Saturday, March 24, 2012

“မွန်လူမျိုးများသည် တလိုင်းမဟုတ်... တလိုင်းသည် မွန်လူမျိုးများ မဟုတ်”

by Shwe Aeim Si on Saturday, March 24, 2012 at 6:58pm ·
စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်)

 ကရင်လူမျိုးတို့ ၏မူလဇစ်မြစ်ကို ပိုစ့်တင်တဲ့ အခါ....မွန်ကိုတလိုင်းဟုမှားယွင်းသိမိသူများကြောင့်ထပ်မံရှင်းပြပါသည်။
မွန်ပျိုချောထပ်ဆင့်ဝေမျှသည်

“မွန်လူမျိုးများ သည် တလိုင်း မဟုတ်...  တလိုင်း သည် မွန်လူမျိုးများ မဟုတ်”

“ တလိုင်း ”ဟူသော စကာလုံးကို ဗမာ့ သမိုင်း ရာဇ၀င် ကျမ်းများတွင် မွန်လူမျိုး တို့ အား ရည်ညွှန်း၍ သုံးဆွဲထားကြသည် ။ ထိုကျမ်းများအား ကိုးကား၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေသော ရာဇ၀င် ကျမ်းများ ၊ စာအုပ်များ နှင့် အဘိဓာန်များ တွင်လည်း အလားတူ သုံးဆွဲ ကြခြင်းများ တွေ့ နိုင်သည် ။
အချို့ သော သူများသည် စကားပြောရာ၌ မွန်လူမျိုး များအား တလိုင်း လူမျိုးများဟု သုံးနှုံးပြောဆို တတ်ကြသည် ။ သုံးနှုံး ပြောဆို နေကြ သော်လည်း တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မည်သူမှ သေချာ မသိကြ ။ တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်သည် မွန်လူမျိုး များဟု ဆိုလိုခြင်း မဟုတ် ။

တလိုင်းဟူသော စကားလုံးသည် မွန်စကားတွင် မရှိသလို ၊ မူရင်း ဗမာစကား တွင်လဲ မရှိပါ ။ ထို့ ကြောင့် မူရင်း အဓိပ္ပါယ် အသိအကျကို သိရှိနိုင်ရန် မလွယ်ကူပေ ။ အဓိပ္ပါယ် အမှန်ကို မသိကြသော်လည်း တလိုင်းဟု ဆိုလျှင် မွန်လူမျိုး များအားရည်ရွယ်သည် ၊ အခေါ်ခံ ရသော မွန်လူမျိုးများသည် တလိုင်းဟု အခေါ်ခံရခြင်းကို မနှစ်သက်ကြ ဟု အားလုံး နားလည်ထား ကြသည် ။

နိုင်ဖေသိန်းဇြာ ( ဖက်ဒရယ်တက္ကသိုလ် ) ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း အရ တလိုင်းဟူသော စကားသည် တ’လုင် ( Tai Long ) မှဆင်းသက် လာသည်ဟု ဆိုသည် ။ တ’လုင် ( Tai Long ) ဆိုသည်မှာ ယိုးဒယား ရှမ်းလူမျိုး များအား ခေါ် ခြင်း ဖြစ်သည် ။ တ’လုင် အား ဗမာစကား အသံထွက်ဖြင့် ခေါ်ဆိုရာမှ တလိုင်း ဟူသော စကားဖြစ်လာ သည်ဟုဆိုသည် ။ ယိုးဒယားရှမ်း လူမျိုး များအား ခေါ်ဝေါ်သော တလိုင်း ဟူသော စကား သည် မွန်လူမျိုးများ နှင့် ပတ်သက်လာ ရပုံမှာ -

မြန်မာပြည် အညာဒေသ သို့  တ’လုင် (ယိုးဒယား ရှမ်း) လူမျိုးတို့ ထက် စောစွာ ရောက်ရှိ အခြေချ ခဲ့ကြသော ဗမာလူမျိုးများသည် တရုတ်ပြည် တောင်ပိုင်းမှ ရွှေ့ ပြောင်းဝင်ရောက် အခြေချ လာသော တ’လုင် (ယိုးဒယား ရှမ်း) လူမျိုးများ နှင့် တိုက်ပွဲများ ဖြစ်ပြီး နယ်မြေများ ဆုံးရှုံးခဲ့ ရသည်ကို ဗမာလူမျိုးတို့  မြို့ ရွာ တည်ထောင်ခဲ့ သော ဒေသများနှင့် ဒေသ အတွင်းသို့  နောက်မှ ၀င်ရောက် အခြေချ ခဲ့ကြသော တ’လုင် လူမျိုးများ မြို့ ရွာ စတင် တည်ထောင်သော ဒေသများ သမိုင်းမှတ်တမ်းများ အရ တူညီနေသည် ကို ကြည့်ခြင်း အားဖြင့် သိနိုင်သည် ။

