးရုံသာပြုံးပြီး ကြည့်နေကြဟန် တူပါသည်။

ကျွန်ုပ်သည် သူတို့အားကျော်ပြီး ခပ်မြန်မြန် လျှောက်လာခဲ့၏။ ` ပန်းပွင့်တွေ ဘာလုပ်ဖို့ ကောက်လာသလဲ ဆရာ´ ဟု တပည့်ကျော်က ထပ်ဆင့်မေးပြန်လျှင် ကြံဖန်ပြောနေရဦးမည်။ ရူပဗေဒနည်းအရ ပန်းပွင့်ပေါ် အလင်းရိုက်ပုံကို ကြည့်၍ မျိုးဆက်ပြန့်ပွားနေပုံကို လေ့လာရန်ဖြစ်သည်ဟု ပြောမည်လော။ တခုခုကြံဖန် ပြောနေရပေလိမ့်မည်။ မိန်းမပျိုကို ရှေ့ကဆီးကြည့်ချင်၍ ပန်းခူးချင်ယောင်ဆောင်ခဲ့ရသည့်အဖြစ်ကို ကျွန်ုပ်ကြံဖန်ဖုံးဖိ မနေချင်တော့ပါ။ကျွန်ုပ်သည် ရှေ့သို့သာတွင်တွင်လျှောက်သွား၏။

တပည့်ကျော်ကတော့ ကျွန်ုပ် ကျောင်းနောက်ကျသဖြင့် မြန်မြန် လျှောက်သွားသည်ဟု ထင်ကောင်း ထင်ပေမည်။ ကျွန်ုပ် မြန်မြန်လျှောက်ခဲ့သည့် အကြောင်းရင်းမှာကား မိန်းမပျိုနှင့် ကျွန်ုပ် နှစ်ယောက်ထဲပူးတွဲကာ ပုဂံလမ်းကို ပိုင်လိုက်ရသည့် တခဏ၌ စိတ်ဖောက်ပြန်မိခြင်းအတွက်သာ ဖြစ်ပါသည်။

ကျွန်ုပ်၏ အခန်းထဲရောက်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်မိသောအခါ ဒူးတွေကိုက်နေသည်ကို သတိရမိလေသည်။ ၅၀ ကျော်ကတည်းက ဒူးဒုက္ခပေးလာခဲ့သည်။ သည်တော့ အိုခြင်းတရားကို ပိုပြီးစဉ်းစားမိသည်။ သို့ကလို အိုပါလျှက် ပုဂံလမ်းပေါ်မှာ မိန်းမပျိုကလေးတွေ့သောအခါ နုပျိုစိတ်တွေဝင်ပြီး တက်ကြွလာတာ ဘာကြောင့်လဲဟု စဉ်းစားနေမိပြန်သည်။

ကျွန်ုပ်၏ သီးသန့်ချွတ်ယွင်းချက် ဖြစ်သလော။ ပုထုဇနော၊ ဥမ္မာတကော တွေမို့လူ့သဘာဝ ဖြစ်လေသလော။ သို့တည်းမဟုတ် ပုဂံလမ်း၏ စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် ပတ္တမြားရောင်စုံ ရှက်သန်းသော နွေဦးအလှနှင့် မိန်းမပျို၏ နုပျိုလန်းဆတ်သော အလှတို့ကပင် ကျွန်ုပ်အား သွေးသစ်သားသစ် လောင်းပေးပြီး နုပျိုသော စိတ်ကူးတွင် ယစ်မူးပျော်မြူးစေသလော။ ကျွန်ုပ်ကား မဖြေတတ်အောင် ရှိပါသည်။

အိမ်မှ တလနီးပါး ထွက်ခွာကာ ဥပုသ်စောင့်နေသော အိမ်ကဟာမကြီးပြန်လာလျှင် သည်အကြောင်းမေးကြည့်ရ ကောင်းမလား။ အိမ်ကဟာမကြီးကတော့ ကလေးကလားစကားတွေ မပြောစမ်းပါနှင့်ဟုပြောကာ ဆီးပိတ်လိမ့်မည်လား မဆိုနိုင်ပါ။ ကျွန်ုပ်မှာတော့ ပြဿနာဖြစ်နေပါသတည်း။    ။

သိန်းဖေမြင့်
( ၁၉၅၉)

