Monday, March 26, 2012

စနစ် သူ့ကြောင့် မုန်းရပါလေသည်


by Myat Thein Tun on Tuesday, March 27, 2012 at 6:33am

ငုပန်းတို့ပင်လုံးထိန်အောင် ပွင့်ဝေခဲ့သည့် တစ်ခုသောနွေဦးဝယ် သတ္တိသွေးတို့ စွေးစွေးနီသည့် အခါသမယတစ်ခု တည်ရှိခဲ့လေ၏။ အမိမြေ၏သားကောင်းများသည် ပြည်သူတို့၏မေတ္တာကို ပွေ့ပိုက်လျှက် တပ်ထွက်မိန့်ခွန်းကို ငြိမ်သက်စွာ နာခံခဲ့ကြသည်။ ချစ်ခင်၊အားကိုး၊ အထင်ကြီး၊လေးစားခြင်းတည်းဟူသော လက်ခုပ်သံတို့သည်  ဘ၀ဂ်ညံခဲ့လေသည်။ အမိမြေကို ကျွန်ပြုအုပ်ချုပ်နေသည့် ဖက်ဆစ်တို့ကို အမြစ်ပါမကျန်တွန်းလှန် ချေမှုန်းရန်အစပြုခဲ့သည့်  တပ်နှင့်ပြည်သူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း တည်ရှိခဲ့သည့် အဆိုပါနေ့ရက်သည်ကား တော်လှန်ရေးနေ့ သို့မဟုတ် တပ်မတော်နေ့၏ မူလပထမဆုံး နေ့ရက်အခါသမယပင် ဖြစ်ပါတော့သည်။

သွေးနှင့်ရင်း၍ အောင်ပွဲများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ ချွေးစက်တို့ကို အရင်းတည်၍ မြို့ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ရဲဘော်ရဲဘက်တို့၏ မျက်ရည်ဖြင့် ပြည်သူတို့၏သောကအပူကို ငြိမ်းသတ်နိုင်ခဲ့သည်။ သားကောင်းတို့၏ အမိမြေကို ကမ္ဘာ့အလယ်တွင် ထည်ဝါစေခဲ့သည်။ မြန်မာပြည်၏ မည်သည့်နေရာ၌ပင်မဆို ယူနီဖောင်းစုတ်ပြတ်နေလင့်ကစား ပြည်ချစ်သားတို့ ၀င့်ကြွားနိုင်ခဲ့ကြသည်။ သားကောင်းမိခင်တို့ ဂုဏ်တင့်နိုင်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်မှ သန္ဓေတည်ခဲ့သည့် ပြည်ချစ်တပ်မတော်၏ ရွှေရောင်လွှမ်းသော ကာလများသည် ပြည်ချစ်သားတို့ရင်ဘတ်၌ မေတ္တာပန်းကုံးတို့ တွဲလွှဲခိုလျှက်၊ဂရုဏာသပြေခက်တို့ ရွန်းရွှန်းစိုလျှက်၊ ပီတိပြုံးတို့ မိုးလုံးပြည့်သည့် အခါသမယတစ်ခုဖြစ်ခဲ့လေသည်။


အမိန့်နာခံတတ်မှုသည် တပ်မတော်၏အစဉ်အလာ ဖြစ်သကဲ့သို့ စစ်သည်တစ်ဦး၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ အဆိုပါဂုဏ်သိက္ခာကြောင့် စစ်သည်တို့သည် လွတ်လပ်သောဘ၀၊နွေးထွေးသော မိသားစု၊ အေးဆေး သက်တောင့်သက်သာရှိသည့် အခြေအနေတို့ကို ကျောခိုင်း၍ နိုင်ငံအတွက်တည်းဟူသော သိက္ခာပုဒ်ကို စောင့်စည်းရန် ကြမ်းတမ်းခက်ထန်သည့် ဘ၀သို့ အသက်နှင့်ရင်း၍ ၀င်ရောက်လာခဲ့ကြသည်။ အစားဆင်းရဲ၊အနေဆင်းရဲဘ၀တွင် ပြည်သူတို့၏ ချစ်ခင်အားကိုးခြင်းတည်းဟူသော မေတ္တာဓာတ်ဖြင့် သူတို့ရှင်သန်ခဲ့ကြသည်။ မြစ်တစ်စင်းသည် ၄င်းစီးဆင်းရာ ကမ်းဘေးတဖက်တချက်ရှိ မြို့ရွာများအတွက် အားကိုးရာဖြစ်သကဲ့သို့ တပ်မတော်သည်လည်း ပြည်သူအပေါင်း၏ အားကိုးရာ ဖြစ်ခဲ့လေသည်။


အမိန့်နှင့်အာဏာ ပေါင်းစပ်မိသောအခါ ယမ်းနှင့်မီးသည် သုံးစွဲတတ်လျှင် သူ့နေရာနှင့်သူ အသုံးတည့်သော်လည်း မသုံးစွဲတတ်လျှင် အန္တရာယ်ကြီးသကဲ့သို့  အမိန့်တည်းဟူသောအရာအောက်တွင် ရှင်သန်လှုပ်ရှားနေရသည့် တပ်မတော်သည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ တပည့်လက်သပ်မွေးမှု၊ အာဏာရပုဂ္ဂိုလ်များ၏ အာဏာလွန်ဆွဲမှုတို့ကြောင့် ကစဥ့်ကလျှားဖြစ်ကာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ပိုမို အရှိန်ပြင်းစွာ တောက်လောင်စေခဲ့တော့သည်။ တောမီးလောင်သောအခါ တောကြောင်တို့ လက်ခမောင်းခတ်သကဲ့သို့ မြို့ပေါ်မှ ကြောင်ဖားကြီးတို့ကလည်း လက်ခမောင်းခတ်ကြသည်ပင်။ မသူတော်တို့ မင်းမူကြသောအခါ ညီအစ်ကိုအချင်းချင်း စစ်ခင်းကြလေ၏။ သမိုင်း၏ ဖွဲမီးတို့ လေသလပ်၍ ပြဿဒ်ထိပ်ထိ မီးတက်စွဲသောအခါ  တိုင်းပြည်ဖွတ်ထဲမွဲလေ၏။ အာဏာတည်းဟူသောချွန်းဖြင့် တပ်မတော် ဆင်လိမ္မာ၏ ဦးကင်းသို့ ပြင်းထန်စွာနှက်သောအခါ လိမ္မာသောဆင်သည် မဲမဲမြင်ရာဝင်အောင်း၍ ရပ်ရွာအပေါင်း ထောင်းထောင်းကြေလေ၏။


ကောင်းသောစနစ်သည် တိုးတက်သော နိုင်ငံတော်ကိုဖန်တီး၍ မကောင်းသောစနစ်သည် ကိုယ်ကျင့်တရား ဖောက်ပြန်သည့် လူတစ်စု၏ ကောင်းကျိုးချမ်းသာတို့ကိုသာ ဖန်တီးခဲ့လေသည်။ တစ်ချိန်က ရန်သူ့သွေးတို့ဖြင့် ရင်းနှီးရရှိခဲ့သည့် ရာထူးတံဆိပ်တို့နေရာတွင် ကိုယ့်သွေးချင်းတို့၏ အသက်သွေးဖြင့် ဖန်တီးစီခြယ်အပ်သည့် သူကောင်းပြုဆုတံဆိပ်တို့ နေရာယူလာကြသည်။ ဖောက်ပြန်သည့် စနစ်အောက်တွင် လူတို့စောင့်ထိန်းအပ်သည့် ကျင့်ဝတ်တို့သည်လည်း ဖောက်ပြန်ယိုယွင်းလာခဲ့သည်။ တချိန်က ပြည်သူ့အတွက် ၀တ္တရားစောင့်ထိန်းခဲ့သည့် ၀န်ထမ်းတို့သည်လည်း ခေါင်မိုးမလုံသည့် အိမ်တွင် အနေကြာလာသည်နှင့်အမျှ အဂတိလိုက်စားမှုတို့ တွင်ကျယ်ပေါများလာပြီး မျိုးဆက်တစ်ဆက်ခန့်အကြာတွင် အဆိုပါအချင်းအရာတို့  မြန်မာပြည်၏ရိုးရာအစဉ်အလာအဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိလာခဲ့သည်။ သံသယနှင့်အဆိုးမြင်ဝါဒတို့ အမြစ်တွယ်လာခြင်းနှင့်အတူ သယံဇာတတို့ တစတစပြုန်းတီးလာခဲ့တော့သည်။ လူတန်းစားမညီမျှမှု ကြီးမားကျယ်ပြန့်လာသောအခါ လူထုအတွင်း တော်လှန်ရေးအမြင်များတွင်ကျယ်ပြန့်နှံ့လာခြင်းနှင့်အတူ  အမိန့်ကို ဦးထိပ်ပန်ဆင်ကာ အသက်ရှင်နေရသည့် တပ်မတော်သည် ယခင်က၎င်းချစ်ခင်မြတ်နိုးစွာ ကာကွယ်ခဲ့သည့် ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ကြလေတော့သည်။


