ဗိုလ်ချုပ်အကြောင်း(၂၀)
by Lu Bo on Wednesday, March 28, 2012 at 1:06pm ·
Monday, March 26, 2012
စာရေးဆရာ ကိုအောင်ဆန်း
မောင်ကျော်သာ
သူ၏ မျက်နှာသွင်ပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ မျိုးနွယ်တို့၏ မျက်နှာနှင့်တူသည်။ သို့မဟုတ် ချင်းတောင် တောင်ပေါ်ချင်း တစ်ယောက်နဲ့လည်းတူပြန် လေသည်ဟု မှတ်တမ်းတင်ကြလေကုန်၏။
သူသည် လူမှုဆက်ဆံရေး၌လည်း ပြေပြစ်သိမ်မွေ့ခြင်း ကင်း၍ ၊ နည်း၍ ရိုင်း၏။ ကြမ်း၏။ သူသည် နိုင်ငံရေးကိုသာ တစ်ခုတည်း လုပ်သောသူ တစ်ဦးဖြစ်၏။ တစ်ခုတည်းသော ယုံကြည်ချက်နှင့်တစ်ခုတည်း ကို သာလုပ်သော နိုင်ငံရေးသမားဖြစ်၏။
သူ့ကို အများက မှတ်တမ်းတင်ခဲ့ကြသည်။
ယေဘူယျအားဖြင့် ကွယ်လွန်သူ အမျိုးသားလွတ်မြောက်ရေးခေါင်းဆောင် ဦးအောင်ဆန်းကို ဤသို့ မြင်ကြ၏။
သို့သော် ဦးအောင်ဆန်းကမူ ဤသို့ဆို၏။
``လွတ်လပ်ရေးရပြီးရင်-----ငါတော့ နိုင်ငံရေးက ထွက်ပြီး စာတွေရေးမယ် ၊ နိုင်ငံေ၇းတွေ ရာဇဝင် တွေအပြင် အိမ်ထောင်ပြုေ၇း ၊ သားသမီးစောင့်ရှောက်ရေး ၊ ပြုပြင်ရေး ၊ အချိန်ပြဿနာ ၊ လိင်ပြဿနာ Sex နှင့် ပတ်သတ်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ေ၇းအုံးမှာပဲ---``
၁၉၄၇ ခု ဧပြီလ မေမြို့တွင် အနားယူစဉ်က သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ်-နေဝင်း) အား ပြောခဲ့၏။
၁၉၄၅ ခု စစ်ပြီးစက တော်လှန်ရေး မျိုးချစ် ဗမာ့တပ်မတော် သေနာပတိ ဂျင်နရယ်အောင်ဆန်း အဖြစ်၌ လည်းကောင်း ၊ နိုင်ငံခြား သတင်းစာဆရာများ ၊ မဟာမိတ်စစ်ဘက် အရာရှိကြီးများနှင့် တွေ့ဆုံသည့် အခါတိုင်း ---
``ခင်ဗျား ရှေ့ကို ဘယ်လိုကြံစည် စိတ်ကူးပါသလဲ ၊ စစ်တပ်ကိုဘဲ ဆက်လက် ဦးစီးမလား ၊ သို့မဟုတ် နိုင်ငံရေးကိုဘဲ တရှိန်တည်း လုပ်သွားမလား ``စသည့် အကဲခတ် မေးခွန်းများ မေးကြလေသည်။
``ကျုပ်တော့ အခု စစ်လည်းပြီပြီမို့ စစ်တပ်ကို ဆက်လက် ဦးစည်းရှေ့ဆောင် မလုပ်တော့ပါဘူး။ လွတ်လပ်ရေးအတွက် နိုင်ငံရေးကိုဘဲ ထိထိရောက်ရောက် ဝင်လုပ်လိုက်ဦးမယ် ၊ လွတ်လပ်ေ၇း ရပြီးရင် နိုင်ငံရေးက ထွက်ပြီး အေးအေးဆေးဆေး စာအုပ်လေး ဘာလေး ရေးဘို့ ကြံတာပဲဗျာ--`` စသည့် သူ မစိုးပိုင်နိုင်သည့် အနာဂတ်ကာလ စာေ၇းဆရာဘဝကို တမ်းတမက်မော စိတ်ကူးယဉ်သော အတွေးဖြင့် ဖြေဆို ခဲ့လေ့ရှိပေသည်။
