Saturday, March 24, 2012

စက်ရုပ်တစ်ရုပ်နဲ့ ချစ်ခင်ခြင်း - ၂

by ဂျူး - Ju on Saturday, March 24, 2012 at 1:42am ·
               

                ရန်ကုန်သို့ ကျွန်မ ရောက်သည့်ရက်များတွက် တစ်ခါတလေ ကျွန်မလာလို့များ သူ့ရုံးကို ဖျက်လိမ့်မည်မထင်နှင့်  ၊ နံနက် ကိုးနာရီဆိုလျှင် အမြဲရုံးသွားလေ့ရှိသည် ။ ရုံးမသွားမီ နံနက်စောစော ကျွန်မ အိမ်သို့ သူရောက်လာလေ့ရှိသည် ။ အနီးအနား က ဆိုင် တစ်ဆိုင်သို့သွား၍ နှစ်ယောက်အတူတူ မုန့်စား ၊ ကော်ဖီ သောက်ကြမည် ။ ပြီးလျှင် သူရုံးသွားမည် ။ကျွန်မက မြို့ထဲ သွားစရာရှိလျှင် ဘတ်စ်ကားအတူစီးမည်။
ဘတ်စ်ကားပေါ်မှာ တစ်ခုံတည်း ထိုင်ရလို့လည်း စကားဖောင်ဖွဲ့ပြောမည်မထင်နှင့် ၊ တစ်ခွန်းမျှ မပြောဘဲ တစ်လမ်းလုံး ငြိမ်သက်စွာလိုက်လာမှာပဲ ။ ဆင်းခါနီးမှ … "  မ .. တစ်ယောက်တည်း ဖြစ်ရဲ့လား ၊ ကိုယ် လိုက်ဖို့ လို သလား " ဟု ၀တ္တရားကျေ မေးတတ်သည်။ကျွန်မက ဘယ်နှယ့်လုပ်ပြီး လိုက်ပို့ပါဟု ပြောထွက်မလဲ ၊ မဟုတ်ဘူးလား ။

                    " နေပါစေ ကွယ် ၊ မင်းရုံး ကိုသာ ဖြောင့်ဖြောင့်သွားပါ ၊ ကိုယ် ကဖြစ်ပါတယ် " ထိုစကားက လွဲပြီး ကျွန်မ မှာပြောစရာစကားမရှိပါ ။ တစ်ခါတစ်လေတော့ "  လိုက်ပို့ကွယ် ၊ ကိုယ်တစ်ယောက်တည်း မသွားချင်ဘူး " ဟုပြောကြည့်ဖို့ ကြိုးစားဖူးသည် ။ အဲသည်လိုများ တောင်းဆိုလျှင် သူကဘယ်လို ဖြေရှင်းမလဲ ။ ကျွန်မ သိချင်လိုက်တာ ။ သို့သော် ကျွန်မကအလွန်အလိုက်သိတတ် ၊ ငဲ့ညှာတတ်သည့် မိန်းမ ပဲလေ ။ ကျွန်မအတွက်ကြောင့်ဖြစ် သူ ရုံးမပျက်စေရ။ သင်တန်းမပျက်စေရ ။ ရုံးပျက်လိုက်လျှင် ကောင်းမလား ဟူသည့်တွေဝေ စိတ်မျိုးပင် အနည်းငယ်မျှ မ၀င်စေရ ။

                                                     *****************************************************
                                " မ, ကို အချိန်ရှိသမျှ သတိရနေတာ " ဟူသော စကားမျိုး ကိုသူ့ထံမှ တစ်ခါတလေ သာ ကြားရလေ့ရှိ၏ ။
                                  " မင်းကို ကိုယ်သိပ်လွမ်းတာပဲ " ဟု ကျွန်မက မကြာခဏ စာရေးလေ့ရှိသော်လည်း သူ့ စာထဲ တွင် အောက်မေ့သတိရကြောင်း ၊လွမ်းဆွတ်သည့် အကြောင်းမျိုးက အလွန်ရှားပါးလှသည် ။
                                 " ကိုယ့် Salary တိုးသွားပြီ ၊ တစ်လကို သုံးထောင့်ငါးရာကျပ်တဲ့ ၊လုပ်ငန်းတွေပြန်စတဲ့အခါ စ, ထုတ်ရမယ်တဲ့ ၊ အခုလောလောဆယ် တော့ တိုကျိုဘဏ်မှာ မစ်ဆုအီ ကုတ်ဒ်နံပါတ်နဲ့ ငွေသွင်းပေးမယ်တဲ့ ၊ အမေရိကန်ဒေါ်လာ ငါးရာပေါ့ " ဆိုသော အကြောင်းအရာမျိုး ။

