Wednesday, March 28, 2012

ဖျော်ဖြေရေး ကမ္ဘာထဲက 4D ရုပ်ရှင်


by Internet Journal on Thursday, March 29, 2012 at 9:23am ·

မားစ်ဂြိုလ်သို့ ရောက်ရှိလာသော ကပ္ပတိန် John Carter၊ သူနှင့် ဂြိုလ်သားများ တွေ့ဆုံခြင်းက ကောင်းမွန်သော တွေ့ဆုံခြင်း မဟုတ်၊  ပဋိပက္ခပေါင်းများစွာ၊ ရန်ပွဲများစွာကို ရင်ဆိုင်ရသည်။ ဂြိုလ်သားများနှင့် တိုက်ပွဲ ထူးဆန်းသော သတ္တဝါနှင့် ရန်ပွဲ၊ စွန့်စားခန်းများ ပါဝင်သော John Carter ရုပ်ရှင်ကား။ အဲ့ဒီလို စွန့်စားခန်း အမြောက်အမြား ပါဝင်သော ရုပ်ရှင်ကားမျိုးကို ကျွန်တော်တို့ ငယ်စဉ် ဘဝကတည်းက ရင်းနှီးကျွမ်းဝင်စွာ ခံစားကြည့်ရှုဖူးခဲ့ကြသည်။ ဒါပေမဲ့ စွန့်စားခန်းတွေကို 4D နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ပုံမှန်ကြည့်နေကျ အရသာ မဟုတ်တော့။  ဇာတ်လမ်းက ပိုကြွလာသည်။ ပိုအသက်ဝင်လာသည်။ ရုပ်ရှင်ကြည့်နေသော ကျွန်တော့်နေရာသည် ရုပ်ရှင်ဇာတ်ကားထဲ ရောက်သွားသည်။ ဇာတ်ကားထဲက အဖြစ်အပျက်အားလုံးက ကျွန်တော့် လက်တစ်ကမ်းမှာ ဖြစ်ပျက်နေသည်။

John Carter ပစ်လိုက်သော --- ပေါ်က ရှပ်ပြေးသွားသည်။ လှေလှော်နေသူ၏ လှော်ခတ်သံကြောင့် မြစ်ထဲမှ ရေတချို့က ကျွန်တော် မျက်နှာပေါ် စင်သည်။ သေနတ်သံပေါက်ကွဲသံကြောင့် ထိုင်နေသော ကျွန်တော်ခုံတွေ လှုပ်ရှားလည်ပတ် ကုန်သည်။ ရုပ်ရှင်ကြည့်နေတာပါလား ဆိုတဲ့ အသိ ခဏတာ ကွယ်ပျောက်သွားခဲ့ပါသည်။
4D ရုပ်ရှင်ကို ပထမဦးဆုံး ခံစားဖူးတာ ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ PARAGON CINEPLEX တွင် ကြည့်ရှုခွင့် ရခဲ့သော John Carter 4D  ရုပ်ရှင်ဖြစ်ပါသည်။ The  Lady ကြည့်ရှုရန် သွားရောက်ခဲ့တာ ဆိုပေမယ့် ကျွန်တော်တို့ ရောက်ရှိချိန်မှာတော့ ဒေသစံတော်ချိန် ည ၁၀ နာရီ ကျော်ပြီမို့ The  Lady ပွဲစဉ်က မရှိတော့။ 4D ကတော့ ၁၁ နာရီ ၁၀ မိနစ်မှာ တစ်ပွဲ ရှိသေးတာကြောင့် မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် မရှိသေးသော 4D ရုပ်ရှင်ကို မြည်းစမ်းခဲ့ပါသည်။ ဇာတ်ကားနာမည်က John Carter ဖြစ်သည်။