ဗမာလူမျိုးတို့ အတွက် တ’လုင် တို့ သည် နယ်ချဲ့ ကျူးကျော် ၀င်ရောက် စော်ကား သူများ ၊ အရိုင်းအစိုင်းများ ဟုမြင်ခဲ့ကြသည် ။ နာကြည်းခဲ့ ကြသည် ။ တ’လုင် အား တလိုင်းဟု ဗမာမှုပြု သုံးစွဲခဲ့၍ ခေတ်ကာလ ကြာလာသောအခါ တလိုင်း သည် တ’လုင် မှ ဆင်းသက်လာ သည်ကို သိသူနည်းပါး လာသည် ။ မူရင်း အဓိပ္ပါယ် ကိုလဲ သိသူ ရှားပါး လာသည် ။ တလိုင်းအား မူရင်း ဗမာစကား ဟုယူဆလာကြသည် ။ ဗမာလူမျိုး တို့ ၏ စိတ်တွင် တလိုင်း ဟုဆိုလိုက်လျှင် မုန်းတီးစရာ အရိုင်းအစိုင်း လူမျိုးများ ၊ ကျူးကျော် ၀င်ရောက်သူများ ဟု စွဲခဲ့ကြသည် ။

( ၁၇၄၀ ) ယိုးဒယား ရှမ်းလူမျိုးများ၏ တော်လှန် ပုန်ကန်မှု ကာလတွင် ဟံသာဝတီ မွန်များ သည်ရှမ်းတို့ နှင့် ပူးပေါင်း၍ အင်းဝမင်းကို တော်လှန် ခဲ့ကြသော ကြောင့် အင်းဝမင်း များသည် ဟံသာဝသီ တပ်များအား ဟံသာဝသီ တလိုင်း တပ်များဟု ခေါ်ဝေါ် ခဲ့ ကြသည် ။ တော်လှန် ပုန်ကန်သူ ရှမ်း ၊ မွန် လူမျိုး နှစ်စု လုံး အားပေါင်း၍ တလိုင်း များဟု ခေါ်ဝေါ် သုံးစွဲ ခဲ့ကြသည် ။

မွန်ဘုရင် ဗညားဒလ လက်ထက် အင်းဝမင်းနှင့် စစ်ခင်းစဉ် ကာလတွင် ဗမာများ က မွန်တပ်များအား တလိုင်းတပ်များဟု ခေါ်ဝေါ်ခဲ့ ကြသလို ၊ မွန်များကလဲ ဗမာတပ်များအား အရည်းကြီးတပ်များ ဟု ခေါ်ဝေါ် ခဲ့ကြသည် ။ ( ၁၇၅၃) နောက်ပိုင်း ရှမ်းများနှင့် မွန်လူမျိုးတို့  အဆင်မပြေ ဖြစ်ပြီး ရှမ်းလူမျိုးတို့ သည် ဦးအောင်ဇေယျ (ဗမာ) တို့ နှင့် သွားရောက် ပူးပေါင်းလိုက် သောအခါ ဗမာလူမျိုးတို့ သည် တလိုင်းဟူသော စကားအား မွန်လူမျိုး တစ်စုထဲ ကိုသာ ရည်ရွယ်ပြီး ခေါ်ဝေါ် သုံးစွဲ လာကြသည် ။ ထိုအချိန်မှ စ၍ ဗမာလူမျိုး များသည် မွန်မင်း များအား တလိုင်းမင်း ၊ မွန်လူမျိုး များအား တလိုင်းလူမျိုးများ ဟု သမိုင်း မှတ်တမ်း များတွင် မှတ်တမ်းတင်ခဲ့ ကြသည် ။ မှန်နန်း ရာဇ၀င် နှင့် ကုန်းဘောင်ခေတ် မဟာရာဇ၀င် ကြီးတို့ တွင် မွန်လူမျိုးတို့  အား တလိုင်းဟု မှားယွင်းစွာ မှတ်တမ်းတင် ခဲ့ကြသည် ။

အလောင်းမင်းတရား (ဦးအောင်ဇေယျ) လက်ထက်မှ စတင်၍ တလိုင်း ဟူသော စကားသည် မွန်လူမျိုးတို့ အား သီးခြား ရည်ညွှန်း ခေါ်ဆိုသော စကား ဖြစ်လာသည် ။ ဒုတိယကမ္ဘာ စစ်ကာလတွင် အင်္ဂလိပ်လူမျိုး ၊ ဂျပန်လူမျိုးတို့ အား နာကြည်းမုန်းတီး စရာ ကျူးကျော်သူ နယ်ချဲ့ များဟု မြင်သာအောင် နယ်ချဲ့  မိစ္ဆာများ ဟု နှိမ်ချ ခေါ်ဝေါ် သုံးစွဲ ခဲ့ကြ သကဲ့သို့ ဦးအောင်ဇေယျသည် စစ်ပွဲ ဖြစ်နေစဉ်ကာလတွင် မွန်လူမျိုးတို့ အား နှိမ့်ချစွာ ခေါ်ဆို သုံးစွဲ ခဲ့သော စကားဖြစ်သည် ။ ထို့ ကြောင့် တလိုင်းဟူသော စကားသည် မွန်လူမျိုးဟု အဓိပ္ပါယ် ရသော စကားလုံး မဟုတ်ပဲ ၊ မွန်လူမျိုးတို့  အား နှိမ့်ချစွာ ခိုင်းနှိုင်းထားသော စကားလုံးသာ ဖြစ်သည် ။

ဦးအောင်ဇေယျ သည် မွန်နိုင်ငံတော်အား တိုက်ခိုက် သိမ်းပိုက်ပြီးနောက်ပိုင်းတွင် စစ်ရှုံးသူ မွန်လူမျိုးတို့ အား နှိမ့်ချစွာ ရည်ရွယ်၍ သုံးနှုံး ခေါ်ဆို ခဲ့သော စကား အသုံးအနှုံး ဖြစ်၍ တလိုင်း ဟူသော စကားကို “အဖမဲ့သား” ၊ “ အရိုင်း အစိုင်းများ” ၊ “မျိုးမစစ်များ” ဟု အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ခဲ့ကြသည် ။

မွန်လူမျိုးများသည် တလိုင်းဟု အခေါ်ခံရလျှင် ထီးနန်း ပျောက်ပြီး တိုင်းပြည်မဲ့ ၊ မင်းမဲ့ ဖြစ်နေသော အခြေအနေတွင် နှိမ့်ချ၍ ခိုင်းနှိုင်း ခေါ်ဆိုခံခဲ့ ရသော အခေါ်အဝေါ် ဖြစ်၍ အခြားသော စကားလုံးများ ထက်ပို၍ ခံပြင်းဒေါသ ထွက်ကြသည် ။ တလိုင်းဟူသော စကားသည် တစ်ဦး တစ်ယောက် ထဲအား ရည်ရွယ်သော စကားလုံး မဟုတ် ၊ မွန်လူမျိုးစု တစ်စုလုံးအား နှိမ့်ချ ရည် ရွယ်သော စကားဖြစ်သည် ။ သေချာစွာ စဉ်းစား ဆင်ခြင် ခြင်း မပြုပဲ သုံးနှုံး ပြောဆိုမိ၍ မိတ်ဆွေမှ ရန်သူဖြစ်သွားကြသူများ ၊ စိတ်မကောင်းစရာ ရလဒ်များနဲ့  အဆုံးသတ်ခဲ့ ရသော အဖြစ်အပျက်များ ၊ မလိုလားအပ်ပဲ သွေးမြေ ကျခဲ့ရမှုများ များစွာ ရှိခဲ့သည် ။

အချို့ သောသူများသည် တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မသိပဲ စာအုပ် အချို့ တွင် မှတ်တမ်းတင် ရေးသားထား သည့်အတိုင်း မှာယွင်းစွာ မှတ်သား သုံးဆွဲ နေကြသည် ။ အဓိပ္ပါယ် အမှန်ကို သိသော်လည်း မွန်လူမျိုး တစ်ဦး တစ်ယောက် အား နောက်ပြောင် လို၍ သော်၎င်း ၊ အခြားသော အကြောင်းများ ကြောင့်သော်၎င်း တလိုင်းဟူ သော စကားကို တမင်ပင် သုံးဆွဲ နေကြသူများလဲရှိသည် ။

