Tuesday, March 27, 2012

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ရှေ့ ရေး


ဦးဖိုးသာအောင် ၂၇။၃။၂၀၁၂
စစ်တပ်သည် အပစ်အခတ်နှင့် အညစ်အပတ်အဖွဲ့အစည်း မဟုတ်၊ စစ်တပ် (သို့) လက်နက်ကိုင် အဖွဲ့အစည်းဆိုသည်မှာ တိုင်းပြည်တိုင်းမှာ မရှိမဖြစ်လိုအပ်သည်၊ တိုင်းပြည်အတွက် ဖွဲ့စည်းတည်ထောင် ထားသည့် စစ်တပ်သည် ပြည်သူလူထု အကျိုးအတွက်သာဖြစ်ပြီး ပြည်သူလူတစု၏ အကျိုးအတွက် မဟုတ်ပါ။

မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ် (မြန်မာ့တပ်မတော်)ကို စတင်ဖွဲ့စည်းခဲ့သည်၊ တိုင်းပြည်နှင့် လူထုတရပ်လုံး၏ အကျိုးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်၊ ဒါကြောင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးကို သယ်ပိုးထမ်းဆောင်လိုသူများက စစ်တပ်(မြန်မာ့တပ်မတော်) ထဲသို့ ဝင်ကြပါသည်၊ ကိုလိုနီကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် တနည်းအားဖြင့် အမိမြန်မာနိုင်ငံတော် အတွက် အသက်ပေးတိုက်ခိုက်ကြရန် စစ်သားအဖြစ်ကို ခံယူကြသည်၊ လွတ်လပ်ရေးရပြီးနောက် အမိမြန်မာပြည်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်သားအဖြစ်ကို ဆက်လက်ခံယူကြသလို စစ်တပ် အတွင်းသို့ ဆက်လက်ဝင်ရောက် အမှု့ထမ်းကြပြန်ပါသည်၊ ဒါကြောင့် ယနေ့တိုင် မြန်မာ့တပ်မတော်အဖြစ် အခိုင်အမာ တည်တံ့နေဆဲဖြစ်ပါသည်။ 



ထို့ကြောင့် မြန်မာ့တပ်မတော်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးအတွက် ပေါ်ထွန်းခဲ့ရသလို မြန်မာ့တပ်မတော်သားတို့သည်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတို့၏ ဘဝကို မြုပ်နှံထားကြသည် ဟူသော အခြေခံ ခံယူချက်မှာ အစဉ်အမြဲ ကိန်းအောင်းနေကြသည်သာ ဖြစ်ပါသည်၊ ဘယ်သောအခါမှ ပျောက်ကွယ်မည့် ခံယူချက်မဟုတ်ပါ။

သို့သော် စစ်တပ်၊ စစ်သားနှင့် စစ်သား၏ အခြေခံ ခံယူချက်ကို ပျက်စီးအောင် လွဲမှားအောင် ပျောက်ပျက်အောင် ပြုလုပ်ကြသည့် သူများလည်း အခွင့်အခါအရ ပေါ်ပေါက်လာတတ်ပါသည်၊ မြန်မာပြည်တွင် ဗိုလ်နေဝင်းသည် စစ်တပ်ကို စတင်ဖျက်ဆီးသူဖြစ်ခဲ့သည်၊ တိုင်းပြည်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် သိမ်းပိုက်လိုက်ပြီး စစ်တပ်ကို သူ၏ ကိုယ်ပိုင်တပ်ဖြစ်အောင် ပြုလုပ်ခဲ့သည်၊

ပြီးလျှင် စစ်အာဏာရှင်တစုနှင့် စစ်အာဏာရှင် စနစ်ကို ကာကွယ်စောင့်ရှောက်ရမည့် စစ်တပ်ဖြစ်အောင် ပြုလုပ်လိုက်ပါသည်၊ ထို့နောက် စစ်တပ်ကို နိုင်ငံရေးနှင့် တဖြည်းဖြည်း ကင်းကွာအောင်လုပ်ပြီး အုပ်ချုပ်ရေးယန္တယားအသွင် ဖန်တည်းပါတော့သည်၊ *ပြည်သူသာလျှင် အမိ ပြည်သူသာလျှင်အဖ* ဆိုသည့်နေရာမှာ *တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖ* ဆိုသည့် အယူအဆ ဆိုင်းပုဒ်ကို ပြောင်ပြောင်တင်းတင်း ပင် လွှင့်ထူလိုက်ပါသည်၊ ဒါကြောင့် မြန်မာ့တပ်မတော်သည် ဗိုလ်နေဝင်း၏ စတင်ဖျက်ဆီးခြင်းကို ခံလိုက်ရပါတော့သည်၊ သို့သော် တပ်မတော်သည် မပျက်စီးပါ။