ယေဘူယျအားဖြင့် အများကထင်သလို နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်လိုသူမဟုတ်။
ပြည်ထဲရေးထက် ဝမ်းရေးခက်၏။
ဝမ်းရေးထက် လွမ်းရေးခက်၏။ စာဆိုရှိသည့်အတိုင်း နိုင်ငံရေးထက် နက်နဲသိမ်မွေ့၍ နက်ရှိုင်း ကျယ်ပြန့်သော လူမှုရေးရာ ပြဿနာများကိုပါ လေ့လာဖြေရှင်းပေး ချင်သည့် ဆန္ဒဖြင့် စာရေးဆရာ ဘဝကို တောင့်တ မက်မောခဲ့ရှာပေသည်။ ထို့ကြောင့် သူ့ဘဝခရီးလမ်းဝယ် စာရေးဆရာဘဝကို ရယူရန်အတွက် ကြိုးပမ်းချက်များကိုလည်း တွေ့ရှိနိုင်ပေသေးသည်။
သူ့ အား လူမှုဆက်ဆံရေး ၌ ရိုင်း၏။ ကြမ်း၏ ဟု မှတ်တမ်းတင်သော စာရေးဆရာ ဒဂုံတာရာ၏ တာရာ မဂ္ဂဇင်းကိုပင် မအားလပ်သော နိုင်ငံရေး လှုပ်ရှားမှုများကို ဦးဆောင်နေသည့်ကြားမှ အချိန်ကို ဖဲ့ယူကာ ဖတ်ရှု့လေ့လာခဲ့ပေသည်။ ထို့ကြောင့်ပင် ဒဂုံတာရာ၏ ``အောင်ဆန်း သို့မဟုတ် အရိုင်း`` ဆောင်းပါးနှင့် ပတ်သတ်ပြီး ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ်-နေဝင်း)၊ ဒေါ်ခင်ကြည်တို့နှင့် စကားစပ်မိ ရာမှ -------
``ဋ္ဌေးမြိုင် (ဒဂုံတာရာ) ကတော့ ငါ့ကို အရိုင်းတဲ့ကွာ ၊ ဒါတော့ ကြမ်းလွန်းတယ်ထင်တာပဲ ၊ ငါ့မှာ မရိုင်းတဲ့ အချက်အလက်တွေလည်း အများကြီးရှိပါသေးတယ်ကွာ မဟုတ်လား What do you say ? ဟူ၍ ဇနီးသည် ဒေါ်ခင်ကြည်ကို အပြုံးနှော၍ အသောကလေး များပင် ဖောက်ကာ မေးခွန်းထုတ်ခဲ့ဘူးလေသည်။
ဤအချက်ကို ထောက်၍ သူသည် မရိုင်းလှ ၊ ချစ်စဖွယ်သော ဟာသ ရှိပါသေး၏။ စာပေလောက ကိုလည်းအလစ်မပေး။ လေးစားသော သဘောရှိသည်ကိုလည်း တွေ့ရ၏။ အမျိုးသားလွတ်မြောက်ရေး ပြည်သူ့အရေးတော်ပုံကြီးကို ဦးဆောင်ကြိုးပမ်း ထမ်းဆောင်နေရသောကြောင့် သာလျှင် စာပေအနုပညာ လောကနှင့် လက်ပွန်းတတီး ရင်းရင်းနှီးနှီး မနေခဲ့ရ။ ထိုမနေရသည့်ကြားမှပင် ဂျပန်ခောတ် ဗမာ့တပ်မတော်တွင် စစ်ပန်းချီဋ္ဌာန ဟူ၍ သီးခြားဖွင့်လှစ်ကာ ဆရာကြီး ဦးငွေကိုင် စသူတို့ကို ဦးစီးခန့်ထားစေ ခဲ့သည်များကို တွေ့ရပြန်သော် သူ၏ အနုပညာအပေါ် မြတ်နိုးလေးစားသော သဘောမှာ စောကြော စစ်ဆေးဖွယ်ရာပင် လိုမည်မဟုတ်ပေ။
