Sunday, March 25, 2012

“ရည်ရွယ်ရာ အိပ်မက်လမ်း”


by Soe Min on Saturday, March 24, 2012 at 6:24am 

            ခေါင်းမာတာရယ်၊ ထင်ရာကို တစွတ်ထိုးလုပ်တတ်တာရယ်၊ သူများတကာတွေ ကျိတ်ကျိတ်တိုး အလုအယက် သူ့ထက်ငါဦးအောင်ယူနေကြပြီဆို မလိုချင်တော့တဲ့စိတ်ရယ်က တော်တော်ဒုက္ခပေးတာလား၊ သည်လိုဘ၀ကို ရောက်အောင် တွန်းပို့လိုက်တာလားတော့ မသိပါဘူး။ ပြင်သစ်ဆရာမကြီးတစ်ယောက်က အတန်းထဲမှာ စာမေးရင်း မှတ်ချက်ပေးဖူးတယ်။ “ငါသိတယ်။ မွန်ဆီယာစိုးမင်းကတော့ သူများနဲ့မတူအောင် ဖြေလိမ့်မယ်။ သူကတွေးရင် ဘယ်တော့မှ သူများတွေးသလို မတွေးဘူး” တဲ့။ ဟုတ်သင့်သလောက်တော့ ဟုတ်သား။ နောက်ထပ် ဘွဲ့လွန်ဆက်တက်ချင် ဖောင်ကြီးသင်တန်းတက်ရမယ်မှန်းသိပေမယ့် ခုထက်ထိ မတက်ဖြစ်သေးဘူး။ ဒီအသက် ဒီအရွယ်ရောက်မှတော့ ဘာဖြစ်ချင် ဘာလုပ်ရတယ်ဆိုတာ မသိမဟုတ် သိလျက်သားနဲ့။ အဲဒါလုပ်မှ အဲဒါဖြစ်ရမယ်ဆို မဖြစ်ချင်လည်း နေပစေတော့ ဆို ရွတ်တွတ်တွတ်စရိုက်ကလည်း ဖျောက်မရ။ လမ်းပျောက်နေတာတော့ မဟုတ်ဘူးပေါ့။ ဒါပေသိ အဲဒီလမ်းကို မသွားချင်လို့ ပေကပ်ကပ်လုပ်နေတဲ့ ချိုဘို့တူ နွားပြာတုတ်များလိုပဲ။ ပျိုတို့လူက ယာကို မလုပ်တာ။ စားစရာမရှိ ၀ါးခုတ်စားတော့မလို။
ဝါးခုတ်တာက ကိစ္စမရှိဘူး ပျားတုပ်တာဆိုရင် အဲဒီအကျင့်နဲ့ ဘယ်သူက ကယ်မှာတုန်း။ အခုတစ်ခေါက် ရန်ကုန်ပြန်တုန်းကဆို ကိုယ့်အကြောင်းသိတဲ့ အကိုလို ဆရာကြီးတစ်ယောက်က ခေါ်ဆုံးမတယ်။ ဘာတွေလုပ်နေတာလဲ။ ဘာလုပ်မလို့လဲ။ လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို မလုပ်ခဲ့မိရင် အချိန်လွန်မှ နောင်တရမှာစိုးလို့ သူ့ဘက်ကရော ဘာလုပ်ပေးနိုင်မလဲလို့ ခေါ်မေးတာပါ။ တော်ကြာ မပြောလိုက်ရလို့ မသိပဲ လုပ်မပေးလိုက်ရ ရှိမှာစိုးလို့ တဲ့။ ကျေးဇူးတင်လိုက်တာ။ သူ့လိုမျိုးလည်း ပြတ်သားချင်လိုက်တာ။ ကိုယ်က မပြတ်သားတာတော့ မဟုတ်ဘူးပေါ့။ ဗွေဆိုးဖျောက်မရတာနေမှာ။ သူမေးလိုက်လို့ ကိုယ့်မှာ ခေါင်းစားသွားရတဲ့မေးခွန်းက ရန်ကုန်ပြန်ပြီး “အိမ်မှာပဲ နေချင်တယ် မေမေ” လုပ်ရေး မလုပ်ရေး မဟုတ်ပါဘူး။ “စာရေးဆရာ လုပ်မလို့လား။” တဲ့။ မဆိုင်းမတွ ပေးခဲ့တဲ့ အဖြေကတော့ “ဟင့်အင်း” ပါ။ အဲသည်နောက် အမ်းကို ပြန်ရောက်လာပြီး မိုးလင်းမိုးချုပ် အလုပ်ထဲနစ်နေလိုက်၊ လစ်ရင်လစ်သလို စာပြေးပြေးရေးလိုက်လုပ်နေရင်းနဲ့မှ ကိုယ့်ဘာသာ အထပ်ထပ် အခါခါ မေးနေမိတဲ့ မေးခွန်းကတော့ “တကယ် ဟင့်အင်း မလို့လား။” ပေါ့။
            အခုလည်း စဉ်းစားရင်း စာရေး၊ စာရေးရင်း စဉ်းစားနေတာ အဲဒီအကြောင်းပါပဲ။ ဟိုးအရင် “ဘယ်သူမဗျူး ၀မ်းတွင်းရူး”  ရေးကတည်းက ပြောခဲ့ပြီးသားပါ။ စာရေးဆရာဆိုတာ ကိုယ့်မျက်စိထဲမတော့ မျိုးတုန်းပျောက်ကွယ်လုနေပြီ ထင်မိတယ်။ ခေတ်မှ မရှိတော့ပဲ။ စာမှ မဖတ်ကြတော့ပဲ။ စာအုပ်ကြီး အလကားလက်ဆောင် သွားပေးရင်တောင် အားတော့ဖတ်လိမ့်မယ်။ အိမ်သာတက်ရင်း ဘာရင်း။ သို့သော်လည်း လူတစ်ရာမှာ ဘယ်နှစ်ယောက်လောက်များ ကိုယ်ရေးတဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်နိုင်မှာလဲ။ (သူကမှ နားလည်လွယ်အောင်မရေးပဲနဲ့ လာလာချည်သေး) စာရေးသက်ကလေး တစ်နှစ်ကျော်လာတော့ အရင်ကလို ဖရီးကစ်တွေသိပ်မသုံးတော့ပဲ ထောင့်ကန်ဘောလေးတွေ၊ တေ့လုံး ချိတ်လုံးကလေးတွေ သုံးဖြစ်လာတယ်။ နို့မို့ ပြစ်ဒဏ်ဘောတွေနဲ့ချည့် ထွက်ထိုင်နေရတာ ကြာပြီ။ ကိုယ်ပြောချင်တဲ့စကားကို တစ်ခွန်းမှ ထည့်မရေးပဲ စာဖတ်သူရဲ့အတွေးထဲမှာ ကိုယ်လိုချင်တဲ့စကား ပေါ်လာအောင် ရေးရေးကြည့်မိတယ်။ မီးပျက်တုန်း အွန်လိုင်းတက်တဲ့သူလိုပ။ တွေးမှ မတွေးတဲ့ဟာ ဘယ်ဘရောင့်ဇာသုံးသုံး အဆက်ဒနိုင်းချည့်ပဲ။ “တွေးတော့တွေးသားပဲ ခညားကြီး အသက်အရွယ်နဲ့ ရှေးရှေးတုန်းက အကြောင်းတွေက ကိုယ်မှ မမီလိုက်တာ။ ဘယ်လိုလုပ်နားလည်မှာလဲ။” ဆိုရင်လည်း သူတို့အလွန်တော့ မဟုတ်ပါဘူး။ သည်အရေးအသားမျိုးနဲ့ ကိုယ်ရေးတဲ့စာကို ဘယ်သူက စိတ်ရှည်လက်ရှည် လိုက်ဖတ်နေမှာတုန်း။ အားအားယားယား။ စာအုပ်ထုတ်သက်က ခုမှ ဘဲဥကွဲရုံရှိသေး။ မိုက်မိုက်မဲမဲ စာရေးစားတော့မဟဲ့လို့ တွေးစရာလား။
