“မပွင့်လန်းသေးသောငြိမ်းချမ်းရေးနှင့်ကျွန်တော်တို့ အနာဂတ်”
on Wednesday, March 28, 2012 at 9:00by Sein Khat Soe am
အအေးလျော့လျော့ရာသီဥတု၊ စိမ်းညို့ညို့တောင်တန်းတွေရဲ့နောက်မှာ မနောမြေနယ်စပ်မြို့လေးဟာ ငြိမ်သက်အေးချမ်း စွာလဲလျောင်းနေပါတယ်။ မိုးရွာပြီးစညနေခင်းတစ်ခုလို အေးအေးကြည်ကြည်ရှုခင်းတွေနဲ့ နှင်းငွေ့ရစ်သီနေတဲ့တောင်စဉ်အ ထပ်ထပ်ဟာ အပူပိုင်းကရောက်လာခဲ့သူကျွန်တော့်အတွက်တော့ ဘယ်နေရာကြည့်ကြည့် အေးစိမ့်ဆွတ်ပျံ့စဖွယ်ကိုဖြစ်လို့ နေပါတယ်။ ဒါပေမယ့် အပြင်မှာပြုံးနေပေမယ့် အတွင်းမှာနှုံးနေတယ်ဆိုတဲ့စကားလို စစ်ဆိုတဲ့နတ်ဆိုးရဲ့လက်ချောင်း တွေ အောက်မှာ ကချင်တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံး အပူလုံးကြွနေခဲ့ရရှာပါတယ်။ အခုဆိုရင် ၉လရှိလာပါပြီ။ ကျွန်တော်တို့ရောက်သွားခဲ့တဲ့ အချိန်တလျောက်မှာတော့ ထိုးစစ်တွေ၊ တိုက်ပွဲငယ်တွေလည်း မကြားရတော့သလောက် တိတ်ဆိတ်သွားပါပြီ…။ ဒါဟာ တစ်သက်လုံးအတွက်တိတ် ဆိတ်ခြင်းလား၊ တစ်သက်လုံးအတွက် ရပ်တန့်သွားခြင်းလား လို့မေးရမယ်ဆိုရင်တော့ “ဟုတ်ပါတယ်။”လို့ ခုချိန်မှာ ဘယ် သူမှဖြေနိုင်ဦးမှာမဟုတ်ပါဘူး။
ဒီလိုတိတ်ဆိတ်သွားခြင်း၊ ရပ်တန့်သွားခြင်းတွေရဲ့နောက်မှာ တစ်ချို့သောတပ်မတွေ ပြန်သွားကြပြီ၊ တစ်ချို့သောထိုးစစ် တွေနိုင်သွားကြပြီလို့ ကောလဟာလတွေကြားရပေမယ့် တကယ့်ဘဝအစစ် တိုင်းရင်းသားညီအကိုမောင်နှမတွေမှာတော့ ကိုယ့်ရွာ၊ ကိုယ့်အိမ်မပြန်နိုင်ကြသေးပါဘူး။ သူတို့ဘယ်အချိန်အိမ်ပြန်ရမှာလဲ။ အိမ်ပြန်ခွင့်အတွက်ဘယ်သူတွေ တာဝန်ခံ ကြမှာလဲ။
တချို့ကပြီးခဲ့တဲ့မိုးရာသီကပြေးခဲ့ကြရတယ်။ ခုမိုးရာသီပြန်ရောက်တော့မယ်။
တချို့က ပြီးခဲ့တဲ့ ရိတ်သိမ်းချိန်မှာပြေးခဲ့ကြရတယ်။ ခုပြန်စိုက်ပျိုးချိန်ကိုကျော်လွန်တော့မယ်။
တချို့က ကျောင်းခေါ်ရာသီကြီးတစ်ခုလုံးထားခဲ့ရတယ်။ ခုကျောင်းတက်ခေါင်းလောင်းပြန်ထိုးဖို့ ၂လဘဲကျန်တော့တယ်။
