1

(၁)
ရွေးကောက်ပွဲဆိုသည်ကို ကျွန်တော် လူမှန်းသိတတ်သည့်အရွယ်ကပင် ကြားဖူးသည်။
ကျွန်တော် ယခုလိုပြောလိုက်တော့ အပြောကြီးသည်ဟု ဆိုကြမည်လော မပြောတတ်။ လူမှန်းသိသည့်အရွယ် ဆိုသည်မှာ  အလွန်ဆုံး လေး၊ ငါး၊ ခြောက်နှစ် ခုနစ်နှစ် အရွယ်လောက်တော့ ရှိတော့မပေါ့။ သည်လို ကလေးအရွယ်ကစပြီး ရွေးကောက်ပွဲကို ကြားဖူးသည်ဆိုတော့ ဧကန္တ နိုင်ငံရေး ဗဟုသုတကို ထိုအရွယ်ကပင် ရခဲ့မှာပဲဟု ဆိုရန် ရှိနေပါသည်။

စင်စစ် ကျွန်တော့်အား ဤမျှလောက် အထင် မကြီးသင့်။ ကျွန်တော်ကလည်း မ၀င့်ဝါတတ်။ ရိုးရိုးပင် အစီရင်ခံလိုပါသည်။

အမှန်ပါပဲ။ ရွေးကောက်ပွဲ ဆိုသည့်စကားကို ကျွန်တော် ငယ်စဉ်ကပင် ကြားဖူးပါသည်။
မမလှရင်ကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိသည်။ မမလှရင်သည် စာတတ်ပေတတ်ကြီး မဟုတ်ပါ။ ရှေးခေတ်က မြန်မာမိန်းကလေးများနည်းတူ လူကျောင်းမှာ စတုတ္ထတန်းနှင့် ညီမျှသော ပညာရင်နို့ သောက်စို့ဖူးသည်မှ တစ်ပါး၊ ယခုခေတ် မိန်းကလေးများကဲ့သို့ ပထ၀ီဝင်အကြောင်း၊ သိပ္ပံအကြောင်း၊ ပြည်သူ့နီတီအကြောင်း၊ သမိုင်းအကြောင်း၊ သင်္ချာအကြောင်း ဟူသည်တို့ကို နကန်း တစ်လုံးမှ မသိပါ။ အနုစာပေကိုလည်း နားမလည်ပါ။ ကျွန်တော်တို့ ငယ်စဉ်ခေတ်က အနုစာပေ ဟူသော စကားကိုပင် သုံးစွဲခြင်း မပြုကြသေးပါ။
လူကျောင်းတွင် သင်ပုန်းကြီး ကုန်ပြီးသည့်နောက် မင်္ဂလသုတ်ကို တရားက ရေလွှတ်သလို ရွတ်ဖတ်သရဇ္ဈာယ်နိုင်၍ ချောက်ချီးချောက်ချက် သုံးချက်တွက် တွက်တတ်ပြီဟု ဆိုသည်နှင့် တစ်ပြိင်နက်  မမလှရင်၏ အမိက သူ့သမီးအား “ငါ့ သမီး စာတတ်ပြီ၊ ကျောင်းနုတ်” ဟု ဆိုပြီးလျှင် ကျောင်းမှ နုတ်သွားသည်။
ကျောင်းမှ မနုတ်လျှင်လည်း မဖြစ်ချေ။ လူကျောင်း၌ တန်းကုန်ပြီး ဖြစ်၍ ဆက်လက်ပြီး ကျောင်းထားလျှင် ဆရာကတော်၏ ခိုင်းဖတ် ဖြစ်ချေမည်။ အကယ်၍ ယောက်ျားလေး ဖြစ်လျှင်မူကား လူကျောင်းမှ ဘုန်းကြီးကျောင်းသို့ ပြောင်းထားလျှင် ပရိတ်ကြီးအပြင် ဗေဒင်လက်ရိုးကလေး ဘာလေး ဆိုသည်တို့ကို တတ်ကျွမ်းကောင်း တတ်ကျွမ်းပေလိမ့်မည်။ သို့သော် ဘုန်းကြီးကျောင်းများတွင် ဆယ်နှစ်၊ ဆယ့်တစ်နှစ်ရွယ် မိန်းကလေးများကိုပင် လက်မခံ။ မမလှရင်လို အပျိုဖားဖား ဖြစ်တော့မည့် အရွယ်၌ကား ဘုန်းကြီးကျောင်းနှင့် သာ၍ မအပ်စပ်ချေ။
မမလှရင်သည် ကျွန်တော့် မိခင်၏ ညီမ၀မ်းကွဲဖြစ်၍ ကျွန်တော်၏ အဒေါ် တော်သည်။ သို့သော် ကျွန်တော်က ကျောင်းနေစ အရွယ်၊ သူက ကျောင်းက ထွက်စအရွယ်၊ ဤမျှသာ အရွယ်ချင်း ခြားသောကြောင့်လည်းကောင်း၊ သူ့မောင်နှင့် ကျွန်တော်မှာ တစ်ခုတည်း ဖွားမြင်သောကြောင့်လည်းကောင်း မိဘဆွေမျိုးများက “မမလို့ ခေါ်” ဟု သင်ကြားထားသဖြင့် သူ့ကို ကျွန်တော်က မမလှရင် ဟုပင် ခေါ်သည်။
ရပ်ထဲရွာထဲတွင် သာရေးနာရေး ကိစ္စပေါ်လာလျှင် ဆွေမျိုးသားချင်းတို့သည် သာရေးနားရေး ပေါ်ပေါက်နေသောသူ၏ အိမ်သို့ သွားရောက်၍ ကူညီဖွယ်ကိစ္စ အ၀၀တို့ကို ၀ိုင်းဝန်း လုပ်ကိုင်နေကြပါသည်။ ကျွန်တော် ကဲ့သို့သောသူငယ်တို့မှာ နားရေးကိစ္စကျလျှင် အိမ်တွင် နေရစ်ခဲ့ရသော်လည်း အလှူအတန်းကိစ္စကျလျှင် မိခင်က လိုက်ခဲ့ခေါ်သဖြင့် မိခင်နောက်သို့ တကောက်ကောက် လိုက်ပါသည်။ ထိုအခါ အဆွေအမျိုး အိမ်၌ပင် ညဥ့်အိပ်ညဥ့်နေ နေလေ့ရှိသည်။ အလှူရက်ရှည် ဆိုလျှင် နှစ်ည၊ သုံးည သူတစ်ပါးအိမ်၌ အိပ်ကြရပါသည်။
ဤကဲ့သို့သော အခါမျိုးတွင် ကျွန်တော်သည် မိခင်နှင့်အတူ မမလှရင်တို့ အိမ်မှာ အိပ်ပါသည်။ များသောအားဖြင့် မမလှရင်နှင့် တကွ ကျွန်တော်တို့ ညီအစ်ကိုတစ်စု အတူတူ အိပ်ကြသည်။ ထိုသို့ အိပ်သည့်အခါ ကျွန်တော်က မမလှရင်အား ပုံပြောခိုင်းလေ့ ရှိပါသည်။
မမလှရင်သည် အထက်ဆိုခဲ့သည့်အတိုင်း စာတတ်ပေတတ်ကြီး မဟုတ်ပါ။ သို့သော် မိဘဘိုးဘွား အဆက်ဆက်က နှုတ်ဖြင့် အဆင့်ဆင့် သင်ကြားထားသော ရာဇ၀င်၊ မဟာဝင်၊ ဇာတ် နိပါတ်၊ ၀တ္ထုပုံပြင် တို့ကို အတော် နှံ့နှံ့စပ်စပ် သိပါသည်။ သိသမျှကို ဖွဲ့နွဲ့ကာ ရေရေလည်လည် ပြောပြတတ်ပါသည်။
“ဟို … ရှေးရှေးတုန်းက တဲ့ …”
ကျွန်တော်က နားထောင်၍ ကောင်းသဖြင့် နားထောင်နေပါသည်။
“အင်း လိုက်လေ၊ အင်း မလိုက်ရင် မပြောဘူး”
ကျွန်တော်သည် နားထောင်၍ ကောင်းနေလျှင် အင်း လိုက်ရန် သတိမရပါ။ သို့သော် အင်း မလိုက်မိပါက နားမထောင်ရမည် အလွန် စိုးပါသည်။ ထို့ကြောင့် အတွင်သား အင်း လိုက်ပါသည်။ ကျွန်တော်နှင့် တစ်ခုတည်းတွင် မွေးသော မမလှရင်၏ မောင်ဖြစ်သူကား အလှူအိမ်မှ မုန့်များကို တစ်ဖြဲနှစ်ဖြဲ စားထားသဖြင့် တခေါခေါနှင့် ဟောက်၍ နေချေပြီ။
မမလှရင်က ပျူစောထီး၏ ရာဇ၀င်ကို ပြောပြသည်။ မြန်မာတို့၏ မူလဒေသ မြောက်အရပ်မှသည် နေနတ်သားနှင့် နဂါးမတို့ သင့်၍ ရသော ဥကြီးနှစ်လုံး မျော၍ လာသည်။ ချင်းတွင်းမြစ်ထဲတွင် ဥနှစ်လုံးမှာ ချာချာလည်၍ မျောနေသည်။ ကျောက်ထူထပ်သော အရပ်သို့ ရောက်သောအခါ ဥတစ်လုံးသည် ကျောက်ဆောင်နှင့် တိုက်မိသည်။ ဥကွဲသွား၍ ကျောက်ဆောင်ကြီးမှာ ကျောက်စိမ်း ဖြစ်လာသည်။ ဤနည်းဖြင့် မြန်မာနိုင်ငံသည် ကျောက်စိမ်းထွက်ရာနိုင်ငံ ဖြစ်လာသည်။ ကျွန်တော်သည် ပုံပြင်ပြောသည်မှာ အမျှင်ပြတ်မည် စိုးသဖြင့် ခဏ ခဏ အင်း … အင်း ဟု ဆိုရသည်။
စင်စစ် မမလှရင်က ကျွန်တော် အင်း လိုက်သံ မကြားလျှင် သူ တစ်ခါတည်း အိပ်လိုက်ချင်သည်။ တစ်ခါတစ်ခါ အိပ်ပြီလား ဟုပင် ကျွန်တော့်ကို အတိအလင်း မေးသည်။ ကျွန်တော့်မှာကား ဥကြီး ကျောက်ဆောင်နှင့် တိုက်မိ၍ ဂျိန်းခနဲ မြည်သွားသည်ဟု ထင်လိုက်သောကြောင့် အိပ်၍ မပျော်နိုင်။ နားထောင်၍ လွန်စွာ အရသာ ရှိလှသည်။ သို့ရာတွင် ပျူစောထီးသည် တော်တော်နှင့် ပေါ်မလာနိုင်ပါ။ ဥကြီးသာလျှင် ချင်းတွင်းမြစ်ထဲ မျောနေပါသည်။ ချင်းတွင်းမြစ်မှ တစ်ဖန် ဧရာဝတီမြစ်ထဲ ၀င်လာ၍ မြစ်ထဲ၌ တ၀ဲလည်လည် ဖြစ်နေပါသည်။ ကျွန်တော်သည် အင်း ကို အတွင်လိုက်ပါသည်။ ကျွန်တော်ပဲ ဇွဲကောင်းမည်လော၊ မမလှရင်ပဲ ဇွဲကောင်းမည်လော။
“အဲဒါနဲ့ တဲ့ …”
“အင်း …”
“ဥကြီးဟာ တဲ့ …”
“အင်း …”
“သရေခေတ္တရာ အရပ်ကို ရောက်လာရော တဲ့ …”
“အင်း …”
“အဲဒါနဲ့ တဲ့ …”
“အင်း …”
“ဥကြီးကို ဒန်အိုးထဲ ထည့်ပြီး ပြုတ်စားလိုက်ကရော တဲ့ ..”