စစ်အာဏာရှင် စနစ်ကို ထူထောင်ပြီး ဗိုလ်ကျလွှမ်းမိုးခဲ့သည့် ဗိုလ်နေဝင်းသည် မြန်မာ့ တပ်မတော်ကို ဘယ်လိုပင် ဖျက်ဆီးခဲ့ပေမယ့် လွတ်လပ်ရေး ဗိသုကာ၊ ပြည်သူလူထု၏ နှလုံးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ချမှန်အတည်ပြု ပြဋ္ဌါန်းပေးလိုက်သည့် တပ်မတော်၏ ခံယူချက်နှင့် စိတ်ဓါတ်ကိုတော့ မဖျက်ဆီးနိုင်ခဲ့ပါချေ၊

ဘယ်သောအခါမှလည်း မပျက်စီးနိုင်ပါချေ၊ အတိမ်းအစောင်း အယိမ်းအယိုင်များရှိကောင်း ရှိလာသော်လည်း မွန်မြတ်ပြီး စစ်မှန်သော သဘောထားခံယူချက်ဆိုသည်မှာ နွံမနစ်သည့် ပတ္တမြားပင်ဖြစ်ပါသည်၊ *မိဘပြည်သူများ* ခင်ဗျားဆိုသည့် တိုင်တည်သံသည် ပြန်လည်၍ ပြန့်လွင့်လာသည်က သက်သေပြလိုက်ပါပြီ။


မြန်မာ့တပ်မတော်သည် ကာကွယ်ရေး ဦးစီးချုပ်မှ အောက်ခြေရဲဘော်လေးအထိ စစ်သားကောင်း များပင်ဖြစ်ကြပါသည်၊ စစ်သားဆိုးများလည်း ရှိနိုင်ပါသည်၊ သို့သော် အများစုကြီးကတော့ ပြည်သူ့စစ်သား ဆိုသည့် စိတ်ဓါတ်နှင့် ခံယူချက် ရှိကြသူများဖြစ်ပြီး တိုင်းပြည်ကို ချစ်သော တိုင်းပြည်နှင့် လူထုကို တိုးတက်ကောင်းစားစေလိုသော စစ်သားများပင်ဖြစ်နေကြပါသည်၊

စစ်တပ်ထဲသို့ဝင်ရောက်ပြီး အမှု့ထမ်းကြ သူတိုင်းသည် မျှော်လင့်ချက် ရည်ရွယ်ချက်အမျိုးမျိုးရှိကြသလို အခြေအနေအမျိုးမျိုး ကြောင့်လည်း ဖြစ်နိုင်ပါသည်၊ သို့သော် အများစုကြီးကတော့ အမိနိုင်ငံတော်ကို ချစ်ကြပြီး တိုးတက်ချမ်းသာ စေချင်ကြသည်မှာ ယုံမှားမရှိနိုင်ပါ။



တိုင်းပြည်၏ မျက်နှာကို မကြည့်သော အတ္တကြီးသည့် စစ်အာဏာရှင်ကြီးက သူ့အတွက် အသုံးချရန် စစ်တပ်ကို အတွေးအခေါ်အရလည်းကောင်း၊ ခံယူချက်အရလည်းကောင်း ဖျက်ဆီးခြင်းကို မရှောင်သာဘဲ ခံကြရသည်မှာလည်း ဓမ္မတာသဘောပါ၊ မည်သို့ဆိုစေ စစ်တပ်မပျက်ပါ၊ စိတ်ဓါတ်လည်းမပျက်ပါ၊ မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော စစ်တပ်သည် မြန်မာပြည်ကို ချစ်မြဲချစ်နေကြပါသည်၊ ဘယ်သောအခါမှ မုန်းမသွားကြပါ။

