Saturday, March 24, 2012

“ပန်ဒိုရာရဲ့ထန်းခေါက်ဖာ”


by Soe Min on Saturday, March 24, 2012 at 8:53pm  
            ဂရိပုံပြင်တွေထဲမှာ လူသန်ကြီးဟာကြူလီ နဲ့ ဗီးနပ်စ်အချစ်နတ်သမီးကို လူတိုင်းသိကြသလိုပဲ ပန်ဒိုရာဆိုတဲ့သူငယ်မလေးကိုလည်း ပညာတတ်အသိုင်းအ၀ိုင်းက သိပ်စိမ်းလိမ့်မယ် မထင်ပါဘူး။ အရမ်းရှေးကျတဲ့ ယဉ်ကျေးမှုတွေကို သူ့နိုင်ငံထဲတင်မကဘူး တကမ္ဘာလုံး အနှံ့အပြားက မသိတဲ့သူမရှိတာ အံ့သြချီးကျူးစရာပါ။ ကိုယ့်ဖနောင့်အထက်က အရွတ်ကလေးကိုတောင်မှပဲ သူတို့ပုံပြင်ထဲမှာပါတဲ့ အာခိလိရဲ့အရွတ်ပါလို့ ဆေးလောကသားအားလုံးက ကျက်မှတ်လာခဲ့ရသလို ဆေးပညာတံဆိပ်မှာပါတဲ့ မြွေကလေးဟာလည်း သူတို့ဆီက လာပါသတဲ့။ အဲလိုဆိုတော့ မယ်မင်းကြီးမ ပန်ဒိုရာရဲ့ မိန်းမတို့သဘာဝ စပ်စပ်စုစုလို့ပြောပြော ဆတ်ဆတ်ဆော့ဆော့လို့ပြောပြော ချစ်စရာသဏ္ဍန်နဲ့ သေတ္တာလှန်လိုက်တဲ့ဟန်ကလေးကိုလည်း မြင်ဖူးကြမှာ မလွဲပါဘူး။ (မမြင်ဖူးသေးရင်လည်း နိုင်ငံခြားက ပန်ဒိုရာဆိုတဲ့ ပန်းချီဆရာမကြီးကို နမူနာဆွဲခိုင်းပေးမယ်)။ တို့ဆီက သဘင်သည်တွေ သေတ္တာမှောက်တာပဲ ကြားဖူးပါတယ်။ သူ့ကျမှ ကြံကြံဖန်ဖန် သေတ္တာလှန်ရတယ်လို့။ လှန်တော့ဘာဖြစ်လဲ။ လန်ထွက်ကုန်တာပေါ့။ ဘာတွေလန်ထွက်သလဲ။ နတ်ပြည်ကနေ ကျုပ်တို့ဆီကို ဒုက္ခပေးဖို့ ထည့်ပေးလိုက်တဲ့ ရောဂါဘယတွေ ဘေးဆိုးရန်ဆိုးတွေ မကောင်းတာမှန်သမျှ အတိုင်းတိုင်းအပြည်ပြည် မွှေပါလေရော။ ဟယ် ကုန်ပါပြီ။
ဘာမှမကျန်တော့ဘူးလား။ တစ်ခုတော့ ကျန်လေသေးရဲ့။ မျှော်လင့်ချက်တဲ့။ တော်သေးတာပေါ့။ ဒါကြောင့်လည်း လူဆိုတာ ဘယ်လောက်ပဲ အဆိုးတွေကြုံတွေ့နေရပါစေ မျှော်လင့်ချက်ကလေးကျန်နေရင် အသက်ရှင်နိုင်သေးတယ် လို့ ပြောကြတာကိုး။ ပေါက်ပြီ။ ပေါက်ပြီ။ ပန်ဒိုရာကတော့ ရှင်းပါပြီ။ ဘယ့်နှယ့်ကြောင့် မအပ်မရာ ထန်းခေါက်ဖာကြီးက ပါလာရတာလဲ။ အခုပန်ဒိုရာက မြန်မာပြည်မှာမို့လို့ မြန်မာဆန်ဆန် ပါးကွက်ကြားနဲ့ ထန်းခေါက်ဖာကလေး ဆင်ထားတာလေ။ ကဲ လက်ရှောင် ပေါက်ကောင်ဖွင့်မယ်။
            မမပန်ပန် သေတ္တာဖွင့်လို့ ဒေါင်းတောက်ကုန်သလိုပဲ ကျွန်တော်တို့ဆီမှာ တမဟုတ်ချင်းပြောင်းလဲသွားစေတဲ့ သေတ္တာငယ်ကလေးတစ်ခု ရှိသဗျ။ အရင်တုန်းကတော့ ထန်းခေါက်ဖာထူထူကြီးကနေ တဖြေးဖြေးနဲ့ ပါးပါးပြားပြားကလေး ဖြစ်လာရာက မင်းကြိုက်စိုးကြိုက် ကာလသားများနဲ့ လားလားမှမထိုက်ဆိုတဲ့ဘ၀ကို ရောက်လာတော့ အခုဆိုရင် လက်နက်နဲ့ငြိမ်းချမ်းရေးလဲတဲ့ခေတ်တောင် ကုန်သွားပြီ။ လက်နက်နဲ့ ဖာနဲ့ (မွှားလို့ မွှားလို့) အဲသည်သေတ္တာလေးနဲ့ လဲချင်ပါတယ် လို့တောင် အတိအလင်း ပြောကုန်ကြပြီ။ (ကိုရင်တို့ကတော့ တောင်းအားရှိတာပေါ့လေ။ မီးလာတဲ့အရပ်ကိုး။ ကျုပ်တို့ဆီဖြင့် ဖယောင်းတိုင်ထွန်းဖွင့်လို့ရမှပဲ စိတ်ကူးယဉ်တော့မယ်)။ “စကားထာလာဖွက်မနေနဲ့။ ခေါင်းစားတယ်။ လိုရင်းပြော။” ဆိုရင် ကျွန်တော်တို့ဆီမှာ မပန်ဒိုရာ ကွန်ပြူတာဖွင့်လိုက်တဲ့အခါ အိုင်တီကမ္ဘာကြီး တံခါးပွင့်သွားလေသတည်း။ မျှော်လင့်ချက်ကလေးတော့ ကျန်လိုကျန်ငြား လှန်လှောကြည့်ရှုရရင် မကောင်းဘူးလား။