အဓိပ္ပါယ်ကို သိလျှက်နဲ့ တလိုင်းဟူသော စကားကို မွန်လူမျိုး တို့ အား ရည်ရွယ်၍ တမင် ဆက်လက် သုံးဆွဲ နေသူများ သေချာစွာ စဉ်းစားရန်လို သည်မှာ - စစ်မှန်သော သာသနာမရှိ ၊ ဘာသာတရား မရှိပဲ မှားယွင်းသော အယူအဆ တွေနဲ့  အရည်းကြီးတို့  အား နှစ်ပေါင်းများစွာ ယုံကြည် ကိုးကွယ်ခဲ့ ကြ သူများသည် မည်သူတွေနည်း ? အခြား လူမျိုးစုအား အရိုင်းအစိုင်းမျိုး ဟု မခေါ်မှီ မိမိ လူမျိုးစု အကြောင်းအား သေချာ သိအောင် အရင် လုပ်သင့်သည် ။

အရည်းကြီးကိုးကွယ်မှု နဲ့ ပတ်သက်၍ လူသိအများဆုံး အစဉ်အလာ တစ်ခုမှာ ပန်းဦးလွှတ်ခြင်း အစဉ်အလာဖြစ်သည် ။ မင်္ဂလာဦးတွင် မိမိ၏ ဇနီးလောင်းအား ပန်းဦးဆက်ရသော အစဉ်အလာ နှင့် နှစ်ပေါင်း များစွာ နေထိုင်ခဲ့ကြသော သူများသည် မည်သူတွေနည်း ? အခြား လူမျိုးစုအား မျိုးမစစ် ဟု မခေါ်မှီ မိမိ လူမျိုးစု အကြောင်းအား သေချာ သိအောင် အရင် လုပ်သင့်သည် ။

မွန်များက ဗမာလူမျိုး များအား အရည်းကြီးမျိုး များဟု ခေါ်ဆို သုံးဆွဲ ကြလျှင် လည်း ဗမာလူမျိုးများ သဘောကျ ကြလိမ့်မည်မထင်ပါ ။

လူမျိုးစုကြား သွေးခွဲလို၍ ဤ Post အား ရေးသား ခြင်းမဟုတ်ပါ ။
ဤ Post ၏ ရည်ရွယ် ချက်သည် မွန်လူမျိုးတို့ အား တလိုင်းများဟု ရေးသား ပြောဆိုနေမှုများအား ရပ်တန့်  ၊ ပြင်ဆင် ကြရန် ဖြစ်သည် ။
နောက်ပိုင်း၌ ပြန်လည် ပုံနှိပ် ထုတ်ဝေသော သမိုင်း မှတ်တမ်း ဟောင်း များတွင် မွန်လူမျိုး များအား တလိုင်းများဟု အစားထိုး ပြောင်းလဲ ပုံနှိပ် ခဲ့ကြ ခြင်းကြောင့် ခေတ်ကာလ ကြာလာလျှင် မွန်လူမျိုး ဟူသော အမည်ပျောက်ဆုံး၍ တလိုင်း ဟုသာ တစ်ကမ္ဘာ လုံးမှ သိရှိတော့မည့် အခြေအနေ မရောက်မှီ - တလိုင်း ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို မသိသူများအား ရှင်းပြရန် ၊ မွန်များအား တလိုင်း များဟု ခေါ်ဆို ၊ ရေးသား နေမှုများအား ရပ်တန့် ရန် ၊ မှားယွင်းစွာ မှတ်တမ်းတင် ထားမှုများ အား ပြင်ဆင် နိုင်ရန် ကြိုးစားရမည်မှာ မွန်တစ်မျိုးသား လုံး၏ တာဝန်ဖြစ်သည် ။ ။

“မွန်လူမျိုးများ သည် တလိုင်း မဟုတ်...

တလိုင်း သည် မွန်လူမျိုးများ မဟုတ်”

နိုင်ဖေသိန်းဇြာ ( ဖက်ဒရယ်တက္ကသိုလ် ) ၏ တလိုင်း ဝေါဟာရ သုတေသန စာတမ်း အား မှီငြမ်း ရေးသားပါသည်။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...