Saturday, March 24, 2012

ပြည်ပသို့သွား၍ဆေးကုသကြသည်ဆိုရာဝယ်-အပိုင်း ၂

by Pho Htoo on Sunday, March 18, 2012 at 4:06am ·
        
    အသိမိတ်ဆွေများထဲမှာ မည်သူကတော့ နိုင်ငံခြားကိုသွား ဆေးကုရမှာတဲ့၊ ခုတော့ သက်သာပြီး ပြန်လာပြီတဲ့၊ စသည်ဖြင့် စသည်ဖြင့် နိုင်ငံခြား၌ သွား၍ ဆေးကုသရသည့် သတင်းများအား အမြဲ လိုလိုကြားလာရပါတယ်။ ပြည်တွင်းရှိဆေးရုံ၊ဆေးခန်း များအပေါ်အားမလို၊အားမရဖြစ်သည့် အကြောင်းများလည်း မကြာခဏကြားလာရပါသည်။  တတ်နိုင်ကြသူများက ကျန်းမာရေးဆိုသော လာဘ်ကြီးတစ်ပါးကို၊ အားထုတ် ရယူပိုင်ဆိုင်နိုင်ကြတာကို တွေ့ရ၊ မြင်ရ၍လည်း မုဒိတာပွားမိပါတယ်။ နိုင်ငံခြား၌ သွားရောက် ဆေးကုသရသည်မှာ လွယ်သည့် ကိစ္စ မဟုတ်ပါ။ ကျပ်သိန်းပေါင်း ရာနှင့်ချီ ၍ ကုန်ကျခံနိုင်ဖို့ ပြင်ဆင်ထားရမည်ဖြစ်ပါတယ်။ ဤမျှအကုန်အကျများတဲ့ ကုသမှုကို ခံယူရန် လူပေါင်းသောင်းနှင့်ချီ၍ နှစ်စဉ်နိုင်ငံခြားသို့ ဆေးကုသဖို့ သွားနေကြသည် ဆိုလျှင်၊ နောက်ဆက်တွဲ တွေးစရာ၊ မေးစရာ၊ ဆွေးနွေးစရာလေးတွေ ရှိလာသည့်မှာအမှန်ပင်ဖြစ်ပါသည်။


တကယ်လိုအပ်လို့ သွားကြတာလား
            လူတိုင်း ကျန်းမာချင်ကြသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိသော ဆေးရုံ၊ ဆေးခန်း များ၌ ကုသပြီး၍၊ တို့ထက်ပို၍ ကျန်းမာလိုသူများ၊ နေကောင်းချင်သူများက နိုင်ငံခြား၌ သွား၍ ဆေးကုသရလျှင် ပိုပြီးကောင်းလာမှာလားဟု လူ့သဘာဝအရ တွေးမိ၊ မျှော်မှန်းမိကြမည်မှာ အမှန် ပင်ဖြစ်ပါတယ်။ ပိုကောင်းလာနိုင်၊ မလာနိုင်နှင့် ကုသမှုနည်းသစ်ရှိမရှိတို့ကိုတော့ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတို့က အသိဆုံးဖြစ်ပါလိမ့်မည်။ လူနာများအဖို့ကား သက်ဆိုင်ရာ ဆရာဝန်ကြီးကို မေးလျှင် စိတ်ဆိုးမှာစိုး၍၊ မိမိဘာသာစုံစမ်းပြီး နိုင်ငံခြားရောက်လာတာလည်းရှိသည်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက ညွှန်းလိုက်၍ လာကြသည်လည်း ရှိပါသည်။
            စာရေးသူမှာ တစ်ခါက ပါမောက္ခသမားတော်ကြီးတစ်ဦးနှင့်အတူ နှလုံးရောဂါဝေဒနာရှင် တစ်ဦးကို ကြည့်ဖူးပါသည်။ လူနာမှာ နှလုံးရောဂါကြောင့် နလံပြန်မထူနိုင်အောင် ခံစားနေရသူဖြစ် ပါသည်။ ပါမောက္ခဆရာကြီးက နှလုံးသွေးကြောထဲ ခြင်ဆီဆဲလ်အသစ်များကို ထိုးသွင်းသည့် ကုသမှု ခံယူဖို့ အိမ်နီးချင်းနိုင်ငံတစ်ခုသို့ သွားရန်အကြံပြုသည်။ မိသားစုက တတ်နိုင်သော်လည်း မသွားတော့ ဟုဆုံးဖြတ်သည်။ ထိုဆုံးဖြတ်ချက်မှန်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူနာမှာ နောက် ၄-၅ ရက် အကြာ၌ ဆုံးသွားသောကြောင့် ဖြစ်သည်။ နိုင်ငံခြားသို့ ရောက်ခဲ့လျှင်လည်း ရှင်နိုင်မှာမဟုတ်ပါ။ စာရေးသူ၏ဘကြီးတစ်ဦးမှာလည်း ကျောက်ကပ်ပျက်စီးသော ရောဂါနှင့် ထိုခြင်ဆီဆဲလ်များ ထိုးသွင်းသည့်ကုထုံးကို သူ့ဆရာက ညွှန်း၍ခံယူခဲ့ဖူးပါသည်။ ထူးမလာပါ။ ၁-နှစ်အတွင်း သေသွားတာပါပဲ။ စာရေးသူအကြံပြုလိုတာက အထူးကုဆရာဝန်ကြီးများက ညွှန်သည့်တိုင်ချက်ချင်း ခေါင်းမညိတ်ပါနဲ့။ သေချာတဲ့ကုထုံးလား၊ နေကောင်းရန်၊ အသက်ရှည်ရန် မျှော်လင့်ချက်တကယ်ရှိရဲ့ လား၊ ကုန်ကျစရိတ်နဲ့ကော တန်ရဲ့လား ဆိုတာတွေ မေးပြီးမှ သွားဖို့စီစဉ်ပါလို့။
            စာရေးသူတို့ဆီမှာမရှိသော ကုထုံးတွေဆေးဝါးတွေ နိုင်ငံခြားမှာ ရှိနေနိုင်ပါတယ်။ သို့သော် ထိုနောက်ဆုံးပေါ် ဆေးဝါးကုထုံးတို့နှင့် ကုလျှင် ကုန်ကျစရိတ်အလွန်ကြီးလေ့ရှိပါတယ်။ အချို့ ကင်ဆာရောဂါသည် များအဖို့ ကျပ်သိန်းရာနှင့်ချီ၍ အကုန်ခံမှ၊ ၃-၄လလောက်ပို၍ နေသွားရနိုင်တဲ့ သဘောရှိပါတယ်။ မြန်မာတို့၏ထုံးစံအရ အဖေ၊ အမေ နေကောင်းဖို့ဆိုလျှင် သားသမီးများက ရှိသမျှ ကုန်ပါစေ၊ အကုန်ခံပြီး ကုမယ်ဟု သန္နိဋ္ဌာန်ချထားသူများပါတယ်။ ထို့အတွက် ပိုင်ဆိုင်ထားသော ခြံကလေး၊ အိမ်ကလေးကိုရောင်း၍ ဆေးကုသခံသူများ၊ တစ်သက်တာစုဆောင်းလာတယ့် ရွှေတို ရွှေစများကို ရောင်း၍ ဆေးကုသခံသူများ များစွာရှိကြပါတယ်။ ရှိတာလေးတွေကို လူနာအတွက် သုံးလိုက်သောအခါ နောက်ပိုင်းကျန်ရစ်ခဲ့သော မိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများအတွက် ဒုက္ခရောက်ရတတ်ပါတယ်။
            အမှန်တော့ မိသားစုတစ်ဆက်ပြီးတစ်ဆက် စီးပွားရေး၊ ပညာရေးကိစ္စများတွင် ရင်းနှီးမြှုပ်နှံပြီး အမွေပေးကြရတာ၊ နောက်မျိုးဆက်သစ်တွေကို တိုးတက်အောင် ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ လူမမာတစ်ဦးအတွက်နှင့် မျိုးဆက်တစ်ခုလုံး အနစ်နာခံသင့်၊ မခံသင့်ကတော့ မိသားစုတစ်ခုချင်း စီက၊ မိမိဘာသာစဉ်းစားဆုံးဖြတ်ရမည့်ကိစ္စဖြစ်ပါတယ်။

နိုင်ငံခြားရောက်သွားတဲ့အရင်းအနှီးတွေ