“အင်း … ဟာ … မမလှရင်ကလည်း ဒီလိုဆိုရင် ပျူစောထီးပါ သေသွားကရောပေါ့ …”
မမလှရင်သည် ခွက်ထိုးခွက်လှန် ရယ်လေသည်။ အနီးတွင် အလှူအတွက် လုပ်ကိုင်နေကြသော ဆွေမျိုးတစ်စုတို့သည် မမလှရင် ရယ်သည်မှာ ကျယ်လောင်လှလွန်းသောကြောင့် “ဟဲ့ ကောင်မလေးတွေ၊ ကောင်ကလေးတွေ၊ ညဥ့်နက်လှပြီ၊ မအိပ်ကြသေးဘူးလား” ဟု မြည်တွန်ပါသည်။ မမလှရင်က ပိုပြီး ရယ်ပြန်ပါသည်။ လူကြီးသူများက “ဘာဖြစ်တာလဲ” ဆို၍ ကျွန်တော်တို့ အိပ်ရာနေရာသို့ ၀ိုင်းလာကြပါသည်။ အမှန်မှာ ဤသို့ဝိုင်းလာခြင်းမှာ ကျွန်တော်တို့ မောင်နှမသည် သန်းခေါင်သန်းလွဲ အချိန်မှာ မအိပ်ဘဲ ဆူဆူညံညံ လုပ်ခြင်းကြောင့် ရိုက်ရန် နှက်ရန် လာရောက်ကြခြင်း ဖြစ်ပါသည်။ မမလှရင်ကား ဤအကြောင်းကို ရိပ်မိသောကြောင့် ကြို၍ ရှင်းပြသည်။
မမလှရင်၏ ဖြေရှင်းချက်မှာ ကျွန်တော့်အား တစ်ပုံပြီး တစ်ပုံ ပြောရသဖြင့် အိပ်ချင်လာသည်။ အိပ်ချင်မူးတူနှင့် ပုံပြောရသောကြောင့် ဥကြီးနှစ်လုံး အနက် တစ်လုံးက ကျောက်ဆောင်နှင့် တိုက်မိ၍ ကျောက်စိမ်းဖြစ်သွားပြီးနောက်၊ ကျန် ဥတစ်လုံးမှာ ပျူစောထီးကို မွေးရမည့် အစား ယောင်ယမ်းပြီး ဒန်အိုးထဲ ထည့်ပြုတ်လိုက်သည်ဟု ဆိုပါသည်။ု့
ဝိုင်းလာသော လူကြီးများလည်း ကျွန်တော်တို့ မောင်နှမဖြစ်အင်ကို ကြည့်၍ ခွက်ထိုးခွက်လှန် ရယ်ကြပြန်ပါသည်။ ကျွန်တော်ကား လူကြီးသူများက ဤသို့ အနှောင့်အယှက် ပေးသဖြင့် အတော် စိတ်ပျက်သွားပါသည်။ ထို့ကြောင် မမလှရင် ပုံပြီးအောင် မပြောလျှင် မအိပ်ဟု အကျပ်ကိုင်ပါသည်။ မမလှရင်လည်း ပျူစောထီးကို မြန်မြန် ရှင်ဘုရင်ဖြစ်အောင် လုပ်ပေးပြီးနောက် ကျွန်တော်က ထပ်၍ ပုံပြော မခိုင်းနိုင်အောင် တခေါခေါနှင့် ဟောက်၍ အိပ်လိုက်လေသတည်း။
ဤကဲ့သို့ မမလှရင်သည် ကျွန်တော့်အား ပုံပြောသည့် အခါပေါင်း မရေတွက်နိုင်ပါ။ ကြောက်စရာ၊ ထိတ်စရာ၊ သနားစရာ၊ ဒေါသဖြစ်စရာ၊ လွမ်းစရာ၊ ပျော်စရာ၊ အထွေထွေ အထူးထူးသော ပုံပြင်တို့သည် မမလှရင်၏ ပါးစပ်မှ ထွက်ပေါ်လာပါသည်။ သူပြောသမျှ ပုံပြင်တို့ကို စာအဖြစ်ဖြင့် မှတ်တမ်းတင်နိုင်လျှင် ယခုခေတ် ပညာရှင်တို့က ရသစာပေ ဟူ၍ စာရင်းသွင်း ကြပေလိမ့်မည်။
မမလှရင် ပြောသမျှ ပုံပြင်တို့တွင် သနားစရာ ပုံပြင်တစ်ခု ပါသည်။
ထိုပုံပြင်မှာ တစ်ပင်တိုင်မြနန်းတွင် စံနေသော မင်းသမီးကလေးက ခုနစ်ပြည်ထောင်မှ မင်းသားတို့ကို ရွေးချယ်၍ ပန်းကုံးစွပ်သည့် ပုံပြင် ဖြစ်ပါသည်။ ပုံပြင်၏ သဘောသွားမှာ လွန်စွာ ကြည်နူးဖွယ် ကောင်းပါသည်။
“အဲဒါနဲ့ တဲ့၊ ရွေးကောက်ပွဲကြီး ကျင်းပပါလေရော တဲ့ …”
“အင်း .. မမရယ် နေပါဦး၊ ရွေးကောက်ပွဲ ဆိုတာက ဘာလဲ”
“အို … ငါ အစက ပြောပါပကော၊ အဲဒီ တစ်ပင်တိုင် မင်းသမီးကလေးက သူ ကြိုက်တဲ့ မင်းသားကလေး လည်ပင်းကို ပန်းကုံးစွပ်တာလေ၊ အဲဒီလို ပန်းကုံးစွပ်ဖို့ ပွဲကြီး ကျင်းပတာဟာ ရွေးကောက်ပွဲပေါ့ကွယ့်”
ကိုင်း … ကျွန်တော် ငယ်စဉ်က နားလည်ထားသော ရွေးကောက်ပွဲ ဆိုသဟာ ဒါပါပဲ။
(၂)
သို့သော် ကြီးပြင်းလာသောအခါ ရွေးကောက်ပွဲ၏ အနက်အဓိပ္ပာယ်တို့သည် ကျယ်ဝန်းလာချေ၏။
ကျွန်တော်ကိုယ်တိုင် ရွေးကောက်ခဲ့ရပါ၏။ ကျောင်းသားဘ၀၌ အသင်းအမှုဆောင်များ ရွေးကောက်သည့်အခါ ကျွန်တော်သည် ကိုယ် ကြိုက်နှစ်သက်သူကို လက်ညှိုးထောင်၍ ရွေးကောက်ခဲ့ဖူးပါ၏။ ကျောင်းသားကြီး ဖြစ်လာသောအခါ ရွှေတိဂုံဘုရားလူကြီး ရွေးကောက်ပွဲတွင် မဲ ပေးခဲ့ဖူးပါ၏။ နောက်အခါ၌ တက္ကသိုလ်သို့ ရောက်သောအခါ သမဂ္ဂ ရွေးကောက်ပွဲအတွက် မဲဆန္ဒ ပေးခဲ့ဖူးပါ၏။
ထို့နောက်ကား ဒိုင်အာခီ ရွေးကောက်ပွဲတို့တွင် မိမိကိုယ်တိုင် မဲပေးနိုင်ခွင့် မရသေးသော်လည်း သူတကာ မဲပေးသည်ကို ကြည့်ခဲ့ရဖူးပါ၏။ မဲပေးနိုင်ခွင့်ရသော အရွယ်သို့ ရောက်သောအခါ ကျွန်တော်သည် တက္ကသိုလ်ကျောင်း၌ပင် ရှိနေသောကြောင့် မိမိရပ်ရွာ မဲဆန္ဒပေးပွဲကြီးတွင် မဆင်နွဲခဲ့ရပါ။ ထိုခေတ်က ကျောင်းသားတို့သည် မိမိတို့ ပညာသင်ကြားရာ တက္ကသိုလ်မှနေ၍ မိမိတို့ ရပ်ရွာ ရွေးကောက်ပွဲများအတွက် မဲထည့်နိုင်သော အစီအစဉ်မျိုး မရှိပါ။
သို့သော် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်၌ကား တိုင်းသူပြည်သားတစ်ဦးအနေဖြင့် မဲဆန္ဒပေးရမည့် အခွင့်ကို ကြုံခဲ့ပါသည်။ ထိုစဉ်က ထိုအခွင့်အရေးကို အသုံးမချဖူးလျှင် တိုင်းသူပြည်သားတစ်ယောက်ဟု စာရင်းသွင်းခြင်း မခံရသေးဟု ယူဆမိပါ၏။ ထို့ကြောင့် သည်တစ်ခါ မိမိကိုယ်တိုင် မဲပေးရတော့လေမည်တကားဟု အားခဲ၍ ထားလိုက်ပါသည်။
သို့ရာတွင် ကျွန်တော်သည် အများနည်းတူ မဲတစ်ပြားကို ကိုင်၍ မဲရုံထဲ ၀င်ပြီးလျှင် ကိုယ်ကြိုက်ရာ ပုံးထဲသို့ ကိုယ့်လက်နှင့် ကိုယ် မထည့်လိုက်ရပါ။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်ကိုယ်တိုင် မဲထည့်ရမည့်အစား သူတစ်ပါး မဲထည့်သည်ကို စောင့်ကြပ်နေရသောကြောင့် ဖြစ်ပါသည်။
ထိုစဉ်က ကျွန်တော်သည် အလုပ်သင်စမျှသာ ဖြစ်သောကြောင့် မဲရုံအရာရှိ အဖြစ်ဖြင့် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို တွေးတော ပူပန်မိသည်။ ထိုခေတ်က မင်းတိုင်ပင်အမတ်ရွေးပွဲ ဟူ၍လည်းကောင်း၊ နောင်အခါတွင် အုပ်ချုပ်ရေးတစ်ဆင့် တိုးလာသည်နှင့် ဥပဒေပြုလွှတ်တော်ရွေးပွဲ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည့် ရွေးကောက်ပွဲထဲတွင် အရပ်လူကြီးများ၊ မြေပိုင်ရှင်များ၊ အငြိမ်းစားအရာရှိဟောင်းများ၊ ၀တ်လုံတော် ရ မရ ရှေ့နေများ စသဖြင့် ပါဝင်လေ့ရှိကြပါသည်။ မြို့ကြီးပြကြီးတို့တွင် ပညာအရည်အချင်း ထူးချွန်၍ တိုင်းကျိုးပြည်ကျိုးဆောင်သည်ဟု အမည်ရသော ပုဂ္ဂိုလ်ကြီးများ ၀င်ရောက် အရွေးခံကြပါသည်။ သို့ရာတွင် မြို့ငယ်ပြငယ်တို့၌ကား ဥစ္စာပစ္စည်းကြောင့် ဂုဏ်အသရေရှိသည်ဟု အသိအမှတ်ပြုထားရသော ပုဂ္ဂိုလ်များ ပါဝင်ကြသည်။ ယေဘုယျအားဖြင့်ဆိုလျှင် ထိုသို့သော ပုဂ္ဂိုလ်များ၏ လုပ်ရည်ကိုင်ရည်တို့သည် မညံ့လှပါ။ လူကောင်းသူကောင်းများ ဖြစ်ကြပါ၏။ သို့ရာတွင် လူရှုပ်လူပွေဖြစ်သည်ဟု နာမည်ကြီးသော လူလည်ကြီးများလည်း ပါဝင်ကြပါသည်။ အထူးသဖြင့် ရပ်ထဲရွာထဲတွင် အရာရှိလောကနှင့် သင့်အောင် ပေါင်းပြီးလျှင် ရန်ကုန်မြို့ရှိ တိုင်းပြည့်မျက်နှာဖုံး ဖြစ်သော ပုဂ္ဂိုလ်ကြီးများနှင့် ဆက်သွယ်ပြီးသကာလ မိမိ၏ စည်းစိမ်ဥစ္စာတိုးပွားရေး၊ မိမိ၏ သြဇာတိက္ကမကြီးထွားရေး၊ မိမိ ထင်ရာ လုပ်ချင်သည်တို့ကို လုပ်နိုင်ရေးအတွက် အကြောင်းပြုကာ အမတ်အရွေးခံသော သူတို့လည်း ပါဝင်ကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးပြီ ဟုဆိုလျှင် ရွေးကောက်ပွဲ ကန့်ကွက်သံများကို ကြားရစမြဲ ဖြစ်ပါသည်။ မဲခိုးခြင်း၊ မဲလိမ်ခြင်း၊ နှစ်ထပ်ကွမ်းမဲထည့်ခြင်း၊ အစားအသောက်နှင့်မဲဆွယ်ခြင်း၊ မဲပေးမည့်သူများကို ၀ှက်ထားခြင်း အစရှိသော အထွေထွေ အထူးထူးသော တိုင်ချက်တို့သည် သက်ဆိုင်ရာ ခရိုင်ရှိ မဲဆန္ဒကြီးကြပ်ရေးမှူးထံသို့ ပလူပျံဘိသကဲ့သို့ ရောက်ရှိစမြဲ ဖြစ်ပါသည်။ သို့သော် သက်ဆိုင်ရာ တရားရုံးတို့တွင် အမှုတို့ကို စစ်၍ ချလိုက်သည့် အခါ၌မူကား အကယ်ပင် အရေးကြီး၍ အကယ်ပင် ပြစ်မှုထင်ရှားသော အခြင်း အရာတို့မှာ ယခုခေတ် မျက်စိနှင့် ကြည့်သော် မပြောပလောက်ဟု ဆိုရပါမည်။ သို့သော် ထိုခေတ် ထိုအခါက ပြစ်ချက်ရစေသော အမှုအခင်း တစ်ခု၊ နှစ်ခုသာ ပေါ်ပေါက်ခဲ့သည် ဖြစ်စေကာမူ ထိုကိစ္စမျိုးကို အလွန် အရေးကြီးသည်ဟု သဘောထားကြပါသည်။
ယင်းကဲ့သို့ အမတ်ရွေးခံသူ အချင်းချင်း ၀ိဝါဒ ဖြစ်ပွားကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်သောကြောင့် များစွာ ဝေဖန်ပြစ်တင်ရန် လိုလိမ့်မည် မထင်ပါ။ သို့ရာတွင် ၎င်းတို့ ၀ိဝါဒထဲတွင် အမှုထမ်း၊ အရာထမ်းတို့ ကန့်လန့်ပါလာလျှင် နယ်ပြောင်းနယ်ရွှေ့၊ ရာထူးလျှော့၊ နှစ်တိုးလစာပိတ် စသော ကိစ္စများ ပေါ်ပေါက်တတ်သောကြောင့် မလည်မ၀ယ်နှင့် အရာရှိ ဖြစ်လာသူတို့အဖို့ လွန်စွာ ဒုက္ခများကြရသည်။
ကျွန်တော်မှာ အလုပ်သင်၍ တစ်နှစ်မျှပင် မပြည့်သေးပါ။ ကျွန်တော့် လုပ်ငန်းတွင် ဘယ်အရာကိုမျှ ကျွန်တော့် တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် မိမိဘာသာ တာဝန်ယူ၍ ဆုံးဖြတ်ရသော လုပ်ငန်းမျိုး မရှိသေးပါ။ ရာဇ၀တ်မှုခင်း စစ်ဆေးရာ၌ပင်လျှင် ကျွန်တော့်အား စိတ်ရှည်စွာဖြင့် သင်ကြားပေးကြသော အထက်အရာရှိများ၏ အကြံဉာဏ်ကို ယူပြီးမှသာ ဆုံးဖြတ်ရဲပါသည်။ ဤအခြေတွင် ကျွန်တော် တစ်ဦးတည်း စီမံခန့်ခွဲရမည့် အလုပ်ကို တွေးတောပူပန်မိသည်မှာ မဆန်းလှဟု ထင်ပါသည်။
ကျွန်တော်သည် အထွေထွေ စာရေးကြီး၊ ငွေတိုက်ဌာန လက်ထောက်စာရေး၊ ပြာတာတော်မင်း အစရှိသဖြင့် ခြံရံ၍ မဲပုံးများ၊ မဲပြားများကို တင်ဆောင်ကာ ငှက်သမ္ဗာန်တစ်စင်းဖြင့် အိမ်တစ်လုံးရွာတွင် ရွေးကောက်ပွဲ ကျင်းပရန် ထွက်လာခဲ့ပါသည်။
သမ္ဗာန်ထဲတွင် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော အရေးပိုင်မင်း၏ အမှာစကား အရပ်ရပ်တို့ကို အပြန်အလှန် စားမြုံ့ပြန်မိပါသည်။
အရေးပိုင်သည် စကော့လူမျိုး ဖြစ်ပါသည်။ စကော့လူမျိုးတို့သည် ငွေရေးကြေးရေး၌ အလွန် စေ့စပ်ကြသည်။ ငွေရေးကြေးရေး၌ စေ့စပ်သောသူတို့သည် အလုပ်အကိုင်၌လည်း သေချာတတ်သည်။ ဤမျှ စေ့စပ်သေချာသောသူပင် ဖြစ်လင့်ကစား အင်းစိန်ခရိုင်တွင် အရေးပိုင်လုပ်ခဲ့သောအခါ ငွေတိုက်၌ စာရင်းနှင့်ငွေ မကိုက်သောကြောင့် အရေးပိုင်ကိုယ်တိုင် ငွေစိုက်လျော်ရသည်အထိ ကိစ္စများခဲ့ပါသည်။ ထို့ကြောင့် ၎င်းစကော့လူမျိုး အရေးပိုင်သည် အလုပ်သဘော၌ သာ၍ သာ၍ စေ့စပ်သေချာပါသည်။
အရေးပိုင်သည် သူ၏ ရာဇ၀တ်မှု စစ်ဆေးရာ ရုံးခန်းကို မဲရုံသဖွယ် ပြင်ဆင်၍ မဲပုံးများ၊ မဲပြားများ၊ မဲကိုယ်စားလှယ်များ၊ မဲစာရေးများ၊ မဲရုံအရာရှိများနှင့် မဲဆန္ဒရှင်များကို ဟန်ပြအဖြစ်ဖြင့် ပွဲမ၀င်ခင် အပြင်က ကျင်းပ ဆိုဘိသကဲ့သို့ မဲပေးပုံပေးနည်း လေ့ကျင့်ခန်းကို ကျင်းပပေးပါသည်။ ဤလေ့ကျင့်ခန်းတွင် အရေးပိုင်၏ လက်ထောက်ဖြစ်သော မြို့မ၀န်ထောက်ကြီးက မဲရုံမှူးသဖွယ် ဆောင်ရွက်သည်။ ပထမသော် မဲကို တရားဥပဒေနှင့်အညီ ပေးရသည့် အခမ်းအနားကို နမူနာပြ ဆောင်ရွက်ရပါသည်။ မူမှန်သော မဲပေးနည်းကို လေ့ကျင့်စဉ်က အားလုံး ချောချောမောမော ဖြစ်၏။ သို့သော် လိမ်လည်၍ လည်းကောင်း၊ အယောင်ဆောင်၍ လည်းကောင်း မဲပေးသော အခြင်းအရာကို သရုပ်ဖော်သောအားဖြင့် မဲလိမ်ပေးသောသူကို အရေးပိုင်က မဲကိုယ်စားလှယ်အဖြစ်ဖြင့် ကန့်ကွက်လိုက်သောအခါ မြို့မ၀န်ထောက်ကြီးသည် ဘာကို အဆုံးအဖြတ် ပေးရမည် မသိ ဖြစ်သွားပါသည်။
ထိုအခါ အရေးပိုင်က “နိုး … နိုး … နိုး” ဟု ဆိုပါသည်။
“ယခု ရွေးကောက်ပွဲဟာ ခင်ဗျားတို့ မြန်မာများ အုပ်ချုပ်ရေး အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာဟာ ကိုယ့်ဘာသာကိုယ် တာဝန်တွေကို ကျေပွန်အောင် လုပ်တတ်မှ တန်ဖိုးရှိတယ်။ ဒီတော့ အရာရှိများ အခု ရွေးကောက်ပွဲမှာ ဖြောင့်ဖြောင့်မှန်မှန်ဖြစ်အောင် ကြိုးစားစောင့်ထိန်းပေးကြပါ။ ခင်ဗျားတို့ အသီးသီးဟာ စိတ်ထဲမှာ ဘယ်သူကို မဲထည့်မယ်၊ ဘယ်ပါတီကို အားပေးမယ်ဆိုတဲ့ စိတ်တွေ ရှိကြမှာပဲ။ အရာရှိမင်းများဟာ မဲပေးပိုင်ခွင့် ရှိသူများ ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူဘယ်ဝါကို မဲပေးတာဟာ နိုင်ငံရေးမှာ ဘက်လိုက်တယ်လို့ စွပ်စွဲပြောဆိုပိုင်ခွင့် မရှိပါဘူး။ ကိုယ် ကြိုက်ရာ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားကို လွတ်လပ်စွာ မဲပေးကြပါ။ အရာရှိများ အားလုံး မဲပေးတယ် ဆိုတာကို ကျုပ် အလိုရှိတယ်။ ဒါမှ ခင်ဗျားတို့ဟာ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အသစ်ကို ထိရောက်အောင် အကောင်အထည် ဖော်သွားနိုင်မယ်။ ဒါပေမယ့် ဟိုဘက် သည်ဘက် ပင်းပြီး ဆောင်ရွက်တဲ့ အပြုအမူမျိုးကိုတော့ ကျုပ်တို့ အရာရှိများဟာ ရှောင်ကြဉ်ရမယ်။ နိုင်ငံရေး လုပ်နေတဲ့သူတွေ ဉာဏ်များပြီး တရားဥပဒေနဲ့ မညီတာတွေ ပြုလုပ်ရင် ကျုပ်တို့ အရာရှိများက တရားအတိုင်းဖြစ်အောင် လမ်းညွှန်သွားဖို့ တာဝန်ရှိတယ်။ မဲလိမ်နည်းတွေကို အရာရှိများ မဖမ်းတတ်ရင် တာဝန်ကျေမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ ယခု အစမ်း လေ့ကျင့်ခန်းကို ထပ်ပြီး လုပ်မယ်။”