           ဆေးကျောင်းတက်နေတုန်းက ကွန်ပြူတာဆိုတာ ဦးလေးကုမ္ပဏီမှာ အလုပ်လုပ်သခိုက်ပဲ မြင်ဖူးတယ်။ လက်ညှိုးလေးတစ်ချောင်းနဲ့ မောင်ကြံတတို့လုပ်ပြီး ရိုက်ခဲ့ရတာ။ ဆေးကျောင်းမှာ ဆရာပြန်လုပ်တော့မှ ဆရာကြီးဦးသာလှရွှေ ကျေးဇူးနဲ့ ဆေးပညာဌာနမှာ ကွန်ပြူတာ အေဘီစီတွေ သင်ခွင့်ရပေတော့တယ်။ စာစီစာရိုက်လေ့ကျင့်ခန်းကတော့ ဌာနမှာ လက်နှိပ်စက်စာရေးကို အနားပေးပြီး ရုံးစာတွေမှန်သမျှ ထိုင်ရိုက်ပေးခဲ့ရင်း ဂျောင်းဂျောင်းပြေးလာသဗျ။ လက်နှိပ်စက်က ကွန်ပြူတာကို မယှဉ်နိုင်တဲ့အချက်ကတော့ အကန့်အသတ်မရှိ အမှားပြင်နိုင်တဲ့ အခွင့်အရေးပဲ။ ကိုယ့်ဌာနက ဘွဲ့လွန်ကျောင်းသားတွေတင်သမျှ စာတမ်းတွေကို မငြီးမငြူရိုက်ပေးတဲ့ အကျိုးကျေးဇူးကြောင့် ကိုယ်တိုင် ဘွဲ့လွန်စာတမ်းရေးတဲ့အခါ ဘာအခက်အခဲမှ မရှိသလောက်ပဲ။ (အင်ထုနည်းတွေ တတ်သွားလို့ အဟတ် အဟတ်)။ ဌာနက စာရင်းဇယားတွေ Store တွေ Stock တွေ Data အသွင်းအထုတ် လုပ်တတ်လာတော့ Excel ထဲမှာ ဇယားရှုပ်တတ်သွားတယ်။ ဆရာမကြီးစာတမ်းဖတ်စရာရှိတော့ Power Point ပါ တီးမိခေါက်မိရော။ ပြင်သစ်ကျောင်းအထိ ကွန်ပြူတာ အခြေခံက offline mode ပဲ ရှိသေးတယ်။ သူငယ်ချင်းတစ်ယောက်က အီးမေးဖွင့်ပေးပေမယ့်  inbox ထဲမှာ ငါးစောင်လောက်ပဲ ရှိတာ။ အပြင်မှာ အင်တာနက်ဆိုင်တွေလည်း မပေါ်သေးဘူးလေ။ Café Aroma မှာတောင် ချောက်တီးချောက်ချက်နဲ့။ ဂိန်းကစားတဲ့သူသာများတာ။ ကွန်ပြူတာကိုင်ချင်ရင် kMD တို့ဘာတို့မှာ သွားပြီး မီးခလုပ်ကို သည်လိုဖွင့်ရတယ် သင်ကြတဲ့ခေတ်။
           အသက်မပါသေးတဲ့ ကွန်ပြူတာကလေးနဲ့တင် လူမှုဘ၀တွေ အထိုက်အလျောက် ပြောင်းလဲစပြုလာပါတယ်။ မွေးနေ့ဖိတ်စာတွေ၊ လိပ်စာကဒ်တွေ ဘယ်သူကမှ တခုတ်တရ ပုံနှိပ်တိုက် လာမအပ်တော့ဘူး။ ကွန်ပြူတာမှာ စာစီပြီး မိတ္တူကူးလိုက် အေးရော။ တကယ့် မြန် ကောင်း သက်သာ။ ကွန်ပြူတာကြောင့် ထမင်းအိုးကွဲသွားသူများကတော့ စာစီသမားလို့ခေါ်တဲ့ ခဲစာလုံးလေးတွေကို လက်နဲ့ကောက်ကောက်စီ၊ စာဖောင်လေးပြည့်အောင် ဆင်ကြရတဲ့သူတွေပါပဲ။ အင်္ဂလိပ်စာလုံး၊ မြန်မာစာလုံး၊ ဖွန့်အကြီးအသေး၊ စာလုံးပုံစံ အမျိုးမျိုးစုံအောင်ထားရင် ခဲစာလုံးခွက်ကလေးတွေ ထပ်လျက်ထားတာတောင်မှ စာစီခုံလေးငါးလုံးလောက်ဆို အခန်းကျယ်ကျယ်တစ်ခန်းတော့ နေရာယူပါတယ်။ လူကလည်း တစ်ယောက်တည်းနဲ့ ဘယ်နိုင်မလဲ။ ရိုက်ပြီးသား ခဲစာလုံးကလေးတွေကိုလည်း ပြန်သုံးနိုင်အောင် သူ့ခွက်နဲ့သူ ပြန်ထည့်ရတာကိုတော့ စာပစ်တယ် လို့ခေါ်တယ်။ စာစီတဲ့သူ စာပစ်တဲ့သူအပြင် ပရုဖ်ဖတ်တဲ့သူက တစ်ယောက်လိုသေးတာ။ အဲဒါတွေအားလုံး စားပွဲ ကုလားထိုင်တစ်စုံနဲ့ ကွန်ပြူတာတစ်လုံး လူတစ်ယောက်က အစားထိုးလာတော့ အဟောင်းတွေကို မဖြစ်မနေ ပစ်ြကရတော့တယ်။ တစ်သက်လုံး စာစီစားလာတဲ့ စာစီသမားကြီးတွေနေရာမှာ မနေ့တနေ့ကမှ ကေအမ်ဒီကဆင်းတဲ့ ကလေးမလေးတွေ ၀င်လာတယ်။ မပေမရေ၊ အလုပ်တွင်၊ ၀န်ကျဉ်း၊ ကုန်ကျစားရိတ် သက်သာတယ်ဆိုပေမယ့် ၀ါနုတဲ့ ကိုကို မမလေးတွေက သတ်ပုံကျမ်းတောင် လှန်မကြည့်ကြတာ တော်တော်ဆိုးသွားပါတယ်။ လူဟောင်းကြီးတွေက နောကျေလွန်းလို့ သတ်ပုံတင်မဟုတ်ဘူး။ သဒ္ဒါပါပြင်တတ်တယ်။ ဆရာကြီးပီမိုးနင်းတောင် စာပြင်ဆရာဘ၀က လာသတဲ့။ ဆရာမကြီးလူထုဒေါ်အမာကို “စာနယ်ဇင်းတစ်ခုရဲ့ အဆင့်အတန်းကို ဘာနဲ့ ထိမ်းထားနိုင်မလဲ” လို့ မေးကြည့်တော့ သူက “ပရုဖ်စင်ဖို့လိုတယ်” လို့ တိုတိုတုတ်တုတ်ဖြေပါသတဲ့။ နည်းပညာရဲ့အရိပ်အောက်မှာ ပညာခန်းတွေ ပျောက်သွားတာတော့ နှမြောစရာပါ။ ဘိုးတော်ကြီးတွေက ထမင်းနပ်မှန်ဖို့အရေး သလုံးမြင်းခေါင်းတောင့်အောင် အလုပ်လုပ်နေကြရတာဆိုတော့ သူတို့အရွယ်ကြီးကျမှ ကွန်ပြူတာသင်ဖို့ကိုလည်း စိတ်မ၀င်စားတော့ဘူး။ လူတန်းစားတစ်ရပ်လုံး အလုပ်ပြုတ်သွားတာ သတိထားမိလိုက်ပါတယ်။ သူတို့အတွက်တော့ မမပန်ဟာ တော်တော်မွှေတဲ့ မိန်းမပေါ့။ သေတ္တာဖွင့်တာ ထမင်းအိုးကွဲသွားတာကိုး။
        ကွန်ပြူတာရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ စာစီစာရိုက်ဆိုတာ ပရိုဂရမ်ကလေးတစ်ခုမျှသာပါပဲ။ စာရင်းဇယား အတွက်အချက်၊ မှတ်တမ်းမှတ်ရာ ထိမ်းသိမ်းမှု၊ ပုံဆွဲ၊ ဒီဇိုင်း၊ ဓါတ်ပုံ၊ ဗီဒီယို၊ အသံဖမ်းစတူဒီယိုအလုပ်တွေပါ ပြောလို့မကုန်အောင် တွင်ကျယ်လာလေတော့ အဲသည်သေတ္တာလေးတစ်လုံးဟာ အသက်မွေးဝမ်းကျောင်း နယ်ပယ်အားလုံးမှာ သူ့ခေတ်နဲ့တော့ သူတွင်ကျယ် ဖြစ်လာတယ်။ နောက်ဆုံး စတိုးဆိုင်ကြီးတွေ မှာ ပိုက်ဆံရှင်းတာကအစ သူမပါမပြီးတော့ဘူး။ သူပါမှ အရာရာ မြန်ဆန်တယ်လို့တော့ ပြောလို့မရဘူး။ သူ့ကြောင့် ပိုကြာတတ်တာတွေလည်း ရှိတယ်။ ခြောက်ရာတန် သွားပွတ်တံကလေးတစ်ချောင်းဝယ်လို့ တစ်ထောင်တန်ပေးလိုက်ရင် ပြန်အမ်းတာကို တန်းစီပြီး ကိုယ့်အလှည့်ရောက်အောင် စောင့်ရတယ်။ ရောက်ပြန်တော့ ကုပ်နံပါတ်မထင်ရှားလို့ သက်ဆိုင်ရာကောင်တာက အရောင်းစာရေးကိုလှမ်းခေါ်၊ ကုပ်နံပတ်ပြန်သွားဖတ်၊ ကွန်ပြူတာထဲကိုရိုက်ထည့်၊ လေဘယ်လေးပေါ်က တီကနဲ မီးနီကလေးလင်းလာမှ လေးရာကျပ် ပြန်အမ်းရန်လို့ ပေါ်လာမယ်။ အဲဒါဖတ်ပြီးမှ သူတို့ခမျာ ဘယ်လောက်ပြန်အမ်းရမလဲ သိရှာတယ်။ ကွမ်းယာဆိုင်က ကုလားသိရင် ရယ်ရလွန်းလို့ အူတက်သေလောက်တယ်။
