Monday, March 26, 2012

ဒို့တာဝန်အရေး(၃)ပါး အမြဲဦးထိပ်ထားသော အမောင်တပ်မတော်သားသို့


by Seaman Nayminthu on Tuesday, March 27, 2012 at 9:25am 

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် အပိုင်း(၁) အား ဆွေးနွေးဝေဖန်ခြင်း (စာရေးသူဟာ တပ်မတော်သားလို့ အမည်ခံထားပေမဲ့ သူ့ရေးသားချက်တွေမှာ နိုင်ငံရေးသမား ဟန်တွေ ကဲနေပါတယ်)
ရင်သွေးငယ်တစ်ဦး အရွယ်မရောက်ခင်မှာ လင်မယားနှစ်ဦး ကတောက်ကဆဖြစ်ရာက အချင်းများရန်ဖြစ် ကြတယ်။ ဘယ်လိုမှ အတူနေလို့မဖြစ်တော့တဲ့အဆုံး လမ်းခွဲကြတယ်။ ဒါမှမဟုတ် တဦးဦးက အိမ်ထောင့် အရေးအရာမှန်သမျှကို လုံးဝချုပ်ကိုင်လိုက်ပြီး နောက်တဦးမှာ ထားရာနေ စေရာသွားအပယ်ခံ ဘဝကို ရောက်ရတယ်။
သူတို့မွေးထားတဲ့ ရင်သွေးလေး အရွယ်ရောက်လူလားမြောက်တဲ့အခါ ပညာမပြည့်စုံ၊ ဥစ္စာကင်းမဲ့၊ လူရာမဝင်တဲ့ အဖြစ်ကိုရောက်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာမှ ရင်သွေးငယ်ရဲ့ ဘဝနောင်ရေး ကောင်းဖို့ လင်မယားပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ကလေးဒီဘဝကိုရောက်ခဲ့ရတာ ဘယ်သူ့ ကြောင့်လဲ ဘယ်သူ့မှာ တာဝန်ရှိလဲ အငြင်းပွားကြပြန်တယ်။ ပြဿနာကို မြင်သာအောင် ဒီလိုဥပမာပြု ကြည့်လိုက်ချင်တယ်...
ဆိုပါစို့.. ကလေးကိုပိုင်ဆိုင်ရယူလိုက်သူဟာ ဖခင်ဖြစ်တယ်။ ဒါမှမဟုတ် ဖခင်က အိမ်ထောင်မှုကိစ္စအားလုံးကို ချုပ်ကိုင်ခွင့်ရလိုက်တယ်။
ကျနော့်အမြင်ကတော့ ကလေးလူစဉ်မမီဖြစ်သွားရတဲ့ကိစ္စ၊ သူများထက်အောက်တန်းနောက်တန်းရောက်ရတဲ့ ကိစ္စမှာ သူ့ကိုအဓိက ထိန်းကျောင်းလမ်းညွှန်နိုင်သူ နေရာကိုရခဲ့တဲ့ ဖခင်မှာ ပိုပြီးတာဝန်ရှိတယ်။ အဲဒါကို သူ့အမေက မိခင်ကောင်းမပီသလို့ သားအပေါ်မှာ မိခင်တာဝန်တွေမကျေခဲ့လို့ ကျနော်သာ အဖေ ကျနော်သာ အမေ တာဝန်ယူခဲ့ရတဲ့ကာလမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကျနော့်ကို စာနာနားလည်ပေးပါလို့ ပြောလာရင် အဲဒီလူဟာ ယောက်ျားမပီသတာပဲ။ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့ပြီး မအောင်မြင်မှုတွေနဲ့ ကြုံရမှ ကိုယ်အသုံးမကျခဲ့တာကို ပြည်ဖုံးကားချဖို့ ကြိုးစားတာ ကောင်းသလား။ ဒါတာဝန် ယူစိတ်မဲ့တာပဲ။