အရေးပိုင်သည် မြန်မာနိုင်ငံပေါ်တွင် သဘောထား မဆိုးပါ။ သူသည် အုပ်ချုပ်ရေးလုပ်ငန်း၌ ကျွန်တော်၏ လက်ဦးဆရာ ဖြစ်ပါသည်။ ကျွန်တော် အလုပ် လုပ်တတ်အောင် သူသည် စေ့စေ့စပ်စပ် သင်ကြားပေးပါသည်။ ထို့ကြောင့် ကျွန်တော်သည် သူ၏ သဘောထားကို ကောင်းစွာ အကဲခတ်နိုင်ပါသည်။ တစ်ခါတစ်ခါ သူက “ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ လူထု အသိဉာဏ် ဖွံ့ဖြိုးခြင်း အပေါ်မှာ မူတည်တယ်” ဟု ကျွန်တော့်အား ပြောဖူးပါသည်။ ထိုစဉ်က သူ ထိုကဲ့သို့ ပြောသည်ကို ကျွန်တော် မကြိုက်ပါ။ ကျွန်တော်တို့၏ ကံကြမ္မာကို ကျွန်တော်တို့ ဖန်တီးလာရသော ခေတ်သို့ ရောက်သောအခါ အရေးပိုင် ပြောဆိုသွားခဲ့သော သြ၀ါဒကို အမှတ်တရ ဖြစ်လာပါသည်။
သို့သော် ကျွန်တော် သဘော မပေါက်သည်ထက်ပင် ပို၍ သဘော မပေါက်သော သူများလည်း ရှိပါသေးသည်။ ဥပမာ ရှေးခေတ်က လူထုခေါင်းဆောင်ဟု ယူဆထားသော အရာရှိပိုင်းတွင် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အသစ်၏ အရေးကြီးပုံကို အရေးပိုင် မိန့်ကြားသကဲ့သို့ သဘောပေါက်ကြသည် မဟုတ်ပါ။ ယခု လေ့ကျင့်ခန်း လုပ်သည်ကိုပင်လျှင် များစွာသော အရာရှိတို့က သက်သက် အလုပ်ရှုပ်အောင် ဖန်တီးနေဘိသကဲ့သို့ ကွယ်ရာ၌ ဝေဖန်ကြသည်။ သို့သော် ထို ကွယ်ရာအတင်းပြော အရာရှိတို့သည် အရေးပိုင်ရှေ့တွင် ပျာပျာသလဲ လုပ်ပြကြပါသည်။
(၃)
ကျွန်တော်တို့ အဖွဲ့သည် အိမ်တစ်လုံးရွာသို့ ညနေခင်း ရောက်ပါသည်။ နံနက်ဆိုလျှင် မဲရုံဖွင့်ရမည် ဖြစ်သောကြောင့် ကျွန်တော်သည် ရသမျှ အချိန်အတွင်း မဲရုံသည် စည်းကမ်းနှင့် အညီ တည်ဆောက်ခြင်း ရှိ မရှိ စစ်ဆေးပါသည်။ မဲ ကိုယ်စားလှယ်များကို ဆင့်ခေါ်၍ မဲရုံနှင့် ဘယ်နှကိုက် အတွင်းမှာ မဲ မဆွယ်ရ၊ မဲ ဆန္ဒရှင်များကို အစားအသောက် မကျွေးရ၊ အရက် မတိုက်ရ၊ ဘာ မလုပ်ရ ညာ မလုပ်ရ စသည်ဖြင့် အရေးပိုင်၏ နမူနာပြ မဲရုံလေ့ကျင့်ခန်းမှ ရသော ဗဟုသုတဖြင့် တွင်တွင်ကြီး အမိန့်ပေးပါသည်။ မဲ ကိုယ်စားလှယ်တို့က ပြုံးပြုံး ပြုံးပြုံးနှင့် ကျွန်တော် အမိန့်ပေးသမျှကို အတိအကျ လိုက်နာမည့် မျက်နှာပေးဖြင့် ခေါင်ကို အတွင် ညိတ်ကြပါသည်။
နံနက်လင်းသော် ကျွန်တော်တို့ လူစုသည် မဲရုံရှိရာသို့ သွားကြပါသည်။ မဲရုံကို သူကြီးအိမ်နှင့် ခပ်ဝေးဝေးတွင် ထားရပါသည်။ ရွာထဲမှာ ယာယီကင်းဂတ်တစ်ခု ရှိသည်။ ၎င်းကင်းဂတ်နှင့်လည်း ဝေးအောင် ထားရပါသည်။ ထို့ကြောင့် နံနက်ခင်း မြူနှင်းမှုန်မှုန်တွင် ခေတ္တလမ်းလျှောက်ခွင့် ရသောကြောင့် တန်ဆောင်မုန်းလ၏ အချမ်းကိုမျှ သတိမရလိုက်ပါ။ မဲရုံထဲ ၀င်လာသောအခါ စိတ်ပင် အိုက်သွားပါသည်။
သို့သော် အစီအစဉ်မှာ မူလကြံရွယ်ခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်။ မဲပုံးများကို နေရာချသောအခါ မဲကိုယ်စားလှယ်များက နေရာမလုသည့်အပြင် မြို့ပိုင်မင်း ကြိုက်နှစ်သက်ရာမှာ ထားပါ ဟု ပြောကြသေးသည်။ ကျွန်တော်လည်း ၎င်းတို့ တောင်းဆိုချက်ကိုပင် လိုက်လျော၍ မဲပုံးကို  ကျွန်တော့် သဘောအရ ထားတော့မည်ဟု မဲပေးခန်းထဲ ၀င်လိုက်မိ၏။ သို့သော် အရေးပိုင်က အခါခါ အထပ်ထပ် မှာကြားလိုက်သော အချက်တစ်ချက်ကို သတိရ၍ မဲပေးခန်းမှ ပြန်ထွက်ပါသည်။
“ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်ပြီး မဲပုံးများ ကြိုက်သလို စီစဉ်ပေးပါ ဆိုတာ ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ယခု ကျေနပ်တုန်းမှာ ဘာမှ မပြောလိုကြပေမဲ့ နောင်အခါ မဲရှုံးရင် ရှုံးသူက တစ်မျိုး ပြောလာလိမ့်ဦးမယ်။ မြို့ပိုင်က သူ မေတ္တာရှိရာ အမတ်လောင်းရဲ့ မဲပုံးကို မဲခန်း အ၀င်ဝမှာ ထားပါတယ်လို့ စွပ်စွဲရင် ကျုပ် ကြားထဲက အချောင် နာမည်ပျက်ဦးမယ်။ ဒီတော့ ခင်ဗျားတို့ သဘောချင်း ညှိနှိုင်းပြီး ရွေးကြပါ။”
ကျွန်တော်က သည်ကဲ့သို့ ပြောသောအခါ မဲကိုယ်စားလှယ်တို့သည် သူ့သဘော၊ ငါ့သဘော၊ မင့်းသဘော၊ ကျုပ်သဘောနှင့် တစ်ဦးအပေါ် တစ်ဦး လွှဲချနေကြပါသည်။ သို့သော် မည်သူမျှ ပထမ ဦးဆောင်၍ နေရာ မရွေးကြပါ။
ထို့ကြောင့် နောက်ဆုံးတွင် မဲနှိုက်သော စနစ်ဖြင့် မဲပုံးများကို နေရာချထားပါသည်။
ကျွန်တော်၏ မဲရုံတွင် ဘာမျှ ထူးထူးခြားခြား မဖြစ်ပါ။ မျက်မမြင် အဘိုးအို၊ အဘွားအိုတို့ကို မဲခန်းထဲသို့ လက်တွဲ ခေါ်ဆောင်၍ ၎င်းတို့ ကြိုက်ရာ မဲပုံးကို မဲထည့်စေခြင်း၊ မြန်မာနာမည်နှင့် မဲလာထည့်သော အူရယာကုလား၊ ကာကာကုလားတို့ကို မဲကိုယ်စားလှယ်များက ကန့်ကွက်၍ ၎င်းတို့၏ မိဘမျိုးရိုးနှင့် ကိုယ်ပိုင်အမည် ဟုတ် မဟုတ်ကို သူကြီး၊ ဆယ်အိမ်ခေါင်း ကော်မီတီ၏ ထွက်ချက်နှင့် စစ်ဆေးရခြင်း၊ မဲစာရင်းတွင် နာမည်များ အလွဲလွဲ အမှားမှား စာရင်းတင်ထားသည်ကို အမည်မှန်၊ အသက်မှန်၊ အလုပ်အကိုင်မှန်၊ မိဘနာမည်မှန်တို့ဖြင့် တိုက်ဆိုင်ညှိနှိုင်း အဆုံးအဖြတ် ပေးရခြင်း စသဖြင့် သာမန် အခက်အခဲမျိုးသာ တွေ့ရပါသည်။ ညနေပိုင်းတွင် မဲရုံပိတ်သည့် အချိန်၌ အောက်လင်းဓာတ်မီးများ ထွန်းကာ ချိပ်တံဆိပ် အသီးသီး ခတ်နှိပ်၍ မဲပုံး ပိတ်ရပါသည်။
မဲပုံများကို ကျွန်တော်တို့ တည်းခိုရာ ကရင် ကုန်စုံဆိုင်သို့ ယူဆောင်လာပါသည်။ အိမ်တစ်လုံးရွာမှာ ကရင်အမျိုးသား လွှမ်းမိုးသော ရွာဖြစ်၍ ရွာသုံး တိုလီမိုလီ ပစ္စည်းတို့ကို ကရင် အမျိုးသမီးတစ်ဦးက ဦးစီးတည်ထောင်သော ဆိုင်က ဖြန့်ချိပေးပါသည်။ ၎င်းကုန်စုံဆိုင်မှာ မြို့မှ လာသမျှ အရာရှိ ကြီးငယ်တို့ တည်းခိုရာစခန်း ဖြစ်သောကြောင့် ကုန်စုံဆိုင်၏ ဘေးတွင် မီးဖိုဆောင်နှင့် အိမ်သာ အပါအ၀င် အခန်းရှည်တစ်ခု သပ်သပ် ရှိပါသည်။ ၎င်းအခန်းတွင် ကျွန်တော်တို့ အဖွဲ့သားများ တန်းစီ၍ အိပ်ရပါသည်။ ကျွန်တော်မှာ ပထမဦးဆုံး တာဝန်ထမ်းဆောင်သော အလုပ်တွင် မတော်မတရား မဖြစ်ရလေအောင် မဲပုံးတို့ကို မိမိ၏ ရွက်ဖျင်ခုတင်အောက်၌ ထား၍ အိပ်ပါသည်။ အထွေထွေ စာရေးကြီးသည် ကျွန်တော် ဗျာများပုံကို ကြည့်ပြီး ရယ်ပါသည်။
နံနက်မိုးလင်းသော် မဲပုံး သုံးပုံးကို တရိုတသေ သမ္ဗာန်ထဲတွင် ထည့်၍ မြောင်းမြမြို့သို့ ကျွန်တော်တို့ အဖွဲ့သားများ ပြန်လာကြပါသည်။ ကျွန်တော်တို့၏ နောက်တွင် မဲကိုယ်စားလှယ် သုံးဦးက သမ္ဗာန်ကိုယ်စီနှင့် လိုက်လာပါသည်။
သမ္ဗာန်ထဲတွင် အထွေထွေ စာရေးကြီးက ရွေးကောက်ပွဲ ကလိန်ကျနည်း နည်းမျိုးစုံကို ဋီကာဖွင့်ပါသည်။