            ဒါပေမယ့်လည်း သွားလေသူ ဆရာမောင်သစ်ကြီးကို မတ်စိပို့လိုက်ချင်ပါတယ်။ သီချင်းကြီးသင်တာရော၊ ဆရာဝန်လုပ်တာရော၊ အခုစာရေးနေတာရောဟာ ကိုယ့်ဘာသာ အရသာရှိလွန်းလို့။ နေကိုမနေနိုင်လို့ လုပ်နေမိတာပါဗျာ။ လူဖြစ်အရမ်းအရမ်း နောက်ကျမှန်း ကိုယ့်ဘာသာ သဘောပေါက်ပါတယ်။ သည်အရွယ်ကြီးရောက်မှတော့ လူတကာသိတဲ့ Super Geek လည်း မဖြစ်ချင်တော့ပါဘူး။ (လူမသိသူမသိ ခြေပုန်းခုတ်ချင်တာကိုး) စာတိုပေစတွေ တောင်ရေးမြောက်ရေး ရေးသာနေတယ်။ ဘာဖြစ်လို့ စာရေးဆရာ မဖြစ်ချင်ရတာလဲဆိုတော့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ စာရေးဆရာဆိုတဲ့စံက သိပ်မြင့်လွန်းလို့ပါ။ စာပေလုပ်သားအဖွဲ့ဝင်ကဒ်ရှိတိုင်း၊ သူ့နံမယ်တပ်ထားတဲ့ ပုံနှိပ်စာအုပ်တွေ လက်ဆောင်ပေးနေတိုင်း၊ မဂ္ဂဇင်းထဲ ဂျာနယ်ထဲမှာ သူရေးတာတွေ မှန်မှန်ဖတ်ရတိုင်း၊ ကုန်ကုန်ပြောလိုက်ပါ့မယ်လေ။ နိုင်ငံကျော်စာရေးဆရာပါလို့ အများကလက်ခံထားတိုင်း အဲဒါစာရေးဆရာအစစ်လို့ ကိုယ့်စိတ်ထဲသတ်မှတ်မထားပါဘူး။ “မဟုတ်မှလွဲရော။ သည်သူငယ်လေး မန္တလေးက ဖြစ်လိမ့်မယ်။ မန်းလေးကလူတွေက အဲလိုပဲ။ တခြားကဟာဆို လူစာရင်းမသွင်းဘူး။” လို့ တုတ်ရောင်းဓါးရောင်း လာမလုပ်နဲ့။ မ၀ယ်ဘူး စိတ်ချ။ ကိုယ့်စိတ်ထဲမှာ တကယ်ကြည်ညိုလေးစားမိတဲ့ စာရေးဆရာတွေဖြင့် ပေါလွန်လွန်းလို့ ရေတောင် မရေနိုင်ဘူး။ အခုကိုယ်ရေးတဲ့စာ ဖတ်နေတဲ့သူတွေက “ဟင် .. ကြားလည်းမကြားဖူးဘူး။” လို့ ပြောလာရင် အတည်းနာနွန်းနွန်းနို့ နံမယ်တွေ အကုန်ထည့်မရေးတော့ဘူး။ တော်ကြာ သူတို့ခမျာ ကိုယ့်ကြောင့် သိက္ခာကျကုန်မယ်။
            ဒါပေမယ့် နံရံကပ်စာစောင်သာသာ ဖေ့စ်ဘုတ်ပေါ်ကနေ ပုံနှိပ်စာအုပ်လောကထဲ လှမ်းတော့မယ်လို့ ကြံလိုက်ရင် ရည်ရွယ်ရာ ဦးတည်ချက် တစုံတရာတော့ ရှိမှဖြစ်မှာပေါ့လေ။ မနေနိုင်လို့ ရေးတာတော့ ဟုတ်ပြီ။ ဘာတွေရေးမှာလဲ။ ဘာအတွက်ရေးမှာလဲ။ ဘာဖြစ်ချင်တာလဲ။ စသည်ဖြင့်ပေါ့။ သည်အခါမှ ရှေ့ဆောင်သွားကြလေပြီဖြစ်သော လေးစားကြည်ညိုသူ ဆရာကြီး ဆရာမကြီးများရဲ့ အဆုံးအမသြ၀ါဒတွေကို ပြန်လေ့လာမိပါတယ်။ မှတ်မှတ်သားသားတစ်ခုကတော့ ဆရာကြီးဦးသော်တာဆွေရဲ့ အယူအဆပါ။ ဦးဝဏ္ဏကြီးနဲ့ ဆရာချစ်ဦးညိုတို့ ထွေလီကာလီ ငြင်းကြခုန်ကြတဲ့အခါ စာသမားတစ်ယောက်ရဲ့ ကလောင်ဟာ ဗုဒ္ဓရဲ့အဆုံးအမအောက်မှာ ရှိသင့်တယ်လို့ ဒွိဟဖြစ်ကြပါသတဲ့။ တို့ဆရာကြီးက ထွေသမားတွေကို အုပ်ချုပ်နေတဲ့ ထွေအုပ်ကြီးပဲဟာ “ဟဲ့ ကောင်တွေ၊ ကလောင်ရဲ့အထက်မှာ ဘာမှ မရှိဘူး။ စာရေးဆရာကို ဘာနဲ့မှ ထိန်းလို့မရဘူး။ သူ့ဟာသူထိန်း။ ကိုယ့်ကလောင်ကိုယ်ထိန်း။ ဒါပဲ။” လို့ ဆုံးဖြတ်ပေးပါသတဲ့။ စောဒကတက်လာတဲ့အခါ “မင်းတို့အပေါ်မှာ မင်းတို့ကလောင်ရဲ့ အပေါ်မှာ ဘာပဲထားထား။ ထားချင်တာထား။ အဲသလိုထားလိုက်တာနဲ့ မင်းတို့ဟာ စာရေးဆရာအစစ် မဟုတ်တော့ဘူး။ ဒါပဲ။” လို့ ပွဲသိမ်းလိုက်ပါသတဲ့။