နိုင်ငံတိုင်းတွင် အစိုးရရှိကြသည်၊ နိုင်ငံတိုင်းတွင် စစ်တပ်ရှိကြသည်၊ အစိုးရအဖွဲ့သည် စစ်တပ်ကို တိုက်ရိုက် ချုပ်ကိုင်ညွှန်ကြားသည်၊ စစ်တပ်ကလည်း တသွေမတိမ်းလိုက်နာဆောင်ရွက်ရပါသည်၊ အစိုးရကောင်းသည် တိုင်းပြည်နှင့်လူထု တိုးတက်ကြီးပွါးချမ်းသာပြီး လုံခြုံရေးအတွက် စစ်တပ်ကို ဦးဆောင်ညွှန်ကြားသည်၊ အစိုးရဆိုးတို့သည် သူတို့ အုပ်ချုပ်သူ လူတစုအတွက်သာ အဓိကထားပြီး စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေကြပါသည်။ 


ကမ္ဘာပေါ်တွင် စစ်တပ်ကို ဦးစီးသည့် စစ်ဗိုလ်က တိုင်းပြည်၏ အချုပ်အချာအာဏာကို သိမ်းပိုက်ပြီး အစိုးရလုပ်သော နိုင်ငံများလည်း ရှိပါသည်၊ မြန်မာနိုင်ငံသည်လည်း စစ်ဗိုလ်က အဓမ္မနည်းဖြင့် အစိုးရလုပ်တဲ့ စစ်အစိုးရပင်ဖြစ်ပါသည်၊ စစ်အစိုးရသည် နှစ်ပေါင်းငါးဆယ်လောက် မြန်မာပြည်ကို အုပ်ချုပ်ခဲ့တာ မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများသည် ကမ္ဘာ့အဆင်းရဲဆုံး၊ ကမ္ဘာ့ ဖွံ့ဖြိုးမှု့အနည်းဆုံး နိုင်ငံဖြစ်သွားသဖြင့် အစိုးရဆိုးဖြစ်သည်မှာ ထင်ရှားပါတော့သည်၊ မြန်မာစစ်အစိုးရဆိုးသည် သူလွှမ်းမိုး ချုပ်ကိုင်ထားသည့် စစ်တပ်ကို သူတို့ အစိုးရလုပ်စားသူ လူတစု၏ လုံခြုံရေးနှင့် အကျိုးစီးပွါးကို ကာကွယ်ရန် အဓိက အသုံးချပြီး တိုင်းပြည်၏ ဘေးအန္တရာယ်ကာကွယ်ဖို့ကိုတော့ သာမညနေရာမှာ ထားခဲ့ပါသည်၊

တကယ်တော့ စစ်တပ်သည် (သို့) မြန်မာ့တပ်မတော်သားများသည် အမိမြန်မာပြည်၏ လုံခြုံရေးနှင့် တိုးတက်စည်ပင်ရေးဘက်မှာပဲ တာဝန်ထမ်းချင်ကြပါသည်၊ သို့သော် စစ်ခေါင်းဆောင်အစိုးရမင်း လူကြီးများကို မလွန်ဆံနိုင်သလို မလွန်ဆန်ဝံ့ကြပါ၊ ကြောက်လို့ ခိုင်းတာလုပ်ကြရပေမယ့် ကြိုက်လို့တော့ မဟုတ်ကြပါ၊ ဒါကြောင့် စစ်တပ်သည် ညစ်ပတ်ပြီး ပစ်ခတ်နေတယ်လို့ မမြင်ဘဲ စစ်တပ်ကို ချုပ်ကိုင်လွှမ်းမိုးသော အစိုးရဆိုး လူတစု၏ မိုက်မဲဆိုးဝါးနေမှု့သာဖြစ်သည်ဟု မြင်ကြရပါမည်၊ အစိုးရဆိုးမှ အစိုးရကောင်း ဖြစ်လာသော် စစ်တပ်သည်လည်း တိုင်းပြည်၏ ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တပ်မတော်ဖြစ်လာမည်မှာ သေချာပါသည်။



စစ်ဗိုလ်စစ်သားအားလုံး မိမိနိုင်ငံတော်၏ အရေးကို အစဉ်အမြဲဦးထိပ်ထားနေကြသူများဖြစ်ကြပြီး မိမိတို့ကို အမိန့်ပေးနိုင်သည့် စစ်အာဏာရှင်တစု၏ အရေးကို ဦးထိပ်ထားနေကြသူများမဟုတ်ပါ၊ အမိနိုင်ငံကောင်းစားရေးအတွက် ရှေးရှုနေကြသဖြင့်လည်း နိုင်ငံရေးနှင့် လုံးဝ ဥဿုံ ပါတ်သက်ပါသည်၊ နိုင်ငံရေးနှင့် မပါတ်သက်သည့် စစ်တပ်သည် ကြေးစားတပ်၊ ကျေးကျွန်စစ်တပ်သာ ဖြစ်မည်၊