ချောင်းထဲတွင် စပါး နှစ်ရာပါ၊ သုံးရာပါ သမ္ဗာန်ကြီးများကို တွေ့ရသည်။ ၎င်းသမ္ဗာန်များတွင် ဒယ်အိုးများ၊ ဒန်အိုးများ၊ စဥ့်အိုးများကို ခပ်လှမ်းလှမ်းမှ မြင်ရပါသည်။ ခွက်အစိတ်ဝင်အိုးများ အတော် ခပ်များများကို သမ္ဗာန် ၀မ်းခေါင်းထဲတွင် တင်ထားပုံမှာ ကျွန်တော့် စိတ်ထဲတွင် ထူးခြားသလို ရှိနေပါသည်။
ထို့ကြောင် ဘာ သမ္ဗာန်တွေလဲဗျာ့ ဟု စာရေးကြီးကို လှမ်း၍ မေးမိသည်။
စာရေးကြီးက ပြုံး၍ မဲကြို သမ္ဗာန်တွေပါ ဟု အဖြေပေးသည်။
မဲကြို သမ္ဗာန်ကလည်းဗျာ စဥ့်အိုးကြီးတွေ သယ်လာတာ များလှချည့်ကလား …
အဲဒီအိုးတွေက အရက်အိုးတွေ၊ မြို့ပိုင်မင်းရဲ့ …
ထို့နောက် အထွေထွေ စာရေးကြီးသည် မဲရာဇ၀င်ကို ခင်းပြပါသည်။ စာရေးကြီးမှာ ဒွိသန္တက အုပ်ချုပ်ရေးဖြစ်သော ဒိုင်အာခီစနစ် ပေါ်သည့်နေ့မှစ၍ ရွေးကောက်ပွဲ မဲဆွယ်သူတို့က မဲဆန္ဒရှင်တို့အား အကျွေးအမွေး၊ အရက်သေစာတို့ဖြင့် မဲမြှူနည်း အမျိုးမျိုးကို ပြောပြပါသည်။
ဒါတွေကို ယခုလို ဗြောင်လုပ်တော့ ဒီရွေးကောက်ပွဲမျိုးဟာ လွတ်လွတ်လပ်လပ်လို့ ဆိုနိုင်ပါ့မလား။
ဒါကတော့ မြို့ပိုင်မင်းရယ်၊ သူကျွေးရင် စား၊ သူခေါ်ရင် လိုက်၊ ပြီးတော့ ကိုယ် ထည့်ချင်တဲ့ ပုံးထဲကို ကိုယ် ထည့်ကြတာပါပဲ။
နို့ပေမယ့်ဗျာ ယခုလို ဗြောင်ကျကျ မဲဆွယ်တယ်ဆိုတော့ ဥပဒေနဲ့ မလွတ်ဘူးဗျာ့။ ယခုတောင်မှ ကျုပ်တို့ မျက်စိအောက်မှာ အရက်အိုးကြီးတွေ တင်လာတာကို အရေး မယူရင် ကျုပ်တို့လည်း အပြစ်ကင်းပါဦးမလား။
အပြစ် မကင်းဘူး ယူဆပြီး ယခု သမ္ဗာန်တွေကို ဖမ်းကြည့်ပါလား။ သူတို့ ပြောလိမ့်မယ်။ သူတို့ဟာ ဘုံဆိုင်တွေကို အရက် သယ်ပို့ရတဲ့ သမ္ဗာန်တွေပါလို့ ပြောလိမ့်မယ်။ သူတို့ ဆီမှာ အရက်အိုးတွေ ပို့ဖို့အတွက် ယစ်မျိုးနည်း ဥပဒေအရ ပါမစ်တွေတောင် ပါလာတယ်။
ဟာ ဒီလိုဆိုရင် ယစ်မျိုးဌာန မှုထမ်း ရာထမ်း တွေတောင်မှ ရွေးကောက်ပွဲမှာ သူ့လူ၊ ကိုယ့်လူ ဆိုပြီး ပါနေကြတာပေါ့။
အင်း သိသာ သိစေ၊ မမြင်စေနဲ့ ဆိုတာမျိုးလို တစ်ချို့လည်း ကိုယ်ကြိုက်ရာ အမတ်လောင်းအတွက် အကျိုးဆောင်ပေးကြမှာပဲ။ ဒါပေမယ့် တကယ်တမ်း စစ်ဟယ် ဆေးဟယ် လုပ်ရင် ၀ိနည်းရှောင်ထားတာတွေကိုသာ တွေ့ရမယ်။ ကိုယ်ဖမ်းတဲ့ အမှုဟာ ခိုင်လုံမှာ မဟုတ်ဘူး
သူတို့ ရွေးကောက်ပွဲဆိုတာ တယ်ပြီး ဉာဏ်များပါကလားဗျာ။
ဉာဏ်များတာတွေတော့ မပြောနဲ့တော့ မြို့ပိုင်မင်းရေ့။ မြို့ပိုင်မင်းကတော့ မဲရုံမှူးဆိုပြီး မဲရုံထဲမှာ ဥစ္စာစောင့်လို လုပ်နေလို့ ဘာမျှ မသိတာ။ ကျွန်တော်တို့တော့ မြို့ပိုင်မင်းကို တစ်ယောက်တည်း ထားပြီး နေ့လယ်ပိုင်း နားချိန်မှာ ရွာထဲ လျှောက်ကြည့်ခဲ့တယ်။ ဒီရွာထဲမှာ အလှူအိမ်တွေ တော်တော် များသဗျို့။ ဟိုအိမ်ကလည်း ဘုန်းကြီးဆွမ်းကပ်၊ ဒီအိမ်ကလည်း ဘုရားကိုးဆူ ကျွေး …
ဟာ ခင်ဗျား ဥစ္စာကလည်း နေ့ခင်းကြောင်တောင် ဘုရားကိုးဆူ ကပ်တာ ဟုတ်မှ ဟုတ်ပါ့မလား ။
ဟုတ်တော့ ဘယ်ဟုတ်မလဲ၊ ညက ဘုရားကိုးဆူ ကပ်ပြီး ဒီနေ့ မနက်ခင်း နေ့လယ်ခင်းကျတော့ လူတွေ ဖိတ်ပြီး ကျွေးကြ မွေးကြ တာပေါ့။
အင်း ရွာကလေးက ကရင်ရွာသာဆိုတယ်၊ ကုသိုလ် ကောင်းမှုကျတော့ အင်မတန် သဒ္ဓါတရား ရှိကြပါကလားဗျာ့
စာရေးကြီးသည် ခွက်ထိုးခွက်လန် ရယ်ပါသည်။
အမှန်မှာ ကျွန်တော့်၌ ဘာ ဗဟုသုတမျှ မရှိပါ။ စာရေးကြီးမှာ လောကထဲတွင် ကျင်လည်လာခဲ့သည်မှာ အနှစ်လေးဆယ် ကျော်ပါပြီ။ ရွေးကောက်ပွဲ အမျိုးမျိုး၌ နွှဲခဲ့ဖူးပါပြီ။ သူကြီးရွေးပွဲ၊ တိုက်နယ်လူကြီးရွေးပွဲ၊ ခရိုင်ကောင်စီရွေးပွဲ၊ မင်းတိုင်ပင်အမတ်ရွေးပွဲ၊ ဥပဒေပြုလွှတ်တော်အမတ်ရွေးပွဲ .. အို မပြောပါနှင့်တော့၊ ရွေးကောက်ပွဲ အမျိုးပေါင်း သောင်းခြောက်ထောင် ကျင်းပခဲ့ရာ ကျွန်ုပ်တို့ အထွေထွေစာရေးကြီး မပါခဲ့သည် မရှိ။ ကျွန်တော့်လို မြို့အုပ်ပေါက်စ ထောင်ခြောက်လာ သမား မဆိုထားဘိ၊ ရွေးကောက်ပွဲ ဗဟုသုတနှင့် စပ်လျဉ်းလာလျှင် အရေးပိုင် ကိုယ်တိုင်ကိုက သူ့အား ခေါ်၍ မေးမြန်းရသည်။ ထို့ကြောင့် သူ  ရယ်သဖြင့် ကျွန်တော့်မှ စိတ် မဆိုးနိုင်ပါ။ ကျွန်တော့်မှ မရှိသော ဗဟုသုတကို သူ့ထံမှ ရအောင် မည်သို့ ယူရမည်ကိုသာ ကျွန်တော် စိတ်စောမိပါသည်။
မြို့ပိုင်မင်းက တယ်ရိုးတာကိုးဗျာ့။
အမှန်မှာ အထွေထွေ စာရေးကြီးသည် တယ် အ တာကိုးဗျာ့ ဟု ဆိုချင်ဟန် လက္ခဏာ ရှိပါသည်။ စာရေးနှင့်မြို့ပိုင်မို့သာ စကားပရိယာယ်ဖြင့် ပြောခြင်း ဖြစ်ဟန်တူပါသည်။ အမှန်မှာ တက္ကသိုလ် စာသင်ခန်းမှနေ၍ ရှုပ်ထွေးပွေလီသော ဤလူ့ဘောင်ထဲသို့ တစ်ချက်တည်း ခုန်ဝင်ခဲ့သော ကျွန်တော်အဖို့ တက္ကသိုလ် စာသင်ခန်း၌ ပို့ချသော ကြီးကျယ်သော၊ မြင့်မြတ်သော လက်သုံးဝါဒတို့သည်သာ ကမ္ဘာလောက တစ်ဝန်း၌ အနှံ့တည်နေသည်ဟု ထင်မှတ်နေပါသည်။ သေးနုပ်သော၊ ကလိမ်ကျသော သဘောတရားတို့ကို ကိုယ်တွေ့ တွေ့စရာ အများကြီး ကျန်ပါသေးသည်။
မြို့ပိုင်မင်းက တယ်ပြီး ခွကျသကိုး ဟု စာရေးကြီးက ထပ်တွန့်၍ ညည်းညူလိုက်ပြီးလျှင် အကြောင်းပြကောင်းအောင် အလှူလုပ်ကြတာဗျာ့။ အမှန်မှာတော့ ရွေးကောက်ပွဲ မဲဆွယ်ဖို့အတွက် ကျွေးကြမွေးကြတာပဲ ဟူ၍ ပြောပါသည်။
သိသာ သိစေ၊ မမြင်စေနှင့်။ အင်း … သူတို့ လုပ်ပုံတွေက  ယဉ်လှပါသည်။ ပိပိရိရိ ရှိလှပါသည်။
ယခုခေတ်နှင့် စာသော် …. ။
(၄)
ဒီမှာ ကျုပ် ပြောမယ်ဗျာ။ ကလိမ်ကျတာချင်း အတူတူချည်းပဲ။ ဒါပေမယ့် ခုခေတ် နောက်ပေါက်ကလေးတွေက တယ်ညံ့တယ်ဗျာ။ ကျုပ်တို့လို နိုင်ငံရေးသမား လက်ဟောင်းကြီးတွေ ခေတ်တုန်းက ဒီလို ဘယ်ဟုတ်မလဲ။ ဥပဒေ အတွင်းကချည်းပဲ။ ၀ိနည်းရှောင် ရှောင်ပြီး လုပ်သွားကြတယ်။ လူ မသိလိုက်ဘူး။ သိသာ သိစေ၊ မမြင်စနဲ့တဲ့ ဗျာ့။
လာပြန်ပြီ သည်စကား။ ယခု သည်စကားကို ကြားရသော ခေတ်မှာ ကိုယ့်လူမျိုး၊ ကိုယ်တိုင်းပြည်၊ ကိုယ့် အစိုးရ ဟူသော ခေတ် ဖြစ်ပါသည်။ အိမ်တစ်လုံး ရွေးကောက်ပွဲမှ ကာလရွေ့လျောလာသည်မှာ စိတ်အထင် နှစ်အစိတ် ရှိတော့မည်။ ကျွန်တော် ယုံကြည်ခဲ့သည်မှာ အနှစ် အစိတ်ခန့် အတွင်း ကျွန်တော်တို့သည် လွတ်လပ်ရေးရအောင် ဆောင်ကြဉ်းလာနိုင်သည်အထိ တိုးတက်လာခဲ့ပြီ ဟု ယုံကြည့်ခဲ့ပါသည်။