          ကွန်ပြူတာကြောင့် ပြောင်းလဲလာတဲ့အထဲမှာ ပညာရေးလောကကြီးလည်း ပါလေမလား မပြောတတ်။ ဘဘကြီးတွေ ကျောင်းလာလည်ရင် တီဗီထဲမှာ နားကြပ်ကြီးတွေတပ်ပြီး “ဂွတ်မောနင်း နိုက်ကလပ်” “ပြန်လာပါပြီ ဆရာမ” လုပ်ပြလို့ရတာ တွေ့ဖူးပ။ ကလေးတွေကျောင်းအပ်လို့ရှိရင် အရင်တုန်းကလို စာသင်ခုံဖိုး အလှူငွေဆိုတာအပြင် ကွန်ပြူတာတစ်လုံး လှူရမယ်တို့ ဘာတို့ ကြားဖူးလိုက်တယ်။ ကလေးလေးတွေ ကွန်ပြူတာ ဂျောင်းဂျောင်းမပြေးကာမှ နေရော။ ကျောင်းဆောင်ကြီး မီးလောင်ရင် ကွန်ပြူတာခန်းက ၀ါယာရှော့ခ်ဖြစ်တာလို့ ခေါင်းကလေးမော့ပြီး မကြွားတကြွား ပြောလို့ရတာပေါ့။ (နင်တို့အရပ်မှာ ဒါမျိုးရှိလား ပြောစမ်း) ကန့်ကူလက်လှည့်သင်ပေးတဲ့ ၀ ၀ကလေး ၀ိုင်းဝိုင်းရေး စံနစ်ဟာ အသုံးမ၀င်တော့ဘူး။ ကွန်ပြူတာထဲမှာ ဖွန့်ပြောင်းလိုက်ရင် လေးထောင့်လည်း ရေးလို့ရသလေ။ ပညာရေးလောကကို တကယ်တမ်းပြောင်းလဲစေတဲ့ အိုင်တီစက်ပစ္စည်းက ကွန်ပြူတာ မဟုတ်ပါဘူး။ ဖိုတိုကော်ပီသာ ဖြစ်ပါတယ်။ ကလေးတုန်းက မှတ်စုစာအုပ်ပျောက်သွားလို့ တစ်အုပ်လုံး လက်ရေးနဲ့ ပြန်ကူးရတယ်ဆိုတာ ရယ်စရာကြီး။ ကုသိုလ်တော်ဘုရားထဲက ကျောက်ထက်အက္ခရာတင်ထားတဲ့ ပိဋကတ်သုံးပုံတောင် စာမေးပွဲဖြေမယ့်မနက် ဆိုင်မှာသွားခြုံ့လိုက်ရင် လက်ဝါးသာသာ အခေါက်ကလေးနဲ့ ဆန့်မလားမသိ။ “ကျေးဇူးလည်း အထူးတင် အောက်ဆီဂျင်စွမ်းအား များကိုလေ တွေးမြင်” ဆိုတာကျနေတာပဲ။ အိုင်ကျောင်းသားများ အိုင်ဆရာသမားနှင့် အိုင်ပညာရေးကြီးပါခင်ဗျ။
            လောက်ကိုင်ကိုရောက်တဲ့အခါ ၂၄/၇ အင်တာနက်ဆိုင်လေးတွေမှာ အကန့်သတ်မဲ့ဒေါင်းလုပ် အခွင့်အရေးရလာတဲ့အခါ ကမ္ဘာကြီးထဲကို ခေါင်းပြူကြည့်တတ်လာတယ်။ တရုတ်လိုတော့ ၀င်ကြည့်ရတာပေါ့။ ဒါပေမယ့် ပူပါနဲ့။ တရုတ်စာမဖတ်တတ်သော်ငြား သူတို့ဗူးသီးကြော်ကလေးတွေ ဘယ်ပုံထွက်နေရင် ဘာပြောတာဆိုတာတော့ တီးမိခေါက်မိ ရှိလာတယ်။ ရုပ်ရှင်တွေ သီချင်းတွေဆိုတာ တကမ္ဘာလုံးကထွက်သမျှ အဲသည်သေတ္တာထဲမှာ အကုန်ကြည့်လို့ရတယ်။ အရမ်းသစ်နေရင် ပိုက်ဆံပေးကြည့်ရတာကလွဲလို့။ ရုပ်ရှင်ရုံတွေ ပျောက်ကုန်တာ ဘာမှ မဆန်းဘူး။ လိုချင်တာတွေအားလုံး တနေရာထဲမှာ အကုန်ရတဲ့ ရန်ကုန်လမ်းညွှန် ဆာ့ခ်ျအင်ဂျင်ကြီးတွေကျေးဇူးနဲ့ နဂိုကကြားဖူးနားဝ သီချင်းလေးတပိုင်းတစ ရိုက်ထည့်လိုက်ရင် ဘယ်သူဘယ်တုန်းကဆိုထားတာ နားထောင်မလဲ။ စာသားတွေပါ အပြည့်အစုံလိုက်ရှာဦး။ နားမလည်ရင် ဘာသာပြန်ခိုင်းလို့လည်း ရပြန်ရော။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။ မှတ်ဥာဏ်တောင့်ကလေးတွေ ပေါ်လာတော့ ဖိုးကျိုင်းတုတ်ဖြစ်သွားတာပ။ ရုပ်ရှင်တစ်ကားလုံးဒေါင်းမှ နာရီဝက်သာသာ။ တစ်နာရီလောက်ပဲ။ ကြိုက်တာရွေးဒေါင်းထား၊ ၀င်ချင်တဲ့ဆိုက်လှည့်ဝင်၊ အိမ်ကျမှ စိမ်ပြေနပြေ ပြန်ကြည့်။ အဲလိုနဲ့ တရုတ်ကားတွေ တရုတ်သီချင်းတွေလည်း မွစာကျဲနေအောင် မွှေပစ်ခဲ့တယ်။ ၀တ္ထုမဖတ်တတ်ပေမယ့် ရုပ်ရှင်ကြည့်ရင် နားလည်တယ်။ ဆိုင်ဖြုတ်တဲ့ဆီက ကွန်ပြူတာအဟောင်းလေးတစ်လုံးကို ပေါချောင်ကောင်းနဲ့ဝယ်ပြီး ရုပ်ရှင်တွေ စုစုထားလိုက်တာ မကြည့်ရသေးတာတွေတောင် အားကြီး။ ကိုရီးယားကားများလို အနောက်နိုင်ငံက ဇာတ်လမ်းတွဲအရှည်ကြီးတွေကိုပါ စိတ်ရှည်လက်ရှည်ဒေါင်းထားတယ်။ ရန်ကုန်ရောက်မှ အေးဆေးပြန်ကြည့်မလို့။ အခွေနဲ့များသာဆို အိမ်မှာထားစရာတောင် ရှိမှာမဟုတ်။