ကျွန်တော် အလွယ်မှတ်ထားတာက ပုံမှန်သမ္မတ ရှေ့ဆောင်တို့မှာ ကြည့်တာက 2D၊ မျက်မှန်နဲ့ ကြည့်တာ 3D ပေါ့။ 4D ဆိုတာက Physical Effects တွေပါတဲ့ ရုပ်ရှင်လို့ပဲ သူများတွေပြောတာ  ကြားဖူးသည်။ ဘယ်လိုမျိုး Physical Effects လည်း ဆိုတာကတော့ လေးလေးနက်နက် တစ်ခါမှ မတွေးခဲ့။ တကယ်တမ်း ရုပ်ရှင်စကြည့်လိုက်တာနဲ့ ကြော်ငြာက စတင်ပြီး ကျွန်တော့်ကို ဆွဲဆောင်သွားပါသည်။ ပြောင်းဖူး ပေါက်ပေါက်ဖိုထဲ တစ်ဖောက်ဖောက် မြည်နေသော ပေါက်ပေါက်တွေကို ဝယ်ပြီး ရုပ်ရှင်လာကြည့်သော ကာတွန်းရုပ်လေး။ Doby System ကြော်ငြာလိုမျိုး 4D System ကြော်ငြာဖြစ်သည်။ ဒါပေမဲ့ ပုံမှန်အတိုင်း ကြည့်ရတာ မဟုတ်။ ပေါက်ပေါက်ဖောက်ရာ နေရာက ပြောင်းဖူးပေါက်ပေါက်တွေ ကျွန်တော်တို့နေရာကို လာစင်သလိုမျိုး ပိတ်ကားအထဲ၊ အပြင်က အလင်းရောင်တန်းတွေ ပေါ်လာသည်။ တစ်ဖောက်ဖောက်အသံကြောင့် ကျွန်တော်ထိုင်နေသည့် ထိုင်ခုံ သိမ့်သိမ့်ခါလာသည်။ Physical Effects ဆိုတာ ဒါမျိုးပဲပေါ့လို့ စတင် မှတ်ထားလိုက်ပါသည်။

လက်မှတ်ဝယ်တုန်းက လက်မှတ်နဲ့အတူ 4D မျက်မှန်တစ်လက်၊ John Carter ရုပ်ရှင်စတေကာ တစ်ခုရယ်၊ John Carter ပုံပါ လက်ဆောင်စာအုပ်လေး တစ်အုပ်ရယ် ရပါသည်။ လက်မှတ်ခက ဘတ်ငါးရာတဲ့။ မြန်မာငွေနဲ့ တွက်ကြည့်တော့ တစ်သောင်းခွဲနီးပါး ရှိနေပြီ။ ရန်ကုန်မှာဆို ကြည့်ဖြစ်မှာ မဟုတ်ပေမယ့် ရောက်တုန်း ရောက်ခိုက်လည်းဖြစ်၊ ပထမဦးဆုံး အကြိမ်လည်း ဖြစ်တာကြောင့် ကြည့်ဖြစ်လိုက်သည်။ တကယ့်တကယ် ကြည့်တော့လည်း တန်သည်ဟု ပြောလို့ရပါသည်။ ရုပ်ရှင်ထိုင်ခုံသည် ကျွန်တော်တို့ကြည့်နေကျ  ထိုင်ခုံထက် ပိုခိုင်ခံ့ပုံ ရပြီး နည်းနည်းပိုကြီးနေပါသည်။ အရှေ့နှင့်  အနောက် ထိုင်ခုံတစ်ခုံနှင့် တစ်ခုံ အကွာအဝေးကလည်း ရန်ကုန်မှာ ကြည့်နေကျ ပုံမှန်ထိုင်ခုံထက် တစ်ပေနီးပါးလောက် ကွာပါသည်။ ပြီးတော့ ထိုင်ခုံတိုင်းရဲ့ အောက်ခြေမှာ ခြေထောက်တင်ထားမယ့်နေရာ တပ်ဆင်ထားသေးသည်။ ရုပ်ရှင်ဇာတ်ဝင်ခန်း အတိုင်း ထိုင်ခုံက လှုပ်ရှားနေရမှာမို့ ကျစ်ကျစ်လျစ်လျစ် တောင့်တောင့်တင်းတင်း ဖြစ်နေဖို့လိုတာပေါ့။