နောက်ဆက်တွဲ
တပေါင်း၏ သြဇာနှင့် ဆရာအို၏ ပြဿနာ
ကျွန်တော်သည် လွန်ခဲ့သော နှစ်အနည်းက ရှုမ၀မဂ္ဂဇင်းတွင် `ဆရာအို၏ ပြဿနာ´ဟူသော ၀တ္တုတိုကလေး တပုဒ်ကို ရေးလိုက်လေသည်။
လူတော်တော်များများသည် ထိုဝတ္တုကလေးကို မဖတ်မီ ခေါင်းစဉ်ကို မြန်လိုက်ရရုံဖြင့် မြင်းအို၊ နွားအိုကြီးများကဲ့သို့ သက်ကြီးရွယ်ကြီး ဆရာအိုကြီးများမှာ စားဝတ်နေရေးနှင့်ပတ်သတ်ပြီး ဘယ်ပုံဘယ်နည်း အခက်အခဲတွေ့ပုံကို ပြဿနာလုပ်ပြီး ရေးထားဟန်ရှိသည်ဟု ထင်မှတ်လိုက်ကြကြောင်း သိရလေသည်။

သို့သော် ဖတ်ကြည့်လိုက် သောအခါပြဿနာတမျိုးဖြစ်နေသည်ကို အံ့သြစွာတွေ့ရှိကြရလေသည်။ အချို့က သဘောကျပြီး ကျွန်တော့်အား ချီးကျူးကြ၏။ တချို့ကမူ ကျွန်တော်သည် ဤလိုကိစ္စကို ပြဿနာ လုပ်ကာ စာပေတပုဒ် မရေးသင့်ဟုဆိုကြသည်။ ဤလို မရေးသင့်ဟု ထင်မြင်ချက်ပေးသူများထဲတွင် ဆရာဇော်ဂျီလည်း ပါဝင်လေသည်။
ကျွန်တော့်လို စာရေးဆရာသည် စိတ်ဖောက်ပြန်တာတွေကို ရေးနေရန်မဟုတ်။ စိတ်ဖောက်ပြန်မှုဆိုသည်မှာ သည့်ထက်ဆိုးရွား စွာပင် ဖောက်ပြန်တတ်သေးသည်။
ကျွန်တော်တို့ ရေးရန်မှာ စိတ်ကိုထိန်းချုပ်ပုံ၊ ဖောက်ပြန်တတ်သော စိတ်ကို နိုင်နင်းစွာ ပဲ့ပြင်နိုင်ပုံ စသည်တို့သာ ဖြစ်သင့်သည်ဟုဆိုလေသည်။

ကျွန်တော်ကား ဆရာအို၏ ပြဿနာဝတ္တုတိုကို ရေးရာ၌ ရည်ရွယ်ချက်ကြီးတွေ တမင်လက်ကိုင်ပြု၍ စိတ်ဖောက်ပြန်တတ်ပုံ ဖော်ပြရန်သော်၎င်း၊ ဖောက်ပြန်တတ်သော စိတ်ကိုနှိင်နင်းစွာ ပဲ့ပြင်ပုံ ကိုသော်လည်းကောင်းသရုပ်ဆောင်ရန် ရေးခြင်းမဟုတ်ပါ။
တပေါင်းလ ပတ်ဝန်းကျင်၏ သြဇာသည် ကျွန်တော့်အပေါ်မှာ သက်ရောက်လာ၏။ ကျွန်တော့်တွင် တပေါင်းလ စိတ်ကူးနှင့် ခံစားမှုများပေါ်လာ၏။ သို့ကလို သဘာဝအလျောက် ပေါ်လာသောစိတ်ကူးနှင့် ခံစားမှုများကိုမူ တည်ကာ ဆရာအို၏ ပြဿနာ ၀တ္တုတိုကလေးကို ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။
တပေါင်းတန်ခူးသည် နွေဦးရာသီဖြစ်၏။ ဆောင်းကိုနေရစ်ခဲ့တော့ဟု နှုတ်ဆက်ပြီး နွေကို ကြိုဆိုနေလေသည်။ ပိတောက်ပင်နှင့် သပြေပင်တို့မှာ ရွက်ဟောင်းတွေအကုန်ကြွေပြီး ရွက်သစ်တွေဝေနေသည်။ မဒမပင်ကားရွက်ဟောင်းတွေ အကုန်ကြွေကျပြီး အရိုးပြိုင်းပြိုင်းထနေတုန်း ဖြစ်၏။ ကုက္ကိုပင်ကြီးနှင့် သင်္ကန်းပင်ကြီးတို့မှာ ရွက်သစ်တွေ ခက်ဖြာတင့်နေရုံမျှမက အပွင့်တွေ ရှက်ဖြာဆင့်နေသည်။