ဒါပေမယ့် အိမ်ပြန်ချိန်ဟာ ဝေးမြဲဝေးနေစဲ။ မသေချာတဲ့ တောလမ်းထဲမှာ….။ မရေရာတဲ့ ဘုရာကျောင်းဝန်းတွေထဲမှာ….။ မလွယ်လှတဲ့ သူများနိုင်ငံထဲမှာ…။ ကြံခင်းတွေဘေးမှာ….။ သူတပါးအိမ်ဝန်းလေးတွေထဲမှာ…။ ကျွန်တော်တို့လူမျိုးဟာ ကိုယ့်အိမ်ကိုယ့်ယာကို သိပ်တွယ်တာသံယောဇဉ်ကြီးတဲ့လူမျိုးပါ။ ကိုယ့်အသီးနဲ့ ကိုယ်သားမြေးကို တစိမ့်စိမ့်ကြည့် တသိမ့် သိမ့်ကြည်နူးနေတတ်ကြတဲ့ လူမျိုးပါ။ ဒီလိုသံယောဇဉ်ကြီးတတ်တဲ့လူမျိုးတွေကို စစ်ဆိုတဲ့နတ်ဆိုးက မွှေနှောက်ရိုက်ခတ် လိုက်တဲ့အခါမှာတော့……………………………………………“ပြန်လို့ရတယ်ဆိုရင် အခုကိုထပြန်ချင်တယ်။” ဆိုတာ ကလေး မေးမေး၊ လူကြီးပြောပြော တစ်သံထဲထွက်လာတဲ့ ရင်နာဖွယ်စကားတွေပါ။
ကျွန်တော် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တရုတ်ပြည်နယ်စပ်တလျောက်မှာရှိနေကြတဲ့ စစ်ဘေးရှောင်စခန်းများကို ပြီးခဲ့ တဲ့ လဦးပိုင်း ၅-၁၅ရက်နေ့အထိက “အဖြူရောင်တွဲလက်များ”အဖွဲ့ကို ကိုယ်စားပြုပြီးသွားရောက်ခွင့်ရခဲ့ရာမှာ ပထမတစ် ခေါက်ကျွန်တော်ရောက်ခဲ့တုန်းကထက် တစ်ချို့နေရာတွေမှာ အခြေအနေဆိုးလာတာကိုတွေ့ရသလို၊ တချို့နေရာတွေမှာ စနစ်တကျစီမံခန့်ခွဲမှု၊ တာဝန်ယူမှုလေးတွေနဲ့ လည်ပတ်လာနေတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ရတဲ့အချိန် အတိုင်း အတာအတိုလေးအတွင်းမှာ ကျွန်တော်တို့သွားရောက်နိုင်ခဲ့သော စခန်းစုစုပေါင်း ၁၃ ခုရှိခဲ့ပါတယ်။
စခန်း ၁၃ခုပေါင်းမှာ အိမ်ထောင်စုပေါင်း ၁၅၀၀၀လောက် အိုးအိမ်ပစ်ခွာပြီး ဒီလိုနေရာတွေမှာ လာခိုလှုံနေရရှာပါတယ်။ ရောက်ရာနေရာတိုင်းမှာ ကလေးဦးရေဟာ သုံးပုံပုံတစ်ပုံလောက် ရှိနေတာတွေ့ရပါတယ်။ ရေရှည်မှာ ဒီကလေးတွေရဲ့ အ နာဂတ်ကို ဘယ်သူတွေတာဝန်ယူကြမှာလဲ မှောင်ခိုလမ်းမပေါ်မှာ၊ သူတစ်ပါးနိုင်ငံရဲ့ စက်ရုံတွေ၊ လယ်ကွင်းတွေ၊ သစ် ခုတ်စခန်းတွေမှာ အလုပ်သမားအဖြစ်နဲ့ သူတို့ဘဝရဲ့အနာဂတ်ကို နှစ်ပြစ်ကြရဦးမှာပါလားလို့ ရှေ့ကိုတွေးပြီးလည်း ရင် မောမိတယ်။
ကလေးတွေဟာ စစ်ကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့ကြသလို၊ မိဘများကိုယ်တိုင်လည်း ကျောင်းထားချင်လျက်ထားခွင့် မသာတဲ့အခြေအနေမျိုးတွေမှာတွေ့ရပါတယ်။ ဒါဟာ အနာဂတ်အတွက်စိုးရိမ်စရာပါ။ ၈၈ ကာလတုန်းက ကျောင်းတွေ တစ်နှစ်ပိတ်ခဲ့တဲ့အတွက် အဲဒီတုန်းက ကျောင်းသားအရွယ်ကျွန်တော်တို့တွေ အထူးနစ်နာရသလိုမျိုးဘဲ ယခုကလေးငယ် လေးတွေဟာလည်း အဲဒီတုန်းကကလေးငယ်တွေလိုပဲ တော်တော်လေး စိုးရိမ်စရာအခြေအနေတွေမှာတွေ့ရပါတယ်။