ဒါကြောင့် ကာချုပ်မှ တပ်သားအထိ တွေးတောရမည်၊ စဉ်းစားရမည်၊ မည်သည့် ပါတီအဖွဲ့အစည်း၏ မူဝါဒ လမ်းစဉ်သည် ဒို့တိုင်းပြည်အတွက် ကောင်းကျိုးရှိနိုင်သည်၊ မည်သည့်ပါတီ၏ မူဝါဒလမ်းစဉ်သည် တိုင်းပြည်အတွက် ဆိုးကျိုးရှိနိုင်သည် ဆိုတာလောက်ကို အခြေခံတွေးတော စဉ်းစားဆုံးဖြတ်နိုင်ရပါမည်၊ ထိုသို့ ချင့်ချင့်ချိန်ချိန်တွေးတော စဉ်းစားပြီးမှ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချကာ မိမိတို့ ကြိုက်နှစ်သက်သည့် ပါတီအဖွဲ့အစည်းကို မဲဆန္ဒပြုကြရပါမည်၊ ဤကဲ့သို့ စစ်တပ်စစ်သားနှင့် နိုင်ငံရေးသည် တဆက်တည်းရှိပါမှ တိုင်းပြည်တိုးတက်မည်ဖြစ်ပါသည်။ 




ဝန်ထမ်းသည် နိုင်ငံရေးကင်းရှင်းရမည်ဆိုသည့် အယူအဆသည် လူလည်ကြီးတစု၏ မိုက်မဲမှားယွင်းသည့် အယူအဆဖြစ်သည်၊ ဤအယူအဆကို မြန်မာစစ်အာဏာရှင် နိုင်ငံမှာသာမက အစိုးရဆိုးများအုပ်ချုပ်သည့် နိုင်ငံများမှာပါ အတင်းအဓမ္မရိုက်သွင်းထားသော အယူအဆဖြစ်သည်၊ ဝန်ထမ်းသည် မိမိ၏ နိုင်ငံရေးအယူအဆအရ လုပ်ငန်းခွင်နှင့် အလုပ်ကို လုံးဝ မထိခိုက်စေရန်သာဖြစ်သည်၊ ဒီမိုကရေစီကို လက္ခံသည့် ဝန်ထမ်းတိုင်းတွင်လည်း မိမိတို့၏ နိုင်ငံရေးအယူအဆကြောင့် လုပ်ငန်းထမ်းဆောင်မှု့ကို ထိခိုက်မည်မဟုတ်ပါ၊

အထူးသဖြင့် စစ်ဘက်ဝန်ထမ်းအားလုံးမှာ သူတို့ကြိုက်သည့် ပါတီအဖွဲ့အစည်းကို မဲပေးနိုင်ခွင့်နှင့်အတူ ရွေးချယ်တင်မြောက်ပိုင်ခွင့်ရှိသည်၊ အကယ်၍ တပြည်လုံး အများဆန္ဒအရရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပါတီအဖွဲ့အစည်းနှင့် အစိုးရကို စစ်ဘက်ဝန်ထမ်းများက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တာဝန်ကျေပြွန်စွာ နာခံရမည်သာဖြစ်သည်၊ ဤသည်မှာ ဒီမိုကရေစီကို ချစ်ခင်မြတ်နိုးပြီး လိုလိုလားလား ကျင့်သုံးသည့် နိုင်ငံသားတိုင်း၏ မွေးရာပါ ဝတ္တရားဖြစ်သည်။

ဒီမိုကရေစီ နိုင်ငံများတွင် စစ်ဘက်နှင့် အရပ်ဘက် ဝန်ထမ်းများအားလုံးသည် ပါတီနိုင်ငံရေးလုပ်ငန်းကို ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်မည်ဆိုပါက နိုင်ငံရေးပါတီ၏ လုပ်ငန်းအဆင့်ကို လိုက်၍ မိမိတို့ ဝန်ထမ်းရာထူးကို စွန့်လွှတ်ရခြင်း၊ အနားယူရခြင်းမျိုးရှိကြပါသည်၊ မှန်ကန်၍ သဘာဝကျပါသည်၊ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဘက်မှထွက်ပြီး အရပ်ဘက်ပြောင်းကာ နိုင်ငံရေး၏ အမြင့်ဆုံးတာဝန်ဖြစ်သည့် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်၊ ဒီမိုကရေစီသဘောတရားအတိုင်း လိုက်နာခဲ့ခြင်းဖြစ်ပါသည်။

