Saturday, March 24, 2012

ပညာရေးနှင့် လဲစားဖို့ အစားတစ်လုပ်

by So Min Oo on Saturday, March 24, 2012 at 9:32am 

ဖိုးထက် 
မတ်လ ၁၉၊ ၂၀၁၂

ပညာရေး ဘယ်လောက်အရေးကြီးသလဲဆိုတာ နိုင်ငံခြားထွက်ပြီး အလုပ်ထွက်လုပ်နေရသော ဒီအသက်အရွယ်ရောက်မှ ပြက်ပြက်ထင်ထင် သိလာတာ အင်မတန်မှ ၀မ်းနည်းဖို့ကောင်းပါသည်။ ဂွင်ကောင်းကောင်း၊ နေရာကောင်းကောင်း၊ အကပ်ကောင်းကောင်းက ပညာရေးထက် အရေးကြီးတယ်လို့ထင်ထားခဲ့တာ ရှက်စရာ။

နိုင်ငံတစ်နိုင်ငံ အဆင့်အတန်းမှီဖို့ သံယံဇာတလား၊ လူသား အရင်းအမြစ်လား။ ပထ၀ီနေရာ အနေအထားလား။ ခေါင်းရှုပ်၊ အတွေးရှုပ်တာဘဲ အဖတ်တင်မည်။
အင်္ဂလိပ်တွေက နှစ်၁၀၀ ကျော်ခိုးခဲ့သည်။ “တန်းတူညီမျှ ၀ါဒဖြူစင်တဲ့မြေ” ဆိုသည့် နိုင်ငံတော်သီချင်းစာသားများကို နားမလည်သော အချင်းချင်းက သူ့အမေလင် အမွေပိုင်ပစ္စည်းတွေလိုမျိုး ခိုးဝှက်၊ ရောင်းစားခဲ့ကြသည်။ ဒါတောင်မှ မကုန်မခန်းနိုင် သံယံ ဇာတအလွန်များသော ရွှေနိုင်ငံကြီးကို အံ့သြရသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ပထ၀ီနေရာအနေအထား အလွန်ကောင်းသော နိုင်ငံများ များစားစားမရှိသည့်အထဲ မြန်မာနိုင်ငံတည်နေပုံက ချစ်စရာ။ ဒေါင်းလေးကနေသလို ၀န့်ဝန့်ထည်ထည်။ ပင်လယ်၊ မြစ်၊ ရေ၊ မြေ၊ နှင်း
တဖွေးဖွေး ပြည့်စုံလွန်းသည်။


လူမျိုးတွေကလဲ ဉာဏ်ရည်ဉာဏ်သွေး မနိမ့်သည့်အပြင် သင်လွယ်၊ တတ်လွယ်သော၊ အကင်းပါးသောလူမျိုးတွေဆိုတာ ကိုယ့်ငါးချဉ်မို့ ကိုယ် ချဉ်ခြင်းမဟုတ်။ သို့သော် ဘာတွေ ဘယ်လိုမှားပြီး ဒီလောက်ဝမ်းနည်းစရာ၊ အားငယ်စရာ သန်းခြောက်ဆယ်သော နိုင်ငံသားတွေ ဖြစ်လာကြရတာ ကံ ကံ၏ အကျိုးဆိုလျှင်လဲ အတော်ယုတ္တိယုတ္တာမဲ့လွန်းသည် ထင်သည်။ “ကံပေါ့ ငါ့သားရယ်” ဟု နိုင်ငံရေးကိစ္စဆွေးနွေး တိုင်း ပြောချင်သော အမေ့ကို ပြန်ပြန်ခံပြောသဖြင့် “ငါမွေးမှ လူဖြစ်တဲ့ အကောင်က..ဘာတုံး နင်က” ဟု အငေါက်ငမ်းခံကာ ခံငြင်းမိသည်။ ကံ ကံ၏ အကျိုးကို မယုံရင် ဗုဒ္ဓဘာသာမဟုတ်ဘူး။ ဘာသာမဲ့၊ ဒိဠိကြီးဆိုပြီး ၀ိုင်းဝန်းပြီး လက်ညှိုထိုးချင်လဲ ထိုးစေတော့။ မြန်မာနိုင်ငံကြီး ဘာကြောင့် ဒီလောက် အောက်ကျနောက်ကျနိုင်နေတာလဲဟု ပညာရှင်တွေ သွားမေးရင်တောင် တစ်ယောက်တစ်ခွန်း ပြောလွှတ်ကြမည်။ ဘုတောလွှတ်နိုင်သည်။ အကျိုးအကြောင်းဆက်စပ်မှုတွေ ရှင်းပြကြမည်ထင်သည်။ ဆယ်ကမ္ဘာစားမကုန်နိုင်လောက်အောင် ခိုးဝှက်ထားကြ သော မိသားစုများကိုကာကွယ်ပြီး “စီးပွားရေး ပိတ်ဆို့လို့ပေါ့ကွာ” ဟု အကြံပေး ပညာရှင်ဆိုသူများက ရှင်းပြပေလိမ့်မည်။