            လူနာတစ်ဦးဆေးသွားကုတာ၊ မိသားစုအရေးကိစ္စသက်သက်ဟု ဆိုနိုင်ပါတယ်။ သို့သော် လူနာပေါင်းထောင်သောင်းချီ၍ နှစ်စဉ် နိုင်ငံခြားသို့ ဆေးသွားကုသောအခါ၊ ထိုလူနာတစ်ဦးချင်းစီက ကျပ်ငွေသိန်းပေါင်းရာနှင့်ချီ၍ နိုင်ငံခြား၌ သုံးစွဲရသောအခါ၊ ထိုကိစ္စမှာ အတော်အတန် စဉ်းစားစရာ တွေ ရှိလာပါတယ်။ မြန်မာလူမျိုးတွေအလာများသော နိုင်ငံခြားဆေးရုံကြီးတစ်ခုဆိုလျှင်၊ ယခုအခါ အဆောက်အဦးအသစ်ကြီးတစ်ခုကို ဆောက်၍ ပြီးလုပါပြီ။ နိုင်ငံခြားမှ ဆရာဝန်ကြီးများက လူနာ တစ်ဦးကိုတစ်ခါကြည့်လျှင် ကျပ်သုံးသောင်းခန့် ယူပါတယ်။ ထိုစရိတ်မှာ မြန်မာနိုင်ငံတွင် အထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ခြောက်ကြိမ်မှဆယ်ကြိမ်အထိပြနိုင်တယ့် ငွေကြေးပမာဏဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ၁သိန်းခန့်ကျသော CT ကို သူတို့ဆီမှာ ၅သိန်းခွဲခန့် ယူပါတယ်။ သူတို့ဆီက အထူးကြပ်မတ် ကုသဆောင်မှာ ၁ရက်နေလျှင် ကျပ်သိန်း ၃၀အထိ ကုန်ကျနိုင်ပါတယ်။ ထိုရသော ငွေကြေးများကို အသုံးချ၍၊ သူတို့က စက်အသစ်တွေ၊ နည်းပညာအသစ်တွေ၊ လူအရင်းအမြစ်တွေမှာ ထပ်မံရင်းနှီး မြှုပ်နှံကာ၊ မြန်မာနိုင်ငံမှ လူနာများကို ဆွဲဆောင်နေဦးမည်ဖြစ်ပါတယ်။ ဤအတိုင်းဆက်သွားလျှင် ကျွန်ုပ်တို့လူနာများအဖို့ မိမိကိုယ်တိုင် နိုင်ငံခြားဆေးသွားကုရုံနှင့် မပြီးသေး။ မိမိသားသမီးမြေးမြစ်များ ရောဂါဖြစ်လာလျှင်လည်း နိုင်ငံခြား၌ သွားရောက်ကုသဖို့လိုမြဲလိုနေပါလိမ့်မည်။

ဘယ်လိုတွေပြင်ဆင်ကြမလဲ
ဆေးပညာရပ်အားဖြင့်
            နိုင်ငံခြားသို့ အဓိကသွားရသည်မှာ နည်းပညာအဆင့်ကွာခြားမှုကြောင့် ဖြစ်ပါတယ်။ ထိုနည်းပညာကွာဟမှုအတွက် ကျွန်ုပ်တို့၏ အထူးကုဆရာဝန်ကြီးများမှာ အပြစ်မရှိပါ။ သူတို့ကို မွေးထုတ်ပေးသော  Training စနစ်မှာသာ အားနည်းချက် ရှိပါတယ်။ မြန်မာနိုင်ငံမှ ဆရာဝန်များမှာ အတော်ဆုံးသော လူငယ်များထဲမှ ရွေးထုတ်ထားသူများ ဖြစ်ပါတယ်။
            အထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ဖို့အတွက် ဘွဲ့လွန်သင်တန်းများ တက်ရပါတယ်။ Post Graduate Training ဟု ခေါ်ပါတယ်။ သူတို့အတွက် ပညာရေးလမ်းကြောင်းက ရှည်လျားလှပါတယ်။ နိုင်ငံဝန်ထမ်းဆရာဝန်လုပ်သက် ၂နှစ်ရပြီးမှ M.Sc (မဟာသိပ္ပံ) ဖြေခွင့်ရကြပါတယ်။ မဟာသိပ္ပံ သင်တန်းမှာ ၃-နှစ်ကြာပါတယ်။ မဟာသိပ္ပံဘွဲ့ရပြီး Doctorate