                          " ဟိုနေ့က ကိုယ့်မိတ်ဆွေ တစ်ယောက် ပြန်ခါနီး ၊ ကိုယ့်ကို စာအုပ်သုံးအုပ် လက်ဆောင်ပေး သွား တယ် ၊ အဲဒီထဲက ကိုယ်တစ်အုပ်ပဲ ဖတ်ရသေးတယ် ၊ A.N Wilson ရဲ့ စာအုပ်တစ်အုပ်လေ ၊ မ, ဖတ်ဖို့ ထည့်ပေးလိုက်တယ် ၊ မ အတွက် ဖတ်ရ နည်းနည်းခက်မလားပဲ ၊ သဒ္ဒါတွေ  ပြောင်းရေးထားတယ်လေ ၊ နောက်ပြီး ပြင်သစ်ဂျာမန် စကားလုံး အချို့ကိုလဲ ညှပ်သုံးထားသေးတယ်၊ ဖတ်နေရင်းနဲ့သဘောပေါက်သွားမှာပါ ၊ ဇာတ်ကောင် စရိုက်တွေသိပ်ကောင်းတာပဲ " ဆိုသော အကြောင်းအရာမျိုးကိုသာ အများအားဖြင့်ရေးလေ့ရှိပါသည် ။
                            ထို့ကြောင့်လည်း တစ်ခါတစ်ခါ သူ လွမ်းဆွတ်သတိရကြောင်း စာရေးလျှင် ကျွန်မမှာ ငိုရအခက် ၊ ရယ်ရအခက်။

                         "  မ, ကို သတိရလွမ်းဆွတ်နေရတာနဲ့ ဘာအလုပ်ကိုမှ ထိထိ ရောက်ရောက် မလုပ်ဖြစ်တာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိမှာမဟုတ်ဘူး ၊ ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် Cultural Attache ရဲ့ class မှာ ကိုယ့်ကို စာမေး လို့မေးမှန်းမသိလာက်အောင်ဖြစ်သွားရတယ် ၊ သင်တန်းသားရှစ်ယောက် ပဲရှိတဲ့ class မို့ရှက်စရာကောင်းလိုက်တာမပြောပါနဲ့ မ, ရယ် ၊အခုအချိန်မှာ စာမေးပွဲကောက်စစ်လိုက်ရင် ကိုယ်ကျမှာသေချာတယ် " တဲ့ ။ဘယ်လောက်များ အံ့သြဖို့ကောင်းသည့် စာကြောင်းတွေလဲ။နောက်ပြီး သူ တစ်ခါတစ်ခါ ပြောဖူးသည် ။                                                                  "မင်းဟာ ဖမ်းစားညှို့ယူနိုင်စွမ်းတဲ့ မိန်းမတစ်ယောက်ပဲ " ဆိုသည့် အဓိပ္ပာယ်နှင့် စကားလုံးမျိုး ။ ထိုစကားကိုကြားတိုင်း ကျွန်မ တအံ့တသြ ရယ်မောမိလေ့ရှိသည်။