အမိမြေအဆင့်အတန်းရှိဖို့ ဆင်းရဲမွဲတေမှုကျဆင်းရေး စီမံကိန်းက အရမ်းအရေးကြီးသလား။ ကျနော်တို့စစ်တပ်ကြီး ခေတ်မှီဖို့ အရေးကြီး လား။ တရားဥပဒေ စိုးမိုးဖို့ အရေးပိုကြီးသလား။ မိုနိုပိုလီလုပ်တမ်းကစားနေကြသလို စီးပွားရေးလုပ်နေတဲ့ သူဌေးကြီးတွေကို ထိန်းချုပ်ဖို့ အဓိကလား။ ရင်းနှီးမြုပ်နှံမှုတွေ၊ အကူအညီတွေ ၀င်လာဖို့ ပထမလား။ ဗဟိုဘဏ်က ငွေကြေးချုပ်ထိန်းတာ အရင်လုပ်ရမလား။ ကျနော်က နိုင်ငံရေးကို အထူးပြုလေ့လာနေသော သူမဟုတ်သလို ပြောရေးဆိုပိုင်ခွင့်ရှိသော သူလည်းမဟုတ်။ ကျနော်လို သာမန်လူအတွက် အာပေါင် အာရင်းသန်သန်ဖြင့် ငြင်းခုံဖို့ အချက်အလက်တွေ ရှုပ်ထွေးကုန်တာဘဲရှိမည်။ ဒီရေ ဒီလေ ဒီလူတွေနှင့် သိကြားမင်းကြီး ဆင်းလာ၊ “အပ် ချလောင်း” ဆိုပြီး မြန်မာနိုင်ငံကြီးကို ပြည့်စုံအောင် ပြင်ပေးသွားလျှင်တောင် လက်ရှိလူတွေ (ကျနော် အပါအ၀င်)၊ စိတ်တွေနဲ့ကတော့ ဦး မာဃ စိတ်ကုန်သွားတာဘဲ အဖတ်တင်နိုင်သည်။