ခေါ် ဆေးလက်တွေ့ပါရဂူဘွဲ့ ဖြေခွင့် ရရန် ၂-နှစ်အချိန်ယူရပါတယ်။ Doctorate သင်တန်းမှာ ၃-နှစ်ကြာပါတယ်။ ဤကြားထဲမှာ MRCP, MRCS, MRCOG စသော နိုင်ငံခြားဘွဲ့လွန်တစ်ခုကို ဖြေက ၃-နှစ်ခန့်ကြာပါသေးတယ်။ မဟာသိပ္ပံ ၃-နှစ်၊ ဆေးလက်တွေ့ပါရဂူ ၃-နှစ်၊ တော်ဝင်ဆေးပညာဘွဲ့အတွက် ၃-နှစ်၊ ကြားထဲမှာ နားရတယ့် နှစ် ၄-နှစ်ပေါင်းလျှင် ၁၅-နှစ်ကြာမှ လူလေးစားသော ဘွဲ့တွေစုံပါလိမ့်မည်။ ထိုအချိန် အသက် ကလည်း လေးဆယ်ကျော်၊ ငါးဆယ်နီး၍ပင်စင်ယူဖို့ နီးလာပြီဖြစ်သည်။ ဝမ်းနည်းစရာအကောင်းဆုံး ကတော့ ထိုအချိန်ထိတိုင်အောင် ဘာမှထိထိရောက်ရောက် မလုပ်နိုင်သေးတာပါပဲ။
            မလုပ်နိုင်သေးတာဆိုတာက၊ ပါရဂူဖြစ်တာချင်းအတူတူ၊ နိုင်ငံခြားဆေးရုံက ပါရဂူတွေနဲ့ တန်းတူ ခဲရာခဲဆစ်ရောဂါတွေကို မရှာနိုင်။ မကုနိုင်တာကို ပြောတာပါ(ထိုယေဘုယျ စကားအတွက် စာရေးသူမှအားလုံးကိုတောင်းပန်ပါသည်)။ အဲဒီအတွက် ဘယ်လို ဖြေရှင်းကြမလဲ။ ရှေးခေတ်ကတော့ အင်္ဂလန်ကို ဘွဲ့လွန်သွားဖြေရင်း၊ သူတို့ဆီမှာ အလုပ်လုပ်၊ သူတို့ရဲ့စက်တွေနဲ့ သူတို့ရဲ့နည်းနာနိဿယတွေကို လက်တွေ့မြင်ခွင့်ရခဲ့တယ်။ ခုခေတ်မှာ တော့ တော်ဝင်ကောလိပ်သမားတော်ဘွဲ့ဆိုတာ အိန္ဒိယမှာ ၂ပတ်လောက်သွားဖြေရတဲ့ စာမေးပွဲလေးပဲရှိတော့တာဖြစ်ပါတယ်။ ဘာအတွေ့ အကြုံမှ မရတော့ဘူး။ သူ့အစား မဟာသိပ္ပံဘွဲ့ရပြီး၊ ဆေးလက်တွေ့ပါရဂူတက်ဆဲ၊ရပြီး ပုဂ္ဂိုလ်တွေကို နိုင်ငံ ခြားဆေးရုံကြီးတစ်ခုမှာ ဘာသာရပ်တစ်ခုချင်းစီအတွက် ၆-လ၊ ၁-နှစ်လောက် တွဲဖက်အလုပ်လုပ်စေဖို့ ထားပေးမှ နည်းပညာအသစ်တွေရတော့မှာ။
            ဒီလို Training ရဖို့အတွက်၊ ကျန်းမာရေးဝန်ကြီးဌာနကနေ စီစဉ်ဆောင်ရွက်ရတာတွေ ရှိလာမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန
            ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ၊ ကျန်းမာရေးဦးစီးဌာနဆိုတာ ရှိပါတယ်။ သူရဲ့ တာဝန်တစ်ခု ကတော့ ဆရာဝန်တွေ အပြောင်းအရွှေ့ကို ကိုင်တွယ်တာပါ။ ဆရာဝန်တစ်ဦးဟာ ၂-၃ နှစ်ကြာရင် တစ်ခါပြောင်းရပါတယ်။