စာပေ အနုပညာလောကနှင့် တဆက်တည်း ပေါင်းကူးရောယှက်နေသည့် တေးဂီတ သဘင်လောက ကိုလည်း သူသည် စွဲလမ်းခုံမင်သည်ကို တွေ့ရပြန်လေသည်။ သူသည် ဗိုလ်သခင် ဘဝမှနေ၍ ရုပ်ရှင်မှန်လျှင် မလွတ်တမ်းကြည့်သူဖြစ်၏။ ဂျပန်ခောတ် စစ်ဝန်ကြီးဘဝတွင်လည်း ဗမာပြဇာတ်ဟူသ၍ ဗိုလ်ချုပ်မကြည့်ဘူး သောပြဇာတ် မရှိသလောက် ဆိုရမည်ဟု ရင်းနှီးသူများက ပြောကြ၏။ ရုပ်ရှင်ပြဇာတ်များ၏ သောကွက်များ တွင် ဘေးလူများ ဝိုင်းကြည့်ရသည်အထိ ကျယ်လောင်ပွင့်လင်းစွာ ရယ်မောတတ်၏။ တေးဂီတ၌ တွယ်တာ စွဲလမ်းတတ်ပုံ ကလေးများ၌လည်း စာရေးဆရာ အနုပညာသည် ဥာဉ်ဟုပင် တင်စားနိုင်လောက်ပြန် လေသည်။
၁၉၄၇ - ခုနှစ်လောက်က လွတ်လပ်ရေးအတွက် အရေးဆိုရန် သွားကြသော ဗမာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဆွေးနွေးပွဲများအပြီး ထုံးစံအတိုင်း ဒေါ်ရာသန်းအေးအား သီချင်းဆိုရန် ဝိုင်း၍ပွဲတောင်း ကြလေသည်။ ဒေါ်ရာက သူ၏ ဖေးဘရိတ်သီချင်း များဖြစ်သော (မြပန်းခွေ-)----- (မိဖုရားစော--) –(ဟေဝန်နန်း )တို့ကို သီဆိုပြ၍ ပြီးဆုံးအနားယူမည် ကြံသောအခါ ရုတ်တရက် တစ်နေရာမှ အသံဝါကြီးဖြင့် ``ဒိုရာ-- ဟိုသီချင်းဟာလေ ---- ဓူဝံကြယ် မြေမှာခကြွေ ------- အဲ-----အဲ------သက်ဝေ သီချင်း ဆိုစမ်းပါ ဦး--`` တိုက်တွန်း ပွဲတောင်းသံ ပေါ်လာသဖြင့် ဒေါ်ရာက သက်ဝေသီချင်း ဆိုပြရပြန်သည်။ သက်ဝေသီချင်း ဆိုရင်း ဓူဝံကြယ် မြေမှာခကြွေ အပိုဒ်သို့ရောက်လျှင် စောစာက ပွဲတောင်း တိုက်တွန်းသူ အသံဝါပိုင်ရှင် ကိုယ်တိုင် ဓူဝံကြယ်မြေမှာ ခကြွေ ဟူ၍ သံပြိုင်ဝင်၍ ဆိုလေရာ ဗမာ့ကိုယ်စားလှယ် တစ်ဖွဲ့လုံး မပြုံးဘဲ မနေနိုင်အောင် ဝါးလုံးကွဲ ပွဲကျ ရယ်မောကြရလေသည်။ ထိုအသံဝါ ကြီး၏ ပိုင်ရှင်မှာ သက်ဝေသီချင်းကို အသေအလဲ အသဲစွဲ နှစ်ချိုက်သည့် ကျွန်တော်တို့၏ အချစ်တော် စာရေးချင်သူ ဦးအောင်ဆန်းပင် ဖြစ်လေသည်။ ဤအဖြစ်အပျက် သောကွက် ၊ ရွှင်ကွက်ကလေးများသည်ပင်လျှင် သူ၏ အတွင်းစိတ်၌ စာရေးဆရာ အနုပညာ ဝိဥာဉ် အတွယ်အတာကလေးများသည် သူ့အား စိုးမိုးဖုံးလွှမ်းထားသည့် တိုင်းရေးပြည်ရေး ကြီးများကြားမှ အစဉ်ပေါက်ဖွား ပွင့်လျှံအံထွက် ယိုဖိတ်စဉ်ကျရင်း သက်သေသာဓက တင်ခဲ့ကြသည်ဟု ဆိုရပါပေမည်။