လက်ပံပင်ကြီးကမူ အရွက်ဗလာဖြစ်နေသော ရိုးတံများမှ နီရဲသောအပွင့်ကြီးများဖြင့် စည်ကားလှိုင်ဝေ နေပေသည်။ ဥသြတွန်သံကသာပြီး ဂျိုးကူသံက အေးမြလှ၏။ သစ်ပင်တောတောင်နှင့် ငှက်အပေါင်းသည် နှစ်သစ်ကိုကြိုဆို နေသည်။ တပေါင်း တန်ခူးနွေဦးရာသီသည် နှစ်ဟောင်းကုန်၊ နှစ်သစ်ကူးသော ရာသီဖြစ်ရုံမက တောတောင်၊ သစ်ပင်၊ ကျေးငှက်စသည့် ပတ်ဝန်းကျင်တို့သည် အဟောင်းမှအသစ်သို့ ကူးပြောင်းချိန်လည်း ဖြစ်သည်။
ထိုအချိန်တွင် သဘာဝပတ်ဝန်းကျင်၏ အဟောင်းမှအသစ်သို့ ကူးပြောင်းမှုသည် လူကိုလည်း အဟောင်း အသစ် ကူးပြောင်းစေထိုက်ပေသည်။ ရာသီမှာတပေါင်းရှိသလို လူ့ဘ၀မှာလည်း တပေါင်းရာသီ ရှိထိုက်သည်။ ဟောင်းမြင်း သည့်ဘ၀၊ အိုမင်းရင့်ရော်ရာမှ ပြန်လည်ဆန်းသစ်နုပျိုသင့်လေသည်။ ရုပ်ဝတ္တုကို ဆန်းသစ်၍ မရသေးသည့်တိုင်အောင် စိတ်ကတော့ပြန်လည်ဆ်နးသစ် ပျိုမြစ်ခြင်းသို့ ရောက်ရန်တမ်းတမိသည်။ လွမ်းဆွတ် မိသည်။ သူငယ်ပြန်ချင် သည်ဆိုပါက ဆိုစေတော့။

ဆရာအိုသည် ပြန်ပျိုချင်သည်။ ညိုးနွမ်းပျော့ခွေနေသော ဆရာအို၏ ဖိုဓာတ်သည် ပြန်လည် သန်မာလာချင်သည်။ `သောတပန် မဟာထေရ်တို့တောင် မဆည်နိုင်မျက်ရည် စို့ရတယ်၊ လွမ်းဖို့ အိုကောင်း လတပေါင်း´တွင် ဖူးပွင့်စ ပန်းကလေးလို သစ်လွင်လှပသော ကျောင်းသူကလေးကို မြင်မိသော ဆရာအိုသည် ကျောင်းသားဘ၀ကို ပြန်လိုချင်သည်။
တကယ့်တကယ် ကျောင်းသားဘ၀ကို ပြန်မရလျှင်ကား ဆရာအိုဘာတတ်နိုင်ရှာမည်နည်း။ လက်မှိုင်ချရ မည်သာပင်။ သို့သော်ဆရာအို၏ လွမ်းဆွတ်တသခွင့်၊ စိတ်ကူးခွင့်နှင့် စိတ်ဖောက်ပြန်ခွင့်တို့ကား ကျွန်တော်တို့ စာရေးဆရာများက မချုပ်ချယ်သင့် သော အခြေခံလူ့သဘာဝ အခွင့်အရေးပေတည်း။

(၁၉၆၄)
ဆရာသိန်းဖေမြင့် ၀တ္ထုတိုပေါင်းချုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
Sunday, 25 March 2012 03:21
မောက္ခပညာရေးမဂ္ဂဇင်း
http://www.maukkha.org/index.php/book-store/short-stories/1981-maukkha-thein-phay-myint

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...