            စာရေးသူတွေ့မိတာက အထူးကုဌာနတွေမှာ တစ်ခါတစ်ရံ ထူးချွန်တဲ့ပါရမီရှင်လက်ထောက် ဆရာဝန်လေးတွေကို တွေ့မိတာပါပဲ။ တကယ်တန်း မွေးမြူလိုက်ရင် နိုင်ငံအတွက် တကယ်အားကိုး ရတဲ့ ဆရာဝန်ကြီးဖြစ်လာမှာ အသေအချာပါ။ ဒါပေမယ့် အထူးကုဌာနတွေက ဒီလို လုပ်လို့မရပါဘူး။ ၃-လလောက် နေရင် သူဟာ တခြားဌာနတစ်ခုကို ပြောင်းကိုပြောင်းရတော့တာပါ။ ၂-နှစ်လောက်နေပြီးရင်တော့ နယ်ကို ပြောင်းရတော့တာပေါ့။ အထူးကုဆရာဝန်ကြီးတွေက ရှယ်လေ့ကျင့်သင်ကြားပေးထားတာတွေဟာလည်း သဲထဲရေသွန်ပေါ့။ နောက်တစ်ယောက်ကို တစ်ကစ ပြန်သင်ပေးရတော့မှာ။
            မဟာသိပ္ပံဘွဲ့ပြီးလို့ အထူးကုဆရာဝန်ဖြစ်ကြသူတွေလည်း ဒီဒုက္ခက မလွတ်ပါဘူး။ အချိန် တန်ရင် ရွှေ့ကြရ၊ ပြောင်းကြရတော့တာပါ။ ဒီလိုပြောလို့ ရွှေ့ကြ၊ ပြောင်းကြ တဲ့ကိစ္စ ကို စာရေးသူကဝေဖန်တာမဟုတ်ပါဘူး။            ကျန်းမာရေးဦးစီးဌာနရဲ့ အဓိကတာဝန်က ဆရာဝန် တွေကို လွတ်နေတဲ့ နေရာတွေ အရောက်ပို့ဖို့ပါ။ သူ့ကို အပြစ်တင်လို့မရပါဘူး။ ဒါပေမယ့် ဒီနေရာမှာ စာရေးသူတင်ပြချင်တာက အပြောင်းအရွှေ့ကိစ္စ တွေကိုင်တွယ်ရာမှာ ဝန်ထမ်းတွေရဲ့ဆန္ဒနဲ့ ဆေးပညာဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေကိုပါထည့်သွင်းစဉ်းစားစေချင်တာပါ။ ဆေးပညာဆိုတာဘွဲ့ရတာနဲ့၊ဘွဲ့လွန်ရတာနြဲ့ပီးသွား တာမဟုတ်ပါဘူး။ စဉ်ဆက်မပြတ်လေ့လာရပါတယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းမဟုတ်ပဲ၊ အစုအဖွဲ့နဲ့ အချိန်ယူတည်ဆောက်ရတာပါ။ တချို့အရွှေ့အပြောင်းတွေဟာ၊ဆေးပညာရပ်တိုးတက်မှုကို လွန်စွာ ထိခိုက်စေတယ်လို့စာရေးသူကတော့ရိုးသားစွာထင်မြင်မိတာပါပဲ။

နိုင်ငံတော် အပိုင်းမှ
နိုင်ငံတော်မှာ အစိုးရက ဆေးရုံတွေတိုးချဲ့ဆောက်ပေးနေတာ၊ ဆေးရုံတွေကို အဆင့်မြှင့်တင် ပေးနေတာ လူတိုင်းအသိပါ။ နိုင်ငံတော်ရဲ့ ဒီဆောင်ရွက်ချက်တွေကြောင့်လည်း ကျွန်တော်တို့တွေ စရိတ်သက်သက်သာသာနဲ့ ဆေးကုသခွင့်ရနေကြတာပါ။
            တစ်ဖက်ကလည်း state-of-the-art လို့ ခေါ်တဲ့ နောက်ဆုံးပေါ်ဆေးကုသမှု ကိရိယာတွေ နည်းပညာတွေ မြန်မာနိုင်ငံမှာရအောင် ဆောင်ရွက်ဖို့လိုမယ် ထင်ပါတယ်။ ဒီနည်းပညာတွေရဖို့ စက်ပစ္စည်းအသစ်တွေ ဝယ်ရမယ့်အပြင်၊ ပြည်ပကိုပါ ပညာသင်တွေစေလွှတ်ဖို့လိုမှာပါ။

ကျန်းမာရေးစီမံမှု
            နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ကတော့ ပြောမှာပါ။ ကျုပ်တို့နိုင်ငံခြားကို ပညာ သင်တွေစေလွှတ်ခဲ့တာ ဘယ်နှစ်ယောက်တောင်ရှိပြီလို့။ ဟုတ်တန်သလောက်လဲ ဟုတ်ပါတယ်။ အဲဒီ လူတွေကို စုစည်းပြီး သူ့နေရာနဲ့သူအသုံးချတတ်ရင်၊ အရမ်းကို အဖိုးတန်တဲ့သူတွေ ဖြစ်လာမှာပါ။ ဒီလို စီစဉ်မှုတွေအတွက် ဆေးရုံအုပ်ကြီးတွေမှာ တာဝန်ရှိလာပါတယ်။ ဒီကဆေးရုံအုပ်ကြီးတွေကတော့ ဆေးရုံသာယာလှပရေး၊အဆောင်သစ်ဆောက်လုပ်ရေး စတာတွေမှာအားသန်ကြပါတယ်။ နိုင်ငံခြားကဆေးရုံအုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ဆေးရုံမှာ ဘာရောဂါတွေကို ကုနိုင်တာဆိုတာမျိုးဖြစ်အောင်ပဲ အထူး ကြိုးစားနေကြတာပါ။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုပုံစံပြောင်းပြီး ကြိုးစားလာရင် ဆေးရုံတွေရဲ့ ကုသမှု အရည်အသွေးတိုးတက်လာနိုင်ပါတယ်။ ဆေးရုံအုပ်ကြီးတွေအနေနဲ့ သက်ဆိုင်ရာ ဌာနမှူးတွေ၊ အထူးကုဆရာဝန်ကြီးတွေရဲ့ အကြံဥာဏ်တွေကိုယူဖို့ ပိုပြီး လိုအပ်လာပါ လိမ့်မယ်။
            အဲဒီအခါမှာ ဗဟိုကချုပ်ကိုင်မှုကလည်း နည်းနည်းဖြစ်ဖြစ် လျှော့ပေးရမှာပါ။ ဥပမာ- ဘွဲ့လွန် ပြီးစ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးကို ရွှေ့ဖို့ဆိုပါစို့။ အဲဒီဆရာဝန်ဟာ လက်ရှိဆေးရုံမှာ ကျောက်ကပ်အစားထိုးကုသဖို့ သုတေသနမှာ မဖြစ်မနေ ပါဝင်နေသူဆိုရင် သူ့ကိုလက်ရှောင်ပေးကောင်းရှောင်ပေးရမှာပါ။

အပြိုင်အဆိုင်ကြိုးစားကြဖို့
            တကယ်တန်း နိုင်ငံခြားက ကျန်းမာရေး နည်းပညာတွေ ရယူဖို့ဆိုရင် ဆရာဝန်ငယ်လေး တွေကို ပညာသင်လွှတ်ရမှာပါ။ အဲဒီအခါ ဘယ်လိုရွေးချယ်မလဲ။
            တကယ် ကြိုးစားသူ၊ ထူးချွန်သူတွေကို သိချင်ရင်တော့ သက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ မှတ်တမ်းတွေရှိပါတယ်။ဆေးပညာဆိုတာဖြတ်လမ်းကသင်လို့မရပါဘူး။ အခြေခံကအစနိုင်နင်းရ ပါမယ်။ အခြေခံကအစ ထူးချွန်သူတွေကိုလေ့ကျင့်ပေးပါမှ တကယ့်သမားကောင်းတွေ ထွက်ပေါ်လာမှာပါ့။ မိမိရဲ့ထူးချွန်မှု မှတ်တမ်းကို ကြည့်ပြီး၊ အခွင့်အလမ်းတွေ ရနိုင်တယ်ဆိုတာသာသိရင်၊ ဆေးကျောင်းသားတွေဟာလည်း ယခုထက်ပိုပြီး ဆေးပညာကိုကြိုးပမ်း အားထုတ်လာကြမှာ သေချာပါတယ်။

ဆရာကြီး၊ ဆရာမကြီးများ
            ဆေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများကိုလည်း စာရေးသူ ရိုသေစွာဖြင့် တင်ပြချင်တာ တွေရှိပါတယ်။ ဆရာကြီး၊ ဆရာမကြီးများက တပည့်ဆရာဝန်လောင်းများ၊ ဆရာဝန်ငယ်များကို Clinical အရေးကြီးတယ်၊ Clinical ပဲပိုင်အောင် လုပ်စမ်းပါဟု အမြဲဆုံးမလေ့ရှိပါတယ်။ မှန်ပါတယ်။ ဆရာကြီး၊ ဆရာမကြီးတို့၏ ကျေးဇူးကြောင့် တပည့်ဆရာဝန်များမှာ ငှက်ဖျား၊ တိုက်ဖွိုက်၊ အဆုတ် ရောင်စသောရောဂါများတွင် သွေးစစ်၊ဓာတ်မှန်ရိုက်လုပ်မနေရပဲ၊ လူနာမြင်တာနဲ့ ဆေးကိုလက်တန်း ပေး၍ ကုနိုင်နေကြပါပြီ။ သို့သော်လည်း ကင်ဆာနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၊နာတာရှည် ကျောက်ကပ် ရောဂါစတာတွေမှာတော့ ရောဂါတော့သိပြီ။ သို့သော် လူနာက ပို၍ နေကောင်းချင်သေးတယ်။ အသက်ရှည်ချင်သေးတယ်ဆိုလာရင်တော့၊ Clinical နဲ့ မရတော့ပါ။ Technical အရေးကြီးလာ ပါပြီ။ ဒါကြောင့် တပည့်တွေကိုလည်း Technical Minded ဖြစ်အောင်လေးပြောပြထားဖို့ လိုမယ်ထင်ပါတယ်။
            နောက်တစ်ပိုင်းကတော့ နိုင်ငံခြားသို့ လာရောက်ဆေးကုသသူတစ်ဦးကို မေးလို့သိရတာပါ။ ဘာကြောင့် ဆေးလာကုလာရတာလဲလို့။ ပြနေကျဆရာဝန်ကြီးက ငေါက်တော့၊ ကြောက်ပြီး သူ့ဆီ မပြရဲတော့တာနဲ့၊ နိုင်ငံခြားလာပြရတာဆိုပဲ။ လူနာတွေ သနားစရာကောင်းပါတယ်ဗျာ။
            လူနာတွေဆိုတာ ရောဂါပျောက်ချင်တာပါပဲ။ မပျောက်နိုင်တဲ့ရောဂါမှန်းသိထားလည်း ဆရာ ကျွန်တော့်ရောဂါပျောက်မှာပါနော်လို့ မေးချင်တာ သူတို့သဘာဝပါ။ ဆရာကြီး၊ ဆရာမကြီးတို့အနေနဲ့ ကိုယ့်အပေါ် Pressure များတိုင်းလည်း နိုင်ငံခြားမလွှတ်ပါနဲ့။ ဟိုမှာကလည်း လူနာလာတိုင်း အကောင်းဆုံးလုပ်ပေးနိုင်တာမဟုတ်ပါဘူး။ နိုင်ငံခြားသွားပြီး၊ ငွေကြေးအကုန်အကျခံ အများကြီး စမ်းသပ်စစ်ဆေးပြီး၊ အပေါ်ယံနှမ်းဖြူးရုံလောက်နဲ့ ပြန်လာခဲ့ရတဲ့ လူနာတွေအများကြီးပါ။ ကိုယ်က ရိုးသားစွာနဲ့ Indication ရှိလို့ လွှဲလည်း ဟိုဖက်က အတွေ့အကြုံရဖို့ အစမ်းသပ်ခံပို့သလို ဖြစ်နေ မှာလည်း စိုးရပါတယ်။ ကျွန်တော့်အမြင်တော့ တချို့သော ခဲရာခဲဆစ် ခွဲစိတ်မှုတွေကို ဆရာကြီးတွေ အနေနဲ့၊ ဒီမှာပဲ အချိန်ပေး (လေ့လာပြီး) အောင်မြင်အောင် လုပ်စေချင်ပါတယ်။ ဒါမှသာတပည့် တွေလည်း အတွေ့အကြုံရပြီး သူတို့လက်ထက်မှာ မပင်မပန်း ဆက်လုပ်နိုင်ကြမှာပါ။ လေးစားပါတယ် ဆရာကြီး၊ ဆရာမကြီးတို့ခင်ဗျား။

ပြည်သူများအတွက်
            နိုင်ငံခြား ဆေးသွားကုတာ ကိုယ့်အတွက်ပဲ ဖြစ်ပြီး၊ ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက်အတွက် မပါဘူးဆိုတာ ပြည်သူအားလုံး သတိချပ်သင့်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ဆေးရုံတွေမှာ သွားကြည့်ရင်၊ စေတနာ ရှင်တွေက လှူဒါန်းထားတဲ့ ကမ္ဗည်းမော်ကွန်းလေးတွေ တွေ့ရပါလိမ့်မယ်။ ဒါဟာ ကိုယ့်အတွက် သာမက၊ အများပြည်သူအတွက်ပါ အကျိုးရှိအောင် တတ်နိုင်သူတွေက ဆောင်ရွက်ထားကြတဲ့ သာဓကတွေပါ။ ဒီလို လှူဒါန်းမှုတွေနဲ့ အများပြည်သူကောင်းကျိုးရှိအောင် ဆက်လက်ဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