ဒီလိုပြောလို့၊ ဒီလိုရေးလို့ ကိုယ့်လူမျိုးကိုယ် နှိမ်လိုက်တာဆိုပြီး အပြစ်တင်ကောင်း တင်နိုင်သည်။ အပြစ်တင်၊ နှိမ်ချခြင်းမဟုတ်။ ပညာ ကောင်းစွာ သင်ကြားခြင်းမခံထားရသော လူအများစုရှိသည့် အိမ်၊ ရပ်ကွက်၊ မြို့၊ နိုင်ငံသည် အဘယ်မှာ ရေရှည်အောင်မြင် ဖြစ်ထွန်းနိုင် မည်နည်း။ လယ်ယာကိုင်းကျွန်းအများကြီးရှိပြီး ချမ်းသာပြည့်စုံကာ ပညာရေးအားမပေးသောမိသားစု၏နောင်ရေးသည် ငွေကြောင့် မပူပင် စွာ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ယခုကမ္ဘာကြီးမှာ လိုအပ်တာက ထိုကဲ့သို့သော မိသားစုမျိုးမဟုတ်။ ခေတ်ကြီးနဲ့အညီ ရင်ပေါင်တန်းနိုင်ဖို့၊ ငွေထက် ပညာ (ကိုယ်ကျင့်) ကို တန်ဖိုးထားဖို့၊ လောကကြီးကို မိမိတတ်နိုင်သလောက် အကောင်းဆုံး အလှဆင်ဖို့ကြိုးစားသည့် လူတွေ ကိုဘဲ ပိုမိုတန်ဖိုးထားသည်။ ပိုမိုတန်ဖိုးထားဖို့ လိုအပ်သည်။

ငွေကြေးချမ်းသာသော်လည်း ရှေ့တန်းမရောက်သော နိုင်ငံများ၊ လောကကြီးကောင်းကျိုးအတွက် ရှေ့မဆောင်နိုင်သော နိုင်ငံများ တွေ့ ဘူးကြပါလိမ့်မည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်း နိုင်ငံများ။ ရေနံ၊ သဘာဝဓာတ်ငွေ့ ၀င်ငွေများဖြင့် ချမ်းသာချင်တိုင်း ချမ်းသာနေကြသည့် နိုင်ငံသားများ။ ထိုသူကြွယ်ကြီးများ၏ ကိစ္စကြီးငယ်များကို ပညာရေးစနစ်ကောင်းကောင်းဖြင့် သင်ကြားထားသော နိုင်ငံရပ်ခြားပညာရှင် များအား အခကြေးငွေအများကြီးပေးကာ ခိုင်းကြရသည်။ ငွေပေးရင် ပညာတတ်တွေတောင် ခိုင်းစားလို့ရတာဘဲ ဟု အထင်ရောက်စရာ ရှိသည်။ စာရှုသူက ထိုသို့ထင်မိလျှင် ထင်စေ။ သို့သော် ငွေဆိုတာမျိုးက၊ သံယံဇာတဆိုတာမျိုးက အချိန်မရွေး ကုန်ဆုံးနိုင်၊ ပျောက်ပျက်နိုင် တာကို သတိထားဖို့လိုမည်။ ထိုအကြောင်းခြင်းရာများကို ကြိုတင်တွက်ဆ ထားမိကြသော အရှေ့အလယ်ပိုင်းနိုင်ငံမှ သူဌေးနိုင်ငံ အများစုသည် ပညာရေးကောင်းကောင်းဖြင့် ကိုယ်ပိုင် လူတော်နိုင်ငံသားတွေ မွေးထုတ်ဖို့ ကြိုးစားနေကြသည်။ အဆင့်မှီ တက္ကသိုလ်ကြီးတွေ တည်ထောင်လာကြသည်ကို လေ့လာကြည့်လျှင် တွေ့နိုင်သည်။ ထိုသို့ဆိုလျှင် ပညာတတ်တွေက အဓိကလား၊ ငွေရှိဖို့ အဓိကလားဆိုတာ တွက်ဆနိုင်မည်။