ထန်းခေါက်ဖာလေးတစ်လုံးနဲ့ အရေးကြီးတဲ့ အချက်အလက်တွေ မတန်တဆ သိုမှီးလို့ရတယ်ဆိုပေမယ့် လိုချင်တဲ့အချိန်ရောက်ရင် မီးကလည်းလာဦးမှ။ ဟတ်ဒစ်ကြွသွားတယ်ဆို  ရေမကြီး မီးမလောင်ပဲ ကုန်ရော ကုန်ရော။ လူတွေမှ အေကိုက်တာမဟုတ်ဘူး။ ကွန်ပြူတာလည်း ဗိုင်းရပ်စ်ကိုက်သွားရင် သံယောဇဉ်ဖြတ်လိုက်။ အသစ်သာဝယ်။ ဒေတာတွေတော့ တာ့တာ။ လောက်ကိုင်မှာ စုဆောင်းထားသမျှ ရုပ်ရှင်တွေ သီချင်းတွေဟာ ဘူတန်ကိုသွားခိုက် အိမ်မှာ တစ်နှစ်ကျော်ကျော်မဖွင့်ပဲ ပစ်ထားတဲ့ကွန်ပြူတာကြီးက သူ့အလိုလို ဟတ်ဒစ်စ်ကြွသွားတော့ အသည်းနာလိုက်တဲ့ဖြစ်ခြင်း။ သံတွဲဈေးကြီးလို ၂၄နာရီလောင်မှ ကုန်တာမဟုတ်ဘူး။ ဖောမက်ခလုပ်ကလေး မှားနှိပ်မိရင် တစ်ချက်တည်းနဲ့ ဘာမှ မကျန်တော့ဘူး ဆိုတာလည်း ဖြစ်တတ်တယ်။ သူများနိုင်ငံတွေမှာလို ၀ိုင်ယာထရန်စဖာဆိုတာမျိုး လုပ်ရင်း ဂန့်သွားလို့ ပိုက်ဆံတွေဆုံးမယ်ဆိုရင် သေရချည်ရဲ့။ (သူ့ဖြင့် ငါးပြားတောင် မရှိပဲနဲ့ တွေးကြောက်ပလေတယ်)။ နောက်တော့ အိပ်ဆောင်ဟတ်ဒစ်စ်လေးတွေပေါ်လာတော့မှ အဆင်ပြေသွားတယ်။ ဒါလည်းပဲ လိုချင်တာရှိရင် တော်တော်ရှာယူရသေးတာ။ ကိုယ့်ဘာကိုယ် ဘယ်ဖိုင်ထဲသိမ်းထားမှန်း မေ့မေ့သွားလို့။ စာအုပ်စင်ကြီးပေါ်မမွှေတော့ပဲ အီးဘုတ်တရားဟောတတ်လာပြန်တယ်။ အိပ်ယာထဲမှာ စာဖတ်ရင်း အိပ်ပျော်သွားတဲ့အရသာတော့ မရနိုင်တော့ဘူးပေါ့။ စာဖတ်ရင်း သီချင်းနားထောင်ရင်တော့ အဆင်ပြေတယ်။ အမ်ပီသရီးတွေ အမ်ပီဖိုးတွေပေါ်လာပြန်တော့ တေးသံသွင်းဆိုင်တွေ ဂန့်ပြန်ရော။ အခုဆို အမ်းဆေးရုံက အလုပ်သမားလေးတွေတောင် ပလေယာလေးတွေနဲ့ ဆိုင်သွားပြီး သီချင်းတစ်ထောင်ဖိုးလောက် သွင်းပေးပါဆို နားထောင်ပါလေ့ အမုန်း။ ထပ်ဖြည့်လို့လဲရတယ်။ မကြိုက်ရင် ပြန်လဲလို့လည်း ရတယ်။ ကျော်ရ ရစ်ရတာတစ်ခုပဲ အလုပ်ရှုပ်တာ။ သူများနိုင်ငံမှာလို အိုင်ဖုန်းလေးတွေ နားကြပ်တပ်နိုင်ရင် “မျက်နှာချင်းဆိုင် လမ်းမှာတွေ့လာ ဆုံဆည်းစရာစကားများ ရှားပါးလွန်းသည်လေ” ဖြစ်ကုန်မယ်။ ကိုယ့်အာရုံနဲ့ကိုယ်။
           ဘူတန်ကိုသွားအလုပ်လုပ်တဲ့အခါကျမှ “ဟိုမှာမရှိဘူး။ ဒီက၀ယ်သွား” ဆိုလို့ သူတို့ပြောတဲ့ “သားသားလည်း ကိုင်ချင်ပါတယ်” ဆိုတဲ့ဟာကြီး စကိုင်ဘူးတယ်။ ဘန်ကောက်လေဆိပ်မှာ ငုတ်တုတ်မိုးလင်းခိုက် ၀ိုင်ဖိုင်ဆိုတဲ့ဟာကြီး အလကားရတယ်ဆိုလို့ ကလိနေတုန်း အမြင်ကပ်လို့လား မသိပါဘူး။ “ခင်ဗျားစက်က အခုမှဝယ်လာတာဆိုလို့ရှိရင် ကျုပ် မှတ်ဥာဏ်တောင့်ကလေး ဗိုင်းရပ်စ်သတ်ပေးစမ်းပါဗျာ” လို့ လာပြောတာနဲ့ ငြင်းရလည်းခက်။ တွန့်တိုတယ်လည်း အပြောမခံချင်တော့ အားနာနာနဲ့ အားမနာတတ်သူကြီးကို ပိုးသတ်ပေးလိုက်တာ ပိုးတွေတလှေကြီး ၀င်ကုန်ပါလေရော။ သုံးလို့တော့ရတယ်။ Power surge on hurb port ဆိုတာကြီးက စက်ဖွင့်တိုင်းပေါ်လာတာ လေးငါးခြောက်ခါထက်မနည်း ပိတ်ပစ်မှပျောက်တယ်။ မှတ်ဥာဏ်တောင့် အသစ်ဝယ်ပေးပြီး “အင့်။  ခများဟာ ၀ဲပလိုက်တော့” လို့ ပေးလိုက်မိကောင်းသား။ တကယ်တော့ ဘူတန်မှာ လက်တော့ပ်တွေလည်း ပေါပါတယ်။ ဈေးသာ မပေါတာ။ ပက်ပက်စက်စက် ဈေးပေါတာက အင်တာနက်တပ်ဆင်ခ၊ အသုံးပြုခ။ ဘူတန်တယ်လီကွန်းမှာ မှတ်ပုံတင်ပြီးဝယ်လိုက် ADSL လား။ သွားလေရာသယ်သွား အိမ်သာထဲကချက်လို့တောင်ရတဲ့ Data Card ကလေးတွေလား။ မြန်မာငွေ သောင်းဂဏန်းနဲ့ရတယ်။ အိမ်တိုင်ရာရောက် လာတပ်ဆင်ပေးတယ်။ အသုံးပြုခက ကြိုက်သလောက်သုံး၊ ကျသလောက်ရှင်း။ တယ်လီဖုန်းဘီလ်နဲ့ အတူတူလာတယ်။ Unlimitted account ယူလိုက်ရင် တစ်လကိုမှ မြန်မာငွေ နှစ်သောင်းပဲ။ ၂၄နာရီ သုံးချင်တိုင်းသုံး။ ကွန်ကျတယ်တို့ ဘာတို့မရှိဘူး။ လောက်ကိုင်မှာလောက်တော့ မမြန်ဘူး။ ရုပ်ရှင်တစ်ကားကို တနေကုန်ဒေါင်းရတယ်။ အိန္ဒိယနဲ့ ဘူတန်က ဆင်ဆာဟာ တရုတ်ဆင်ဆာထက်စာရင်တော့ တင်းကျပ်တယ်။ သို့သော် တရုတ်မှာက ဖေ့စ်ဘုတ် မသုံးဘူး။ QQ နဲ့  ကျူကြတာ။ Twitter တို့၊ Skype တို့၊ VZO တို့ အသုံးများတယ်။ ဒီမှာကြည့်တို့။ ပြစမ်းပါဦးတို့ကတော့ လောက်ကိုင်ကတည်းက တတ်တာ။ စော်ကြည်ချင် တော်ကီကောင်းရမယ်တို့၊ ပွားပါများ စကားရတို့၊ နားလည်လာသကွယ်။ ကလေးတွေပြောတဲ့ စကားမှန်သမျှ အတုမြင်အတတ်သင်ရင်း သည်ကနေ့မှာ ဆရာကောင်းတပည့် ပန်းခေါင်းလှန်လာနိုင်တာပေါ့။
         ဘူတန်ရောက်ရောက်ချင်း မြန်မာဆိုလို့ ကိုယ်တစ်ယောက်တည်းရှိတဲ့မြို့မှာ စကားပြောချင်ရင်တောင် အင်တာနက်ပေါ်ရောက်မှပဲ အားရပါးရရှိတော့တာမို့ တော်တော် အားအားယားယား ချတ်တင်ထိုင်တတ်သွားပါလေရော။ ဆီးရီးယားတို့ နိုက်ဂျီးရီးယားတို့ အဇာဘိုင်ဂျန်တို့ကလူတွေတောင် မကျန်ဘူး။ ရုရှားမှာ မြန်မာတွေရှိမှန်းတောင် မသိပဲ တောင်ပိုင်းမြို့တမြို့က ရုရှားကလေးငယ်တွေနဲ့ သူငယ်ချင်းဖြစ်သွားပြီး သူတို့က ရုရှားစကား မတောက်တခေါက်တောင် သင်ပေးလိုက်သေးတယ်။ ရုရှားရက်ပ်သီချင်းတွေလည်း မိတ်ဆက်ပေးလို့ သူတို့ဆီမှာ ခေတ်စားတဲ့ အဆိုတော်လေးတွေတောင် မြင်ဖူးသွားတယ်။ Vitas ဆိုတဲ့တစ်ယောက်ရယ် Helmut Lotti ဆိုတဲ့တစ်ယောက်ရယ် ကြိုက်သဗျ။ အော်ပရာအဆိုကောင်းပဲ။ လက်တင်လိုလည်း တတ်ကြတယ်။ Marfia World ဆော့တော့ ဘော်ဒါများလေ လူရှိန်လေ မဟုတ်လား။ ဘယ်သူလာအက်အက် လက်ခံလိုက်တယ်။ မာဖီးယားလူဆိုးကြီးလုပ်လိုက် လယ်ထဲယာထဲ ထွန်လိုက်ယက်လိုက် စိုက်လိုက်ပျိုးလိုက်။ သူငယ်ချင်းတွေ များများ လာလိုက်တာ။ ပျော်စရာကြီး။ မြင်ဖူးစရာလည်း မလိုဘူး။ မျက်မှန်းတန်းမိစရာလည်း မလိုဘူး။ စကားပြောလို့ဆိုလို့ အဆင်ပြေရင် ပြီးတာပဲ။ နောက်ဆုံးတော့ စက်ကိုပြန်မပိတ်တော့ပဲ ဆေးရုံသွားနေသည်။ ထမင်းစားနေသည်။ ရေချိုးနေသည်။ မတ်စိတင်ထားပြီး ဒေါင်းစရာရှိတာ ဆက်ဆွဲခိုင်းထားလိုက်ရော။ တော်တော် အံ့သြဖို့ကောင်းတာက သူများနိုင်ငံတွေ မဟုတ်ပါဘူး။ ကိုယ်တို့ ရွှေပြည်ကြီးပါပဲ။ ချိုကျိုးနွားရွက်ပဲ့ အင်တာနက်ကို သိန်းချီအောင်ပေးသုံးရတာ ဘယ်မှာမှ မရှိဘူး။ မြောက်ကိုရီးယားမှာ ရှိမရှိတော့ မပြောတတ်။ အီသီယိုးပီးယားက ကုလားမချောချောလေးတွေတောင် ဓါတ်ပုံလေးတွေတင် မိတ်ဆက်စာရေးပြီး “နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်။ ကျွန်မကို လက်ထပ်ရင် ပိုက်ပိုက်တွေ အများကြီးရစေ့မယ်” ရွှေပေလွှာတွေ လာလွန်းလို့ Spam ထဲ ပို့ပို့ပစ်ရတယ်။ အိုင်ယာလန်ထီတွေဆိုတာလည်း ပေါက်လိုက်တာ အကြိမ်ပေါင်းမနည်းဘူး။ ငါ့နှယ် လေယာဉ်စားရိတ်မရှိလို့ မထုတ်နိုင်တာ။
           လူလိမ်လူညာတွေနဲ့တွေ့မတွေ့ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ တည်မလားပဲ။ ပိုက်ဆံလာချေးလို့လည်း ရော့ အင့် လို့ ပေးလို့ရတာမဟုတ်။ နှစ်ဦးနှစ်ဘက် နစ်နာစရာမရှိတဲ့အမှုတွေမှန်သမျှ လိုက်လိုက်လျောလျော ဆက်ဆံနိုင်ပါတယ်။ ကိုယ်ကဘယ်သူ့ကိုမှ မလိမ်ခဲ့တော့ ဘယ်သူကမှလည်း အားအားယားယား ကိုယ့်ကို လာမလိမ်ပါဘူး။ ဖေ့စ်ဘုတ်ထဲကသူငယ်ချင်းတွေကျေးဇူးနဲ့ မရောက်ဖူးတဲ့နေရာမှန်သမျှ ကြိုမယ့်ပို့မယ့်သူတွေ အမြဲရှိတယ်။ ကျောပိုးအိပ်ကလေးလွယ်ပြီး ပေချီးကျကျ ခြေစကြာဖြန့်ရင် တက္ကစီတောင် မလွှဲသာမှ သုံးတယ်။ သွားပါများ ခရီးရောက်မရောက်တော့ မသိဘူး။ ဖေ့စ်ဘုတ်ထဲမှာ အယ်လဘမ်တွေတော့ မှန်မှန်တင်ဖြစ်လေရဲ့။ ကြည့်ပျော်ရှုပျော်ပုံကလေးတွေ ရွေးပြီးတင် အောက်ခြေမှာ ပလီစိချောက်ချက်တွေလျှောက်ရေး။ နောက်တော့ ဖေ့စ်ဘုတ်ပေါ်က စူပါကြီးများနဲ့ အသိဖြစ်လာပါလေရော။ ဒန်တန့်တန်…။ ဘိုဘိုလန်းစင်ရဲ့စာမျက်နှာပေါ်ရောက်ရင် တနေ့တနေ့ ဖတ်စရာတွေက လေးငါးခုမကဘူး။ သုံးလေးရက်လောက် ၀င်မကြည့်ဖြစ်ရင် အကြွေးတွေတင်ကုန်ရော။ ကမ္ဘာစိုးမင်းတို့၊ စိမ်းခက်စိုးတို့ကျတော့ ကဗျာဆရာကြီးတွေ။ မကြီးဟနတို့ မမပန်ဒိုရာတို့ကတော့ အမျိုးသမီးဓါတ်ပုံပညာရှင်တွေလေ။ မန်းလေးသူလေး အေးလဲ့ထွင်း၊ စင်္ကာပူက ဒေါ်ခေးလတို့ကတော့ စာရေးကောင်းကြလေတယ်။ ရုပ်ပြောင်တဲ့နေရာမှာတော့ ကဟန်သစ်ငြိမ်ကို အကြိုက်ဆုံးပါပဲ။ ဆရာအော်ပီကျယ်နဲ့ ကျော်သူရိန်လွင်ကိုတော့ ကာတွန်းတွေ သဘောကျလို့။ ဘလောက်ထဲမှာတော့ မင်းဒင်တို့၊ န၀နတို့  အရမ်းကြိုက်တယ်။ မှန်မှန်ဖတ်ဖြစ်တာကတော့ ကိုယ်တို့အမကြီးရဲ့ “ပြောပြစရာတွေကလည်း တပုံကြီးရှိသေးတယ်”။ သူများရေးတာတွေဖတ်ပြီး ကွန်မန့်လေးလောက်ပေးနေရာက တနေ့တော့ ၀ီစကီမြန်မာက ဆရာလဂွန်းအိမ် (ဦးဦးမျိုးသက်ပိုင်)က “ဘယ်သူမှလည်း ကူရေးမပေးဘူး” လို့ ငိုချင်းချနေတာနဲ့ “ဘာတွေရေးပေးရမလဲ ပြော” ဆိုတော့ ဆေးပညာအကြောင်းရေးပေးပါတဲ့။ ချောက်မချနဲ့လေ။ ကိုယ်က ငမြောက်ငခြောက်ဥစ္စာ။ ရေးစရာလား လူခြောက်ညင်ကပ်အောင်။ ဒါနဲ့ မနေနိုင်မထိုင်နိုင် တနေ့တနေ့ နားထဲကမထွက်တမ်း နှိပ်စက်နေတဲ့ မြန်မာသီချင်း အဟောင်းအမြင်းကြီးတွေအကြောင်းကို ဗြုပ္ပတ် ဇာတ်ကြောင်းကလေးဖော်လို့ ရေးမိပါလေသတည်း။