            လက်ရှိမြန်မာနိုင်ငံမှာ ဆေးကုသစရိတ် သက်သာနေသေးတာဟာ နိုင်ငံတော်က ဆေးရုံတွေအများကြီးဖွင့်ပေးထားပြီး၊ အဲဒီဆေးရုံတွေမှာ ပြည်သူအားလုံး အချိန်မရွေး အခမဲ့ဆေးကုသခွင့်ရနေတာကြောင့်ပါ။ ပြည်သူတွေနားလည်ရမှာက ပိုပြီး ခေတ်မီတဲ့ဆေးဝါးတွေ၊ ကုထုံးတွေဟာ မလွှဲမရှောင်သာဘဲ ဈေးကြီးတယ်ဆိုတာပါပဲ။ လက်ရှိနိုင်ငံတော်က ဖွင့်ပေးထားတဲ့ ဆေးရုံတွေ၊ မွေးထုတ်ပေးထားတဲ့ ဆရာဝန်တွေဟာ၊ မြန်မာပြည်သူအများစုအတွက်တော့ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြတာပါ။ အချို့သော ပြည်သူတွေတောင်းဆိုလာကြသလို၊ ဒီထက်အဆင့်မြင့် တဲ့ ဆေးဝါးကုသမှုစနစ်တွေ လုပ်လာရပြီဆိုရင် ကုန်ကျစရိတ်တွေလည်း တိုးလာရမှာအမှန်ပါ။
            နိုင်ငံတော်အနေနဲ့ကောဘယ်လိုရှေ့ဆက်သွားမှာလဲ။ ပြည်သူအများစုအတွက် ယခုလက်ရှိ ကျင့်သုံးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဆက်ထားရမယ့်အပြင်၊ တချို့သော ပြည်သူတွေ အတွက် လက်ရှိထက်ပိုအဆင့်မြင့်တဲ့ ဆေးကုသမှုဌာနတွေလုပ်ပေးဖို့ လိုမယ်ထင်ပါတယ်။ (ပုဂ္ဂလိက ကဏ္ဍကလုပ်နိုင်ဖွယ်ရာမရှိသေးပါ)။ ဒီအတွက် ပြည်နယ်၊တိုင်းဒေသကြီးနဲ့ အောက်အဆင့် ဆေးရုံတွေကို လက်ရှိ အတိုင်းထားပြီး၊ သင်ကြားရေးဆေးရုံကြီးတွေမှာ ခေတ်မီကိရိယာတွေ တပ်ဆင်ပြီး အခပေးစနစ်နဲ့ လူနာတွေထားမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား၊ ကျန်းမာရေးဦးစီးဌာနကရော ဆရာဝန်တွေ၊ဆေးရုံတွေ၊ဆေးကုသမှုတွေ ပိုပြီးအဆင့်မြင့်လာအောင်ဘယ်လိုစီမံမလဲ။တိုင်းပြည် နဲ့လူမျိုးကောင်းကျိုးအတွက် ဆောင်ရွက် နိုင်ကြပါစေ။
ဒီဆောင်းပါးကိုရေးနေရင်း၊စာရေးသူ ရင်မှာ ကဗျာတစ်ပိုဒ်ကို ကြားယောင်နေမိလို့၊ ဆိုင်မဆိုင် မသိပေမယ့်  (ကဗျာဆရာကြီးဇော်ဂျီ ကိုဂါရဝပြုရင်း) ထည့်ရေးလိုက်ပါတယ်။ ဝေမျှခံစားနိုင်ကြပါစေ။
"သင်သေသွားသော်
သင်ဖွားသောမြေ၊သင်တို့မြေလည်း
အခြေတိုး မြင့်၊ ကျန်ကောင်းသင့်၏"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...