ပညာတတ်များ ကြီးစိုးသော မိသားစုနေသည့် အိမ်မှ အော်ကြီး ဟစ်ကျယ် ရန်ဖြစ်သံ ကျနော် မကြားဘူး။ နင်ဘဲ ငဆ အော်ဆဲဆိုနေသံမကြားရ။ တစ်ယောက်နှင့် တစ်ယောက် အပုတ်ချ၊ တိုက်ခိုက်နေသံ မကြားရ။ မိသားစုပိုင် ပစ္စည်းကို ခိုးဝှက်၊ ရောင်းစားနေကြတာ မကြားဘူး။ ဆဲဆို၊ ရိုက်နှက်၊ ခိုးဝှက်နေကြသည် ရှိစေအုံးတော့ ပတ်ဝန်းကျင်ထိ အပုတ်နံ့လှိုင်ထွက်လာသော အကြောင်းခြင်းရာများ မရှိ။ ရှိခဲ့သည် ဆိုအုံးတော့ ထို အကျင့်ပျက် မိသားစုဝင်သည် ထိုအိမ်မှာ ရှင်သန်နေလို့မရ။ ထောင်ထဲပို့ပြစ်ကြသည်။ မိသားစုနှင့် ဝေးဝေးထားလိုက်ကြသည်။ ရှင် လျှက်နှင့် သေသွားကြရသည်။

အနောက်နိုင်ငံတွေကို လူအများစု အထင်ကြီးကြသည်။ အာရှမှာ ကျားဟုပြောသော ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ လူမျိုးများပင်လျှင် အနောက် နိုင်ငံသားဆိုလျှင် အထင်ကြီးကြသည်။ ဦးစားပေးကြသည်။ အရေးရာထားကြသည်။ ဘာကို အထင်ကြီးတာလဲ။ အရပ်အမောင်းကောင်း လို့လား။ Hollywood မှ ဇာတ်ကားတွေ ကြည့်ပြီး အထင်ကြီးကြတာလား။ ရှိကောင်း ရှိပါလိမ့်မည်။ ကျနော့် အမြင်ယူဆချက်က တခြား။ ကောင်းမွန်သော စည်း၊ စနစ်တွေအောက်မှ ပညာကောင်းစွာသင်ထားသောလူများကို အထင်ကြီးကြတာ ဘဲဖြစ်မည်။ အနောက်မျှော် တွေဆိုပြီး ကဲ့ရဲ့၊ ရှုတ်ချစရာမဟုတ်။ ပညာကောင်းစွာသင်ထားသော လူတွေ၏ အတွေးအခေါ်အယူအဆများကို အထင်ကြီးတာ၊ ကြည်ညို ချင်ကြတာ မထူးဆန်း။ တောရွာမှလာသည့် တောရွာတွင်နေခဲ့သည့် ပညာမတတ်တောသားတစ်ယောက်က ပညာတတ် တက္ကသိုလ်ကျောင်း သားများကို အားကျတာ အံ့သြစရာမဟုတ်။ ၎င်း တက္ကသိုလ်ကျောင်းသားများက ပညာနည်းတောသားများကို တဆင့်နှိမ့်ကြည့်ချင်ကြတာ အားပေးရမယ့်ကိစ္စမဟုတ်ပေမယ့် လူ့သဘာဝတစ်ခုမို့လား။ နှိမ့်ချအကြည့်မခံချင်ရင် ပညာတတ်အောင်၊ တန်းတူရည်တူ တွေးနိုင်၊ ပြောနိုင်၊ လုပ်ကိုင်နိုင်ဖို့ ကြိုးစားဖို့ဘဲရှိသည်။