                        "  မင်းလိုပုံစံခွက်ထဲ လောင်းပြီးသွင်းထားတဲ့ အရုပ်တစ်ရုပ် ကိုတောင် ကိုယ်က ညှို့နိုင်တယ် ဆိုရင်တော့ ကိုယ်ယောက်ျားတွေကို အထင်သေးရတော့မလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီးရတော့ မလား "
                         ထုံးစံအတိုင်း သူကတော့ မပွင့်တပွင့်ပြုံးလျက် ကျွန်မကို ခပ်ငေးငေး တစ်ချက်ကြည့်ပြီး မျက်စိလွှဲသွားတတ်တာပါပဲ ။ဤကဲ့သို့ နေ့ရက်မျိုးတွင်တော့ ကျွန်မတို့နှစ်ယောက် ကြည်လင်နေကြမြဲ ဖြစ်သည်။သို့သော် ဤကဲ့သို့နေ့ရက်မျိုးက ရှားပါးလှသည်။အနာဂတ်အကြောင်း ဆွေးနွေးကြတိုင်း ကျွန်မတို့စကားများ စိတ်ဆိုးရစမြဲဖြစ်သည် ။
                     သူ နိုင်ငံခြားရောက်နေသည့် အချိန်တွင် ကျွန်မက ရန်ကုန်မှာလာနေရမတဲ့ ။ ဥရောပနိုင်ငံ တစ်ခုခုက ဘာသာစကား တစ်မျိုးမျိုးကို အနည်းဆုံး တတ်အောင်သင်ရမတဲ့ ။ ( ဟိုရောက်ရင်သူ့ကို ချည်း အားကိုးမနေရအောင်တဲ့ ။)    " ကဲ … ရန်ကုန်မှာ ကိုယ့်ဆေးခန်း ၀င်ငွေဘယ်လောက်ရှိမယ် ထင်သလဲ ။ ကိုယ်ဘာနဲ့ သွားစားမလဲ ၊သင်တန်းစရိတ် ၊နေစရိတ် ဘယ်ကရမလဲ " ဟု ကျွန်မ ပြန်မေးတော့ ကျွန်မကို ခပ်စိန်းစိန်းကြည့်သည် ။ထို့နောက် သူရမည့် ဒေါ်လာသုံးထောင့်ငါးရာ ဆိုတာကို တွက်ချက်ကာ

                       " မ, က ကိုယ်ပို့ပေးတဲ့ ငွေကို သုံးမှာလား "ဟု မေးလေသည် ။
                       "  .. အိုး … ဝေးပါသေးတယ် " ဟု ကျွန်မက မဲ့ရွဲ့ကာ ဖြေတော့ သူပြုံးရယ်၏ ။
                     "  အေးလေ .. ကိုယ့်ထောက်ပံ့တဲ့ ငွေ ကိုလက်မခံချင်ရင်တော့ တောမှာဆေးကုတဲ့ အထဲကနေ စုထားပေါ့ ၊ ဒီနှစ် နည်းက လွဲပြီး ဘာမှမရှိဘူး " 
                     " ဘယ်ဟုတ်မလဲ ၊ အကောင်းဆုံးနည်းက ကိုယ် တောမှာပဲ နေမယ် ၊ လူနာတွေနဲ့ပဲနေမယ် "
                          သူ စိတ်တိုလျက် " မ, ကမတိုးတက်ချင်ဘူး ၊ မကြိုးစားချင်ဘူး " ဟု ကျွန်မကို စွပ်စွဲတော့သည် ။

                       " နေစမ်းပါဦး လက်စလီရဲ့ ၊ လူတစ်ယောက်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုကို မင်းဘာပေတံနဲ့ တိုင်းတာမှာလဲ " ဟု ကျွန်မက ပြုံးပြုံးလေးမေးလျှင် သူက " နိုင်ငံတကာပေတံပဲ " ဟု ခပ်ပြတ်ပြတ် ပြောပြီး ကျွန်မကို သူ့ရည်မှန်းချက် များ ၊ယုံကြည်ချက်များ ၊ကြိုးစားမှု များကို မနားမးနေ ပြောတော့သည် ။ ကျွန်မမှာ သူ့ကို ငေးမောလျက် ဘာမှလဲပြန်မဝေဖန်နိုင်။ မြန်မာစိတ်ဓာတ်ကလည်း အပြည့် ၊ မြန်မာနိုင်ငံ ကိုချစ်မြတ်နိုးသည့် စိတ်ကလည်း အပြည့် ၊ မြန်မာလူမျိုးအပေါ် ဂုဏ်မယူနိုင်သည့် သူထောက်ပြသည့် အချက်များကိုလည်း မငြင်းဆန်နိုင်ဘဲ တဖြည်းဖြည်း စိတ်မကောင်းဖြစ်လာသည် ။ 