၂၀၁၁ ဇွန်လကနေ ယနေ့အချိန်အထိ ပညာသင်နှစ်တစ်နှစ်လုံးလုံးကို လူမသိ၊ သူမမြင် တောချိုအုံကြားမှာ ပြေးလွှားပုန်း ရှောင်ခဲ့ရသလို၊ တရားဝင်စောင့်လျောက်မှုအပြည့်အဝမရှိရှာတဲ့ စစ်ဘေးရှောင်စခန်းအသီးသီးမှာ ခိုလှုံရင်း ပညာရေးကို အလှမ်းဝေးသွားခဲ့ပါပြီ။ အခုဘဲဧပြီလကိုဝင်တော့မယ်။ နောက်ပညာသင်နှစ်ဟာ မကြခင်အချိန်မှာစရတော့မယ်။ ဆရာမ ပြောနဲ့ ရွာထဲမှာလူတောင်မရှိဘူး။ စခန်းတွေမှာလည်း တရားဝင်ကျောင်းရယ်၊ ဆရာ၊ ဆရာဆရာမရယ်ဆိုတာမရှိဘူး။ သူ တို့အနာဂတ်ဟာဘာလဲ။ သူတို့အနာဂတ်အတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။
ကျန်းမာရေးစောင့်လျောက်မှုဟာလည်း ကျေနပ်စိတ်ချစရာမရှိတဲ့အပြင် ထင်သာမြင်သာမရှိ၊ အဟာရအားဖြင့်လည်း ပြည့် စုံလောက်ငှမှုမရှိပါဘူး။ စခန်းတာဝန်ခံတွေအနေနဲ့လည်း ကလေးတွေအရေးကို လုပ်ရမယ်မှန်းသိပေမယ့် တရားဝင်ရရှိနေ တဲ့ အလှူငွေနဲ့ လူဦးရေ ခြားနားကွာဟနေမှုကြောင့် ကလေးတွေအတွက် သီးခြားဦးစားပေးစီစဉ်နိုင်မှုမရှိသေးတာလည်း တွေ့ခဲ့ရပါတယ်။
ကချင်ပြည်နယ်ကြီးတစ်ခုလုံးမှာရှိတဲ့ ကလေးငယ်လေးတွေကိုအသာထား ကျွန်တော်တို့ရောက်ရှိခဲ့ရာ Camp ပေါင်း ၁၃ ခု က ကလေးငယ်လေးတွေကိုပေါင်းရင်တောင် ကလေးပေါင်း သုံးထောင့်ငါးရာကျော်လောက်ဟာ အရွယ်နဲ့မမျှတဲ့ ဘဝ ကြမ်းကြမ်း၊ အတွေ့အကြုံကြမ်းကြမ်းတွေကို စိတ်နဲ့ရော၊ ကိုယ်နဲ့ပါ လောကကြီးကနေသင်ယူနေရရှာတယ်။ စစ်ရှောင်ရင်း၊ တောထဲမှာမွေးရတယ်၊ Camp ထဲမှာ မွေးရတယ်။ သူများကျွေးမှစားရတယ်။ အဖေသေတယ်။ အမေအသတ်ခံရတယ်။ အကို၊ အမတွေပျောက်သွားတယ်။ ဘိုးဘွားမိဘလက်ငုတ်လက်ရင်းနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျက်ဆီးခံရတယ်..