ကျနော် ဟိုရှာ ဒီရှာ၊ ဟိုကြည့် ဒီကြည့်လုပ်ရင်း youtube မှာ အနောက်နိုင်ငံ တက္ကသိုလ်သင်တန်းပို့ချချက်တွေကို မတန်မရ ကြည့်မိသည်။ နားလည်သည်လဲ ရှိ။ နားမလည်သည်က ခပ်များများ။ သို့သော် ထိုစာသင်ခန်းများထဲမှာ ဆရာနှင့် တပည့်တို့ အပြန်အလှန် ဆွေးနွေးပို့ချပုံတွေ၊ ယုံကြည်ချက်ပြည့်ဝနေသည့် ကျောင်းသားတွေကို တွေ့ရသည်။ သင်ကြားရေး နည်းစနစ်၊ အထောက်အကူပစ္စည်များ ပြည့်ပြည့်စုံစုံဖြင့် မိမိ အသက်မွေးဝမ်းကျောင်းအလုပ် ကျောင်းဆရာဆိုသည့်အလုပ်ကို ပီပြင်အောင်လုပ်သွားတာတွေကိုတော့ ကျနော်ခံစားမိသည်။ ကျောင်း ဆရာဆိုသည့် အသက်မွေးဝမ်းကျောင်းဖြင့် ဂုဏ်လဲရှိမည်၊ မိမိဘ၀သာရေးနာရေးအတွက် ငွေကြေးလောက်ငှမည်ဆိုလျှင် ထိုဆရာများမှ ဖြစ်ဖြစ်မည်အောင် ညှစ်ထုတ်မည့် ကြိုးစားအားထုတ်မှုကို ရာခိုင်နှုန်း အတော်များများ ရမည်ထင်သည်။

စာသင်ခန်းတွေထဲမှာ အပြန်အလှန်မေးကြ၊ မြန်းကြ၊ စကားရေလုကြ လုပ်နေကြသော ထိုကျောင်းသားများပါသည့် ဗွီဒီယိုအတိုလေးတွေကို အပြည့်မ၀နားမလည်ဘဲ ကျနော် အားကျနေသည်။ ဒီလိုသင်ကြားမှုပုံစံမျိုးများနှင့် ဒီလိုအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်နှင့် သင်ကြားခွင့်ရလာ ခဲ့သော ထိုကျောင်းသားကို အဘယ်သူက အထင်မကြီးဘဲ နေနိုင်မည်နည်း။ စာမကြိုးစားချင်သော၊ ပျင်းသော ကျောင်းသားများမှလွဲပြီး ထိုစာသင်ခန်းမထဲမှာရှိသော အများစုသောကျောင်းသားများသည် ပညာတတ်တွေဖြစ်လာမှာ မလွဲအေကန်။ ပညာတတ်မှဖြစ်မယ်။ ပညာ တတ်မှ ရှေ့ရောက်မယ်။ ပညာတတ်မှ လူရာဝင်မယ်။ ပညာတတ်မှ ဘ၀စိတ်ချရမယ် ဆိုသည့် အတွေးအခေါ် ကြီးစိုးသော စာသင်ခန်းထဲတွင် ပျင်းလို့ နောက်ကျနေခဲ့သော ကျောင်းသားများကိုတော့ ဘယ်သူမှ လက်တွဲခေါ်နေမည်မထင်။ ပညာဦးစားပေးသော ထိုစာသင်ခန်းများထဲမှ တစ်ဆင့် တက္ကသိုလ်ကြီး။ ထိုမှတစ်ဆင့် မြို့ကြီး။ ပြီးမှ တစ်ဆင့် နိုင်ငံတော်သစ်တခု။