သို့ရာတွင် နှစ်ဆယ့်တစ်ဦးခေတ်၌ နိုင်ငံရေးသံသရာထဲတွင် ဒိုးကဲ့သို့ လည်လာသော လက်ဟောင်း နိုင်ငံရေးသမားကြီး ပြောလိုက်ပုံမှာ ကျွန်တော်၏ ယုံကြည်ချက်ကို အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ရှိသည်။
ယခုခေတ် ၀က်အူလှည့်တွေ ဘာတွေ ပြောကြတယ်။ ဘယ့်နှယ် ဒီကလောက် ခဲယဉ်းတဲ့ အလုပ်တွေကို လုပ်ဖို့ မလိုပါဘူးဗျာ။ ချိပ်ခွာတာ ခက်တာ မှတ်လို့။
ကျွန်တော် ယခုမှ သတိရမိသည်။ ကျွန်တော် အိမ်တစ်လုံးက အပြန်တွင် အထွေထွေ စာရေးကြီးက တံဆိပ်နှိပ်ထားသော ချိတ်ကို တံဆိပ် မပျက်အောင် ခွာနည်း လုပ်ပြခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော်သည် ချိပ်ခွာပုံကို ကြည့်ရင်း ကြည့်ရင်း ကျွန်တော့် စာရေးကြီးကိုပင်လျှင် ကျွန်တော် မသင်္ကာပါ။ အသည်းထဲ စိမ့်၍ စိမ့်၍ ကြောက်ရွံ့လာပါသည်။
ယခုလည်း နိုင်ငံရေးအငြိမ်းစားကြီးတစ်ဦးက ဗဟုသုတအလို့ငှာ ပြောနေသည်ကိုပင်လျှင် ကျွန်တော် စိမ့်၍ စိမ့်၍ ကြောက်ရွံ့လာပြန်ပါသည်။ ကျွန်တော်တို့တစ်တွေ ဤနည်းဖြင့်သာ စခန်းသွားနေကြပါက တစ်နေ့သောနေ့မှာ ကျွန်တော်တို့ ဘာတွေ ဖြစ်ကြရဦးမည်နည်း။
လောက၌ ယထာဘူတ ပညာရှင်များက မူ ချမှတ်ခဲ့ကြသည်။ လောက တံတွာ မူ ဆိုသည်မှာလည်း သင်္ခါရ ဖြစ်သောကြောင့် တစ်ထစ်ချ မှန်သည်ချည်းဟု မဆိုသာပါ။ မူသည် ပရမတ် မဟုတ်ပါ။ ပညတ်မျှသာ ဖြစ်ပါသည်။ သို့သော် ယေဘုယျအားဖြင့်ကား ကာလ၊ ဒေသ၊ ပယောဂကို လိုက်၍ သူ့ အချိန်နှင့် သူ၊ သူ့ နေရာနှင့် သူ၊ သူ့ အကြောင်းတရာနှင့် သူ မှန်တတ်သည်ကို ၀န်ခံကြရပါမည်။ သို့သော် မူမှန်ရုံနှင့် ပြီးသည် မဟုတ်၊ လူကလည်း မှန်ဖို့ လိုပါသည်။ မူကောင်းသော်လည်း လူ အသုံး မကျလျှင် သည် မူ ကို မီးဖုတ်ပစ်ဖို့သာ ကောင်း၏။
ကျွန်တော်သည် ကျွန်တော့် အတွေးနှင့် ကျွန်တော် ဖြစ်ပါသည်။ သို့သော် ကျွန်တော် တွေးနေသည်ကို ကျွန်တော့် မိတ်ဆွေ နိုင်ငံရေးသမားကြီး ကြားသွားသလော မပြောတတ်ပါ။ သူက ဤသို့ ဆိုပါသည်။
ကျုပ်တို့ ခေတ်ကို ဗျူရိုကရက်ခေတ်လို့ ဆိုကြတယ်။ ဒါပေမယ့် သူ့ခေတ်နဲ့သူ ချမှတ်တဲ့ မူတွေ မဆိုးလှဘူးဗျာ့။ ကျုပ်တို့ လူတွေကသာ ဆိုးနေကြတာ။ ဘာပဲပြောပြော နယ်ချဲ့ဆိုတဲ့ အကောင်ကလည်း ကျုပ်တို့ကို စည်းကမ်းဘောင် ခတ်ပေးခဲ့တာပဲ။ နို့ပေမယ့် ကျုပ်တို့က အကျင့်မကောင်းတာဗျာ့။
ကျွန်တော့်၏ မိတ်ဆွေသည် အကျင့် ဟူသော စကားကို လေးနက်အောင် မူရင်းအသံနှင့် ပီပီသသ ရွတ်ပြပါသည်။ မကောင်းသည်ကို လုပ်ခဲ့သမျှ မကောင်းမှန်း သိသိဖြင့် ရှုတ်ချသော လေသံနှင့် ပြောဆိုခြင်း ဖြစ်ပါသည်။ မကောင်းသည်ကို မကောင်းဟု ပြောခြင်းသည် လူလိမ္မာ သဘော ဖြစ်ပါသည်။ စင်စစ် ယခုအခါ ကျွန်တော်၏ မိတ်ဆွေသည် လူလိမ္မာ ပြန်ဖြစ်၍ သမ္မာအာဇီဝဖြင့် အသက်မွေးနေပါသည်။
(၅)
တစ်ခုသော ရွေးကောက်ပွဲတွင် အမတ်လောင်းတစ်ဦးသည် အနိုင်ရရှိရေးအတွက် အကြံထုတ်နေလေသတည်း။
ထိုခေတ်က အနိုင်ရရှိရေးအတွက် စည်းရုံးခြင်း မလိုချေ။ တစ်ဦးတည်း အကြံထုတ်လျှင် ပြီးနိုင်သည်။
ထိုခေတ်က ပါတီခေါင်းစည်း တပ်ရန် မလိုချေ။ တစ်သီးပုဂ္ဂလ အနေဖြင့် အရွေးခံနိုင်လျှင် ပို၍ သေချာသည်။ အရွေးခံပြီးနောက် ဥပဒေပြုလွှတ်တော်ထဲသို့ ရောက်လာသောအခါ ထိုပါတီ၊ ဤပါတီတို့မှ ခေါင်းဆောင်ကြီးများသည် အမတ်မင်းကို လာရောက် “ပိုး” ကြပါလိမ့်မည်။ ထိုအခါ အမတ်မင်းသည် မိမိကိုယ်ကျိုးအတွက် လုပ်ပေးနိုင်သော ပါတီအမည်ကို ခံယူလိုက်ပါ။ အကယ်၍ မိမိ အမည်ခံထားသော ပါတီသည် အယုံအကြည် မရှိ အဆိုတင်သွင်းခြင်း ခံရ၍ အစိုးရအဖွဲ့မှ ပြုတ်ကျတော့မည်ဟု ရိပ်မိ သိရှိလာပါလျှင် အခြားတက်လာမည့် ပါတီထဲသို့ ခုန်၍ ကူးပါ။ ဤနည်းသည် အမတ်မင်း၏ ကိုယ်ကျိုးအတွက် အလွန် ခရီးရောက်ပါသည်။
အထက်ဖော်ပြပါ နည်းနိဿရည်းကို မှီး၍ နိုင်ငံရေးကို အရိုးကြေကြေ၊ အရေ ခန်းခန်း လုပ်ဆောင်ရန် သန္နိဋ္ဌာန် ချထားသော ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးသည် အကြံထုတ်ပါလေသည်။
အကြံ မထုတ်လျှင် မဖြစ်ပေ။ တစ်ဖက်က ယှဉ်ပြိုင် အရွေးခံမည့် အမတ်လောင်းသည် ရပ်ရွာတွင် မျက်နှာကြီးသည်။ သြဇာ တိက္ကမ ရှိသည်။ အရာရှိတို့နှင့် အပေါင်းအသင်း ၀င်ဆံ့သည်။ လူထုကိုလည်း ခင်မင်အောင် လုပ်ထားသည်။ သူ၏ မဲဆန္ဒနယ်ရှိ တောသူတောင်သား လယ်သမားမှန်လျှင် သူ၏ ပေးစာကမ်းစာနှင့် မကင်းချေ။ ဘယ်နည်းနှင့် မဆို သူနှင့် ယှဉ်ပြိုင်လာသောသူကို အပြတ်အသတ် နိုင်ခြေ ရှိနေသည်။ ဤအထဲတွင် ပုလိပ်သားတစ်ဦးသည် အလွန်တန်ခိုးကြီးနေသည်။ သူ ဆိုလျှင် အားလုံးသော လူဆိုး၊ သူခိုး၊ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် မကျန် အရပ်သူ ရွာသားများက ကြောက်ရွံ့ကြသည်။ ထို ပုလိပ်သားမှာ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးကို အပြတ်အသတ် နိုင်နိုင်မည့် တစ်ဖက်က ယှဉ်ပြိုင်သော အမတ်လောင်းနှင့် လွန်စွာ သင့်မြတ်သည်။ အရပ် ပြောစကားအရဆိုလျှင် ထိုပုလိပ်သားသည် ထိုအမတ်လောင်း၏ တပည့်ရင်းကဲ့သို့ ဖြစ်သည်။ ဤအချက် တစ်ချက်တည်းနှင့်ပင် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးမှာ အကြံ မထုတ်ဘဲ မနေနိုင် ဖြစ်ရရှာသည်။
ဒီပုလိပ်ကို ရွာသားတွေ အားလုံး ကြောက်ရတယ်။ ဒီလို ကြောက်ရတဲ့ လူကို ကပ်ပြီး ငါ့ အတွက် မဲရအောင် လုပ်ပေးပါ ဆိုရင် သူက ငါနဲ့ ယှဉ်ပြီး အရွေးခံမည့်သူရဲ့ ကျေးဇူးရှင် ကျေးဇူးစားမို့ ငါ့အတွက်တော့ လုပ်ပေးမှာ မဟုတ်ဘူး။ လုပ်ခြင်းလုပ်ရင် သူ့ ဆရာအတွက်သာ လုပ်ပေးမှာ။ တကယ်လို့ ငါ့အတွက် လုပ်ပေးပြန်ရင်လည်း တစ်ဖက်က ကန့်ကွက်လို့ ဘူးပေါ်သလို ပေါ်ခဲ့သော် ငါ အမတ် မဖြစ်ခင် အလျင် ပြုတ်မှာပဲ။ ဒီတော့ ဘယ်လို ကြံရပါ့။
ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ဤသို့ နက်နဲစွာ တွေးလေသည်။
ရွေးကောက်ပွဲရက်သည် တရွေ့ရွေ့ နီးလာပြီ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးကား အဆိုပါ ပုလိပ်သားကြီးကို တစ်စတစ်စ ချဉ်းကပ်သည်။ လက်ဖက်ရည် ခဏခဏ တိုက်သည်။ အရက်ဖိုး ခဏခဏ ပေးသည်။ ပုလိပ်ကတော်အတွက် ဇာဘော်လီ ခဏခဏ ချုပ်ပေးသည်။ ကလေးများကို ခဏခဏ မုန့်ကျွေးသည်။
တစ်နေ့သော် ပုလိပ်သားကြီးထံမှ စကားတစ်ခွန်း ရသည်။