ကလေးကို ချစ်တယ်မချစ်ဘူးဆိုတာက ပုဂ္ဂလိက ခံစားချက်စိတ်သက်သက်ပဲ။ ဘာပေတံနဲ့မှ တိုင်းလို့မရဘူး။ ပါးစပ်ရှိရင်ပြောလို့ရတယ်။ ဒါပေမဲ့ ကလေးဘဝတိုးတက်အောင် မိသားစုဘဝငြိမ်းချမ်းပျော်ရွှင်အောင် ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတဲ့ အရည်အသွေးကတော့ ညာလို့မရအောင် ပေါ်လွင်တယ်။ မိန်းမကို ကြည့်မရလို့ သူနဲ့ရတဲ့ကလေးကို ပစ်ထားလို့ရတာမှ မဟုတ်တာ။ ကိုယ့်ရင်သွေးလေ။ တစ်အိမ်တည်းမှာ အတူနေပြီး လင်မယားနှစ်ယောက် စကားမပြောကြပေမဲ့ မိသားစုစီးပွားရေးတောင့်တင်းပြီး သားသမီးတွေ ပညာပြည့်စုံအောင်သင်ကြားပေးနိုင်တဲ့ မိဘတွေ၊ လင်မယားကွာရှင်းပြီး ကိုယ်နဲ့ပါလာတဲ့ သားသမီးကို လူတလုံးသူတလုံးဖြစ်လာအောင် မြေတောင် မြှောက်ပေးနိုင်တဲ့ မိဘတွေ လောကမှာ ဒုနဲ့ဒေး မမြင်ချင်မှ အဆုံးပါ။ အကယ်၍ မိခင်က သားသမီးကို ပိုင်ဆိုင်ခွင့်ရတယ် ဆိုရင်လည်း ဒီအတိုင်းပဲတာဝန်ရှိပါတယ်။ (မိခင်ကို ပါတီစုံ ဒီမိုကရေစီခေတ်၊ ဖခင်ကို စစ်ခေါင်းဆောင်များ အုပ်စိုးသောခေတ် နေရာမှာထားပြီး ကြည့်လိုက်ပါ)
ဒါပေမဲ့ ပြဿနာက ဒီမှာတင်မပြီးသေးဘူး။ ကလေးက သေသွားတာမှမဟုတ်သေးတာ။ ဒီတော့ သူ့ဘဝရှေ့ရေး အတွက် ဆက်လုပ်ရမှာတွေက ရှိနေသေးတယ်။ ဖခင်ဖြစ်သူက ကိုယ်မှားယွင်းအားနဲခဲ့တာကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ကလေးနဲ့မိသားစုအပေါ်ထားတဲ့ စေတနာကို ပြောင်းလဲပစ်ရမယ်။ မိခင်ဖြစ်သူကလည်း မိမိရဲ့ ခင်ပွန်း သည်အပေါ်မှာ အမြင်ကြည်ကြည်လင်လင်ထားပြီး နားလည်ခွင့်လွှတ်ပေးနိုင်ဖို့လိုပါတယ်။ အားကိုးနိုင်တဲ့ အိမ်ထောင်ဦးစီးတဦးအဖြစ် လက်ခံအသိအမှတ်ပြုနိုင်ရမယ်။ မိဘနှစ်ဦး အဆင်ပြေပြေ ပြန်ပေါင်းထုပ်နိုင်မှ သားသမီး စိတ်ချမ်းသာမယ်။ သိမ်ငယ်စိတ်တွေ တဖြည်းဖြည်း လျော့ပါး လာပြီး အားမာန်တက်ကြွလာမယ်။ ဘဝကိုရင်ဆိုင်ရဲတဲ့စိတ်တွေ နိုးကြားလာမယ်။ မိသားစုဘဝလည်း သာယာ စိုပြေငြိမ်းချမ်းတဲ့ အဖြစ်ကို ပြန်လည်ရယူခံစားနိုင်လာမယ်။