ဤနေရာတွင် ဆရာဦးအောင်သင်း ပြောနေကြစကားကို ကိုးကားချင်သည်။ “မင်းတို့ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ကွ။ မိဘက အစားတစ်လုပ် လျှော့စားပြီး သားသမီးပညာရေးကို အားပေးတဲ့မိသားစု ဘယ်တော့မှအောက်တန်းမကျဘူး” ဆိုသည့်စကားဖြစ်သည်။ ကျနော်တို့ မိဘ များက အစားတစ်လုပ်လျှော့စားဖို့မပြောနှင့် စားပို့နင့်သေလောက်အောင် မြိုကြသည်။ စားချင်နေကြဆဲ တွေ့နေရသည်။ ဒီပုံစံမျိုးနှင့် ကျနော်တို့ ရွှေပြည်ကြီး ချမ်းသာလာပေစေအုံးတော့ ကွမ်းသွေးတပြစ်ပြစ်၊ လည်ပင်း ဆွဲကြိုးကြီး ပြောင်ပြောင် ပြောင်ပြောင်၊ ပါးစပ်က ပေါက်တတ်ကရ ဟောင်ဖွာဟောင်ဖွာ၊ ပေါင်ဒါတဖွေးဖွေးနှင့်ဖြစ်နေသော တောသားသူဌေးတွေဘဲ ဖြစ်လာဖို့များမည်။
ရေမြင့်ရင် ကြာတင့်လာမှာပေါ့ဟု ပြောကြပေမယ့် ပညာမတတ်သော အုပ်ချုပ်သူနှင့် ပညာနည်းသော ကျနော်လို အကောင် ပြည်သူတွေ များနေလျှင် ၀မ်းနည်းစရာ သံသရာ တစ်ပါတ်လည်လာမှာ စိုးမိသည်။ ပညာရေး အကြောင်း စွတ်ရွတ်ဆရာကြီး လုပ်နေသော ကျနော့်ကို ခွေးပါးစပ်က နတ်စကားထွက်နေတယ်ဟု ပြောကြလျှင် မှန်တာပြောလို့ နာလို့မရ။ အခုအချိန်မှာ ရွှေပြည်ကြီး၏ ပညာရေးကို အားပေးသော အုပ်ချုပ်သူများကြောင့် အလုံးလိုက် အရင်းလိုက် ပညာရေးတွင် ရင်းနှီးမြုပ်နှံကြသည် ဆိုအုံးတော့ ထို အသီးအပွင့်မှ ပေါ်ထွက်လာမည့် ပညာတတ်မျိုးဆက် ရှေ့ဆောင်သွားမည့် မြန်မာနိုင်ငံကြီး တိုးတက်လာမှာကို ကျနော် မမှီနိုင်တော့။ ဒီလိုဆိုလျှင် ကျနော့် ဦးဏှောက်က မတန်မရာတွေတွေး၊ မအပ်မစပ်တွေရေးနေသည်ကို နားလည်ကြမည်ထင်သည်။

ပညာတတ်ကို ချစ်ခင်မြတ်နိုးပြီး ပညာသာအဓိက ကျန်တာသာမညဆိုသည့် မိဘရှိဖို့၊ သူကြီးရှိဖို့၊ တရားသူကြီးရှိဖို့၊ အုပ်စိုးသူတွေ ရှိဖို့ဘဲ လိုအပ်မည်ထင်သည်။ ပညာရေးအတွက် ပိုက်ဆံပိုသုံးချင်သော လူကြီးများ ကျနော်တို့ လိုအပ်မည်ထင်သည်။ “ကျနော်တို့တက္ကသိုလ်ကြီးတွေ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ မရှိပေမယ့် အင်တာနက်၊ အီးမေလ်းသုံးနေပါတယ်” ဟု မိုးကြိုးပြစ်တာကို ထန်းလျက်ဖြင့်ကာချင်နေသော လူကြီးများ ပညာရေးနယ်ပါယ်နှင့် ဝေးဝေးထားဖို့ လိုမည်။
ကျနော် ဘယ်အချိန်သေရမည်မသိ။ ဒီနေ့လား မနက်ဖြန်လား။ သက်တမ်းစေ့နေရသည်ဘဲထား။ ကျနော်သေခါနီး အသက်ငင်နေချိန်တွင် ဘုရား ဂုဏ်တော်များကို မရွတ်မဖတ်၊ သတိမရဘဲ “ဟ ငါတို့ရွှေပြည်ကြီး တယ်ဟုတ်ပါလားကွ” ဟု တဖွဖွရွတ်ဆိုပြီး အသက်ထွက်သွား ချင်သည်။ သေခွင့်ပြုစေချင်သည်။

မိုးမခအွန်းလှိုင်စာမျက်နှာမှထပ်ဆင့်ကူယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...