အတွင်းစိတ်၌ စာပေ အနုပညာ ဝိဥာဉ် တွယ်လျှက်ရှိသော ဦးအောင်ဆန်း၏ စာရေးချင်သူဘဝ ၊ စာရေးဆရာဖြစ်ရန် ကြိုးစားနေသော ဘဝကလေးများကို သူ၏ အဋ္ဌုပ္ပတ္တိ မှတ်တမ်းများ၌ ဖတ်ရှု့၍၎င်း ၊ သူနှင့် ရင်းနှီးခင်မင်သူများမှ ၎င်း၊ ကြားနာစုဆောင်း၍၎င်း၊ တွေ့ရှိသိမြင်နိုင်ပေသည်။ စာရေးချင်သူ အောင်ဆန်း ကလေးသည် ကျောင်းသားဘဝမှစ၍ အပေါင်းအဖော် သူငယ်ချင်းများနှင့် နေလေ့နေထ မရှိလှဘဲ အချိန်အား ရလျှင် စာဖတ်စာရေး တကိုယ်တော် အတွေးသမား အငေးသမား အောင်ဆန်းကလေးသည် ၁၉၃၆ - ခုနှစ် ကောလိပ် သပိတ်အရေးတော်ပုံကြီး မီးခိုးအူကာနီး အချိန်ကာလက တက္ကသိုလ် သမဂ္ဂ အသင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာ ကိုအောင်ဆန်းဖြစ်လာလေသည်။ ထိုအချိန် ကာလများအတွင်း ဂန္တလောက မဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဖြင့် သူရေးသားသော ဆောင်းပါးများကို လူကြိုက်များလျှက် ရှိချေပြီ။ ထိုစဉ်ကပင် သူသည် ဗုဒ္ဓတရားတော်နှင့် ပတ်သတ်သော ဆောင်းပါးများ ကျောင်းသားများ အဝတ်အစားဝတ်ဆင်ရေး ပြဿနာ စသည့်ပြုပြင်ရေးစာမျိုးကို ရေးသားခဲ့ပေသည်။
ထို့နောက် ကျောင်းမှ ထွက်ပြီး ဒဂုန်မဂ္ဂဇင်းတွင် ``နိုင်ငံရေး အမျိုးမျိုး`` စသော ဆောင်းပါးများ ရေးခဲ့ပေသည်။ တက္ကသိုလ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဘဝသည်ပင် စာရေးချင်သူ အောင်ဆန်းအား နိုင်ငံရေးသမား အောင်ဆန်းဘဝသို့ ပို့ဆောင်ပေးလိုက်သည်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုအောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ခံထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် Hell Hound At Laize ခေါ် ``ခွေးရူးကြီး လွတ်နေသည်``ဆိုသော ဆောင်းပါးတစ်စောင်ပါလာသည်။ ထိုဆောင်းပါးသည် ထိုစဉ်က တက္ကသိုလ်နယ်ပယ်တွင် သိမ့်သိမ့်တုန်ခဲ့၍ ကျောင်းအာဏာပိုင်များက ဆောင်းပါးရှင်ကို အရေးယူရန် ကိုအောင်ဆန်းအား အကျပ်ကိုင်၏။ တာဝန်ခံစာတည်းဖြစ်သူ ကိုအောင်ဆန်းကလည်း စာတည်းလုပ်သူတို့ တာဝန်အတိုင်း ရေးသူကို ထုတ်ဖော်မပြောဘဲ မှုန်တေတေနှင့်ပင် နေခဲ့၏။ အာဏာပိုင်တို့ကလည်း အလျော့မပေး။ သမဂ္ဂနဲ့ ကျောင်းအုပ်ကြီး အရေးဆိုပွဲ အဆင့်သို့ရောက်အောင် ပြင်းထန်လာခဲ့ရာ ကိုအောင်ဆန်းအား ကျောင်းမှထုတ်ပယ်လိုက်၏။ သမဂ္ဂဥက္ကဋ္ဌ ကိုနုကိုလည်း အရေးယူလိုက်၏။ ထိုမှစ၍ မီးပုံကို ဓါတ်ဆီလောင်းလိုက်သည့်အလား ၁၉၃၆-ခု သပိတ်ကြီးမှောက်သည်အထိ ရောက်ခဲ့ကြ၏။ သပိတ်ကြီးမှ အစပြု၍ တက္ကသိုလ်ကျောင်းသားအောင်ဆန်း စာရေးချင်သူ ကိုအောင်ဆန်းသည် ဒို့ဗမာ အစည်းအရုံးသို့ ကူးပြောင်း၍ သခင်အောင်ဆန်းဘဝကို ခံယူကာ အမျိုးသား လွတ်မြောက်ရေးခေါင်းဆောင် ဦးအောင်ဆန်းအဖြစ် ရောက်လာခဲ့ရပေသည်။
ဘဝမှပေးအပ်လာသော အခြေအနေ အရ တိုင်းပြည်၏ အထွဋ်အထိပ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ်သို့ေ၇ာက်ရှိအောင်မြင်၍ လာသည့်တိုင်အောင် သူဖြစ်ချင်သော လိုလားတောင့်တ သော စာရေးဆရာ ဦးအောင်ဆန်း ဘဝကိုသာ အဘယ်မျှ ခုံမင်တွယ်တာ မြတ်နိုးကြောင်း သူပြောခဲ့သော ``လွတ်လပ်ရေး ရပြီးလျှင် ငါတော့ နိုင်ငံေ၇းက ထွက်ပြီး စာတွေရေးမယ်-- နိုင်ငံေ၇း တွေ ရာဇဝင်တွေအပြင် အိမ်ထောင်ပြုရေး သားသမီးစောင့်ရှောက်ရေး ၊ ပြုပြင်ရေး ၊ အချစ်ပြဿနာ လိင် sex ပြဿနာ နဲ့ ပတ်သတ်လို့ ငါ့အယူအဆ သဘောထားတွေ ကိုပါ စာရေးအုံးမှဘဲ`` ဟူ၍ အံခဲပြီး ကြုံးဝါးပုံကလေးများကို သာ ထောက်ရှု၍ သိနိုင်ပေတော့သည်။
ဆန္ဒသာရှိလျှင် ရှိခဲ့ပြီး အကောင်အထည် ဖော်မသွားနိုင်ရှာသည့် စာရေးဆရာ ဦးအောင်ဆန်းရေးမည့် နိုင်ငံရေး ၊ အိမ်ထောင်ရေး ၊ အချစ်ရေး ၊ သားသမီးပြုပြင်ရေး စာအုပ်များကို သူရည်ရွယ်ထားသည့် အကြမ်းဖျဉ်း မှတ်စု ကလေးများ ဟုပင် တင်စား နိုင်မည့် အိမ်ထောင်ရေး သားသမီးပြုပြင်ရေးများအပေါ် သူ့ယူဆ ထင်မြင်ချက် ကလေးများကို တတ်အားသမျှ လက်လှမ်းမှီသ၍ စုဆောင်းရှာဖွေ တင်ပြခြင်းဖြင့် စာရေးချင်သူ ဦးအောင်ဆန်းအဖြစ် ထင်ရှားစေလိုပါသည်။
သူနှင့် အိမ်ထောင်ရေးကို--
``အဲဒီတုန်းက မိန်းမယူဘို့ အရေးကို ဗိုလ်ချုပ်အကြာကြီး စဉ်းစားပြီးမှ ဆုံးဖြတ်လို့ ရသလား---``
ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဥက္ကဋ္ဌ အစိုးရအဖွဲ့ခေါင်းဆောင် ကာကွယ်ေ၇းဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ၁၉၄၆ -ခု ဒီဇင်ဘာလက ရှမ်းပြည်သွားရင်း မိတ္ထီလာမှ တောင်ကြီးအသွား ကားလမ်းခရီးတွင် ဇနီးဒေါ်ခင်ကြည်ပါ ခေါ်လာသည့်အခေါက် ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေဝင်း)က ဗိုလ်ချုပ်အား မေးခွန်းထုတ်နေခြင်းဖြစ်လေသည်။
``ဘယ်ဟုတ်မလဲကွာ ငါက ကျောင်းနေတုန်းကတော့ ကိုယ်ယူမယ့် စံပြ မိန်းမလောင်းကို အကြီးအကျယ် စိတ်ကူးယဉ်ပြီး တွေးခဲ့သားပေါ့။ ကျန်းမာရမယ် ၊ သဘောထားကြီးရမယ် ၊ ရုပ်ရည်အသင့် အတင့်ချောမောရမယ် ၊ မျိုးရိုးဇာတိကောင်းရမယ် ၊ ငါ့မိဘ ဆွေမျိုးတွေနဲ့ သင့်တင့်ရမယ် ၊ ဘာညာနဲ့ စုံလို့ပေါ့လေ.။ ဒါပေမယ့် အဲဒီအချိန်ကတော့ ခေါင်းကလဲ ရှုတ်ရှုတ်နဲ့ အခြားလူပျိုကြီးတွေလို ဟော်တယ် တွေမှာ တယ်လဲမပျော်ချင်တာက တစ်ကြောင်း ၊ ဟယ်--- တတ်နိုင်ပါဘူးလေ နောင်ခါကျမှ ကွဲခါမှ ကွဲရော့ ၊ ခုတော့ မိန်းမယူမှပဲ )ဆိုပြီး ဇွတ်ယူလိုက်တာပါဘဲကွာ ၊ လူချင်းကြိုက်ပုံကလည်း မင်းတို့ကောင်တွေလို သံသရာရှည်ကြီး လုပ်နေတာ မဟုတ်ဘူး။ တိုတိုတုတ်တုတ် လိုရင်းသဘောရောက်တဲ့ Very Business Like နည်းဘဲကွ`` ဟု သူ့လက်ဝဲဘက်ရှိ ချစ်ဇနီးဒေါ်ခင်ကြည်အား ပြုံးကြည့်ရင်း မြိန်ရေယှက်ရေ ပြောပြလေသည်။
၁၉၄၅- ခု ဒီဇင်ဘာလ
ဗိုလ်ချုပ်သည် မဟာမိတ်သေနာပတိချုပ် မောင့်ဘက်တန်က ပေးအပ်သော စစ်ဗိုလ်တပ်မင်းကြီး ရာထူးကို လက်မခံဘဲ ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဗမာ့လွပ်လပ်ေ၇း တပ်ဦးကို ပဲ့ကိုင်လျှက် ရှိလေသည်။ သူ၏ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)တို့မှာ ဗိုလ်မှုးအောင် ဦးဆောင်လျှက် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကြီး ကိုတပင်တပန်း တည်ဆောက်နေကြဆဲ ဖြစ်သည် ။ တစ်နေ့သောနံနက် ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အိမ်သို့ရောက်သွားလေသည်။
``မဖြစ်ဘူးထင်တယ် ဗိုလ်ချုပ်``
``ဘာဖြစ်လို့လဲ------``
``ကျွန်တော် အခု မိန်းမရနေဘီ``
``ဟေ--- ဟုတ်လား ၊ ငါ့လခွေး - မင်းဟာက မြန်လှချည်လား ၊ ဘယ်တုန်းက ရလိုက်တာလဲ ၊ ဒို့တောင်မသိဘူး ၊ ဘယ်မှာလက်ထပ်သလဲ ``
``လက်ထပ်တာ မဟုတ်ဘူး ၊ ခိုးပြေးတာ``