ဆိုတဲ့ အတွေ့အကြုံဆိုးဆိုး၊ ခံစားချက်ပြင်းပြင်းတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးငယ်တွေရဲ့အနာဂတ်ဟာ ဘယ်လို အခြေအနေ ကို၊ ဘယ်လမ်းကို ဦးတည်မလဲ။ ကျွန်တော်တို့နိုင်ငံကို လွတ်လပ်ရေးတွဲတိုက်ပေးပြီး ၃နှစ်လောက်ပဲ မြန်မာပြည်ထဲမှာ ဗိုလ်ကျယုတ်မာခဲ့တဲ့ ဂျပန်တွေရဲ့ ဟုတ်တာရော၊ မဟုတ်တာရောဇာတ်လမ်းတွေကို ခုချိန်ထိ ရုပ်ရှင်တွေ၊ ဇာတ်လမ်း တွေမှာ ပြန်တော်လှန်လို့၊ မုန်းလို့မပြီးသေးတာဖြစ်နေကြသေးရင် ကျွန်တော်တို့ ညီအကိုတိုင်းရင်းသားတွေ နှစ်ပေါင်းများ စွာခံစားခဲ့ရတဲ့၊ လက်ရှိလည်းခံစားနေရတဲ့ စစ်ပွဲကြောင့်ရတဲ့ ခံစားမှုဆိုးဆိုးတွေကို ကျွန်တော်တို့ဘယ်လိုရင် ကြားစေ့ပေး လို့ရလဲလို့ Campsထဲ မှာလျောက်ပြေးဆော့နေတဲ့ ကလေးလေးတွေကို ကြည့်ပြီးတွေးနေမိတယ်။
ဒီလိုအနုတ်အတွေ့အကြုံတွေနဲ့ကြီးပြင်းလာရတဲ့ ကလေးငယ်တွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ သိတတ်လာတဲ့အရွယ်မှာ လျောက်မယ့်လမ်း၊ ချမယ့်ဆုံးဖြတ်ချက်၊ လုပ်မယ့်အလုပ်တွေကို ကျွန်တော်တို့တွေးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ်ဟာ သိပ်ကြောက်ဖို့ကောင်းတဲ့အခြေအနေတစ်ခုမှာ ရပ်တည်နေရပါတယ်ဆိုတာ အားလုံးလက်ခံ မယ်လို့ထင်ပါတယ်။ ကျွန်တော်ပြောရဲပါတယ်။ အကြောက်တရား၊ သိမ်ငယ်စိတ်၊ လူတန်းစေ့မဆက်ဆံခံရတဲ့ အခြေအနေ တွေကနေ “အမုန်း”ဆိုတာပဲ ကြီးထွားလာဖို့ရှိပါတယ်။
ကျွန်တော်ရောက်ရှိခဲ့တဲ့ စခန်း ၁၃ ခုအတွင်း သာမန်ကျန်းမာရေးမကောင်းတဲ့ ကလေး ၅၀ ကျော်အပြင်၊ ၁ ဦးဆုံး၊ ၃ ဦး ဝက်သတ်လို၊ ဝမ်းပျက်ဝမ်းလျောလို ကူးစက်ရောဂါခံစားနေရတာတွေ့ရပါတယ်။ စခန်းတစ်ခုမှာ တစ်နေ့တည်း ကလေး ၂ ဦးဆေးရုံတင်လိုက်ရတာကိုတွေ့ရပြီး စခန်းတာဝန်ခံက အပြင်လူဖြစ်တဲ့ကျွန်တော်တို့ကို ဘာရောဂါရယ်လို့ အတိအကျ မ ပြောပြပါဘူး။ တချို့နေရာတွေမှာ စည်းကမ်းနဲ့ အကြောက်တရားမကွဲမပြားနဲ့ စခန်းတွေကို စီမံခန့်ခွဲနေတာဟာလည်း စိတ် ပျက်စရာဖြစ်ပါတယ်။ မရ ရတဲ့နည်းနဲ့ ထောက်ပံ့နေကြရရှာတဲ့ လူသားချင်းစာနာထောက်ထားသော အဖွဲ့အစည်းတွေရဲ့ စေတနာနဲ့ စိတ်ဓာတ်ဟာလည်း ချီးကျူးစရာဖြစ်ပါတယ်။