ဆရာရယ်၊ ကျွန်တော်တို့ ပုလိပ်ဆို လူဆိုး၊ သူခိုးတွေ အပေါ်မှာသာ ဆိုးရင် ဆိုးမယ်။ ဆရာတို့လို့ ရပ်မိရပ်ဖတွေ အပေါ်မှာတော့ မိဘလို သဘောထားပါတယ်။ ခိုင်းစရာရှိရင် ခိုင်းပါ ဆရာ။ အဲ .. တစ်ခုတော့ ကျွန်တော် ရှင်းရှင်း ပြောပါရစေ။ ဆရာကလည်း ကျွန်တော့် ဆရာပါပဲ။ ဆရာနဲ့ ယှဉ်ပြီး အရွေးခံမယ့် အမတ်လောင်းဟာလည်း ကျွန်တော့် ဆရာပါပဲ။ ဆရာ့ကိုလည်း သစ္စာပေးပါတယ်။ ဒါပေမယ့် သူ့ကိုလည်း ကျွန်တော် သစ္စာ မဖောက်ပါဘူး။ ရွေးကောက်ပွဲ ဆိုတာမျိုးကလည်း နိုင်ငံရေးဆိုတော့ ကျွန်တော်တို့ အမှုထမ်းများနဲ့ မအပ်စပ်ပါဘူး။ ဒါကလွဲရင် ဆရာတို့ အကြောင်းရှိက ခိုင်းပါ။ ဆရာပဲ အမတ်ဖြစ်ဖြစ်၊ သူပဲ အမတ်ဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အားကိုးရာချည်းပါပဲ။
မင်း သဘောထားကို ငါ သိပါတယ်ကွယ်။ ဒီလို သဘောထားမျိုးကိုလည်း ကျေနပ်ပါတယ်။ ငါပဲ အမတ်ဖြစ်ဖြစ်။ မင်း ဆရာရင်းပဲ အမတ်ဖြစ်ဖြစ် ငါ့ အဖို့မှာတော့ အကြောင်း မထူးပါဘူးကွယ့်။ ရွေးကောက်ပွဲကို ၀င်ဖူးတယ်ရှိအောင် ၀င်တာပါ။ ငါ အမတ်ဖြစ်မယ်လို့ မမျှော်မှန်းပါဘူး။ နို့ပေမယ့် ငါ့မှာ အကြံတစ်ခု ရှိတယ်။ ရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး။ အရပ်ထဲမှာ ငါ့ကို မကောင်းကြံနေတဲ့သူတွေ ရှိတယ်။
ဟာ … ဆရာ ဘယ်သူတွေလဲ။ ကျွန်တော့်ကို ပြစမ်းပါ။ ကျွန်တော် မှတ်လောက်သားလောက်အောင် တီးပြပါ့မယ်။
တပည့်ရဲ့ .. ဒီလို လုပ်ချင်ရင် မင်းကို ငါ ဒုက္ခ မပေးပါဘူး။ ငါ့ဟာငါ လူငှားပြီး အရိုက်ခိုင်းရင် ပြီးပါတယ်။ ငါက လူတစ်ဖက်သား သွေးထွက်သံယို လုပ်တာမျိုးကို တယ်ပြီး မလုပ်ချင်ဘူး။ အဲ … ပရိယာယ်နဲ့ ဆုံးမလို့ ရရင်တော့ ဆုံးမချင်တယ်။
ဘယ်လိုလဲ ဆရာ။ ဆရာ ကြိုက်သလို ပြောပါ။ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် လုပ်ပေးဆိုလည်း လုပ်ပေးပါ့မယ်။
ဒီလိုလည်း အမှု မဆင်ချင်ဘူး။ ငါ့ ရန်သူတွေက ဆောင့်ကြွားကြွားနဲ့။ ငါ့ သြဇာ မခံဘူး။ ဒါကို ငါက အခုကတည်းက ချိုးထားချင်တယ်။ နို့မို့ရင် ငါ့ လယ်ထဲမှာ ငါ့ သူရင်းငှားတွေကို သူက တယ်ပြီး အနိုင်ကျင့်တယ်။ ငါကလည်း သူတို့ကို အဖက်လုပ်ပြီး မပြောချင်ဘူး။ ဒီတော့ ငါက မင်းပေါက်စိုးပေါက် ဆိုတာကို အကြောင်းပြချင်တယ်။ နောက်ဆုံးကွယ် ကုန်ကုန်ပြောပါ့မယ်။ မင်းလို လူမျိုးဟာ ငါ့ တပည့်၊ ငါ ရိုက်ရင်တောင် ငါ့ကို ပြန် မပြောဝံ့ဘူး ဆိုတာ ပြချင်တယ်။
ဟာ ဖြစ်ပါတယ် ဆရာ၊ ဒီကောင်တွေကို ကြည့်ပြောလိုက်ပါ့မယ်။ ဘယ်မှာလဲ ခွေးမသားတွေ..
မင်း ဘာမျှ ပြောဖို့ မလိုဘူး။ မင်း ငါ ပြောတဲ့အတိုင်း လုပ်နိုင်ရင် တော်ပြီ။ မင်းကို ငါ ငွေ အစိတ် ပေးပါ့မယ်။ မင်း လုပ်နိုင်တယ်ဆိုရင် ယခု ပေးမယ်။ ကိစ္စပြီးရင် အစိတ် ထပ်ပေးဦးမယ်။
ဆရာ့အတွက် ဘာမဆို လုပ်ပါ့မယ် ဆရာ။ ငွေကြောင့် မဟုတ်ပါဘူး။
ငွေကိုလည်း ယူပါ။ ငါ ပြောတာလည်း လုပ်ပေးပါ။ မင်းအတွက် ၀န်လေးစရာ မဟုတ်ပါဘူး။
ပြောပါ ဆရာ၊ ပြောပါ။ ဘာလုပ်ပေးရမလဲ။
မင်း သောက်နေကျ လက်ဖက်ရည်ဆိုင်ကို ငါနဲ့ မတည့်တဲ့ အကောင် လာလာပြီး လက်ဖက်ရည် သောက်လေ့ရှိတယ်။ မင်း ဆိုင်မှာ ထိုင်နေတုန်း သူ လက်ဖက်ရည် လာသောက်တဲ့အခါ ငါက မင်းကို ပါးတစ်ချက် နှစ်ချက် ဆွဲရိုက်မယ်။ မင်းက ငါ့ကို တောင်းပန်ပြီး “ကျွန်တော် ကြောက်ပါပြီ ဆရာရယ်၊ နောက်ကို မခိုးမခန့် မလုပ်ဝံ့ပါဘူး” အဲသလို ပြော။ ပြောပြီး မင်းက ဆိုင်ထဲက ထွက်သွားပါ။
ပုလိပ်ကို ယုံကြည်အောင် လှိမ့်ဖို့ ဟူသော အလုပ်သည် မလွယ်ပါ။ သို့သော် ကျွန်ုပ်တို့ ခေါင်းဆောင်ကြီးသည်ကား အလွန် မှင်သေသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ဤအထဲတွင် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးက ပေးကမ်းထားသော ပစ္စည်းများသည် ပုလိပ်သားကြီးကို လွှမ်းမိုးနေလျက်ရှိပြီ မဟုတ်တုံလော။
ဟာ .. ဆရာရယ်၊ ဒီအလုပ်က  လူသတ်ရတဲ့ အလုပ်မျိုးမှ မဟုတ်ဘဲ။ ဆရာ ရွာလယ်ခေါင်မှာ ပါးရိုက်တာကို ကျွန်တော် ခံရဲပါတယ်။ အဟုတ် ရိုက်ရင်တောင် ခံရမယ့်လူပါ ဆရာရယ်။
ဆရာတပည့်နှစ်ယောက် အပေးအယူ ဖြောင့်သွားကြသည်။
ရွေးကောက်ပွဲကြီးကား တစ်ရက်ထက် တစ်ရက် ချဉ်းကပ်လာပြီ ဖြစ်၏။ နက်ဖြန်၊ သန်ဘက်၊ ဖိန်းနွှဲလောက်ဆိုလျှင် မြို့ထဲတွင် လှုပ်လှုပ်ရွရွ မဲပေးကြရတော့မည်။
နံနက်ခင်းတွင် ဈေးထောင့်ရှိ လက်ဖက်ရည်ဆိုင်ကလေးသည် လွန်စွာ အရောင်းရသွက်နေသည်။ လက်ဖက်ရည်ဆိုင်၌ ထိုင်၍ လက်ဖက်ရည် သောက်နေသောသူတို့သည် ရွေးကောက်ပွဲအကြောင်း ထင်မြင်ချက် အမျိုးမျိုး ပေးနေကြသည်။ များသောအားဖြင့် ထိုလက်ဖက်ရည်ဆိုင်ထိုင် ပရိသတ်သည် ကျွန်ုပ်တို့ ခေါင်းဆောင်ကြီးနှင့် ယှဉ်ပြိုင်မည့် အမတ်လောင်း၏ ဂုဏ်သတင်း၊ ဂုဏ်ပုဒ်တို့ကို ထုတ်ဖော်ချီးကျူးလျက် ရှိကြသည်။ သို့သော် ၎င်းတို့သည် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးကိုမူကား “အင်မတန် ဉာဏ်များတဲ့ လူကြီးလကွာ။ သူ့လိုလူမျိုး အမတ်ဖြစ်ရင် ငါတို့တိုင်းပြည် သံဃာစင်ပါ မှောက်မှာပဲ” ဟု ထောမနာ ပြုကြပါသည်။
ထိုအတွင်း ကျွန်ုပ်တို့၏ ပုလိပ်သားကြီးသည် ကာကီရှပ်အင်္ကျီကို ပုဆိုးပြင်၌ ထုတ်၍ ၀တ်လျက် လက်ဖက်ရည်ဆိုင်ထဲသို့ ၀င်လာသည်။
လက်ဖက်ရည်သောက်နေသော ပရိသတ်သည် ကျွန်ုပ်တို့၏ ပုလိပ်သားကြီးကို စပါးရော ဖွဲရော လုပ်ကြသည်။ အထူးသဖြင့် ကျွန်ုပ်တို့၏ ပုလိပ်သားကြီးကား နိုင်ခြေရှိသော အမတ်လောင်း၏ တပည့်ရင်းဖြစ်သောကြောင့် ယနေ့အဖို့ ခါတိုင်းထက် ပို၍ မျက်နှာပွင့်လင်းသည်။
မကြာမီ ကာလသားခေါင်းနှင့် တူသော မျက်နှာပေါက်ဆိုးဆိုး လူတစ်ယောက်သည် ဆိုင်ပေါ်သို့ တက်လာသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ပြောလျှင်လည်း ပြောစရာပင်။ ထို မျက်နှာပေါက်ဆိုးသူသည် လူစွာတစ်ယောက် ဖြစ်သည်။ အထူးသဖြင့် လယ်ပိုင်ရှင်တို့ အပေါ်၌ အလွန်တရာ မထီမဲ့မြင် ပြုသည်ဟု သတင်းကြီးနေသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းမျက်နှာပေါက်ဆိုးကို ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး သဘောမကျ ဖြစ်နေသည်မှာ ယုတ္တိရှိသည်။ ကျွန်ုပ်တို့၏ ပုလိပ်သားကြီးကား ပုလိပ်ရည်ဝနေသောကြောင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ပြောထားသော လူပုံစံနှင့် တိုက်၍ ကြည့်နိုင်သည်။