Physical Effects တွေသာ မပါဝင်ခဲ့ပါက 4D သည် 3D သာ ဖြစ်လိမ့်မည်။ မျက်မှန်ကြောင့် ပိတ်ကားပေါ်ရှိ ဇာတ်ဝင်ခန်းများ ရုပ်လုံးပိုကြွလာမည်။ ပုံမှန်သမားရိုးကျ ပိတ်ကားမြင်ကွင်းထက် ထူးခြားသော ရုပ်လုံးကြွမှုတွေကို မြင်ရမည်။ ဒီလောက်သာ။ 4D ရုပ်ရှင် ဆိုလာတော့ တခြားဖျော်ဖြေရေး အသွင်သဏ္ဌာန်တွေ ထပ်ပေါင်းလာမည်။ အထူးသဖြင့် တုန်ခါမှု၊ လေထု၊ မိုး စတာတွေ ပါလာမည်။ 3D ရုပ်ရှင်ကို ဖျော်ဖြေတင်ဆက်မှု တချို့ထပ်ပေါင်းခြင်းကို 4D ဟု ခေါ်သည်လို့ သိရပါသည်။ ဘယ်လိုဖျော်ဖြေ တင်ဆက်မှုမျိုးတွေလည်း ဆိုတော့ ရုပ်ရှင်ရုံထဲမှာ မိုးတွေ၊ လေတွေ၊ မီးပွားမီးပြောက်လေးတွေနဲ့ အသံတုန်ခါမှု၊ နေရာတုန်ခါမှုတွေ ဖြစ်သည်။ 4D ရုပ်ရှင်ဟာ ဘန်ကောက်၊ မက္ကဆီကို၊ ဟောင်ကောင်၊ နီပေါ၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ တခြားနိုင်ငံတချို့မှာ ရေပန်းစား ကျော်ကြားနေပါသည်။

John Carter ရုပ်ရှင်ဇာတ်ကားမှာ တိုက်ခိုက်ခန်း၊ အသတ်အပုတ် အများဆုံး ပါဝင်တာကြောင့် Vibration အရသာကို ကောင်းကောင်းကြီး ခံစားလိုက်ရပါသည်။ စစချင်း ဇာတ်ဝင်ခန်းတချို့ကနေ ကျွန်တော်ထိုင်နေသော ထိုင်ခုံက ဟိုဖက်ယမ်းလိုက် ဒီဖက်ယမ်းလိုက်နဲ့ နောက်ဆုံးဇာတ်သိမ်းခန်း အထိ။ မင်းသားနဲ့ ဂြိုလ်ကမ္ဘာက လူတွေ တိုက်ခိုက်မှုကြောင့်  ရုပ်ရှင်ကြည့်နေသည့် ကျွန်တော်တို့ နေရာတွေတောင် တုန်ခါလာတဲ့ သဘော ပြုလုပ်ထားတာ ဖြစ်သည်။ နောက်ထပ်အများဆုံး ခံစားမှုက လေထုဖြစ်သည်။ အာကာသဟင်းလင်း ပြင်ဇာတ်ဝင်ခန်းတွေ ရောက်တိုင်း လေတိုက်သံတွေက ဟူးခနဲဟူးခနဲ ဖြစ်သွားသည်။ နောက်တစ်ခုက ရေ။  ရေအသုံးပြုသည့် ဇာတ်ဝင်ခန်း အများကြီးတော့ မပါပါ။ ရုပ်ရှင်ရုံထဲက အဲကွန်းကအေး၊ လေတိုက်ထားတာက အေးနဲ့ ရေပါတဲ့ အခန်းရောက်တော့ ကျောထဲ စိမ့်ခနဲ ဖြစ်သွားသည်။