           ကျွန်မတို့ နှစ်ဦး လက်ထပ်ဖို့ဆွေးနွေးကြသည့် ကိစ္စမှာ နိုင်ငံရေး ၊ လူမျိုးရေးပြဿနာများရောပါရှုပ်ထွေးလျက် တစ်ယောက်ကိုတစ်ယောက်  မနှစ်မြို့မှုများသာ ပိုမို အား ကောင်းလာခဲ့လေသည်။သူ ကြာရှည်စွာနေလိုသည့်နိုင်ငံရပ်ခြားမှာ ကျွန်မာတစ်နှစ်ထက်ပို နေနိုင်မှာမဟုတ် ။

                သည်ကြားထဲ သူက ရန်စကားပြောသေးသည်။
                "  မ, နဲ့တွေ့မှ ကိုယ့်စိတ်ဓာတ် တွေကို တစ်ဝက်လျှော့ထားရတယ် " တဲ့ ။ ဘယ်လောက် များမခံချင်ဖို့ကောင်းလဲ ။မြို့ထဲ တစ်နေရာကိုချိန်းပြီး ကျွန်မ နောက်ကျလျှင် သူစကားနည်းတိတ်ဆိတ်စွာ ဆန္ဒပြလေ့ရှိသည် ။ကျွန်မ ကလည်းကျွန်မပဲ ရန်ကုန်မြို့က ဘတ်စ်ကားများ၏ တစ်စီးနှင့်တစ်စီးကြား ၊ အချိန်ခြားနားမှု ၊ မောင်းနှင်သော မိုင်နှုန်း ၊ မှတ်တိုင် အရေအတွက် ကျွန်မ မတွက်ချက်တတ်တာ ။ မိန်းမပီပီ တော်ရုံတန်ရုံ ခရီးကိုလည်း အငှားကား မသုံးချင် ။သည်တော့ ဆယ့်ငါး မိနစ် နာရီဝက်တော့ အမြဲနောက်ကျတတ်၏ ။ထိုအခါ သူ ကျွန်မကို ရန်လိုနေတော့သည် ။

                       " သိပ်လုပ်မနေနဲ့ ၊ နာရီဝက်နဲ့ ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲ မသွားဘူး " ဟု ကျွန်မ မခံချင်စွာ ပြောမိလျှင် သူက                                                             " ဗမာစိတ် အပြည့်ရှိမှန်းသိတယ် ၊ ကြေညာမနေနဲ့ " တဲ့ ။ ထိုအခါ မျိုးမှာ သူ့ရှေ့ကလက်ဖက် ရည်ပန်းကန် ဖြင့် သူ့ကို ပေါက်ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည် ။                                                           သူ့မှာသာ စိတ်ရှိတာ မဟုတ် ဘူး ၊ ကျွန်မမှာလည်း ၊ ဒေါသ ဖြစ်တတ်သည့် စိတ်ရှိတာပဲ ဟု အထပ်ထပ်အခါခါ တိတ်တဆိတ် ရေရွတ်မိ သေးသည်။ ကျွန်မတကယ် ဒေါသထွက်မှန်း သူသိတော့လည်း သူက စီးကရက်ကို သဲကြီးမဲကြီး ရှိုက်ဖွာလျက် …