ဒီ အကောင်ပဲ၊ လူပါးဝတဲ့ အကောင်။ ဒီလို အကောင်မျိုးကို တစ်ခါတည်း ရိုက်လွှတ်ဖို့ ကောင်းတယ်။ ဒါပေမယ့် ငါ့ ဆရာက ပရိယာယ် ကြွယ်ဝတယ်။ အကြောင်းတစ်ခုတော့ ရှိလိမ့်မယ် ထင်ပါရဲ့။
ပုလိပ်သားကြီး ထိုသို့ တွေးမိ၏။
မကြာမီ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးသည် ဆိုင်ထဲသို့ ၀င်လာလေသည်။
ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးသည် ပထမသော် ပုလိပ်သားကြီးကို မြင်ဟန် မတူ။ လက်ဖက်ရည် မှာ၍ စားပွဲအနီးရှိ ကုလားထိုင် တစ်လုံးကို ယူထိုင်လိုက်သည်တွင်မှ ပုလိပ်သားကြီးကို မြင်ဟန်ပြုသည်။
အောင်မယ်၊ ဟေ့ ခွေးမသား၊ မင့်ကို တွေ့ချင်နေတာ ကြာပြီကွ…
ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးက လူအများ ကြားအောင် အော်ဟစ် ရန်တွေ့သည်။
ရပ်ထဲရွာထဲတွင် ကျွန်ုပ်တို့၏ ပုလိပ်သားကြီးကို ယခုလို ကြိမ်းမောင်း ဆဲဆိုဝံ့သူ မရှိ။ သို့သော် ယခု အရပ်တကာက ရွာအော့ဖြစ်နေသော ပုလိပ်တော်မင်းကို ကနေ့နက်ဖြန် အရွေးခံရမည့် အမတ်လောင်းတစ်ဦးက ရက်ရက်စက်စက် နိုင်နေပြီတကား။
ခွေးမသား၊ မင်းကို တွေ့ချင်နေတာ ကြာပြီကွ။ မင်းက အရပ်ထဲမှာ မိုက်တယ် ဆိုတော့ ငါက မင်းထက် ပိုမိုက်ပြရဦးမှာပေါ့ကွာ
ဤသို့ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးက ဆက်တိုက် ရန်လုပ်နေသည်ကို ကျွန်ုပ်တို့၏ ပုလိပ်တော်မင်းက ကျားရှေ့ ချော်လဲသော သမင်ကလေးပမာ ပြူးကြောင်ကြောင်နှင့် ကြည့်နေသည်။
ထိုအတွင်း “ဖြန်း .. ဖြန်း” ဟူသော အသံနှစ်ခု ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာပြီးလျှင် ကျွန်ုပ်တို့၏ ပုလိပ်သားကြီးသည် ရုပ်ရှင်ဇာတ်လိုက်တို့၏ အမူအရာထက် ပို၍ မှင်ကောင်းသော အမူအရာဖြင့် အရိုက်ခံထိသော ပါးကို လက်နှင့် အုပ်ပြီး ဆိုင်ထဲမှ ဆင်းပြေးလေသည်။
လက်ဖက်ရည်သောက် ပရိသတ်သည် အုတ်အုတ်သဲသဲ ဖြစ်သွားသည်။ ကနေ့ နက်ဖြန် အရွေးခံတော့မည့် အမတ်လောင်း၏ သတ္တိ ဗျတ္တိကို အတွင်းကျိတ် ချီးကျူးပြီး၊ လက်ဖက်ရည်ဖိုး ခပ်မြန်မြန်ပေးပြီး ပုလိပ်တော်မင်း နည်းတူ ဆင်းပြေးကြသည်။
ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးကား လွန်စွာ ကျေနပ်သော အမူအရာဖြင့် -
အရပ်ထဲ မိုက်တယ်ဆိုတဲ့ အကောင်တွေ .. ထွက်ကြစမ်းလကွာ၊ သိကြရောပေါ့ ငါ့ အကြောင်း … ဟူ၍ ကြုံးဝါးလေသည်။
ထိုအခါ မျက်နှာပေါက်ဆိုးသူသည်လည်း ခွေးအပြီး ကုပ်သကဲ့သို့ ကုပ်ကာ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ရှေ့တွင် မိမိကိုယ်ကို ကိုင်းညွှတ်၍ ခပ်ဖြည်းဖြည်းနှင့် ဆင်းသွားလေသည်။
(၆)
ပုလိပ်ကို ပါးရိုက်လိုက်ပြီး မကြာပါဘူးဗျာ။ ရွေးကောက်ပွဲ လုပ်ပါလေကရော…
ကျွန်တော်၏ မိတ်ဆွေ လက်ဟောင်း နိုင်ငံရေးသမားကြီးက ပါးစပ်မှ တံတွေး စဉ်သည်အထိ အားရပါးရ ပြောပါသည်။
ကျွန်တော်သည် မမလှရင် ပုံပြောသည့်အခါ အင်း လိုက်သလို အင်း လိုက်ပါသည်။
တကတည်းဗျာ၊ ရပ်ထဲရွာထဲမှာ သြဇာရှိတယ်။ အရာရှိနဲ့လည်း ၀င်ဆံ့တယ်။ လူတကာနဲ့လည်း တည့်အောင် ပေါင်းတယ်။ တောင်သူလယ်သမားမှန်ရင်လည်း သူ့ ကျေးဇူး ရှိတယ်။ အဲသလို အဘက်ဘက်က အရည်အချင်း ပြည့်စုံနေတယ်ဆိုတဲ့ အမတ်လောင်းဟာ ရွေးကောက်ပွဲနေ့မှာ ပြုံးပြုံး ပြုံးပြုံးနဲ့ဗျာ့။ သူ့အတွက်တော့ သေချာနေပြီကိုး။ ကျုပ်တို့ ခေါင်းဆောင်ကြီး ဆိုတဲ့ လူကတော့ မဲတရားလည်း တစ်လုံးမှ ဟောတတ်တဲ့သူ မဟုတ်တော့ ဘာမှ မဟောဘူး မပြောဘူးဗျာ့။
အင်း
အဲ … မဲရုံနားမှာတော့ “ခွေးမှန်ရင် လူမထင်ဘူး” ဆိုတဲ့ မျက်နှာထားကြီးနဲ့ သူ ပါးရိုက်လိုက်တဲ့ ပုလိပ်သားကိုပဲ အမည် ခေါ် ခေါ်ပြီး “ဒီ အကောင် ဘယ်မှာလဲ၊ ငါမှန်း သိပြီလားကွ”လို့ ကြိမ်းချည်းနေတယ်။
အင်း
တောနယ်ဆိုတော့ ရုံးစိုက်ရာမြို့ကို မဲပုံးတွေကို ယူလာဖို့က တယ် မကြာပါဘူး။ ဒါကြောင့် နှစ်ရက်အတွင်းမှာ မဲ ရေတွက်နိုင်တယ်။
အင်း
အဲ … မဲရေတွက်ပြီး အရှုံးအနိုင် ကြေညာတော့ သြဇာရှိတယ်၊ အပေါင်းအသင်း ကောင်းတယ်၊ လူတကာရဲ့ ကျေးဇူးရှင်ကြီး ဖြစ်တယ်ဆိုတဲ့ အမတ်လောင်းဟာ ခွက်ခွက်လန်အောင် ရှုံးပါလေရောဗျာ။ ဟို ပုလိပ်သားကို ပါးရိုက်တဲ့ အမတ်လောင်းကတော့ အပြတ်အသတ် နိုင်သဗျာ့။
သည်တစ်ခါ ကျွန်တော် အင်း မလိုက်နိုင်တော့ပါ။ နိုင်ငံရေးသမား လက်ဟောင်းကြီး ဟူသော ကျွန်တော်၏ မိတ်ဆွေကြီး ပြောစကားကို ကျွန်တော် နားမလည်ပါ။
ပုလိပ်ပါးကို ရိုက်တာနှင့် ရွေးကောက်ပွဲ ဘာဆိုင်သတုန်း။ ရွေးကောက်ပွဲနှင့် ပုလိပ်ပါးရိုက်သူ နိုင်သည်မှာ ဘာဆိုင်သတုန်း။
နေပါဦး၊ ခင်ဗျာ့ ဥစ္စာက ဘာဆိုင်လို့ ပုလိပ်ပါးရိုက်သူက နိုင်ရတာတုန်းဗျာ။
ဟား … ဟား .. ဟား၊ အဲဒါပဲ၊ ခင်ဗျားတို့ ခေတ်က လူတွေဟာ မအူမလည်ချည့်ပဲ၊ စဉ်းစားကြည့်ပါလားဗျာ့။ ကျုပ်တို့ ပြောနေတဲ့ ပုလိပ်သားဟာ အရပ်ထဲမှာ ဗိုလ်ကျနေတယ် မဟုတ်လား။ အရပ်ကလည်း ဒီလို ဗိုလ်ကျနေတဲ့လူကို ဘယ်သူနှိမ်နိုင်ပါ့မလဲလို့ မျှော်လင့်နေတယ် မဟုတ်လား။ ဟော ယခု ကျုပ်တို့ ခေါင်းဆောင်ကြီးက ဗိုလ်ကျတဲ့သူကို အုပ်ထည့်လိုက်တော့ မဲဆန္ဒရှင်ဆိုတဲ့ လူထုပြုံးပြီး မဲထည့်လိုက်တာပေါ့ဗျာ့။ ကိုင်း … လုပ်ပုံကိုင်ပုံ အကွက် မစေ့ဘူးလား။
ကျွန်တော်၏ မိတ်ဆွေ နိုင်ငံရေးသမား လက်ဟောင်းကြီးသည် ကျွန်တော့်အား ဤသို့ ပြောပြီးလျှင် နောက်ထပ် ကျယ်လောင်စွာ ဟားတိုက်လိုက်ပါသည်။

(၇)
စာဖတ်သူ မိတ်ဆွေ။
ယခု ကျွန်တော် ဒဏ္ဍာရီတစ်ခုကို ရေးနေခြင်း ဖြစ်ပါ၏။ ဒဏ္ဍာရီ ဆိုသည်မှာ ကျွန်တော့်အား မမလှရင် ပြောပြခဲ့သလို ယုံတမ်းစကားမျှသာ ဖြစ်ပါ၏။ အကယ် မဟုတ်ပါ။ နေနတ်သားနှင့် နဂါးမတို့ ညား၍ ဥကြီးနှစ်လုံး မြစ်ထဲ မျောပြီးလျှင် တစ်လုံးမှာ ကျောက်ဆောင်နှင့် တိုက်၍ ကွဲပြီးနောက်၊ ကျန် တစ်လုံးမှာ ဒန်အိုးထဲ ထည့်၍ ပြုတ်သကဲ့သို့ပင် ဖြစ်ပါ၏။
သို့သော် ကျွန်တော်ဖြင့် ခက်ကပြီ။
အကြောင်းသော် တစ်မူကား ကျွန်တော်သည် ကျွန်တော်၏ ဒဏ္ဍာရီကို ယုံလိုက်ရမလိုလို ဖြစ်နေသောကြောင့်တည်း။


မောင်ထင်
ရှုမ၀၊ ဇွန် ၁၉၆၀