အာကာသထဲက မြစ်တစ်စင်းပေါ်မှာ ရုပ်ရှင်သရုပ်ဆောင်တွေ လှေတစ်စီးနဲ့ ထွက်ပြေးနေသည့် ဇာတ်ဝင်ခန်း၊ မြစ်ထဲက ရေမှုန်ရေမွှားတွေ ကျွန်တော်တို့ မျက်နှာပေါ် လာစင်သည်။ အများကြီးတော့မဟုတ်။ အမှုန်အမွှားမျှသာ။ နောက်တစ်ခုက သေနတ်ကျည်ဆံ။ တကယ်ပဲ သေနတ်ကျည်ဆံတွေ လာထိမလား စိုးရိမ်မိသေးသည်။ ဇာတ်ကောင်အချင်းချင်း ပစ်ခတ်နေသည့် ပစ်ကွင်းဘေး ကျွန်တော်တို့ ရောက်ရှိသွားစဉ် သေနတ်ကျည်ဆံ ရှပ်ပြေးသွားတဲ့ ပုံစံပေါ့။  တကယ်တော့ ကျွန်တော်တို့ဆီကို သေနတ်ကျည်ဆံ လာထိတာတော့ မဟုတ် ခေါင်းနား၊ ဆံပင်စလေးတွေ ခေါင်းပေါ်ကနေ လေတွေ ဟူးခနဲ မှုတ်ပေး လိုက်တာဖြစ်မည်။ ဇာတ်ဝင်ခန်းမှာ ဈာန်ဝင်နေတော့ သေနတ်ကျည်ဆံတွေ ခေါင်းပေါ် ရှပ်ပြေးသွားတယ်ပေါ့။ ခံစားမှု အရသာတွေက အခြေခံ အဲဒီ လေးမျိုးလောက်ပဲ ဖြစ်သည်။ အဲဒီလေးမျိုးက ဇာတ်ဝင်ခန်းအပေါ်လိုက်ပြီး အလှည့်ကျ အသက်ဝင်သွားသည်။ ကြည့်ရှုနေသူတွေလည်း ရုပ်ရှင်ဆိုတာကို မေ့သွားပြီး ဇာတ်ဝင်ခန်းတွေနဲ့အတူ စီးမျောလိုက်ပါသွားသည်။ အဲဒါ ကျွန်တော်ခံစားတဲ့ 4D ရုပ်ရှင်အရသာ ဖြစ်သည်။

နောက်တစ်ခေါက်  ကြည့်ရှုခွင့်ရမည် ဆိုပါက ဒီထက် feature ပိုစုံတဲ့ 5D ရုပ်ရှင် ကြည့်ချင် ပါသေးသည်။ 4D ရုပ်ရှင်သည် ကမ္ဘာကျော် 3D ရုပ်ရှင် Avatar ဇာတ်ကားထွက်ရှိပြီး နောက်ပိုင်း နာမည်ကျော်လာခဲ့တာ ဖြစ်ပါသည်။ ပြည်တွင်းမှာတော့ ရန်ကုန်မှာဆိုရင် မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ Junction Square မှာ 3D ရုပ်ရှင်ရုံတွေ ပါလာသည်။ အဲဒီမတိုင်ခင်က 3D  Mini Theratre တွေ နေရာတချို့မှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်သိသလောက် 4D ရုပ်ရှင်ကတော့ ပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ် မရှိသေးပါ။ ဖျော်ဖြေးရေးကမ္ဘာ ဖြစ်လာသည့် နည်းပညာခေတ်ထဲတွင် 4D ရုပ်ရှင် ရုံတစ်ရုံကို ပြည်တွင်းမှာ ကိုယ်ပိုင် တည်ဆောက် ဖွင့်လှစ်လိုက်တယ် ဆိုတာကို John Carter ရုပ်ရှင်ကြည့်ပြီး နောက်ပိုင်းမကြာခဏ အိပ်မက် မက်မိလေသည်။ John  Carter 4D ရုပ်ရှင်ကြည့်စဉ်တုန်းက အခြားသတိထားမိသော (ကျွန်တော်တို့နိုင်ငံနှင့် မတူညီဘူးဟု ယူဆသော) အချက်တချို့ ရှိပါသေးသည်။

(၁) ကြော်ငြာအများကြီးမပြပါ။ (တခြား ပွဲစဉ်တွေမှာတော့ ပြနိုင်ပါသည်။)

(၂)သူတို့နိုင်ငံရဲ့ နိုင်ငံတော်အလံ(ထိုင်းဘုရင်လှုပ်ရှားမှု ပြကွက်တချို့ကို ပြပါသည်။) က အားလုံးက  တရိုတသေ ပြီးဆုံးအောင်အထိ အလေးပြုဦးညွှတ်ကြပါသည်။