ကျွန်တော်တို့ရောက်ရှိရာနေရာတချို့မှာ UNလို၊ Care လို နိုင်ငံတစ်ကာအစိုးရမဟုတ်သောအဖွဲ့အစည်းတွေရဲ့အထောက် အပံ့ ကိုရရှိနေသလို ပြည်တွင်းက နာရေးကူညီမှုအသင်းကြီးလို၊ One More လိုအဖွဲ့ရဲ့အလှူတွေလက်ခံရရှိခဲ့ရဖူးပေမယ့် လိုအပ်ချက်နဲ့ အထောက်အပံ့ဟာ ကွာဟလျက်ရှိနေတာကိုလည်း မေးရင်း၊ မြန်းရင်း၊ စကားစမြည်ပြောဆိုရင်းကို သိရှိ တွေ့ထိခဲ့ရပါတယ်။ တချို့စခန်းတွေမှာ တစ်လစာလောက်ပဲ ဆန်ကျန်တော့တာမျိုး၊ ထင်းတစ်ခုတည်းနဲ့တင် တစ်လ ၂ သိန်း လောက်ကုန်ကျနေတာမျိုး၊ ကျန်းမာရေးစောင့်လျောက်မှု မပြည့်စုံတာမျိုးတွေလည်းတွေ့နေရပါတယ်။ ထို့အပြင် အရည်အချင်းနဲ့ စိတ်ဓာတ်အခြေခံ ပြည့်ဝတဲ့ လုပ်အားပေးများလည်း လိုအပ်နေသေးတာတွေ့နေရပါသေးတယ်။
လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကို ကူညီစီမံခန့်ခွဲတဲ့သူဟာ လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးစိတ်ဓာတ် တစ်ဘက်စွန်း ရောက်သူ ဖြစ်မနေမှ ပိုကောင်းမယ်ဆိုတာ လေ့လာသင်ယူခဲ့ရဖူးတာလေးကြောင့် ဒီလိုစစ်ဘေးကူညီကယ်ဆယ်ရေးမှာ လည်း အဲလိုဝန်ထမ်း၊ လုပ်အားပေးဘယ်နှယောက်လောက်များလိုအပ်နေမလဲလို့ စခန်းပေါင်း ၃၉ခုကျော်ကျော်စာရင်းကို ကိုင်ကြည့််ပြီး သက်ပြင်းချမိပါတယ်။ INGOs, NGOs နဲ့ CBOsအဖွဲ့အစည်းတွေ အထူးအလေးထားပြင်ဆင်ပေးသင့်တဲ့ အားနည်းချက်တွေလို့လည်း တစ်ကိုယ်တည်းတွေးမိပါတယ်။ အထူးဝမ်းနည်းစရာကောင်းတာကတော့ လက်ရှိဖြစ်တည်နေ တဲ့အခြေအနေတွေကို တရားဝင်အသိအမှတ်မပြုပဲ မသိကျိုးကျွံပြုထားတဲ့ တရုတ်ပြည်ကြီးကနေ ကူညီထောက်ပံ့ရေးဆိုင် ရာ အခြေခံလူသုံးကုန်တွေ၊ ဆေးဝါးတွေဝယ်ယူပြီး ကိုယ့်အခက်မှာ သူ့အချက်ဖြစ်စေနေတာကိုတော့ နိုင်ငံသားတစ် ယောက်အနေနဲ့ မချိတင်ကဲဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လှူတဲ့ပစ္စည်းတွေကိုလည်း သက်ပြင်းတွေကြားကပဲ မ ဖြစ်မနေ သူ့ဆီက ဝယ်လှူခဲ့ရတာပါပဲ။
တချို့စခန်းတွေမှာ ကျန်းမာသန်စွမ်းတဲ့ လူငယ်၊ လူလတ်အရွယ်တွေ လုံးဝမတွေ့ရဘဲ ကလေးလေးတွေများနေတဲ့အတွက် ကလေးကလေးချင်းထိန်းနေရသလို၊ ကလေးတွေက ရေခပ်၊ ထင်းကောက်၊ ဟင်းအိုးတည်စတဲ့အလုပ်တွေကို အမေနဲ့ ဘိုး ဘွားတွေကိုဝင်ကူနေတာတွေ့ရပါတယ်။ မေးကြည့်လို့သိရသမျှတော့ အရွယ်ကောင်းတဲ့ လူငယ်မောင်မယ်အရွယ်တွေဟာ တရုတ်ပြည်ထဲမှာ ကြုံရာအလုပ်တွေရှာကျန်လုပ်ရင်း ဘဝကိုရပ်တည်နေရပါတယ်။ ယောင်္ကျားတွေက ရွာပြန်ပြီးအခြေ အ နေကြည့်လို့ ရွာပြန်တည်ရေး၊ နောက်နှစ်အတွက် ပြန်လည်စိုက်ရေးပျိုးရေးလေးကို လုံးပန်းနေရရှာပါတယ်။