စင်စစ် ဗိုလ်ထွန်းလှမှာ မိန်းမယူသည့်အတွက် ဗိုလ်ချုပ်က ကြိမ်းမှာ ကြောက်နေသည်။ လွန်ခဲ့သော ခြောက်လ ကပင် သာယာဝတီ နတ္တလင်းမြို့ဝယ် ဗိုလ်ချုပ်သည် လူပျိုရဲဘော်တွေ မိန်းမ မယူကြသေးဘို့ ပြောခဲ့သေးသည်ဆို၏။
``မင်းအသက် ဘယ်လောက်ရှိပလဲ``
``၂၆ -နှစ်``
``ဟာ ဒါဖြင့် အောရိုက်ပဲ ၊ အမှန်ကတော့ စောစောအိမ်ထောင်ပြုတဲ့ Eary Marriage စနစ်ဟာ ကိုယ့်မှာ အလုပ်အကိုင် အတည်တကျနဲ့ ဝင်ငွေမရှိသေးလို့ ဘိုင်ကျနေတာကလွဲရင် အဘက်ဘက်က ကောင်းတာချည်းပဲ ၊ ဒို့မြို့ကြီးပြကြီးတွေမှာသာ ဂွကျနေတာ ၊ တောအရပ်ဒေသ တွေမှာဆိုရင် ရှေးစနစ်အတိုင်း စောစော စီးစီး အိမ်ထောင်ပြုကြတာချည်းပဲ။ အဲဒါ သိပ်ပြီး ကျမ်းမာသန့်ရှင်းပြီး အစစအရာရာ ကောင်းတဲ့နည်းဘဲကွ။ မြို့က လူတွေမှာသာ အင်္ဂလိပ်ပညာသင်လို့ အချိန်ကုန်ရတဲ့အထဲ အလုပ်အကိုင်နေရာကျဘို့စောင့်ရ ဟိုငဲ့ရ ဒီငဲ့ရနဲ့ အချိန်တွေကုန်သထက်ကုန်ပြီး လူလဲတိုင်းဆွေးပြီး မဟုတ်တာဖြစ်ချင်တဲ့လူလဲ ဖြစ်ကုန်တော့တာဘဲ။ ဒါကြောင့်ငါလဲ သိပ်ရှည်ရှည်ဝေးဝေးစဉ်းစား မနေဘဲ ဇွတ် မိန်းမယူလိုက်တာဘဲ --ဟားး ဟားးး ဟားးး
``
ရယ်ရယ်မောမောနှင့် ဗိုလ်ချုပ်သည် အိမ်ထောင်ပြုတရားဟောခဲ့လေသည်။ ``နောက်ပြီး ငါမကြိုက်တာ ရှိသေးတယ် ဗမာ့ထုံးစံဆိုပြီး မင်္ဂလာဆောင် အခမ်းအနား အကြီးအကျယ်လုပ်ပြီး ငွေတွေ နင်းကန် ဖြုံးတာဟာ အပိုပဲ။ လက်ထပ်တယ်ဆိုရင် ဘယ်သူမှ ရိုးရိုးနဲ့ကျဉ်းကျဉ်း မလုပ်ချင်ကြဘူး။ ပိုက်ဆံ ဖြုန်းပြီး လက်ထပ်မှ ဟုတ်မယ်ထင်ကြတယ်။ ဒါကြောင့် ငါတော့ ခိုးယူတာ အကောင်းဆုံးဘဲ လို့ငါထင်တယ် ။ ဘာမှသိပ်မကုန်ဘဲ လိုရင်းေ၇ာက်တာဘဲ မဟုတ်လား--``
``ဒါတော့ ဒါပေါ့ ဗိုလ်ချုပ် ၊ ဒါပေမယ့် လူတွေက ဒါလောက်ခောတ်မမှီသေးတော့ ခက်တာပါဘဲ ၊ အခု ကျွန်တော် မိန်းခလေးအိမ်ကို လူကြီးများနဲ့ ပြအပ်ဘို့ စီစဉ်နေတယ်``
``ဟ-- ဒီပြန်အပ်တာလည်း ငါတော့ ပိုတယ်ထင်တာဘဲ ၊ မိန်းမနဲ့ယောကျာင်္းနှစ်ဦး သဘောတူကြရင် လူသိ နတ်ကြား လင်မယားအဖြစ် နေလိုက်ရင် ပြီးရောပေါ့ကွ-- ``ဟု ဗိုလ်ချုပ် တအားမှုတ်နေသည်ကို သူ့ချစ်ဇနီး ဒေါ်ခင်ကြည်က ပြုံးရင်းနားထောင်ခဲ့ရပေသည်။
သူ၏ သားသမီးပြုပြင်ရေး