(၃)စကားပြောအားလုံးကို သူတို့နိုင်ငံရဲ့ ဘာသာစကားနဲ့ ဘာသာပြန်ပြီး စာတမ်းထိုးပေးသည်။

ဘယ်လိုပဲဖြစ်ဖြစ် တကယ်တော့ သာမန်ရုပ်ရှင်ဇာတ်ကားကို ရုပ်လုံးကြွ မျက်မှန်နဲ့ကြည့်၊ လေတွေမိုးတွေရဲ့ အငွေ့ အသက်ကို ထိတွေ့ခံစားစေနိုင်ဖို့ Air jets, Water Sprays တွေသုံးပြီး ဆောင်ရွက်ထားသလို ငလျင်တွေ၊ မြေကြီးတုန်ခါမှုတွေ ရရှိအောင် ထိုင်တဲ့ထိုင်ခုံတွေကို  Vibration စနစ် ထည့်သွင်းထားပြီး ရုပ်ရှင်ပြသနေစဉ် ကာလအတွင်း တစ်လက်မလောက် လက်မဝက်လောက် တုန်ခါပေးတာမျိုးသာ ဖြစ်ပါသည်။ ပုံမှန်အတိုင်း ဆိုပါက အဲဒီတုန်ခါမှုတွေ၊ ရေစပရေးတွေဟာ အဆန်းတကြယ် မဟုတ်ပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ပါတဲ့ သက်ဝင်လှုပ်ရှားမှုများတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ နိုင်ငံတကာအဆင့်မီ နည်းပညာ ဖြစ်သွားသည်။ တစ်ခေါက်ပြီး နောက်တစ်ခေါက် ကြည့်ချင်အောင် စိတ်လှုပ်ရှားမှုတွေ ဖန်တီးပေးသွားသည်။ အဲဒီလိုဖန်တီးနိုင်ဖို့ အတွက် စိတ်ကူးစိတ်သန်းတွေအပြင် သာမန်ထက် ပိုမိုကုန်ကျတဲ့ ကုန်ကျစားရိတ်၊ နည်းပညာတွေတော့ လိုအပ်ပါသည်။ ကျွန်တော်အပါအဝင် ပြည်တွင်းမှ ရုပ်ရှင်ချစ်ပရိတ်သတ်အများစု အတွက် 4D ရုပ်ရှင်သည် ထူးဆန်းသော နည်းပညာတစ်ရပ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

သို့သော် နိုင်ငံတကာမှာတော့ နှစ်ချို့သည်အထိ စောနေခဲ့သည် မဟုတ်ပါလား။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ 3D ဆိုသည့် နာမည်ကို စတင်ရင်းနှီးခွင့် ရရှိခဲ့ပြီး 4D ကိုတော့ ရင်းနှီးမှုရရှိခဲ့တာ နှစ်ပိုင်းလောက်ပဲ ရှိပါဦးမည်။ သို့သော်လည်း 4 Dimensional (4D) ဆိုသည့် နာမည်ကို ရင်းနှီးတဲ့လူထုက မြို့နေလူထုပဲ ဖြစ်လိမ့်ဦးမည်။ မျက်မှောက်ခေတ်တွင် နည်းပညာ အသုံးပြု ဖျော်ဖြေရေးများ အပြိုင်အဆိုင် ပေါ်ပေါက်နေပါသည်။ ရုပ်ရှင်ဖျော်ဖြေရေး ကဏ္ဍတွင်လည်း အသွင်ပုံစံအမျိုးမျိုးဖြင့် ကြည့်ရှုသူ စိတ်ကျေနပ်စေမည့် နည်းပညာများ အဆင့်ဆင့် ပြောင်းလဲလာခဲ့လေသည်။ တစ်ခန်းရပ်ပြဇာတ်၊ ပြဇာတ်ရှည်မှသည် အသံတိတ်ရုပ်ရှင်၊ အသံထွက် အဖြူအမည်းရုပ်ရှင်၊ ဆေးရောင်စုံ ရုပ်ရှင်၊ အဲဒီနောက်တော့ 3D ရုပ်ရှင်၊ 4D ရုပ်ရှင်တွေ အဆင့်ဆင့် ပေါ်ပေါက်ခဲ့လေပြီ။ ဥရောပနိုင်ငံတချို့မှာတော့ 5D ဆိုတာကြီးကို ပြသနေပြီဖြစ်ကြောင်း သိရပါသည်။