                     " မဟုတ်ပါဘူး ၊ ကိုယ်က မ, နဲ့တွေ့ရတဲ့အချိန် နည်းသွားမှာစိုးလို့ပါ ၊ သုံးနာရီလေးဆယ့် ငါးမိနစ်မှာကိုယ်သံရုံးကို သွားရမယ်လေ ၊ အခု မ, က နာရီဝက်နောက်ကျတော့ ကိုယ်တို့တွေ့ချိန်လေးဆယ့်ငါးမိနစ်ပဲ ရှိတော့တယ် " ဟု စစ်ပြေငြိမ်းစကားကို ဆို၏ ။
                      " လေးဆယ့်ငါးမိနစ်ပဲ ရှိတော့ ဘယ်သူက ပူပင်မှာမို့လဲ " ဟု ခပ်ပြုံးပြုံးမေးဖူးသည် ။သူက ကျွန်မကို ဖျက်ခနဲ့ကြည့်၏ ။" အခု ဒီကိုချိန်းတာ မ, ပဲချိန်းတာမဟုတ်ဘူးလား ၊ မ, က ပူပင်မှာပေါ့ " အံ့သြသလို မျက်နှာပေးဖြင့် သူရိုးသားစွာပြောတော့ ကျွန်မ မျက်နှာနွေးခနဲ ပူသွားလေသည် ။

                     " တော်ပြီ  … ကိုယ်ချိန်းမိတာကို ဖျက်တယ် "  ကျွန်မ က သူ့ကို စိတ်ကောက်ဖို့ ကြိုးစားအားယူဆဲမှာ သူက                                                                " စကားကို အမျိုးမျိုး မပြောနဲ့ မ ၊ ကိုယ်မကြိုက်ဘူး ၊ ဘာမဆို တိတိကျကျလုပ် ၊ ကိုယ်နဲ့ချိန်းခါနီးရင် တကယ်တွေ့ချင်ရဲ့လား စဉ်းစားပြီးမှ သေချာမှချိန်း ၊ ကိုယ့်ကိုအားမနာနဲ့ ၊ မ,က ကိုယ်နဲ့တွေ့ဖို့ စိတ်မပါဘဲ လာနေရရင် ကိုယ်ရှက်စရာဘယ်လောက်ကောင်းလဲ " ဟုအပြစ်တင်စကားဆိုတော့သည် ။

                   ဘုရားရေ … ကိုယ့်ဖို့ကိုယ်တော့ တော်တော်ကြည့်တတ်တဲ့ ယောက်ျားပါလား။   
                  သို့သော် နောက်တော့ ကျွန်မကပဲ အလျှော့ပေးလိုက်ပါသည် ။
                   " ကဲ   ကဲ … ကိုယ်ကမတွေ့ချင်ဘဲနဲ့ မင်းနဲ့ချိန်းပါ့မလားကွယ် ၊ တစ်ခါတစ်လေမှတွေ့ရတဲ့ဥစ္စာ ကိုယ်နောက်ကျတာကိုတောင် မင်း ကျေးဇူးတင်ရဦးမယ် ၊ နာရီဝက်ဆိုရင် မင်း ၀ါကျအသစ် ဆယ်ကြောင်းကျက်ပြီးသားဖြစ်သွားတာပေါ့ မဟုတ်ဘူးလား  " ပြုံးရယ်လျက် စသလို နောက်သလို ပြောမိသည် ။
                               သူက သူ့လက်ထဲကိုင်ထားသည့် ပြင်သစ်ဘာသာပြဌာန်းစာအုပ်ကို ဖျက်ခနဲချလျက် စီးကရက်ကို တအားရှိုက်ဖွာပြန်၏ ။
                             " သြော် … ဟုတ်တယ် ၊ ကိုယ် မ, ကို တွေ့ဖို့ မနည်းအားလပ်အောင် လုပ်ထားတဲ့အချိန်ပဲ ၊ မ, နဲ့ပဲတွေ့ချင်တာပေါ့ ၊ ဒီစကားလုံးတွေ  ၀ါကျတွေ ကျက်ဖို့လုပ်ထားတဲ့ အချိန်မှ မဟုတ်ဘဲ မ, ရဲ့ "
                        " ဒါပေမယ့် မင်း နာရီဝက်အတွင်း ၀ါကျ ဘယ်နှကြောင်းရသလဲ ကိုယ့်ကို မညာဘဲ ဖြေစမ်း "
                        ကျွန်မ သူ့မျက်နှာ ကို လက်ညှိုးထိုးလျက် ခပ်တည်တည်မေးတော့ သူက ညာဖို့မကြိုးစားဘဲ ဆောင့်ကြီး အောင့်ကြီး စီးကရက်ကို ခွက်ထဲထိုးချေလျက် " ခြောက်ကြောင်းပါ " ဟု ဖြေလေသည် ။ ကျွန်မ ချစ်သူက အဲသည်လို ချစ်သူမျိုး ။