တစ်ခါသော် တာဝါလိမ်းလမ်းရှိ ဦးအောင်ဆန်းအိမ်တွင် သူ၏သားများဖြစ်သည့် အောင်ဆန်းဦး နှင့် အောင်ဆန်းလင်းတို့ တစ်ယောက်နှင့်တစ်ယောက် ဆော့ကစားရာမှ ကစားစရာ လုကြရင်း ဆူညံစွာငိုယို ကြသည့်အခါ စိတ်မရှည်သော မိခင်တို့ သဘာဝ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ``တယ်ဆိုးတဲ့ ကောင်လေး တွေဘဲ``ဟု ညည်းမိရာ ခုတင်ပေါ်တွင် လှဲရင်း စာဖတ်နေသော ကလေးများဖခင် ဦးအောင်ဆန်းက ``ငါ့သားကလေးတွေ ဆိုးချင်ဆိုးပါစေကွာ အရေးကြီးတာက ကလေးဆိုတာ Character (စိတ်ဓါတ်) ကောင်းဘို့ရယ် ၊ Love of Truth (တည်ကြည်ဖြောင့်မတ်ခြင်း) လိုလားတဲ့ စိတ်ရှိဘို့ရယ် ၊ ဒါဘဲ အရေးကြီးတယ် `` ဟူ၍ မိန့်ကြားမှတ်ချက် ချခဲ့လေသည်။
သူနှင့် အတတ်ပညာ (Art)
၁၉၄၂ -ခုနှစ် စာရေးဆရာ ဒဂုံတာရာနှင့် ဦးအောင်ဆန်းတို့ တွေ့ကြသည့်အချိန်က ဖြစ်သည်။ သူတို့သည် အတတ်ပညာ Art အကြောင်း စကားစပ်မိရာမှ ဦးအောင်ဆန်းက သူ၏ ထင်မြင်ယူဆပုံကို ပြောပြ၏။ ``အတတ်ပညာ ဆိုတာ ရှိတာဘဲ ၊ လင်မယားဘဝမှာလဲ အတတ်ပညာမြောက်အောင် လုပ်ရတာဘဲ ၊ အတတ်ပညာ မဲ့ရင် လင်မယားကွဲမှာပေါ့ ၊ ဒီလိုဘဲ တော်လှန်ရေးမှာလဲ အတတ်ပညာရှိတာဘဲ ၊ အတတ်ပညာ မြောက်မှ တော်လှန်ရေးဟာလဲ တကယ့်တော်လှန်ရေးအစစ်ဖြစ်မှာဘဲ ``ဟူ၍ အတတ်ပညာ နှင့် သူ့ထင်မြင်ယူဆပုံကို ဖွင့်ဟ ခဲ့ပေသည်။
ဤသို့ စာရေးချင်သူ ဦးအောင်ဆန်းရေးမည့် လူမှုရေးရာ ပြဿနာရပ်များအပေါ် ထားရှိသည့် ထင်မြင်ချက်များကို အပြည့်အစုံဖော်ပြရလျှင်ကား စာမျက်နှာ မပေးနိုင်မည်စိုး၍ ကောင်းနိုးရာရာ လက်လှမ်း မှီသမျှ ဟိုမှသည်မှ ဆွဲယူစုဆောင်းတင်ပြရင်း ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့တွင် လက်နက်ကိုင် အာဏာလု သမားတို့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗမာနိုင်ငံတော်အနေဖြင့် တခောတ်တခါမှ ပေါ်လာတတ်သည့် စံပြ မျိုးချစ် အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦး ဆုံးရှုံးရသည်သာမက စာပေလောက အတွက်လည်း စာရေးဆရာကောင်းဖြစ်မည့် စာရေးဆရာလောင်းတစ်ဦးလည်း ဆုံးရှုံးရချေပြီ ဟူသော တမ်းတ ဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်လိုက်ရသတည်း။
မောင်ကျော်သာ
(ဗိုလ်ချုပ်ကို ချစ်မြတ်နိုးလေးစားစွာဖြင့် --- ကိုစိုးနိုင်)
0 comments:
Post a Comment