        ဘိုကေတစ်ထောင်မှာ တစ်ယောက်လောက် အဲသည်စကားကို သဘောပေါက်ကြရင်ဖြင့် သားသား စာရေးစားလို့ရပြီရယ်လို့ လက်ခမောင်းခတ်လိုက်ချင်ပါတယ်။ ကိုယ့်ဘာကိုယ်တောင် တော်တော်တွေးယူရတာဗျ။ သည်ကနေ့ခေတ်ရောက်မှ စာဖတ်သက်ကလေး ပြတ်သွားရတဲ့ကြောင်းကတော့ စာရေးဆရာတိုင်းလိုလို ကိုယ့်ကလောင်ရဲ့အထက်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုကို ဦးထိပ်ပန်ဆင်ပြီး ကာကွယ်ရေးသားတဲ့အခါ ရေးလိုက်၊ စည်းရုံးသိမ်းသွင်းတဲ့အခါ စည်းရုံးလိုက်၊ ၀ါဒသတင်း ဖြန့်ချင်သလိုဖြန့်လိုက် လုပ်နေကြတာများပါတယ်။ (မှားရင်လည်း သည်းခံတော်မူကြပါ) စာရေးဆရာနေရာမှာ မရှိပဲ ပြောရေးဆိုခွင့်ရှိသူသဘော ဖြစ်နေတယ်။ သတင်းထောက်တွေရယ်လို့ သတ်သတ်မှတ်မှတ် ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲလုပ်တာတောင် မေးခွန်းတွေ ကြိုပေးထားရပြီး ဆင်ဆာအရင်တင်ရသလိုပဲ။ “ဟုတ်ဘူးလား ငါ့တူရယ်။” “ဟုတ်တာပေါ့ ဦးလေးရယ်” လောက်ပဲ အမေးအဖြေ ရှိစေချင်ပုံပေါက်သဗျ။ အဲသည်မျိုးဆက်ကြီးတစ်ခုလုံး ခြားထားတော့ နောက်ပေါက်ကလေးတွေခမျာ မိုက်ကရိုဖုန်းကြီးထိုးပေးပြီးရင် “ဟိုပေါ့နော်။ ဘယ်လိုခံစားရသလဲ။ အဲဒါလေး ပြောပြပေးပါလား။” အပြင် မေးခွန်းမထုတ်တတ်တော့ဘူး။ “စပွန်ဆာလိုက်စားသည်။ ကြော်ငြာဆောင်းပါးရေးပေးသည်။” ကလောင်တွေက ဘယ်သူ့မှ လူမထင်ဘူး ဖြစ်လာတယ်။ သူတို့အပေါ်က ဘောစိကလောင်ကြီးတွေကိုယ်တိုင်က သူများအိပ်ထဲရောက်နေလေတော့ ဘယ်ဂျာနယ်ဝယ်ရင်ဖြင့် ဘယ်သူ့ပုံ ဘယ်သူ့အကြောင်းဖတ်ရတော့မယ် သိပြီးသား။ ရက်စွဲတောင် ကြည့်စရာမလို။ အရောင်လေး အပြင်အဆင်လေးသာ ကွာလိမ့်မယ်။ ကိုယ့်ဘ၀သက်တမ်းတလျှောက် အလယ်တန်းပညာရေးမှာကတည်းက အတွေးအခေါ်မျိုးစေ့ကို ပေါင်းနှုတ်သလို နှုတ်ပစ်ပြီး သူတို့လိုရာ သတင်းဝါဒကိုသာ သင်အံလေ့ကျက်ရတဲ့ ဦးဏှောက်ဆိုတော့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုဖြစ်နေတာ ဘာမှ မဆန်းဘူး။ နောက်ဆုံးတော့ လိမ်ညာလှည့်ဖျားသူကြီးများဟာ ပိပိယိယိတောင် လိမ်စရာ မလိုတော့ဘူး။ ဗြောင်လိမ်ဗြောင်စား ဘာပြောချင်သေးတုန်း ဖြစ်လာတယ်။ ဒီလိုနဲ့ပဲ စာရေးဆရာရယ်လို့ ကိုယ့်ခေါင်းထဲမှာ ရှိနေသူတွေဟာ သေခါနီးကြီးတွေ သေပြီးသားလူတွေ ဖြစ်ဖြစ်နေပါလေရော။ လွန်လေပြီးသောသူများရဲ့ ခြေရာလက်ရာကလေးတွေကို အခုမှ မိဂမ္ဘီ ခြေရာကောက်သလို လိုက်ကောက်နေရပါတယ်။
           ဆရာကြီးသော်တာဆွေရဲ့စကားကို အခုမှ ကိုယ့်ခေတ်နဲ့ချိန်ထိုးပြီး ရေးတေးတေး မြင်လာရာက အင်မတန်ထူးခြားတဲ့ ကိုယ်တို့အာရှသား အနုပညာရှင်ကြီးတစ်ယောက်ရဲ့ လက်ရာကလေးတွေကို တွေးမိပြန်ပါတယ်။ သူကတော့ ဟောင်ကောင်က ရုပ်ရှင်ဒါရိုက်တာကြီးပါ။ နံမည်က ၀မ်ကျားဝေ တဲ့။ ဒါရိုက်တာဆိုတော့ ကလောင်အထက်မှာ ဘာမှ မထားတာ မဟုတ်ဘူးပေါ့။ သူ့ကင်မရာအထက်မှာ ဘာကိုမှ မထားသူကြီး။ မထားတာမှ အင်မတန်စွဲမြဲခိုင်မာနေတဲ့ အရှေ့တိုင်းသားတွေရဲ့ အတွေးအခေါ်အယူအဆတွေပါ ဘာဆိုဘာမှ မထားဘူး။ တော်လှန်ထားတယ်။ ကမ္ဘာကျော်အနုပညာရှင်ကြီးပေမယ့် သူက အနောက်မှာကျော်တာ။ အရှေ့ကလူတွေ သူ့ကို ခံစားလို့မရဘူး။ ကြည့်နေကျ မြင်နေကျတွေနဲ့ ဘာမှမဆိုင်လို့။ ပထမဆုံးကြည့်ဖူးတာက မင်းသား လက်စလီချမ်းနဲ့။ ခေါင်းစဉ်တောင် မမှတ်မိတော့ဘူး။ ရုပ်ရှင်လက်မှတ်နဲ့ အအေးရောင်းတဲ့ တရုတ်မကလေးကို ရုပ်ချောချောကောင်လေးတစ်ယောက်က “ကျေးဇူးပြုပြီး ဟောဟိုနံရံက နာရီကြီးကို တစ်မိနစ်ပြည့်အောင် ကြည့်ပေးစမ်းပါ” လို့ ပြောလာတော့ ဘုမသိဘမသိ လိုက်ကြည့်ပြီးတဲ့အခါ ကောင်လေးက “သူ့ဘ၀မှာ နာရီတွေ မိနစ်တွေ အများကြီးရှိပါတယ်။” တဲ့။ “ဒါပေမယ့် မင်းနဲ့အတူတူရှိခဲ့ဖူးတဲ့ အဲသည်တစ်မိနစ်ကို ဘယ်တော့မှ မမေ့ပါဘူး။” ဆိုပဲ။ ဟိုက်ရှားဘား။ ကော်ပီ မကူးကြေးနော်။ ဘာခံနိုင်ရိုးလဲ။ ကောင်မလေးခမျာ ကြွေသွားရော။ ရုပ်ချော အပြောကောင်း။ ကြင်နာတတ်သူလေးလေ။ ဒါပေမယ့် ကောင်မလေးက “လက်ထပ်ကြရအောင်” လို့ ပြောလာတဲ့အခါ မောင်မင်းကြီးသားက ပုံပြောပါတယ်။ “ဟိုးရှေးရှေးတုန်းက အတောင်သာရှိလျက် ခြေထောက်မပါရှာတဲ့ ငှက်တေလေကလေးတစ်ကောင်ရှိသတဲ့။ သူ့ဘ၀စကတည်းက မမောမပန်း ပျံသန်းလာခဲ့တာ ဘယ်နေရာမှာမှ နားခိုစရာမရှိပါဘူးတဲ့။ ခြေထောက်မှ မပါတာ။ ဘာနဲ့သွားနားမလဲ။ ဘယ်လောက်ပဲ မောမောပန်းပန်း နားချင်ရှာသော်လည်းပဲ နားခွင့်ရမယ့်တနေ့ဟာ အဲဒီငှက်ကလေး သေတဲ့နေ့ကျမှသာ ဖြစ်နိုင်မှာပါ။” တဲ့။ ကောင်မလေးက ငိုယိုပြီးပြန်သွားတဲ့အခါ ကောင်လေးက သူ့ကိုယ်သူ မှန်ထဲမှာ စက်စက်ဆုပ်ဆုပ်ကြည့်ရင်း ခေါင်းလေးကျိုးသွားတယ်။ ခနနေတော့ ကော်နီရဲ့ “တို့ရုပ်ကလေးဆိုးတယ်နော်” ဆိုတဲ့သီချင်းကလေးကို တရုတ်လိုကြားလိုက်ရတယ်။ ခေါင်းကလေးစလှုပ် ခြေကလေး လက်ကလေး လှုပ်လာပြီး မှန်ရှေ့ကနေ ရေချိုးခန်းထဲရောက်အောင် ကပါလေရော။ လူကြမ်းစရိုက်နဲ့ စွပ်ကျယ်အနွမ်းကလေး၊ တရုတ်မဘောင်းဘီအဟောင်းလေးနဲ့ စည်းချက်ကျကျ ကနေတဲ့ အဲသည်မင်းသားရဲ့ အခန်းကလေးဟာ ကမ္ဘာကျော်ပါသတဲ့။ မိခင်က ငယ်ငယ်ကတည်းက သူများဆီမှာ စွန့်ပစ်သွားတဲ့အတွက် စိတ်နာနာနဲ့ အရွဲ့တိုက်နေတဲ့ အဲသည်ကောင်လေးဟာ သူ့အမေဖြစ်သူကို လိုက်မရှာပဲလည်း မနေနိုင်ပါဘူး။ မရရအောင်စုံစမ်းပြီး ဖိလစ်ပိုင်မှာ အိုးသစ်အိမ်သစ်ထူထောင်နေတဲ့ လူကုံထံမိခင်ဆီကို ရအောင်လိုက်သွားတယ်။ ဒါပေမယ့် အမေဖြစ်သူက ထွက်မတွေ့ဘူး။ “တနေရာက ချောင်းကြည့်နေတဲ့ အမိမျက်ဝန်းတွေကို သားတစ်ယောက်ဖြစ်လို့ သူခံစားလို့ ရနေပါတယ်။” တဲ့။ သည်ခရီးကို သူလာခဲ့တာဟာ သူ့အမေဆိုတာ ဘယ်လိုပုံမျိုးလေးလဲ မြင်ဖူးရုံကလေး မြင်ဖူးချင်လွန်းလို့ သက်စွန့်ဆံဖျားလာရပါသတဲ့။ သားကို တွေ့ခွင့်မပေးတဲ့အမေကို သူ့ဘက်ကလည်း ဘယ်တော့မှ ပြန်ပြီးတွေ့ခွင့် မပေးနိုင်ကြောင်းပြောပြီး ကျောခိုင်းခဲ့ပါတယ်။ အပြန်မှာတော့ မူးယစ်ဆေးဝါးမှောင်ခိုတွေဆီက ပိုက်ဆံမပေးပဲ လုယူပြီး ရထားပေါ်တက်ပြေးရင်းက သူများလိုက်သတ်လို့ သေသွားပါတယ်။ ရထားပေါ်မှာ သူ့ကိုကယ်တဲ့သူကို မသေခင်လေး ခြေထောက်မပါတဲ့ငှက်တေလေပုံပြင် ပြောပြတော့ အဲဒီတစ်ယောက်က ဒါမျိုးတွေ ရိုးနေပြီ။ မိန်းကလေးတွေကသာ ယုံလိမ့်မယ်တဲ့။ (ဟိုက သူ့ကို အစကတည်းကသိတယ်။ ကောင်မလေး ပြောပြလို့) ဒါပေမယ့် သူ့ကောင်မလေးက သိပ်သိချင်တဲ့ စကားတစ်ခွန်းတော့ မေးပါရစေလို့ဆိုတယ်။ “သူ့ဘ၀မှာ အဲသည်တုန်းက တစ်မိနစ်ကလေးကို တကယ်ပဲ သတိတရရှိပါရဲ့လား” ဆိုတော့ “ဟွန့် ဘာလို့ပြောပြရမှာလဲ” ဆို ခေါက်ကနဲဂန့်သွားလေတယ်။ ဟီး ဟီး ။ နောက်တာပါ။  သူဘယ်တော့မှ မမေ့ပါဘူးတဲ့။ ဒါပေမယ့် ကောင်မလေး မသိပါစေနဲ့ လို့ဆိုတယ်။ ငှက်ကလေး နားခိုရာမရတာ ခြေထောက်မပါတဲ့ သူ့ဘ၀ကြောင့်ပါ။ သစ်ကိုင်းကလေးကို မခင်တွယ်လို့မှ မဟုတ်ပဲ။ ဇာတ်ကားက တန်းလန်းကြီးဆုံးသွားတဲ့အခါ “ဟဲ့ ဘယ်လိုကြီးပါလိမ့်” ဆို ဒါရိုက်တာနံမယ်လိုက်ဖတ်ရာက စသိသွားတယ်။
            ဒုတိယကားက မင်းသမီးကတူတူပဲ။ မင်းသားပြောင်းသွားတယ်။ တိုနီလင်းနဲ့။ ပြည်မကြီးကနေ အင်္ဂလိပ်လက်အောက်မှာ ရှိနေတဲ့ ဟောင်ကောင်ကို အလုပ်လာလုပ်သူ သတင်းထောက်ကလေးဟာ သူလိုပဲ တစ်အိမ်ထဲမှာ အခန်းလေးတစ်ခန်းငှားနေတဲ့ ကုမ္ပဏီစာရေးမကလေးကို မြင်မြင်ချင်း စွဲလန်းသွားတယ်။ စွဲလောက်ပါတယ်။ ဒီကားထဲမှာ အဲသည်မင်းသမီးကလေးက ကိုယ်မြင်ဖူးခဲ့သမျှ တရုတ်မလေးတွေထဲမှာ အလှဆုံးလို့ ဆိုရလောက်အောင် အရမ်းကျော့ကျော့ရှင်းရှင်းလေးနဲ့ ကြည့်မ၀အောင်လှတယ်။ သို့သော်လည်း သူ့မှာလင်နဲ့။ ယောင်္ကျားက သင်္ဘောသား။ ကြာကူလီဇာတ်အိမ်ကို ကိုယ်တို့ဆီက တိမ်လွှာမို့မို့လွင်ရိုက်သလိုပဲ လှလှပပ ရိုမန်းတစ်ဖြစ်အောင် ရိုက်ပြတယ်။ တစ်ခုပဲ သည်နှစ်ယောက်က မသိလို့မိုက်မိတာ မဟုတ်ဘူး။ အတန်တန် စိတ်ထိန်းကြရင်းက စွဲလန်းမှုကို ဆွဲငင်အားကို မလွန်ဆန်နိုင်လို့ မှားကြတယ်။ ဇာတ်ကောင်နှစ်ဦးစလုံး နောင်တများစွာနဲ့၊ တုန့်ဆိုင်းမှုများစွာနဲ့။ ကြည့်နေတဲ့သူကိုယ်တိုင်ပါ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့သဘောကို ကောင်းကောင်းကြီး ခံစားမိတယ်။ သင်္ဘောတက်တဲ့ဘဲစိန်ကြီး ပြန်လာတဲ့အခါမှာ ကောင်လေးက မနေနိုင်တော့ဘူး။ ပြည်မကြီးကို ထွက်ပြေးကြဖို့ခေါ်တယ်။ မင်းသမီးက မလိုက်နိုင်ဘူး။ မလိုက်နိုင်တာက လင်ကြီးနဲ့မခွဲနိုင်လို့ မဟုတ်ဘူး။ လင်ကြီးနဲ့က ကွဲကိုကွဲမှ ဖြစ်တော့မယ်။ သူ့မှာကိုယ်ဝန်ရှိနေပြီ။ ဒါပေမယ့် ကောင်လေးကို လုံးဝ မပြောပြလိုက်ဘူး။ သိသွားလို့ ဇွတ်တိုးရင် တစ်သက်လုံး သူများမယားကြာခိုထားတာဆိုတဲ့ နောင်တမရစေချင်ဘူး။ ခုဟာက မရှောင်သာတဲ့ လမ်းမြှောင်ကြားက ကိစ္စ။ သူ့ဘ၀သူဆက်လျှောက်မယ်။ ခွဲခွာကြဖို့ အချိန်တန်ပြီ။ ကွဲကွာသွားပေမယ့် မမေ့နိုင်ကြတဲ့နှစ်ဦးဟာ ဟောင်ကောင်ကို ရောက်လာတိုင်း သူတို့နေခဲ့တဲ့အခန်းလေးကို လာလာကြည့်ပြီး မျက်ရည်မဆည်နိုင်ကြဘူး။ ကောင်မလေးဆီမှာ ကလေးပါသွားတာ မသိတဲ့ကောင်လေးက သူခံစားရသမျှတွေကို စာရွက်လိပ်ကလေးတွေမှာရေးပြီး အန်းကောဝပ်က ဘုရားအိုကြီးတွေရဲ့ အုတ်ချပ်ကြားမှာ သွားထားရာက သည်ဇာတ်လမ်းလေးကို ဖတ်မိလာတာပါတဲ့။ ဆုံးပြန်ရော တန်းလန်းကြီး။  အစပိုင်းမှာပျိုးထားပြီး အလယ်ပိုင်းမှာ သယ်လာရမယ်။ ဇာတ်အထွတ်အထိပ်ကိုရောက်မှ အားလုံးရှင်းသွားအောင် ဖြေချလိုက်မယ်ဆိုတဲ့ ဖော်မြူလာနဲ့တော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တယ်။ လောကဇာတ်ခုံဆိုတာ အရာရာတိုင်း အဖြေရှိချင်မှ ရှိတယ်။ အတက်အဆင်းတိုင်ပင် ကိုက်ချင်မှ ကိုက်တယ်။ ကိုယ်လိုချင်သလို ဆုံးချင်တဲ့နေရာမှာ ဇာတ်ပေါင်းသော်ဆိုပြီး ပွဲရှိလူကုန် သီချင်းထွက်ဆိုပြလို့ မရဘူး။ လူတိုင်းလူတိုင်းဟာလည်း စံပြဇာတ်ကောင်ကြီးတွေ၊ ခြောက်ပြစ်ကင်း သဲလဲစင်ကြီးတွေ မဟုတ်ဘူး။ ဒါကသူ့သဘောကို ကိုယ်နားလည်မိတာ။ သူ့အပြကို ကိုခံစားမိတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး။ ဇာတ်ကောင်နှစ်ယောက်အကြားမှာ ကင်မရာကလွဲလို့ ဘာဇာတ်ပို့ကမှ စကားပြောတွေနဲ့ခံစားချက်တွေကို အတုံးလိုက်ကြီး သဘောပေါက်အောင် ၀င်ဝင်မရှင်းပေးဘူး။ ကိုယ့်ဘာသာ ခံစား။ သူကရိုက်ပြမယ်။ ကိုယ်ကလိုက်ခံစား။ အဆုံးသတ်မှာ မြင်လာမိတာက ကိုယ့်ရဲ့အတွင်းစိတ်နဲ့ ပုံရိပ်ပဲ။ အဲလိုကြီးမှ အဲလိုကြီးဗျား။ ဘောကျာရဲ ဘောကျာရဲ။ (ထားဝယ်လိုဖတ်ရန်)
          တတိယကားကတော့ လက်လန်ရုံတင်မဟုတ်ဘူး။ တစ်ကိုယ်လုံးလန် ဆယ်ခါပြန်။ အကယ်ဒမီတွေ အနောက်တိုင်းက ရုပ်ရှင်ဆုတွေ တသီကြီးရတယ်။ အရှေ့တိုင်းမှာတော့ ဟောင်ကောင်မှာတောင် ပြခွင့်ရရဲ့လား မသိဘူး။ ကြည့်ဖူးတဲ့ သုံးကားမှာ နံမည်သိတာဆိုလို့ အဲဒီတစ်ကားပဲ ရှိတယ်။ Happy together တဲ့။ ဇာတ်ကြောင်းကတော့ သည်းခံ၍သာ ဖတ်ကြပေတော့ ဟိုမိုကား။ ဖျားဖျား မတနဲ့။ ကောင်းလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ရှေ့ကားနှစ်ကားက မင်းသားနှစ်လက် ဆုံပေးထားတယ်။ ဟောင်ကောင်က ဟိုမိုတရုတ်ကလေးနှစ်ယောက်ဟာ ကမ္ဘာကျော် ရေတံခွန်ကြီးဆီ ရောက်အောင်သွားမလို့ အိမ်ကမိဘပိုက်ဆံ ဘတ်ငွေတွေနဲ့ အာဂျင်တီးနားနိုင်ငံကို ရောက်လာတယ်။ ပထမဆုံးအခန်းက ရိုင်းတယ်ထင်ရင် ကျော်ကြည့်လိုက်။ သူ့အတွက်ကတော့ ဆင်ဆာဖြတ်လို့မရဘူး။ သည်ကလေးနှစ်ယောက်က ဘာလဲဆိုတာကို သိရုံကလေးပြရတာ။ အဲဒီနောက်မှာမှ ဇာတ်လမ်းကို စကားလေးတစ်ခွန်းနဲ့ စတယ်။ “တို့ လမ်းခွဲကြပါစို့” တဲ့။ နိုင်ငံခြားဆိုတာ ဘာမှန်းမသိပဲ အာဂျင်တီးနားနိုင်ငံမှာ ပါးစပ်ပါ ရွာရောက်နိုးနိုး ကာားအစုတ်ကလေးတစ်စီး မြေပုံကလေးတစ်ချပ်နဲ့ ရေတံခွန်လိုက်ရှာတဲ့ အဲသည်သူငယ်နှစ်ယောက်မှ ရွာမလည်ရင် ဘယ်သူလည်မှာတုန်း။ ကားပျက် လမ်းပျောက်လို့ အိုဗာစတေးဘ၀နဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းကြရတဲ့အခါ စရိုက်စိတ်ထား အခြေခံမတူတဲ့အတွက် သူတို့စိတ်ကူးယဉ်ဘ၀လေးက အက်ရာထင်သွားတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စား အလှမက် အပျော်မက်တဲ့ကောင်လေးက ဂေးကလပ်တွေမှာ ဖော်ရိန်နာတွေနဲ့တွဲပြီး ရုပ်ကလေးဘန်းပြချူရတဲ့ သူငယ်ကလေးဖြစ်သွားတယ်။ လက်ကျောတင်းတင်း ဂျစ်ကန်ကန်ကောင်လေးက ရရာအလုပ် နေ့ညမအားဝင်လုပ်ပြီး ငတ်တလှည့်ပြတ်တလှည့် ၀မ်းကျောင်းရတယ်။ ရင်နာနာနဲ့အတင်းဖြတ်လိုက်တဲ့ သူငယ်ကောင်ကလေးဟာ ဧည့်သည်ဆီက မြိုးမြိုးမြက်မြက် စို့စို့ပို့ပို့လေးရလာတိုင်း သူ့တစ်ယောက်တည်း မျိုမကျရှာဘူး။ သူငယ်ချင်းလေးကို ဖုန်းဆက်ပြီး ဟော်တယ်မှာ ကိုကာကိုလာ သောက်ဖို့သူခေါ်တယ်။ ဟိုက “မင်းခန္ဓာကိုယ်ကို ရောင်းစားတဲ့ ပိုက်ဆံနဲ့ငါမသတီဘူး” တဲ့။ “ဒါဖြင့် မင်းကရော ဘာထူးလို့လဲ။ အလုပ်ရှင်တွေဆီမှာ မင်းရဲ့တနေ့တာတွေကို ရောင်းစားနေတာ မဟုတ်ဘူးလား။” တဲ့။ “ငါက မင်းလိုမျိုး ဆင်းဆင်းရဲရဲ မရပ်တည်နိုင်လို့ အချိန်တိုတိုနဲ့ သုံးလောက်စွဲလောက်အောင် ရှာရတာ။ သ၀န်မတိုစမ်းပါနဲ့။” တဲ့။ အမြဲတမ်း တကျက်ကျက် ရန်ဖြစ်နေကျ။
          ဧည့်သည်တရုံးရုံးနဲ့ ကားတစ်စီးပေါ်တက်သွားတဲ့ ကောင်လေးဟာ သူ့သူငယ်ချင်းကိုမြင်တော့ ကားပေါ်က ပြန်ဆင်းလာပြီး “မင်းဖို့” ဆို လက်ပတ်နာရီတစ်လုံးပေးသွားတယ်။ စိတ်ဆိုးလို့ လွှင့်ပစ်ပြီးမှ အကောင်းစားကြီးမှန်းသိတာနဲ့ ပြန်ကောက်ယူသွားရော။ ညဘက်ကျတော့ သူအမြဲတမ်း လာများလာမလား မျှော်မျှော်နေကျ ပျံလွှားသူငယ်ချင်းကလေးက ဖူးယောင်ကွဲပြဲကျိုးပဲ့ပြီး တံခါးလာခေါက်တယ်။ ဖွင့်လိုက်တာနဲ့ခွေကနဲမို့ ဆေးရုံပို့လိုက်ရတာပေါ့။ ဖြစ်ကြောင်းကုန်စင်မေးတော့ “မင်းဆီက နာရီပြန်တောင်းခိုင်းလို့ ဖြစ်တာ” တဲ့။ အပေါင်ဆိုင်မှာ နာရီသွားရွေး၊ ကလပ်မှာ သောင်းကျန်းရိုက်နှက်ပြီးပြန်လာတော့ ဒဏ်ရာရှင်ကလေးက “ဘာဖြစ်လို့ စိတ်လိုက်မာန်ပါ လုပ်ရလဲ။ ငါက သူတို့ပစ္စည်းသွားခိုးတာလေ။ အရိုက်ခံရတာတောင်နည်းသေး။” လို့ ဆိုသဗျ။ ကိုယ့်လက်နဲ့ကိုယ် တူကိုင်ပြီးထမင်းမစားနိုင်တဲ့ ဆက်ရက်တောင်ပံကျိုးကလေး အိမ်မှာမြဲနေတဲ့အခါ ဟိုတစ်ယောက်က ချက်ပြုတ်ကျွေးမွေးရှာပါတယ်။ “မင်းက ငါ့ကို ပြတ်နိုင်တာလဲ မဟုတ်ပဲနဲ့” လို့ ကျီစယ်ပြီး ဇိမ်နဲ့မိန့်မိန့်ကြီး အပြုစုခံနေတဲ့ သူငယ်ကလေး နာလန်ထလာတဲ့အခါ မကုန်သေးတဲ့ သံယောဇဉ်နဲ့ ဇာတ်လမ်းဟောင်းပြန်စဖို့ ကြိုးစားပါသေးတယ်။ အိမ်ရှင်ကောင်လေးက ခါးခါးသီးသီးပဲ။ မပြတ်နိုင်တာ မပြတ်နိုင်တာ တခြား။ စိတ်နာတာ စိတ်နာတာတခြား ထင်ပါရဲ့။ သူ့စိတ်ထဲမှာတော့ တသက်လုံးဒုက္ခိတအဖြစ် ကျိုးကန်းသွားစေချင်ပုံပေါက်တယ်။ အပြင်မထွက်စေချင်လို့ စီးကရက်တောင် အတောင့်လိုက်ပုံနေအောင် ၀ယ်ထားပေးတယ်။ သိတဲ့အတိုင်း ဟိုက အတောင်ပါတဲ့ ငှက်ပဲလေ။ လေငြိမ်တဲ့အခိုက်ဟာ မခေါ်ပဲ မမျှော်ပဲ ရောက်လာရော။ လမ်းရှာဖို့ တောင်ပံဖြန့်သံကြားတော့ “မင်းတို့ ကလပ်မှာ က ကနေတဲ့ လက်တင်အကမျိုး ငါ့ကို သင်ပေးပါလား။” လို့ တောင်းပန်တယ်။ ဒါလေးများ စောစောက ပြောရောပေါ့။ အိ အော့ စန်း စစ် နဲ့ သေသေချာချာ လက်ထပ်သင်ပေးရှာတယ်။ ဇာတ်ကားခေါင်းစဉ်ပေးထားသလို သူတို့နှစ်ယောက်ရဲ့ အတူတူပျော်ရွှင်ကြည်နူးခိုက်ကလေးဟာ တစ်ကားလုံးမှာ အဲသည် ဆယ်မိနစ်စာလေးပဲ ရှိတယ်။ ကျန်တဲ့အချိန် တဇောင်းစေးနဲ့မျက်ချေး။ ကျကျနန ကတတ်သွားတဲ့ သီချင်းအဆုံးမှာ အကဆရာလေးက သူ့သူငယ်ချင်းပုခုံးပေါ်ကို မှီချလိုက်တယ်။ ဘာစကားတစ်ခွန်းမှလည်း ပြောဘူး။ မျက်နှာအမူအရာလည်း မပြဘူး။ သူ့မှာ အားကိုးစရာ တခြားလူမရှိဘူးဆိုတာ မပြောပဲ သိသာစေတယ်။ ဆေးရုံက ပြန်လာတုန်းက ကားပေါ်မှာ “ဆေးလိပ်သောက်ချင်တယ်” လို့ ပြောတုန်းက ဟိုက “မင်းမှာ လက်ပါသားပဲ။ ကိုယ့်ဘာသာ သောက်” လို့ ပြောရင်းက လက်နှစ်ဘက်လုံး ကျောက်ပတ်တီးတွေကို သတိရသွားပြီး သူကိုယ်တိုင် မီးညှိလို့တိုက်တဲ့အခါ “ငါ့သူငယ်ချင်းက သည်လိုတော့လည်း ငါ့အပေါ်မဆိုးပါဘူး။” လို့ ခေါင်းကလေးမှီထားတဲ့ပုံက ရုံတင်ပိုစတာပါ။ သရုပ်ဆောင်တွေရဲ့ အိုက်တင် အမူအရာကို ပါးပါးကလေးပဲပြပြီး ကင်မရာရဲ့ရှုထောင့်၊ အလင်းအမှောင်လှုပ်ရှားမှု၊ နောက်ခံတေးဂီတနဲ့ ပန်းချီကားတစ်ချပ်လို သရုပ်ဖော်ပါတယ်။
         အဲဒီအချိန်ကစလို့ တစ်လမ်းစီဆက်သွားကြပေမယ့် ကလပ်မှာ သူများတွေနဲ့ကတဲ့အခါတိုင်း သူ့သူငယ်ချင်းနဲ့ကနေတာလို့ သူ့စိတ်သူ လှည့်စားတယ်။ ဟိုတစ်ယောက်ကလည်း သူ ငါနဲ့ကနေတာလို့ပဲ မြင်ယောင်တယ်။ အိမ်ပြန်ချင်တဲ့စကား စပ်လို့မရတော့ဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့ အိမ်ပြန်ဖို့ တစ်ယောက်က နေ့မအားညမအား အလုပ်လုပ်နေတဲ့အချိန်မှာ တစ်ယောက်ကတော့ ကလပ်ပေါ်ကနေ လမ်းဘေးရောက်သွားပြီ။ အိမ်မပြန်ခင်မှာ မဖြစ်ဖြစ်အောင် လုပ်သွားချင်တဲ့ဆန္ဒတစ်ခုက ရေတံခွန်ကြီးကို သွားဖြစ်အောင်သွားကြည့်ဖို့။ ညဆိုင်းအလုပ်ဆင်းတဲ့ စားသောက်ဆိုင်က စားပွဲထိုးကလေးကို ရေတံခွန်အိပ်မက်ခရီးစဉ်အကြောင်းပြောပြတော့ ဟိုက သူလည်း တောင်အမေရိကတိုက်အဖျားက ထိပ်ချွန်ချွန်ကလေးကို သွားချင်တဲ့အိပ်မက်ရှိတယ်တဲ့။ အဲဒီနေရာကို ဒေသခံတွေက ကမ္ဘာကြီးရဲ့အဆုံးလို့ ခေါ်ကြပြီး ကိုယ့်စိတ်ထဲမှာ မလိုချင်တော့တဲ့အရာတွေကို စွန့်ပစ်ဖို့အတွက် အဲဒီကို သွားကြပါသတဲ့။ “ဒါဆို အပန်းမကြီးရင် ငါလည်း လူကြုံထည့်ပေးလို့ရသလား။” လို့မေးပြီး ကက်ဆက်ခွေလေးတစ်ခွေ အသံသွင်းပြီးပေးလိုက်သတဲ့။ နိုက်ဂါရာကအပြန် ဟောင်ကောင်ရောက်သွားတဲ့အချိန်လောက်မှာ သူ့အခန်းကနေ သူအလာကိုစောင့်နေတဲ့ ကောင်လေးတစ်ယောက်ကတော့ လက်ကောက်ဝတ်ကို ဓါးနဲ့လှီးသွားပါတယ်။ ကမ္ဘာ့အစွန်ဖျားက တရုတ်ကလေးတစ်ယောက်ကတော့ ကက်ဆက်ခွေကလေးကို အဝေးကြီးလွှင့်မပစ်ခင် ဘာတွေပါလိမ့်လို့ နားထောင်ကြည့်တော့ ရှိုက်ကြီးတငင်ငင်ငိုသံတွေကလွဲလို့ ဘာမှ မကြားရဘူးတဲ့ကွယ်။
            သည်ဇာတ်ကားမှာ ကြောက်ခမန်းလိလိ ကောင်းချက်ကတော့ ဇာတ်ဝင်တေးသွားတွေပါပဲ။ တသက်နဲ့တကိုယ် သူတို့အနောက်နိုင်ငံက ဂန္တ၀င်ဂီတဆိုတာတွေကို တခါမှ အဓိပ္ပါယ်ပေါက်အောင် ခံစားကြည့်လို့ နားမလည်ဖူးဘူး။ မိုးဇက်တို့၊ ဘီသိုဗင်တို့၊ ရှိုပင်တို့လို ဂန္တ၀င်ကမ္ဘာ့ဂီတတွေကို နားထောင်လို့ ကောင်းသလိုလိုနဲ့ ခံစားလို့တော့ မရခဲ့ဖူးတာ ၀န်ခံရမှာပဲ။ သည်ကားထဲမှာ နိုင်ဂါရာရေတံခွန်ကြီးကို တစ်ယောက်တည်းသွားရတဲ့ ကောင်ကလေးစိတ်ထဲမှာ ဘာတွေရှိနိုင်မလဲ။ သူပြထားတာကတော့ ရေတွေရယ်။ ပြီးတော့ ရေတွေရယ်။ ရေတံခွန်ကြီးတစ်ခုလုံး ထောင့်စေ့အောင် ရိုက်ပြတယ်။ လူမပါဘူး။ စကားမပြောဘူး။ အပြန်ခရီးမှာ မော်တော်ဘုတ်နောက်မြီးဆီက ငိုင်နေတဲ့ကောင်လေးကို မြင်ရမယ်။ ဆယ်မိနစ်လောက်ကြာတဲ့အခန်းမှာ သိပြီးသားဇာတ်ကြောင်းနောက်ခံကို ဂီတသံသက်သက်နဲ့ပဲ ပရိသတ်ကို ခံစားခိုင်းပါတယ်။ ဇာတ်သိမ်းစာတမ်းထိုးတဲ့အခါမှ အဲဒါ ဂန္တ၀င်ကမ္ဘာ့ဂီတတွေမှန်း သိရတာ။ အဲလိုအရသာမျိုး တခါမှ မခံစားဖူးလေတော့ ရေတွေချည့် ရစ်ရစ်ကြည့်မိတာ ဘယ်နှစ်ခါမှန်းမသိ။ လူမိုက်ကလေးဇာတ်သိမ်းခန်းမှာတော့ သီချင်းတစ်ပုဒ် အစအဆုံးဖွင့်ပေးတယ်။ ဒါပေမယ့် စပိန်လို။ Cucurucucu Paloma တဲ့။ မြန်မာလိုတော့ ချိုးလေးတကူကူးဆိုပါတော့။ ကြိုက်လွန်းလို့ စာသားတွေပါ လိုက်ရှာပြီး ဘာသာပြန်ပလိုက်တယ်။ ကောင်းလိုက်တာ။ ဂီတဆိုတာ ဘာသာစကားမလိုဘူးဆိုတာကို လက်တွေ့ သဘောပေါက်သွားပါသဗျား။ လက်တင်အက ကတဲ့တေးသွားကလည်း ကမ္ဘာ့ဂန္တ၀င်အကတေးသွား။ အဲဒီပေါက်ဖော်ကြီး ဘာတွေစားလို့ အဲလောက်အနုပညာအကောင်းတွေ ခံစားတတ်လေသလဲမသိပါဘူး။ ဇာတ်သိမ်းသီချင်းကျတော့မှ အင်္ဂလိပ်လို။ လူတိုင်းနားလည်လိမ့်မယ်။ “Happy together” တဲ့။ ဇာတ်ကားကိုပေးထားတဲ့နံမည်။ ဇာတ်ကားအပြီးမှာ နားထဲစွဲကျန်ရစ်တဲ့ စာသားကလေးတပိုင်းတစက “I can’t see me loving nobody but you for all my life …” ဆိုပဲ။
         ညွှန်းလှချည်လား စိန်ခင်မောင်ရီရယ်။ တို့များကြည့်ဖူးပါတယ်။ အဲလောက်လည်း ဟုတ်ပဲနဲ့ ဆိုရင်လည်း ငြင်းစရာ မရှိပေါင်ဗျာ။ သဘောတူပါတယ်။ သူ့ဇာတ်လမ်းကြီးက အရှေ့တိုင်းမှာ ရုံတင်လို့ ရစရာမှ မရှိပဲနဲ့။ မိန်းမအခွင့်အရေးတောင် အပြည့်အ၀ မရတဲ့အရပ်မှာ မိန်းမရှာအခွင့်အရေးဆိုတာ အိပ်မက်တောင် လာမမက်နဲ့။ ဘုရားမကြိုက်တဲ့အလုပ်တွေ။ (နတ်တွေကတော့ ကြိုက်သလား မပြောတတ်။ နတ်ကတော်တွေ အကုန် အဲဒါတွေချည့်ပဲ) သူ့ဇာတ်ကားကြည့်ပြီး ဗဟုသုတ အသစ်ရသွားတာက ဟိုမိုစုံတွဲဆိုတာ ကိုယ်တွေစိတ်ထဲမှာစွဲနေသလို တစ်ယောက်ကယောင်္ကျား တစ်ယောက်ကမိန်းမ ဖြစ်စရာမလိုဘူး။ (ဒါတော့ နင်ပြောမှပဲဟယ်။) သူတို့စိတ်ထဲမှာ တခြားတစ်ယောက်ကို ဆန့်ကျင်ဘက်လိင်အမှတ်နဲ့ စွဲလန်းတွယ်တာတာ မဟုတ်ဘူး။ အတူတူချင်းမို့လို့သာ စွဲလန်းတာတဲ့။ မထူးဆန်းလား ကတွတ်ပီရယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာ အဲဒါမဟုတ်ဘူး။ ၀မ်ကျားဝေကြီးပြချင်တာလည်း အဲဒါမဟုတ်ဘူး။ ယောင်္ကျား၊ မိန်းမ၊ ဟိုမိုတွေ၊ ဟက်ထရိုတွေကို မေ့ပစ်ပြီး လူသားနှစ်ယောက်အနေနဲ့ပဲ ကြည့်ပေးမြင်ပေးလိုက်။ မယုံရင် အဲဒီခွဲခြားမှုမပါပဲနဲ့ အပေါ်ကဇာတ်လမ်းကို တခေါက်ပြန်ဖတ်ကြည့်။ ခံစားရတာ တမျိုးပြောင်းသွားမယ်။ လူသားတွေမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက ကန့်သတ်ထားတဲ့ဘောင်တွေကြောင့် အနုပညာတွေ ဖန်တီးတဲ့အခါ၊ ခံစားတဲ့အခါ ချုပ်နှောင်ထားသလိုဖြစ်တဲ့အတွက် လွတ်လပ်မှုကို အပြည့်အ၀ ခံစားရမှာ မဟုတ်ဘူး။ ဒါကြောင့် သည်နေရာမှာ ဆရာသော်တာဆွေ့စကားပြန်ကောက်ရရင် အနုပညာအပေါ်မှာ ဘယ်အရာကိုမှ တင်မထားနဲ့။ ဘယ်အရာနဲ့မှ ကန့်သတ်ချုပ်နှောင်မထားနဲ့။ အဲဒါဆို သူများတွေကတော့ ခံစားတတ်ချင်မှ ခံစားနိုင်လိမ့်မယ်။ ကိုယ့်ဘာသာကတော့ လွတ်လပ်တဲ့အနုပညာအရသာကို လက်တွေ့ခံစားရမှာ မလွဲဘူး။ အငြင်းအခုံတို့ ၀ိဝါဒတို့ဆိုတာ အနုပညာရှင်က လုပ်ရမယ့်အရာ မဟုတ်ဘူး။ ခံစားသူတွေ အဲသည်လို လုပ်နိုင်ဖို့ အတွေးအခေါ်တွေ နှိုးဆွပေးဖို့သာ ဖြစ်ပေလိမ့်မယ်။
သည်လိုဆိုရင် ကိုယ့်ဘာသာလည်း ပြန်မေးကြည့်ပါတယ်။ ဘာဖြစ်ချင်တာလဲ။ ဘာလုပ်မလို့လဲ။ ဂျစ်ပစီမိုးတိမ်ထဲကလို “လူငယ်လေးတစ်ဦးပါ” လို့လည်း ပြောလို့ရတဲ့အရွယ် မဟုတ်တော့ဘူး။ သေခါနီးလို့ ၀ိုင်းပြောကြမယ်။ အားလုံးမှန်ကြပါတယ်။ ကိုယ်လျှောက်ချင်တဲ့ အိပ်မက်လမ်းကတော့ လိမ်ညာလှည့်ဖျားခြင်းကင်းတဲ့ အဆိပ်အတောက်မဲ့၊ အနုပညာပစ္စည်းစစ်စစ်တွေ ချန်ထားရစ်နိုင်တဲ့သူတစ်ယောက်အဖြစ်။ တော်လောက်ရောပေါ့။ ဆေးသောက်ဖို့ အချိန်ရောက်လာပြီ။

http://www.youtube.com/watch?v=T2aUymalL5w

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...