                         ******************************************************

                      ကျွန်မတို့မြို့သို့ သူအလည်လာတိုင်း ကျွန်မအိမ်မှာ တည်းခိုလေ့ရှိပါသည် ။ ကျွန်မ ယောက်ျားလေး မိတ်ဆွေများသူ ဖြစ်ပြီး ခရီးဝေးကဧည့်သည်လည်း မကြာခဏ လာတတ်သဖြင့် ကျွန်မမိသားစုအတွက် သူလာ ရောက်ခြင်းသည် အထူးအဆန်း တစ်ခုမဟုတ်ခဲ့ပါ ။ ကျွန်မအတွက်တော့ သူလာလည်ခြင်းကို အထူးအဆန်း တစ်ခုအဖြစ်သာ မြင်သည် ။ ချစ်သူ တစ်ယောက်ဆီ လာလည်သည့် မျက်နှာမျိုး လည်းမဟုတ် ၊ ယခင်ကလို မိတ်ဆွေအပေါင်းအသင်း အဖြစ် လာလည်သည့် ဆက်ဆံရေးမျိုးသာ ဖြစ်သည် ။

                        ကျွန်မက ညပိုင်းမအားလပ်သူဖြစ်ရာ ဖေဖေနှင့်သူသာ ထမင်းလက်ဆုံစားလျှက် ကျွန်မက လူနာကုန်တော့မှ တစ်ဦးတည်းသီးသန့် စားရလေ့ရှိပါသည် ။ ထမင်းစားသောက်ပြီး မိသားစု ၀ိုင်းဖွဲ့ စကား ပြောနေချိန်တွင် မသိသာသော်လည်း အားလုံး အိပ်ခန်းထဲဝင်၍ ကျွန်မနှင့်သူ ဧည့်ခန်းမှာ ကျန်ရစ်လျှင် ကျွန်မက အနေရကျပ်လျက် သွားအိပ်တော့မည်ဟု သူ့ကို နှုတ်ဆက်ကြည့်သည် ။သူက နာရီကြည့်လျက် " အစောကြီး ရှိ သေးတာပဲ " ဟုအပြစ်တင်သလိုဆိုတတ်သည် ။သြော် .. သူ ငါနဲ့ စကားပြောချင်လို့ထင်ပါရဲ့ ဟု သူ့ရှေ့ထိုင် နေပြန်တော့လည်း သူက စကားအထူးအဆန်းတွေပြောတာ မဟုတ်ပြန် ။ ဖေဖေ့ နေရှင်နယ်လ်ရေဒီယိုကလေးကို ဟိုလှည့်သည်လှည့် လုပ်၍ ကျွန်မနားမလည်သော ဘာသာစကားများကို သူ နားထောင်နေတော့သည် ။ ကျွန်မ က စကားမရှိ စကားရှာ၍ ပြောလျှင် သူက အနည်းငယ်ဝင်ပြောသည်ကလွဲ၍ သူ ကိုယ်တိုင် စကားတစ်ခွန်းမျှ စ, မပြောတတ်ပါ ။ ကြာတော့ ကျွန်မ အိပ်ချင်လာသည် ။

