Sunday, March 25, 2012

မျှဝေတဲ့ ပျော်ရွှင်ခြင်း


တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားဘယ်နှယောက်ပိုင်ဆိုင်တာလဲ မဟုတ်ဘူး။

တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားအများကို ဆရာကောင်းသမားဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူ၊ လူအများကို ခေါင်းဆောင်ကောင်းဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူဖြစ်တယ်။
လူ့ဘဝတစ်သက်က "လူဘယ်လောက်ကို သင်ကျော်လွန်ခဲ့သလဲ?" မဟုတ်ဘူး။
"လူဘယ်နှယောက်ကို ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့ သင်ကူညီလမ်းညွှန်ခဲ့သလဲ?"ဆိုတာဖြစ်တယ်။
အောင်မြင်ရေးကျမ်းသစ်က "လူဘယ်နှယောက်ကို သင်အောင်နိုင်ခဲ့သလဲ?" မဟုတ်ဘူး။ မျှဝေခြင်းက အောင်မြင်ခြင်းဖြစ်တယ်။

"ရှန်ဟိုင်းကနေ လန်ဒန်ကို ဘယ်လိုသွားရင် ပိုပျော်ဖို့ကောင်းမလဲ?"လို့ ရှန်ဟိုင်းမြို့က လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုက ဆုပေးချီးမြှင့်တဲ့ မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ ပထမဆုက လက်မ၄ဝ ရောင်စုံတီဗီစက်တစ်လုံးဖြစ်တယ်။ ဒီမေးခွန်းကို ဝင်ဖြေတဲ့လူတွေ ထူးထူးခြားခြားများခဲ့တယ်။ ကုမ္ပဏီကို အနယ်နယ် အရပ်ရပ်ကစာတွေ ပလူပျံလာခဲ့တယ်။ ဝင်ဖြေသူတွေထဲမှာ တက္ကသိုလ်က ဆရာတွေပါသလို၊ တက္ကသိုလ်ကျောင်းသား၊ ဝန်ထမ်း၊ အိမ်ရှင်မတွေပါ ပါခဲ့တယ်။ လက်ခံရရှိတဲ့အဖြေတွေမှာ ပုံစံအမျိုးမျိုးနဲ့ ဆန်းသစ်တွေးတောမှုတွေပါခဲ့တယ်။ နောက်ဆုံး ရွေးချယ်ခံရတဲ့အဖြေက အများမျှော်လင့်မထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြေဖြစ်နေခဲ့တယ်။

ကလေးငယ်က အဖြေကို ရိုးရိုးလေးပဲဖြေထားတယ်။ "သူငယ်ချင်းကောင်းနဲ့ အတူသွားရင် ပိုပျော်ဖို့ကောင်းပါတယ်"တဲ့။ တကယ်ပါပဲ... ဒိုင်တွေရဲ့အကဲဖြတ်အဖြေက အားလုံးတညီတည်းဖြစ်တယ်။ "မျှဝေပြီးရလာတဲ့ပျော်ရွှင်ခြင်းက ကိုယ်တစ်ယောက်တည်းဆုပ်ကိုင်ထားတဲ့ ပျော်ရွှင်ခြင်းထက် ပိုပါသတဲ့"

ဆွီဒင်နိုင်ငံမှာ “နိုဘယ်လ်”လို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့တယ်။ ကျောင်းနေတုန်းက နိုဘယ်လ်ရဲ့အဆင့်ဟာ အမြဲတမ်း ဒုတိယမှာပဲရှိခဲ့တယ်။ ပထမအဆင့်ကို “ပေါ်ခ်ျ”လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့တယ်။ တစ်ခါက ပေါ်ခ်ျဟာ နာမကျန်းဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲ ခွင့်ရက်ရှည်ယူခဲ့ရတယ်။ ဒါကို ကျောင်းသားတချို့က နိုဘယ်လ်အတွက်ဝမ်းသာပြီး “ပေါ်ခ်ျဖျားတော့ ပထမအဆင့်က နင့်အတွက်ပေါ့”လို့ ပြောခဲ့ကြတယ်။ ဒီအတွက် နိုဘယ်လ်ဝမ်းမသာခဲ့တဲ့အပြင် ကျောင်းမှာသင်သမျှ သင်္ခန်းစာတွေကို စာအုပ်တစ်အုပ်မှာ သပ်သပ်ကူးပြီး ကျောင်းမတက်နိုင်တဲ့ ပေါ်ခ်ျကိုပေးခဲ့တယ်။ စာမေးပွဲဖြေတော့ ထုံးစံအတိုင်း ပေါ်ခ်ျက ပထမ၊ နိုဘယ်လ်က ဒုတိယရခဲ့ပြန်တယ်။

တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာခဲ့တဲ့ နိုဘယ်လ်ဟာ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ခဲ့တယ်။ ယမ်းကို စတင်တီထွင်ပြီးတဲ့နောက် သူဟာ အဆမတန် ချမ်းသာသူဖြစ်လာခဲ့တယ်။ သူသေသွားပြီးတဲ့နောက်မှာ ပိုင်ဆိုင်သမျှအားလုံးကို လှူဒါန်းဖို့ သေတမ်းစာလည်းရေးခဲ့တယ်။ “နိုဘယ်လ်ဆု”အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ရံပုံငွေထဲက အတိုးရလာတဲ့ငွေတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ၊ စာပေ၊ စီးပွါးရေး နဲ့ လူ့ငြိမ်းချမ်းရေး ဆိုင်ရာတွေအတွက် ဘဝစတေးသူတွေကို ဆုချီးမြှင့်စေခဲ့တယ်။

နိုဘယ်လ်ရဲ့ စိတ်သဘောထားကြီးမြတ်မှုနဲ့ ရက်ရောနိုင်မှုတွေကြောင့် လုပ်ငန်းကြီးတစ်ခုကို ထုထောင်နိုင်ခဲ့တဲ့အပြင် သူ့ကို နောင်လာနောက်သားတွေ အောင့်မေ့သတိရနေအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသမိုင်းမှာ လူတိုင်းက ဒုတိယအဆင့်သာရခဲ့တဲ့ နိုဘယ်လ်ကိုသိကြပြီး ပထမအမြဲရခဲ့တဲ့ ပေါ်ခ်ျကိုမသိခဲ့ကြဘူး။

နိုဘယ်လ်ရဲ့ပုံပြင်ထဲကနေ ကျွန်မတို့အတွက် နက်ရှိုင်းတဲ့ခံစားချက်တစ်ခုကို ရစေခဲ့ပါတယ်။ နိုဘယ်လ်အောင်မြင်ခဲ့တာဟာ သူ့ရဲ့ ဥာဏ်စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကြီးမြတ်တဲ့ စိတ်သဘောထား၊ သင့်မြတ်မှုနဲ့ ရက်ရောမျှဝေနိုင်မှုတွေကြောင့်ပဲဖြစ်တယ်။

တာဇံကို ဘာကြောင့် တောဘုရင်လို့တင်စားခဲ့သလဲ? တာဇံရဲ့အင်အားဟာ ဆင်တစ်ကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ ကျားသစ်တစ်ကောင်လောက် အပြေးမမြန်ခဲ့ဘူး။ မျောက်တစ်ကောင်လောက် မထက်မြက်ခဲ့ဘူး။ တောဘုရင်လို့ သူ့ကိုတင်စားကြတာက လက်နက်ကြောင့်၊ ခွန်အားကြောင့် မဟုတ်ပါဘူး၊ ဆက်ဆံရေးကြောင့်ပဲ ဖြစ်တယ်။

တာဇံဟာ တိရိစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့ခဲ့သလို သူ့တို့အပေါ်လည်း မေတ္တာထားဂရုစိုက်ခဲ့တယ်။ တစ်ဦးမေတ္တာ တစ်ဦးအပေါ်ဆိုသလို တိရိစ္ဆာန်လေးတွေကလည်း တာဇံကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ တာဇံ အန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အချိန် ရင်ဘတ်ကိုထုပြီး အော်လိုက်တာနဲ့ တိရိစ္ဆာန်တွေကထွက်လာပြီး သူ့ကိုကူညီခဲ့ကြတယ်။

ဒါကြောင့် အောင်မြင်တယ်ဆိုတာ “လူဘယ်နှစ်ယောက်ကို ငါနိုင်ခဲ့သလဲမဟုတ်ဘဲ လူဘယ်နှစ်ယောက်ကို ငါကူညီခဲ့သလဲ”ဆိုတာပဲဖြစ်တယ်။ ကိုယ်ကူညီခဲ့သူ များလေလေ၊ ဆက်ဆံရေး ကျယ်ပြန့်လေလေ၊ ကိုယ်အောင်မြင်လေလေပါပဲ။ 

Forward Mail

မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...