စစ်အာဏာရှင် ဗိုလ်နေဝင်းကတော့ စစ်ဘက်အရပ်ဘက် နိုင်ငံရေးဘက် ရာထူးများကို သူလိုချင်သလို ပူးယူ ခွယူပြီး ထင်တိုင်းကြဲခဲ့ပါသည်၊ သူ့တပည့် စစ်ဗိုလ်များကိုလည်း လက်သပ်မွေးကာ စစ်ရာထူးနှင့် အတူ အရပ်ဘက်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ရာထူးများကို ပူးတွဲထမ်းဆောင်စေခဲ့ပါသည်၊ စစ်အာဏာရှင်တို့ ထုံးစံအတိုင်း မအူမလည်နှင့် သူ့ကို အစဉ်အမြဲ ရိုကျိုးနာခံမည့် တပည့်ကိုသာ ရွေးချယ်ပြီးနေရာပေးခဲ့သည်သာဖြစ်သည်။ ဗိုလ်နေဝင်းခေတ် တလျှောက်လုံး ပါတီနှင့် ကောင်စီဆိုသည့် နိုင်ငံရေးပိုင်းနှင့် အုပ်ချုပ်ရေးပိုင်း မှန်သမျှတွင် စစ်ဗိုလ်များသာ နေရာယူထားကြပါသည်၊ အချို့က တပ်ရာထူးနှင့် အချို့က တပ်မှထွက်ပြီး ဖြစ်ကြပါသည်၊ ယနေ့ထက်တိုင် နိုင်ငံရေးပါလီမံတွင် စစ်ဗိုလ်က အလိုလို ၂၅ရာနှုန်းပါရှိသေးပြီး ကာချုပ်က နိုင်ငံရေး၏ အထက်တွင်ရှိနေပါသေးသည်။




သို့သော် ခေတ်ပြောင်းတော့မည်၊ ပြောင်းမှလည်းဖြစ်တော့မည်၊ မြန်မာပြည်သူတွေ ကုန်းကောက် စရာ မရှိလောက်အောင် ဆင်းရဲမွဲတေနေကြကုန်ပြီ၊ အတိုက်အခံအဖွဲ့တွေဖွဲ့ပြီး ကြိုးစား နေကြသည်၊ တပ်မတော်ထဲမှလည်း ခေတ်ပြောင်းရေးနှင့် တိုင်းပြည်ကို ဆင်းရဲတွင်းမှ ကယ်တင်ရေးအတွက် ကြိုးစား ချင်သူများ အများအပြားရှိနေကြမည် အမှန်ပင်ဖြစ်ပါသည်။

ဒါကြောင့် ခေတ်ပြောင်းရန်၊ စနစ်ပြောင်းရန်ကို ဝိုင်းကြ ဝန်းကြရတော့မည်သာ ဖြစ်သည်၊ အားလုံးဝိုင်းကြရတော့မည် တနိုင်ငံလုံးပြည်သူတရပ်လုံးနှင့် အတူ စစ်ဘက် အရပ်ဘက် နယ်ဘက်ပါ အားလုံးဝိုင်းကြရပါတော့မည်၊ ခေတ်ပြောင်းရေးမှာ စစ်ဗိုလ်စစ်သားအားလုံး ပါဝင်ဆောင်ရွက်ရေးသည် အဓိကကျနေပါသည်၊ မိမိတို့ကိုယ်ကို ကြေးစားဟု မခံယူကြသော၊ စစ်အာဏာရှင်၏ လက်ကိုင်တုတ်ဟု မခံယူကြသော တိုင်းပြည်၏ ကောင်းကျိုးတာဝန်များကို ထမ်းရွက်နေကြသည့် ပြည်သူ့ဝန်ထမ်းများဟု ခံယူနေကြသော စစ်ဗိုလ်စစ်သားအပေါင်းတို့သည် ပြည်သူလူထုကြီးနှင့်အတူ ပူးပေါင်းကြပြီး ဒီမိုကရေစီ ခေတ်သစ်ကို ဝိုင်းဝန်းတည်ဆောက်ရမည့် အချိန်ကို ကျရောက်နေပါပြီ။