                        " မင်း အိမ်မှာ ဘယ်အချိန်အိပ်ရာဝင်သလဲဟင် " ဟုမနေနိုင်မထိုင်နိုင်မေးမိတော့ တစ်နာရီဟုတုံးတိတိဖြေသည်။ကျွန်မ လန့်ဖျပ်သွား၏ ။သူက စီးကရက်ကို မီးကူးသောက်လျက်က … " ဘာလဲ မ, အိပ်ချင်လို့လား ဆယ်နာရီတောင်မခွဲသေးဘူး ၊ စာတစ်ခုခု ဖတ်ပါလား ၊ အင်္ဂလိပ်စာဖြစ်ဖြစ် .. ဟင် " တဲ့ ။
                             နေပါစေ ။ ကျေးဇူးတင်ပါသည်။ကျွန်မ သူ့ရှေ့ မှာ ချထားသော သူ မစားသော ငါးမုန့်ကြော်တို့၊  လက်ဖက်သုပ်တို့ကို သာ အဆက်မပြတ် စားနေမိတော့သည်။ဒါဖြင့် သူ ဘာဖြစ်လို့ ကျွန်မ၏ မြို့ကို လာလည်ပါ လိမ့် ။

                         " ဒါနဲ့ စကားမစပ် .. မင်း ကိုယ်တို့ဆီကို ဘာဖြစ်လို့ လာတာလဲဟင် " ဟုကျွန်မ ဖျတ်ခနဲ မေးတော့ သူက ရေဒီယို အသံကို နှိမ့် လျက် " လွမ်းလို့ " ဟု ခပ်တိုးတိုးဖြေလိုက်သည် ။ကျွန်မက ရင်ကို လက်နှင့်ဖိလျက် " တကယ် " ဟု မယုံသလို မေးလိုက်လျှင် သူ မကြည်သလို လှမ်းကြည့်ကာ ဘာစကားမျှ မပြောဘဲ ငြိမ်သက်စွာ ရေဒီယို နားထောင်နေတော့သည် ။  

                         သူ ကျွန်မကို ပြောစရာစကားဒီလောက်ပဲ ရှားရသလား ။ သူနားထောင်နေသော ပြင်သစ်စကားတွေ ၊ ဂျာမာန်စကားတွေကို ကျွန်မ စိတ်သိပ်ကုန်လာလျှင် သူ့ကို ကောင်းသောညပါဟု နှုတ်ဆက်လျက် ဖျက်ခနဲ ထထွက်လာခဲ့တတ်သည် ။နံနက် ကျွန်မ အိပ်ရာထ နောက်ကျလျှင် သူ ခပ်မဲ့မဲ့ ပြုံးနှုတ်ဆက် ရင်း တော်တော် အပျင်းကြီးတဲ့ မိန်းမဟု စ, တတ်၏ ။ထို့နောက် သူ၏ တစ်နေ့တာ လုပ်ငန်းတာဝန်တွေ အချိန်ဇ ယားတွေကို ကျွန်မမေးကြည့်ရာ သူ မညဉ်းမညူ ပြောပြတော့သည် ။ နံနက် ငါးနာရီခွဲခြောက်နာရီ မှ ည ခြောက် နာရီခွဲအထိ သူ့တာဝန်များကို ကြားရသောအခါ ကျွန်မပခုံးတွန့် လျက် ရယ်မောမိသည် ။ည ရှစ်နာရီမှ တစ်နာရီ အထိ သူ့သင်ခန်းစာ လေ့လာချိန်နှင့် အလုပ်အတွက်လေ့လာ ချိန်များကို ကြားရသော အခါ နှာခေါင်းရှုံ့မိသည်။"

                               " လူတစ်ယောက်ဟာ ငါးနာရီအိပ်ရင် နောက်တစ်နေ့ အလုပ်လုပ်ဖို့ အိုကေပဲ " တဲ့ ။
                              " အို .. ကိုယ်တို့ သင်ရတာကတော့ ရှစ်နာရီပဲ " ဟု ကျွန်မ ရန်စလျှင် သူ ဒေါပွသလို လက်သီးဆုပ် ရွယ်တော့သည် ။ဘာပဲဖြစ်ဖြစ် ဤ လူငယ်တစ်ယောက်ကို ကျွန်မချစ်မြတ်နိုးပါသည် ။ သူနှင့် ရန်ဖြစ်ချင်လျှင် …
                            " မင်းက ကိုယ့်ချစ်သူဖြစ်ဖို့မကောင်းဘူး ၊ ကိုယ့်မောင်လေးပဲဖြစ်ဖို့ကောင်းတာ " ဟူသော စကားကိုသာပြောလိုက် ၊ သူ ဘယ်လိုမျှ သည်းမခံနိုင်ချေ ။ ကျွန်မစကားမှန်သမျှကိုလည်း သူအမြဲဆန့်ကျင်လေ့ ရှိသည် ။ ကျွန်မနှင့်သဘောထားချင်း ဘယ်တော့မျှ မတိုက်ဆိုင်တတ်ပါ ။ ကျွန်မ စိတ်မရှည်နိုင်လောက် အောင် သူက စိတ်ဓာတ်ပြင်းထန်၏ ။