အခုဆိုရင် ကျွန်တော်ရောက်ခဲ့ရာ ဒေသတစ်ချို့ရဲ့ရာသီဥတုအခြေအနေအရ စိုထိုင်းစမြင့်မားတဲ့ ကာလဘက်ကိုကူး လာ ပြီဖြစ်တဲ့အတွက် ခြင်တွေပေါလာပါတယ်။ ခြင်ထောင်တွေလိုအပ်နေပါတယ်။ အိမ်သာတွေ၊ သန့်ရှင်းသော သောက်သုံးရေ နဲ့ ထင်းဟာ သူတို့အတွက် အဓိက အရေးပေါ်လိုအပ်နေတဲ့အရာတွေဖြစ်သလို၊ ဆန်၊ အနီးကပ်ကျန်းမာရေးစောင့်လျောက် မှုနဲ့ မိုးလုံလေလုံ အဆောက်အဦးတွေဟာလည်း အရေးပေါ်လိုအပ်နေပါတယ်။ ဧပြီနှောင်းရင်မိုးလာတော့မှာမို့ ဒါဟာ တ ကယ့်ကို အမြန်ဆောင်ရွက်ပေးရမယ့်အရာတွေဖြစ်နေပါတယ်။
လူတစ်ယောက်ကို ပါးစပ်ကနေပြုံးလာအောင်လုပ်ဖို့လွယ်တယ်။ ရင်ဘတ်ထဲကနေ စိတ်ပါလက်ပါ ပြုံးလာအောင်လုပ်ဖို့ ဆိုတာကြတော့ ပိုပြီးမလွယ်ဘူး။ အဲလိုပြုံးလာခဲ့ရင် သိသာတဲ့အချက်ကတော့ သူတို့မျက်လုံးတွေပါ နှုတ်ကနေပြုံးလာတဲ့ အပြုံးလို လင်းကြည်ရွှန်းလဲလာရတာပဲဗျ။ ကျွန်တော်တို့ တိုင်းရင်းသားညီအကိုမောင်နှမတွေကို ကျွန်တော်တို့ရဲ့ ယုံကြည် မှုတစ်စက်တစ်ပေါက်နဲ့ မျက်လုံးရော၊ နုတ်ခမ်းပါပြုံးလာအောင် ကျွန်တော်တို့လုပ်ဖို့၊ ဖျော်ဖြေဖို့ ကြိုးစားခဲ့ကြတယ်။ တ နည်းပြောရရင် သူတို့တွေကို မျက်ရည်ကျအောင်လုပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့သူတို့ကိုကျအောင်လုပ်ခဲ့တဲ့ မျက် ရည်တွေဟာ ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်တွေပဲ ဖြစ်ပါတယ်။
ခေါ်မကြားအော်မကြားဆိုတဲ့လူမျိုးတွေကိုလည်း အဲဒီနေရာတွေမှာ ကျွန်တော်တို့တွေ့ခဲ့ရတယ်ဗျ။ အထူးသဖြင့် ဘဝနေဝင် ချိန်နီးနေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ အနှစ်နှစ်အလလက လယ်လေး၊ ယာလေးနဲ့ ဘဝတည် မျိုးဆက်ချခဲ့ရတဲ့ အခြေ အနေတစ်ခုကို ခဏချင်းနဲ့စွန့်ပစ်ပြေးထွက်လာရပြီး အခုလို သူများကူမှ ထရတဲ့ (ဒုက္ခသည်စခန်း)လို နေရာမျိုးမှာ လာနေ ရတဲ့အချိန်တွေမှာ သူတို့ဘာများတွေးနေလိမ့်မယ်လို့ထင်လဲဗျ။