မတ်လ ၁၇ရက်နေ့က လားရှိုးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်က အင်အယ်ဒီမဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ပြည်သူနှင့် တပ်မတော်သည် ညီညီညွတ်ညွတ်နှင့် ပူးပေါင်းလုပ်ဆောင်သွားကြမယ်ဆိုရင် အချိန်ကာလတိုအတွင်းမှာ မြန်မာနိုင်ငံသည် ပြောင်းလဲတိုးတက်သွားမှာ ဖြစ်တယ်လို့ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်၊ တပ်မတော်သားတွေ များများ ပါဝင်ဆောင်ရွက်လေလေ မြန်မြန်ပြီးလေဆိုတာပါပဲ၊ တပ်မတော်သည် တပ်မတော်အတွက် မဟုတ်တော့ဘဲ မိဘပြည်သူအတွက်လို့ ခံယူကြသူများ၏ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု့ကို ပြည်သူအများက မျှော်လင့်နေကြပါပြီ၊ မိဘပြည်သူ၏ ရင်ခွင်ထဲမှ သားများကို မိဘပြည်သူများက လက်ကမ်းကြိုဆိုနေကြဆဲပါ၊ မိဘပြည်သူများနှင့်အတူ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ကြရန်ဖြစ်ပါသည်။



တပ်မတော်နှင့် ပြည်သူကို ရိုက်ခွဲခဲ့သည့် လူတစု၏ ခေတ်လည်း မဟုတ်တော့ပါ၊ တပ်မတော်ကို မိမိတို့ နိုင်ငံရေးစနစ်၏ သားကောင်အဖြစ်အသုံးချခဲ့သည့် စနစ်သည်လည်း ကျဆုံးသွားပါပြီ၊ တပ်မတော်သည် ခေတ်မှီတပ်မတော်၊ ပြည်သူ့တပ်မတော် ဖြစ်ရပါတော့မည်၊ ဒါကြောင့် ယနေ့ တပ်မတော်သားအားလုံး ရင့်ကျက်ဖို့၊ တည်ငြိမ်ဖို့၊ အတွေးအခေါ်ရှိဖို့၊ ပညာရှိဖို့လည်း လိုအပ်နေပါသည်။

ခေတ်စနစ်ကိုလည်း နားလည်ရမည်၊ ကမ္ဘာကိုလည်း နားလည်ရမည်၊ တိုးတက်ထွန်းကားနေသည့် အတတ်ပညာများအကြောင်းကိုလည်း နားလည်ကြရမည်၊ မျက်စိမှိတ် နားပိတ်ပြီး ဦးဏှောက်ကို စီးနှောင်ခံထားရသည့် စစ်သားမျိုးများဘဝမှ လွတ်မြောက်ကြရမည်၊ ကမ္ဘာ့ခေတ်မီ စစ်တပ်များအားလုံး အကြောင်းကို လေ့လာနိုင်ကြရမည်၊ ဘက်စုံအောင် လေ့လာကြရပါမည်။

တပ်မတော်သားအားလုံး၏ အသိပညာ ဗဟုသုတ အတွေးအခေါ်နှင့် အတွေ့အကြုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို ပြည်သူတရပ်လုံးက လိုလားနေကြပါသည်၊ အားပေးနေကြပါသည်၊ တပ်မတော်သားအားလုံးကို နားမျက်စိပိတ်ထားသော ဦးဏှောက်ကို စဉ်းစားခွင့် ရှင်သန်ခွင့်မပေးသော အစိုးရမျိုးလည်း မရှိသင့်တော့ပါ၊ ဒါကြောင့် ပညာဗဟုသုတအတွေးအခေါ်နှင့် ပြည့်ဝပြီး ခေတ်မီတပ်မတော်ကြီး ဖြစ်ပေါ်လာရေးအတွက် အစိုးရကောင်းတရပ် မုချလိုအပ်နေပါသည်၊ ဤလိုအပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၊ အင်အယ်ဒီနှင့် ပြည်သူတရပ်လုံးကလည်း ကြိုးစားဆောင်ရွက် နေကြပါပြီ၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလျှင် မြန်မာနိုင်ငံသည် မကြာခင်မှာပင် တိုးတက်ပြောင်းလဲပါလိမ့်မည်။ 