                         " လူ့ဘ၀ဆိုတာ အပြည့်အစုံရေးပြီးသား စာအုပ်တစ်အုပ်ပဲ ၊ ဘယ်အချိန်မှာ ဘာဖြစ်မယ် ဆိုတာ ပါပြီးသား " ဟု ကျွန်မက ပြောလျှင် သူအမြဲတမ်း ဒေါသကြီးလေ့ရှိသည် ။ သူ့သဘောကတော့ လူဆိုတာ  စိတ်ဓာတ်က အဓိက ၊ စိတ်ဓာတ်ပြင်းထန်စွာ ကြိုးစားလျှင် လောကမှာ လိုချင်တာ ဖြစ်ချင်တာ အကုန်ရမည် ..တဲ့ ။ လူ့ ဘ၀ဆိုတာ စာအုပ်တစ်အုပ်ဟူသော အယူအဆမှာ လူညံ့တွေရဲ့ အယူအဆ … တဲ့ ။ ထို့သို့ပြောတိုင်း ကျွန်မ မရွှင် လန်းစွာ ရယ်မော်မိလျက် သူ့ကိုသာငေးမောနေမိတော့သည် ။
                        " အေးလေ … ကိုယ် မင်းအသက်အရွယ်လောက်တုန်းက ဒီစကားမျိုး ကိုယ်ပြောခဲ့ဖူးပါတယ် "
                      " အရင်က ပြောရင် အခု ပြောနိုင်ရမှာပေါ့ မ, ရဲ့ " ဟု သူကအားပေးသည် ။ ကျွန်မပြုံးရယ်ကာ ခေါင်းယမ်းလျက်                                                   " လေးနှစ် ဆိုတာလူတစ်ယောက်ကို ပြောင်းလဲ ပစ်နိုင်တာပဲကွယ် " ဟု သိမ့်မွေ့စွာ ပြန်ပြော မိပါသည် ။သူက သူနှင့်ကျွန်မ တစ်ချိန်ချိန်မှာ ရကို ရ,ရမည်တဲ့ ။                                                       ဘာအယူအဆတွေပဲ ခြားနားခြားနား ၊ ဘယ်သူတွေကပဲ ကဲ့ရဲ့ကဲ့ရဲ့ ၊ နှောင့်ယှက် နှောင့်ယှက် ၊ ကျွန်မတို့နှစ်ဦးပေါင်းဖက်ရမည် … တဲ့ ။                                                      အနာဂတ်ကို ကြိုမြင်နိုင်သူမဟုတ်ပေမယ့် သူနဲ့ကျွန်မ ဘယ်လိုမျှပေါင်းဆုံကြမည်မဟုတ်မှန်းတော့ ကျွန်မ ရိပ်မိပါသည် ။                    ဒီလောက်စိတ်ဓာတ်ပြင်းထန်သော လူငယ်တစ်ဦးနှင့် ဒီလောက်စိတ်ဓာတ် စိတ်ဓာတ်ကျ လွယ်သော  မိန်းမ တစ်ယောက် ဘယ်လိုပေါင်းဆုံမလဲ  မဟုတ်ဘူးလား ။
                
                                                  ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို ချစ်မြတ်နိုးပါသည် ။

 ( ဂျူး ။ ၁၉၉၀ ပြည့်နှစ် ၊ မေလ ၊ ရှုမ၀ မဂ္ဂဇင်း ။ )
Typing Credit to @Green February

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...