မြန်မာပြည်ရဲ့ ပြဿနာက အဲဒီအတိုင်းပါပဲ။ “ပါလီမန်ဒီမိုကရေစီစနစ်မှာ ပျော့ကွက်ဟာကွက်တွေရှိတယ်။ နိုင်ငံရေးသမားတွေအချင်းချင်း နေရာလု၊ အုပ်စုဖွဲ့တယ်။ နောက်ဆုံး လူမျိုးစုအရေးတွေနဲ့ မနိုင်မနင်းဖြစ်လာပြီး အချုပ်အခြာ အာဏာပြိုကွဲတော့မယ့်ဆဲဆဲ တိုင်းပြည်ခြောက်ကမ္ဘားထဲကျဖို့ လက်တလုံးအလိုမှာ တပ်မတော် က မဖြစ်မနေ ကယ်တင်လိုက်ရပါတယ်” ယုတ္တိအကြောင်းပြချက်နဲ့ ၁၉၆၂ ကစပြီး စစ်ခေါင်းဆောင်ကြီးတွေ တိုင်းပြည်အာဏာအရပ်ရပ်ကို စိတ်တိုင်းကျ စီမံခန့်ခွဲလိုက်တာ  ၁၉၈၇ အရောက်မှာ မြန်မာပြည် LDC ဖြစ် သွားတယ်။ ဘယ်သူ့ကိုအဖြစ်တင်မလဲ။ အဲဒီကာလတလျှောက် ဘယ်သူပုန်သူကန်ကမှ တိုင်းပြည်အာဏာကို တရက်ကလေးတောင် စီမံခန့်ခွဲခွင့် မရခဲ့ပါလား။ မဆလခေတ် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးကောင်းဘယ် လောက်ရရ လယ်သမားတွေဆီက စပါးကို တတင်း ၉ ကျပ်ဈေးနဲ့ပုံသေ ကြိုးချည်ပြီးဝယ်ခဲ့တယ်။ လယ်သမား တွေ ဘဝမြှင့်တင်ရေးကို ဘာတွေများ လုပ်ပေးခဲ့ပါသလဲ။ မဆလ၊ နဝတ၊ နအဖ ခေတ်တလျှောက် လယ်မဲ့ယာမဲ့ အခြေအနေမဲ့ ဖြစ်ပြီး ထောင်နန်းစံခဲ့ရတဲ့ လယ်သမားတွေ အများကြီး။
၈၈ ဒီဘက်ပိုင်းကိုရောက်တော့ ပြည်သူလူထုအခြေအနေပိုဆိုးလာတယ်။ မပီမပြင် နာမည်ခံ ဈေးကွက် စီးပွားရေး လမ်းကြောင်းပေါ်မှာ အာဏာလက်ကိုင်ရှိထားတဲ့ ဗိုလ်ချုပ်ကြီးတစုရဲ့မိသားစုတွေ၊ အာဏာပိုင်တွေ နဲ့ ပနံစားတဲ့ ခေတ်ပျက်စီးပွားရေးလုပ်ငန်းရှင်တွေ ကျိကျိတက်သဌေးဖြစ်လာကြတယ်။ ပြည်သူတွေဘဝ တနေ့လုပ်လို့ တနေ့စာထမင်းမဝတဲ့ အခြေအနေဆိုက်လာတယ်။ အဲဒါတိုးတက်မှုလား။
တပ်မတော်အပါအဝင် ဝန်ထမ်းဌာနတွေ အကြီးအကျယ် အကျင့်ပျက်ခြစားတာ နဝတ၊ နအဖ ခေတ်မှာပါ။ ကျနော်တို့ တပ်ထဲရောက်တော့ စီနီယာကျတဲ့ဆရာတွေ (၁၉၈၀ ဝန်းကျင်မှာ တပ်ထဲဝင်လာသူတွေ) ကပြော ပါတယ်။ “ငါတို့တပ်ထဲရောက်စတုန်းက စက်မှုလက်မှုတပ်က ဂိုဒေါင်ထဲမှာ ကျောက်မီးသွေးတွေအပြည့်၊ ပစ္စည်းထိန်းတပ်မှာ သင်္ဘောအစိပ်အပိုင်းစက်ပစ္စည်းတွေ၊ ပင်မလက်နက်ခဲယမ်းတပ်မှာ အမြောက်ကျည်ဆံခွံ တွေ ဒီအတိုင်း ပစ်ထားတာ ဘယ်သူမှ ခိုးမရောင်းဘူး” တဲ့။
ခုနောက်ပိုင်း တပ်ထဲဝင်လာသူတွေက အရင်လူတွေထက် အကျင့်စာရိတ္တယုတ်ညံ့လို့များ သံချေးတုံးကအစ ခိုးရောင်းစားနေကြတာလား။ တပ်မိသားစုတွေရိက္ခာ ထုတ်တဲ့နေရာမှာ ဘေးမှာထိုင်ပြီး ကိုယ်တိုင်ကြီးကြပ် ထုတ်ပေးနေတဲ့ တပ်မှူးတချို့ကိုရော ဟိုးအရင်က ကြုံခဲ့ဖူးပါသလား။ အခွင့်အရေးကို အဆင့်ဆင့် ရသလောက် စစ်ထုတ်ယူနေတော့ အောက်ဆုံးရောက်လေ ပိုငတ်လေ။ ရရာကို ခိုးဝှက်ရောင်းတဲ့ အဆင့်ဖြစ်လာကြတာ မဆန်းပါ။ တချို့လူ့ကျင့်ဝတ်တန်ဖိုးထားသူတွေပြောသလို “အူမ မတောင့်လည်း သီလစောင့်နိုင်ရမယ်” ဆိုတဲ့ စကားကိုတော့ လူများစု လိုက်နာနိုင်မယ်မထင်ပါ။ ကျနော့် ကိုယ်တွေ့ပြောရရင် လင်မယားနှစ်ယောက်တည်း ရှိစဉ်က ဘယ်ဆွေမျိုးညီအကိုမောင်နှမဆီကမှ အကူအညီမယူဘဲ ကိုယ့်သတ္တိနဲ့ကိုယ် ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ သားသမီးတွေရလာချိန်မှာ သူများကလေး မုန့်စားနေတာကို ကိုယ့်ကလေးက ငေးကြည့်နေတာ မြင်ရရင်ပဲ ရင်ထဲမှာ မီးစနဲ့ထိုးသလို ပူလောင်ခံစားရပါတယ်။ တပ်ကရတဲ့လစာနဲ့ မလုံလောက်လို့ ကျနော်တို့စစ်သားတွေ အပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ရတာတွေ အများကြီးပါ။ ဝန်ထမ်းတွေ အကျင့်ပျက်အောင် တွန်းပို့ ခဲ့တာ ဘယ်သူတွေလဲ။ အဲဒီလိုအချိန်မျိုးမှာ စစ်သားတွေ ဝယ်မစားနိုင်တဲ့ မုန့်မျိုးကို အရာရှိကြီးတဦးရဲ့အိမ်မှာ မွေးထားတဲ့ ခွေးတောင်မစားဘူး ဆိုတဲ့ သတင်းစကားတွေကိုလည်း နားနဲ့မဆန့် အောင် ကြားခဲ့ရပါတယ်။ အရာရှိငယ်အများစုရဲ့ဘဝတွေလည်း ရဲဘော်တွေဘဝနဲ့ သိပ်မထူးလှပါ။
စစ်တပ်ရဲ့ အောက်ခြေ ပိုင်းကလူတွေဟာ ပြည်သူလူထုနည်းတူ ငတ်ပြတ်ဆင်းရဲနေရပေမယ့် ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုကို မခံရဘဲ အထက်ကခိုင်းသမျှလုပ်နေရတာ မမြင်လို့လား။ စစ်တပ်ထဲမှာ စေတနာ သန့်သန့်နဲ့ တိုင်းပြည် ကောင်းကျိုး သယ်ပိုးချင်သူတွေ အများအပြားရှိနေတယ်ဆိုတာ ကျနော်ကိုယ်တိုင် စစ်မှုထမ်းမို့  သေချာသိပါတယ်။ ဒါပေမဲ့ အဲဒီလိုလူမျိုးတွေ အာဏာချုပ်ကိုင်ခွင့်မရအောင် ဖန်တီးထားတဲ့ စစ်အုပ်ချုပ်ရေးယန္တရားကိုမြင်အောင် ကြည့်ပါအုံး။ ဒုဗိုလ်မှူးကြီးအဆင့်တိုးမြှင့်ပေးတော့မယ်ဆိုရင် စွမ်းရည်နဲ့ မသက်ဆိုင်တဲ့ ဖော်ရှိုးလုပ်ငန်းဖော်ဆောင်မှုတွေလုပ်ခိုင်းပြီး အမိန့်နာခံမှု ရှိမရှိ အမျိုးမျိုးစမ်းသပ်ပြီးမှ ရာထူး တိုးပေး တဲ့ခေတ်။