ကျွန်တော်ထင်တယ် သူတို့တွေးနေလိမ့်မယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့မယ့် သူတို့သားတွေအကြောင်း၊ နောက်နှစ် များစွာပြန်လည်စုဆောင်းရှာဖွေမှရတော့မယ့် နွား၊ ကြက်၊ ဝက်တွေအကြောင်း၊ ပြီးခဲ့တဲ့တစ်နှစ်လုံးစိုက်ထားပျိုး ထားပြီး ရိတ်သိမ်းချိန်ကျမှ လက်လွတ်ခွက်လွတ် ပစ်ပြေးခဲ့ရတဲ့ စိုက်ခင်း၊ ပျိုးခင်းတွေအကြောင်း….ဘိုးဘေးတွေတည်ခဲ့ပြီး သူတို့လက်ထက်ကျမှ ပစ်ပြေး၊ထားပြေးခဲ့ရတဲ့ နတ်ကွန်းတွေ၊ ဘုရားကျောင်းတွေ၊ အိမ်တွေမြေတွေ…။ နားရှိလျက်မကြား၊ မျက်လုံးဖွင့်လျက်မမြင်ဆိုသလို သူတို့အားလုံးကိုကြည့်လိုက်ရင် နေဝင်ခါနီးအချိန်မှာတောင် သူတို့ကိုယ်တိုင်ဖန် တီးတာမ ဟုတ်ဘဲ သူတို့ရင်ဆိုင်နေရတဲ့ဒုက္ခတွေအတွက် ခေါ်မကြားအော်မကြား စိတ်တွေနဲ့ ဘယ်ဘုရားတွေကိုတိုင် တည်နေမ လဲဆိုတာ Camp တွေရောက်တိုင်း၊ အဲလို အဖိုးအဖွားအ ရွယ်တွေတွေ့ရတိုင်း တွေးမိတယ်ဗျ။ လွတ်လပ်စွာ ရှင်သန်နေ ထိုင်ခွင့်လိုပဲ အသက်ကြီးလာတဲ့အခါလူဆိုတာ သားသမီးမြေးမြစ် စုံစုံလင်လင်နဲ့ ကိုယ့်ရဲ့ ဓါးမဦးချနေရာမှာ၊ မြေမှာသေ ချင်တာ လူတိုင်းရဲ့သဘာဝပါ။
ဒီလိုမျိုးပြဿနာတွေကို အလှူငွေလေးသွားလှူပြီး အင်တာနက်တင်လိုက်ယုံ၊ သတင်းထဲ၊ ဂျာနယ်ထဲဖော်ပြလိုက်ရုံနဲ့ ပြီး ပျောက် သွားမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောပါရစေ။ NGOs INGOs တွေကို အခက်အခဲမှန်သမျှ ထောက်ပံ့ကူညီခွင့် ပေးလိုက်ယုံနဲ့လည်း ပြေလည်သွားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောပါရစေ။
မြေပြန့်မှာနေနေ၊ တောင်ပေါ်မှာ ကြီးကြီး၊ ပင်လယ်မှာ မွေးမွေး၊ အပူပိုင်းမှာ ရှင်ရှင် လူမှန်ရင် ကိုယ့်ကံကြမ္မာကိုယ် လွင့်လွင့် ရဲရဲ တည်ဆောက်ခွင့်ရှိရပါမယ်။ လွတ်လပ်တရားမျှတတဲ့ လုံခြုံမှုအပြည့်အဝခံစားခွင့်ရှိရပါမယ်။ ကျွန်တော်အရင်ကပြော ခဲ့ ဖူးသလိုပါဘဲ။ စစ်ကြီးကိုရပ်ကြပါတော့ ကိုယ့်စစ်တန်းလျားကိုယ်ပြန်ကြပါတော့လို့ နှစ်ဘက်သော စစ်သားတွေ၊ တာဝန်ရှိ သူတွေကို ပြောပိုင်ခွင့်မရှိပါဘူး။ ပြောနိုင်တဲ့အဆင့်အတန်းလည်းမရှိပါဘူး။ ကျွန်တော်ပြောနိုင်တာက၊ ပြောချင်တာက တော့ အပြစ်မဲ့ပြည်သူတွေကို မစာနာ၊ မထောက်ထားဘဲတိုက်တဲ့ စစ်ဟာ ဘယ်သူတိုက်တိုက်၊ ဘယ်ဘက်ကတိုက်တိုက် မတရားသောစစ်ပဲဖြစ်ပါတယ်။ သာမန်ပြည်တစ်ယောက်အနေနဲ့ ကိုယ်လိုပြည်သူ ညီအကိုမောင်နှမတွေကိုယ်စား ဒါကို ကျွန် တော်တို့အားလုံးက လုံးဝကန့်ကွက်ရပါမယ်။
ဒါတွေဟာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ကျွန်တော်ယုံကြည်တာပြောရရင် သမိုင်းပြဿနာတစ်ခုကို တာဝန်ရှိသူ တွေ ချည်းဘဲ ဖြေရှင်းနေလို့မရပါဘူး။ အောက်ခြေအထိ အကျိုးသက်ရောက်မှုရှိတဲ့၊ အတူတူပူးပေါင်းပါဝင်တဲ့ ဖြေရှင်းမှုမျိုးနဲ့ ဖြေ ရှင်းမှသာ ပြေလည်မယ်။ ပိုအဓိပ္ပာယ်ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီလို ကျွန်တော်တို့ ညီအကိုမောင်နှမတိုင်း ရင်း သားတွေရင်ဆိုင်နေရတဲ့ မငြိမ်းချမ်းမှု၊ မပြေလည်မှုတွေဟာ အစုအဖွဲ့တစ်ခု၊ နှစ်ခုတည်းက စားပွဲဝိုင်းလေးမှာ ထိုင်ပြီး ဖြေ ရှင်းရမှာမျိုး မဟုတ်ပါဘူး မြေပြန့်ပင်လယ်တောင်ပေါ်ဘယ်နေရာမှာမဆိုရှိနေကြတဲ့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်သာ ဖြစ်ပါတယ်။
ကလေးသူငယ်တွေ၊ နုနယ်ရိုးသားတဲ့အမျိုးသမီးများနဲ့ ခံနိုင်စွမ်းမဲ့နေတဲ့ သက်ကြီးရွယ်အိုများကိုအမြန်ကူညီစောင့်ရှောက် ပေးကြဖို့ကို တာဝန်ရှိသူအသီးသီးနဲ့ ဖွံ့ဖြိုးရေး၊ ကူညီရေး၊ အကာအကွယ်ပေးရေး NGOs နဲ့ INGOsများကို ဒီနေရာကနေ မေတ္တာရပ်ခံပါရစေ။ စောင့်လျောက်ကူညီနေတဲ့ INGOs၊ NGOs၊ CBOတွေကိုလည်း လွတ်လွတ်လပ်လပ် ကူညီခွင့်ရ အောင် အဖွဲ့အစည်းအသီးသီးက အားပေးကူညီစေချင်ပါတယ်။
တိုင်းပြည်နဲ့လူမျိုးအရေးမှာ မေတ္တာထိုးစစ်ကို ချစ်ခြင်းတရားအပြည့်နဲ့ပစ်ခတ်မှသာ ကြည်လင်ငြိမ်းချမ်းမှုကိုရမှာလို့ ကျွန် တော်ကတော့ မတိမ်းမစောင်းယုံကြည်ပါတယ်။ “ငြိမ်းချမ်းရေး”ဆိုတာ တစ်ဦးတစ်ယောက်တည်းကနေအစပြုလို့ တစ်မျိုး သားလုံးနှင့်ချီပြီး အကောင်အထည်ဖော်မှသာ ကျွန်တော်တို့အမြဲသင်ကြားနေရတဲ့ ဥမကွဲသိုက်မပျက်ချစ်ကြည်ရင်းနှီးမှုဆို တဲ့အနှစ်သာရကိုပေါ်လွင်လာမှာဖြစ်ပါတယ်။
စိမ်းခက်စိုး
(စနေနေ့) မတ်လ ၂၄၊ ၂၀၁၂
“အဖြူရောင်တွဲလက်များ” သတင်းစာရှင်းလင်းပွဲမှာ ဝေငှခဲ့တာလေးကို စီလျော်အောင်ပြန်လည်ရေးသားပါသည်။
0 comments:
Post a Comment