        သူတော်ကောင်းကလေးက အလုပ်ကောင်းလုပ်နေတာဆိုတော့ ဦးမာဃရဲ့ ကျောက်ဖျာကြီးလည်း ဒီမှာတင်းတယ် တင်းတယ် ဖြစ်ကုန်လို့လားမသိ။ မာတလိ နဲ့ ၀ိသကြုံကို လင်မယားယောင်ဆောင်ပြီး Mr & Mrs  Smith ဆို လွှတ်လိုက်တယ်။ ဆရာအောင်သိန်းကျော်နဲ့ အမစန္ဒာလှိုင်တဲ့။ ရေးသမျှစာတွေကို မှန်မှန် ဝေဖန်ပဲ့ပြင်ပေးရုံတင် မဟုတ်ဘူး။ ဘုတ်အုပ်ကြီးများတောင် ထုတ်ပေးဦးမှာတဲ့။ ကဲ အဲသည်လူတွေအကုန် စောစောက ထန်းခေါက်ဖာကြီးထဲက မထွက်လာရင် ဘယ်ကရောက်လာကြသတုန်း ပြောစမ်းပါဦး။ သူတို့ခမျာ အလုပ်ရှုပ်ခံပြီး စာအုပ်လည်းထုတ်ပေးရသေး။ ရန်ကုန်ရောက်သခိုက် ခေါ်ခေါ်လိုက်လိုက် စားတော်များလည်းတိုက်ပါတယ်။ ၀င်းဝင်းလက်လက် ပုလင်းများလည်းဆက်ပါတယ်နဲ့ နတ်ချော့သလိုချော့ပြီး ပေါင်းရှာတာပါ။ သည်က မောင်ကြီးနတ်ကလည်း “Uncle Shin, Uncle Shin, welcome to the လေးတိုင်စင်” လို့ ပင့်လိုက်ရင် ကသံ၊ ကစိုင်းမျိုး၊ ကဇော်နိုင်၊ ကညိုးတက်ပိုင် စသော နောက်ပါပျော်ပါး ဘော်ဒါများနဲ့ “မရှက်ဘူးလား မကြောက်ဘူးလား။ သောက်ခေါင်ကျူးတဲ့ မင်းညီနောင် ရွှေပြုံးသူမျာ့မောင်” ဆို မပျက်မကွက် ကြွရပြန်တာ။
          မုဆိုးစိုင်သင်ဆိုတာ အဟုတ်ပါပဲ။ တဖြေးဖြေးနဲ့ စာရေးတဲ့နေရာမှာ လူပါးဝလာတာ အမှန်ပါ။ ဟိုးရှေ့ကရေးတဲ့စာတွေဆို သိပ်တောင် မကြိုက်တော့ဘူး။ ခေါင်းထဲက မဟုတ်ကဟုတ်ကတွေကလည်း မကုန်ပဲ မကုန်နိုင်ဘူး။ ရေးရင်းနဲ့ ထွက်လာလိုက်၊ ထွက်လာလိုက် ရေးလိုက်။ မိပန်ဒိုရာ။ ညည်းတော်တော်မွှေပါလားအေ။ ခုဆို ခုနစ်ရက်သားသမီး အလုပ်ပျက် အကိုင်ပျက်ဖြစ်ကုန်ပြီ။ ထန်းခေါက်ဖာတစ်ချက်မှောက်ရင် မီးဟုန်းဟုန်းတောက်ရမည် လို့များ ကြွေးကြော်ထားလေရော့သလား။ သည်အရည်တွေမြင်လို့ ငါတို့ကို ဖုတ် ဖုတ် ဖုတ် ဖုတ်လှိုက် ဖုတ်လှိုက် ကွန်နက်ရှင်နဲ့ထားတာနေမှာ။ အထဲမှာ မျှော်လင့်ချက်ကျန်မကျန်ဆိုတာကတော့….။ အောင်မယ်မင်း ပြောရတော့မယ်တဲ့မှ ပြောရတော့မယ်။ တပတ်မှာတရက် တရက်မှာတနာရီလောက်ကလေး ရေအားလျှပ်စစ်ဆေးပေးခန်းကို တကူးတက လာလာတင်နေရတာ အခု စီမံကိန်းကြီးက … အဟင့် အဟင့် ရွှတ် ရွှတ်။ မီးတွေလာတော့မှာဆို။ ဓါတ်ငွေ့တွေရတော့မှာဆို၊ လခတွေတိုးတော့မှာဆို၊ တစ်နှစ်ပြည့်တော့ ပြန်ပြောင်းပေးမှာပါဆို၊ ဆို .. ဆို … ဆို ။
“မျှော် မဆုံးသော ကွင်းပြင် အရင်အတိုင်း …. လျှောက်ရအောင်……။”  (ငိုသံပါကြီးနှင့် ဖတ်ရန်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...