ခုချိန်မှာ အဖက်ဖက်က အကြပ်အတည်းတွေ့လာတာ။ မူလရည်ရွယ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားလို့ မဖြစ်တော့တာကို လက်တွေ့သိမြင်လာတာ။ ဒါပေမဲ့ သိတယ်မို့လား နှစ်ပေါင်းများစွာ အောင်နိုင်သူနေရာမှာ ရခဲ့သူတွေရဲ့ ထုံးစံအတိုင်း အထက်စီးကနေပြောင်းလဲပေးချင်တယ်။ ငါတို့ကြောင့်ပြောင်းလဲရတာ ဆိုပြီး ပနာယူချင်နေတုန်း။ တဖက်ကလည်း ကိုယ့်ချွေးနဲစာမဟုတ်တဲ့ ခိုးရာပါ တိုက်ရာပါပစ္စည်းလေးတွေ ပါသွားမှာကို စိုးရိမ်နေကြတယ်။ လူဆိုတာ ကိုယ့်သိက္ခာကိုယ်သိတယ်ဗျ။ အခု အစိုးရအတွင်းမှာ ပြုပြင်ပြောင်းလဲရေး အတွက် စိတ်အားထက်သန်သူတွေ ရှိနေသလို ဈေးဆစ်သူတွေလည်း ရှိနေတာ အထင်အရှားပဲလေ။
တပ်မတော်မှာ မျိုးဆက်အလိုက် တာဝန်ကျေသင့်တယ်။ တိုင်းပြည်ကိုထင်သလိုစီမံခန့်ခွဲပြီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲတွန်းချခဲ့တာ တပ်မတော် ရှေ့မျိုးဆက်တွေရဲ့လုပ်ရပ်ပဲ။ ဒါတောင်အားလုံးသော ဗိုလ်ချုပ်တွေ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ လူတဦးချင်းနဲ့ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မတူခြားနားမှုလေးတွေကိုလည်း သတိပြုစဉ်းစားကြရမှာပါ။ လက်ရှိလူငယ်မျိုးဆက်မှာ တာဝန်မရှိပါ။ ဒါကြောင့် ရှေ့မျိုးဆက်က လူကောင်းတွေနဲ့ လက်ရှိမျိုးဆက်လူငယ်တွေဟာ လမ်းကြောင်းဟောင်းကနေ ရဲရဲတင်းတင်း ခွဲထွက်နိုင်ဖို့ လိုပါတယ်။ သူတို့ခေတ်က မကောင်းတဲ့အမွေဆိုးတွေကို ဒီမှာပဲ ထားရစ်ခဲ့ရမယ်။
ဒါပေမဲ့ လက်ရှိအရာရှိငယ်တချို့ဟာ တပ်မတော်ခေါင်းဆောင်တွေအားလုံး အစဉ်တစိုက် မှန်ကန်ခဲ့တယ်လို့ ရပ်တည် ပြောဆိုနေတာကို ကျနော်နားမလည်နိုင်ပါ။ မျက်မှန်စိမ်းအတပ်ခံရတယ်လို့ ပြောရင်လည်း သူတို့ကြိုက်မှာ မဟုတ်ပါ။ တပ်မတော်က ကောင်းပါတယ်၊ အာဏာချုပ်ကိုင်ခွင့်ရတဲ့ ဗိုလ်ချုပ်ကြီးတချို့ မကောင်းလို့ တိုင်းပြည် ခုလောက် အခြေအနေဆိုးပြီး တပ်မတော်သားတွေလည်း နာမည်ပျက်နေရတာ။
တကယ်တော့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ခွင့်ရထားတဲ့ ဗိုလ်ချုပ်ကြီးတစုဟာ တပ်မတော်ရဲ့ အားသာချက်ကို အခွင့်ကောင်းယူပြီး သူတို့အကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့ အမျိုးမျိုးလှည့်ပတ်ဝါဒဖြန့်နေတာပါ။ သူတို့မှာ အစွဲမရှိတာမှန်ပါတယ်။ သူတို့အကျိုးစီးပွားကို အကာအကွယ်ပြုပေးနိုင်မယ့် ဘယ်နိုင်ငံကြီးကိုမဆို ရိုရိုကျိုးကျိုး ဆက်ဆံဖို့လည်း ဝန်မလေးပါ။ ဒါကြောင့်မို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာပြည်လာတာကို မသိ ကျိုးကျွံပြုခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝပ် လာတော့ ရာဇအိနြေ္ဒ မထိန်းနိုင်ဘဲ ဧည့်လဲပျူငှာ မျက်နှာချိုသွေးခဲ့တာဟာ အမျိုးဂုဏ်ဇာတိဂုဏ်ပြတာမဟုတ်ကြောင်း ထင်ရှားပါ တယ်။ စစ်ခေါင်းဆောင်တွေ အုပ်စိုးတဲ့ကာလတလျှောက် တရုတ်ဆန့်ကျင်လိုက် အမေရိကန်ဆန့်ကျင်လိုက်နဲ့ သံတမန်ရေးနည်းပရိယာယ်အမျိုးမျိုး ပြောင်းပြီး အာဏာတည်မြဲအောင် အုပ်ချုပ်နိုင်ခဲ့တဲ့ အရည်အချင်းကို လေးစားပါတယ်။ ဒါပေမဲ့ ပြည်သူအတွက်မဖြစ်ခဲ့တာကိုတော့ စက်ဆုပ်ရွံရှာမိတာ အမှန်ပါ။
ဒီတော့ လက်ရှိအချိန်မှာ မြန်မာပြည်အပြောင်းအလဲအတွက် အနောက်ကမ္ဘာရဲ့အကူအညီတွေ လိုအပ်နေချိန် မြန်မာပြည်သူလူထု၊ အနောက်ကမ္ဘာအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကပါ အားပေးထောက်ခံနေတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်မှု ပြုနေတာ မသင့်တော်လှပါ။
နောက်တခုက လွှတ်တော်အတွင်းမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတဲ့ ကိစ္စကို ဘဝင်မကျပြောဆိုသံတွေဟာလည်း လွှတ်တော်ပြင်ပအင်အားစုတွေ အကြားမှာကျယ်လောင်နေတာကို သတိပြုမိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး “တမတ်သား နှစ်ဆယ့်ငါးပြား” ခေါင်းစဉ်နဲ့ ကျနော့်သဘောထားကို တင်ပြပြီးပါပြီ။
လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ တပ်မတော်က အရေးပါတဲ့အင်အားစုနေရာမှာ ရှိနေဆဲ ဖြစ်တာကို မေ့ထားလို့မရပါ။ လွှတ်တော်ထဲမှာ ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ မျိုးဆက်သစ် တပ်မတော်သားတွေ များပါတယ်။ သူတို့ကို နောက်ကွယ်က လုံးဝချုပ်ကိုင်ထားတယ်လို့ မြင်နေမယ့် အစား သူတို့နဲ့ထိတွေ့ရတဲ့ကာလအတွင်းမှာ ရနိုင်သလောက်ယုံကြည်မှုတည်ဆောက်နိုင်ရင် ပိုကောင်းပါတယ်။ စစ်သားတွေဟာ လူသားစက်ရုပ်တွေ မဟုတ်တဲ့အကြောင်း ထိတွေ့ဆက်ဆံကြည့်တဲ့အခါ လက်တွေ့သိမြင် လာပါလိမ့်မယ်။
ကဲ ကျနော့်သဘာထားတွေကိုလည်း အားမနာတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ပါတယ်....

နေမင်းသူ
၂၇ မတ် ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...