၁၉၆၂ ခုနှစ်မှ ယနေ့အထိ စစ်အာဏာရှင်စနစ် ဖြစ်ထွန်းခဲ့စဉ်မှာ အထူးအကြီးအကျယ် ကောင်းစားသွားသော စစ်ဘက်အကြီးအကဲများ ရှိခဲ့ကြသည် ရှိနေဆဲလည်းဖြစ်ပါသည်၊ သို့သော် တိုင်းပြည်နှင့် လူထုဘက်သို့ ငဲ့စောင်းကြည့်သည့် ပုဂ္ဂိုလ်များလည်း ရှိလာပါသည်၊ စနစ်၏ သားကောင်ပဲ ဆိုဆို ကိုယ်တိုင်က အတ္တကြီးသူပဲဖြစ်ဖြစ် ခေတ်စနစ်နှင့် ကမ္ဘာကို ရှုမြင်တက်လာပြီး အမိနိုင်ငံတော်ကို တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာစေလိုသော စေတနာရှိလာသူများကိုလည်း ပြည်သူလူထုက လက်ကမ်း ကြိုဆိုနေမြဲပါ၊ စစ်တပ်သည် ပြည်သူနှင့် ရန် ငါ မဟုတ်ပါ၊ သားသမီးနှင့် မိဘသာဖြစ်သည်။

သို့သော် ပြည်သူတွင် ရန် ငါ ရှိသည်၊ ပြည်သူလူထုတရပ်လုံးနှင့် တိုင်းပြည်ကို ဆင်းရဲအောင် လုပ်သော၊ ပျက်စီးအောင် ဖျက်ဆီးသော လူပုဂ္ဂိုလ်မှန်သမျှသည် ပြည်သူ၏ ရန်သူပင်ဖြစ်ပါသည်၊ ရန်သူသည် နေရာတိုင်းမှာ ရှိနေသည်၊ စစ်ဘက်တွင်လည်း ရှိသည်၊ အရပ်ဘက်တွင်လည်းရှိသည်၊ ထိုသူတို့သည် တိုင်းပြည်ကို တိုးတက်ချမ်းသာလိုစိတ်မရှိကြဘဲ မိမိအတွက်သာ ချမ်းသာအောင် ပြုလုပ်ကြသည်၊ မိမိချမ်းသာရေးအတွက်ဆိုလျှင် တိုင်းပြည်နှင့် လူထုကို ရောင်းစားမည်၊ ထိုးကျွေးမည်၊ ဤကဲ့သို့ လူစားများသည် အရှက်တရားမရှိတက်ကြပါ၊ နောင်တ တရားလည်း မရတတ်ကြပါ၊ အခွင့်အခါမသင့်လျှင် လိုက်လျောညီထွေနေကြပြီး သူတို့ဘက်က အခွင့်သာလျှင် တိုင်းပြည်နှင့် လူထုအပေါ်ကို ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်ကြမည်သာ ဖြစ်ပါသည်။



ယနေ့ ပွင့်လင်းလွတ်လပ်စ ကာလတွင် ပြည်သူ၏ ရန်သူကို ရှုမြင်နိုင်စွမ်းရှိလာပြီလည်းဖြစ်သည်၊ စစ်ဘက် အရပ်ဘက် နှစ်ဘက်လုံးတွင် ဖြစ်ပါသည်၊ ထို့ကြောင့် စစ်ဘက်အရပ်ဘက် နှစ်ဘက်လုံးမှ တိုင်းပြည်ကို ချစ်မြတ်နိုးသူများသည် လူထုကြီးနှင့်အတူ အစိုးရကောင်းကို ဝိုင်းဝန်းထူထောင်ရန် ကြိုးပမ်းနေချိန်တွင် စစ်ဘက်မှာရော အရပ်ဘက်မှာပါ သူတို့အကျိုးအတွက် အစိုးရဆိုးတခု ဖြစ်အောင်လုပ်ဆောင်နေကြသည့် လူတစုကို ပညာပေးရန် ဖယ်ရှားပစ်ကြရန် သာဖြစ်သဖြင့် တိုင်းချစ်ပြည်ချစ် တပ်မတော်သား အပေါင်းတို့သည် တိုင်းချစ်ပြည်ချစ် အဖွဲ့အစည်းများနှင့် အပြင် လူထုကြီးတရပ်လုံးနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် အချိန်သို့ ကျရောက်နေပြီ ဖြစ်ပါကြောင်း။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ စစ်အာဏာရှင်စနစ် ဖြစ်ထွန်းခဲ့စဉ်မှာ အထူးအကြီး အကျယ် ကောင်းစားသွားသော စစ်ဘက်အကြီး အကဲများ ရှိခဲ့ကြသည် ရှိနေဆဲလည်းဖြစ်ပါသည်၊ သို့သော် တိုင်းပြည်နှင့် လူထုဘက်သို့ ငဲ့စောင်းကြည့်သည့် ပုဂ္ဂိုလ်များလည်း ရှိလာပါသည်၊ စနစ်၏ သားကောင်ပဲ ဆိုဆို ကိုယ်တိုင်က အတ္တကြီးသူပဲဖြစ်ဖြစ် ခေတ်စနစ်နှင့် ကမ္ဘာကို ရှုမြင်တက်လာပြီး အမိနိုင်ငံတော်ကို တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာစေလိုသော စေတနာရှိလာသူများကိုလည်း ပြည်သူလူထုက လက်ကမ်း ကြိုဆိုနေမြဲပါ၊ စစ်တပ်သည် ပြည်သူနှင့် ရန် ငါ မဟုတ်ပါ၊ သားသမီးနှင့် မိဘသာဖြစ်သည်။

သို့သော် ပြည်သူတွင် ရန် ငါ ရှိသည်၊ ပြည်သူလူထုတရပ်လုံးနှင့် တိုင်းပြည်ကို ဆင်းရဲအောင် လုပ်သော၊ ပျက်စီးအောင် ဖျက်ဆီးသော လူပုဂ္ဂိုလ်မှန်သမျှသည် ပြည်သူ၏ ရန်သူပင်ဖြစ်ပါသည်၊ ရန်သူသည် နေရာတိုင်းမှာ ရှိနေသည်၊ စစ်ဘက်တွင်လည်း ရှိသည်၊
အရပ်ဘက်တွင်လည်းရှိသည်၊

ထိုသူတို့သည် တိုင်းပြည်ကို တိုးတက်ချမ်းသာလိုစိတ်မရှိကြဘဲ မိမိအတွက်သာ ချမ်းသာအောင် ပြုလုပ်ကြသည်၊
မိမိချမ်းသာရေးအတွက်ဆိုလျှင် တိုင်းပြည်နှင့် လူထုကို ရောင်းစားမည်၊ ထိုးကျွေးမည်၊

ဤကဲ့သို့ လူစားများသည် အရှက်တရားမရှိတက်ကြပါ၊
နောင်တ တရားလည်း မရတတ်ကြပါ၊ အခွင့်အခါမသင့်လျှင် လိုက်လျောညီထွေနေကြပြီး သူတို့ဘက်က အခွင့်သာလျှင် တိုင်းပြည်နှင့် လူထုအပေါ်ကို ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်ကြမည်သာ ဖြစ်ပါသည်။



ယနေ့ ပွင့်လင်းလွတ်လပ်စ ကာလတွင် ပြည်သူ၏ ရန်သူကို ရှုမြင်နိုင်စွမ်းရှိလာပြီလည်းဖြစ်သည်၊
စစ်ဘက် အရပ်ဘက် နှစ်ဘက်လုံးတွင် ဖြစ်ပါသည်၊

ထို့ကြောင့် စစ်ဘက်အရပ်ဘက် နှစ်ဘက်လုံးမှ တိုင်းပြည်ကို ချစ်မြတ်နိုးသူများသည် လူထုကြီးနှင့်အတူ အစိုးရကောင်းကို ဝိုင်းဝန်းထူထောင်ရန် ကြိုးပမ်းနေချိန်တွင် စစ်ဘက်မှာရော အရပ်ဘက်မှာပါ သူတို့အကျိုးအတွက် အစိုးရဆိုးတခု ဖြစ်အောင်လုပ်ဆောင်နေကြသည့် လူတစုကို ပညာပေးရန် ဖယ်ရှားပစ်ကြ ရန်သာဖြစ်သဖြင့် တိုင်းချစ်ပြည်ချစ် တပ်မတော်သား အပေါင်းတို့သည် တိုင်းချစ်ပြည်ချစ် အဖွဲ့အစည်းများနှင့်အပြင် လူထုကြီးတရပ်လုံးနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် အချိန်သို့ ကျရောက်နေပြီ ဖြစ်ပါကြောင်း။


--ဦးဖိုးသာအောင်

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...