5D ကရောဘာတွေ ပိုထူးခြားလာဦးမလဲ။ 4D ကို ပိုပြီးကောင်းအောင် အဆင့်မြှင့်ထားခြင်း  ဖြစ်သည်ဟု သိရသည်။ သူက Function တွေ ပိုစုံလာမည်။ လေတိုက်တာ၊ ရေစပရေးဖြန်းတာ၊ ထိုင်ခုံတွေ လှုပ်တာနဲ့တင် မပြီးတော့။ မီးခိုးငွေ့လေးတွေ ထပ်ပါလာမည်။ ဒါတင်မဟုတ် အနံ့တွေပါ ပါလာမည်။ သစ်တောအုပ်ထဲ ရောက်သွားသော ဇာတ်ဝင်ခန်းရောက်လျှင် တကယ့်သစ်တောရနံ့တွေ၊ ပန်းခင်းထဲ ရောက်သွားရင် ပန်းရနံ့တွေရမည်။ ခေတ်တွေ ပြောင်းလာတာနဲ့အညီ နည်းပညာတွေလည်း ပြောင်းလဲလာမည်။ ပိုပြီးကောင်းမွန်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ရရှိလာမည် မဟုတ်ပါလား။ နောက်ထပ် ထွက်ပေါ်လာမယ့် 6D, 7D တွေမှာ ဆိုလျှင်တော့ ဘယ်လောက်အထိတောင် ပီပြင်လာပါလိမ့်မလဲ။ ကျွန်တော်တို့တွေက နည်းပညာတီထွင် ဖန်တီးမှုရဲ့ နောက်ကို ဘယ်အတိုင်းအတာအထိ ဆက်လိုက်နေရဦးမလဲ မသိတော့ပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် Samsung Forun 2012 အခမ်းအနားကို မတ်လ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်တာ တက်ရောက်ခွင့် ရရှိခဲ့စဉ် ကာလအတွင်း 4D ရုပ်ရှင်ကို ကြည့်ရှုခွင့် ရရှိခဲ့တာ ဖြစ်ပါသည်။ ကျွန်တော့်ခရီးစဉ်အတွင်း စိတ်ဝင်စားမှု အကောင်းဆုံး အစီအစဉ်တစ်ရပ် ဖြစ်နေခဲ့လေသည်။ အဲဒီ အကောင်းဆုံး အစီအစဉ်ကို ကျွန်တော့်မိခင်နိုင်ငံမှာလည်း ပေါ်ပေါက်လာဖို့ မျှော်လင့်မိသည်။ မြန်မာနိုင်ငံမှာ 3D ကို Mini Thretre တွေဖြင့် စတင်ခဲ့သည်။ ရှစ်မိုင်လမ်းဆုံက 3D Mini Thretre လေးတွင် ပထမဦးဆုံး 3D ရုပ်ရှင်ကြည့်နိုင်ပြီ။ ဈေးဝယ်စင်တာကြီး အတွင်းမှာ ရှော့ပင်းလည်းထွက်၊ ဈေးလည်း ဝယ်ရင်းပေါ့။ 4D  ရုပ်ရှင်ကိုတော့ သူများနိုင်ငံမှာ စတင် ကြည့်ရှုခဲ့ဖူးပါပြီ။ ပြည်တွင်း အနေအထားနှင့် ဘယ်လုပ်ငန်းရှင်က ဘယ်လောက်  အတိုင်းအတာအထိ ရင်းနှီးမြှုပ်နှံပြီး 4D ရုပ်ရှင်ကို မြန်မာနိုင်ငံ ရုပ်ရှင်ပရိသတ်နှင့် ထိတွေ့ခွင့်ပေးနိုင်မလဲ ဆိုတာကတော့ဖြင့်.....။

ကိုးကား - ဝီကီပီဒီးယာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...