အာဏာရှင်စနစ်အောက်တွင် တရားဝင်ခြင်း၊မ၀င်ခြင်းသည် ဥပဒေနှင့် ရာနှုန်းပြည့်မသက်ဆိုင်ပေ။ မလျှော်ကန်သည့် အမိန့်တာဝန်ကို ထမ်းရွက်ထားရသူသည် ၎င်းကိုယ်တိုင်လည်း မလျှော်ကန်သည့် အပြုအမူတို့ကို ဖန်တီးရမည့် အခြေအနေသို့ ကျရောက်နေသည်။ လက်နက်နှင့်အာဏာရှိပြီး စားစရာမရှိသော လူတစ်ယောက်သည် ၄င်းဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက် မည်သို့မည်ပုံ ရုန်းကန်မည်ဟုထင်ပါသနည်း။ တပ်မတော်အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းတိုင်းတွင် ပြည်သူအတွက်တည်းဟူသော ဆောင်ပုဒ်များစွာ ရှိလင့်ကစား ချမှတ်ထားသောစနစ်များသည် ပြည်သူအတွက် မဟုတ် သကဲ့သို့ အောက်ခြေစစ်သည်များအတွက်လည်း မဟုတ်ချေ။ တချိန်က တပ်မတော်နှင့် ပြည်သူကြားတည်ရှိခဲ့သည့် ချစ်ခြင်းမေတ္တာသည် အာဏာရှင်စနစ်အောက်တွင် အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်သွားခဲ့လေပြီ။ တစစီပျက်စီးခဲ့ရသည့် ဘ၀ပေါင်းများစွာအတွင်း အမုန်းတရားမီးလျှံတို့ထိန်ငြီးလျှက်၊ လက်နက်ကိုင်တို့အပေါ် ခါးခါးသီးသီးဖြစ်ကုန်ကြလေတော့သည်။


ဗုဒ္ဓ၏သားတော် ပုထုဇဉ်ရဟန်းသည် သူ၏၀တ်ရုံသင်္ကန်းကို မြတ်နိုးခုံမင်သကဲ့သို့ တပ်မတော်သားသည်လည်း ၎င်းဆင်မြန်းသည့် ယူနီဖောင်းကို မြတ်နိုးခြင်းရှိ၏။ ယူနီဖောင်းသည် တချိန်တခါက သစ္စာစောင့်သိခြင်း၏ အမှတ်အသားဖြစ်သည်။ အမိန့်နာခံခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားခြင်း၏ ၀ိသေသလည်းဖြစ်သည်။ ပြည်သူ၏ ချစ်ခင်လေးစား အားကိုးခံထိုက်သော ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့၏ အဆင်တန်ဆာလည်းဖြစ်သည်။ ယူနီဖောင်းဝတ်ဖူးသော မိမိသည် ယူနီဖောင်းကိုလည်း ချွတ်ခဲ့ဖူးသည်။ ယူနီဖောင်းကိုအပြီးတိုင် စွန့်လွှတ်ခဲ့ရသော နေ့ရက်သည် မိမိဘ၀တွင် ၀မ်းနည်းကြေကွဲ၊ နှမြောတသ ယူကြုံးမရစရာ နေ့ရက်များထဲမှ တစ်ခုဖြစ်ခဲ့ဖူးသည်။ ယူနီဖောင်းကို စွန့်လွှတ်ပြီးနောက် မိမိပိုင်ဆိုင်လာခဲ့ရသည့် အရပ်သားဘ၀သည် စိတ်လေလွင့်ခြင်းနှင့် စတင်ခဲ့သည်။ များမကြာမီ ပြည်သူများကြားထဲမှ အရပ်သားတစ်ယောက်ဖြစ်သော မိမိသည် မိမိနှင့်ဘ၀တူ အရပ်သားများနှင့် ယူနီဖောင်းဝတ်များအကြား အလွန်တရာခြားနားသည့် စည်းတစ်ခုရှိနေကြောင်း ထိတ်လန့်စွာ သဘောပေါက်လာခဲ့သည်။ အမိန့်အာဏာ၏ အောက်တွင် ထိတ်လန့်ခြင်းကင်းစွာ နေထိုင်ခဲ့သည့် မိမိသည် အမိန့်မရှိသောနေရာတွင် ထိတ်လန့်ခြင်းအပေါင်းနှင့် အသက်ရှင်ခဲ့ရသည်။
မကြာသေးမီကာလက မိမိခဏတာ နေထိုင်ခဲ့သည့် အရပ်တစ်ခုတွင် စစ်မှုထမ်းဟောင်းနှစ်ဦးရှိသည်။ နှစ်ဦးစလုံး ဒုက္ခိတများဖြစ်ကြပြီး တချိန်က အလွန်တိုက်ရည်ခိုက်ရည် ပြည့်ဝသည့် အခြားအဆင့် စစ်သားကောင်းကြီးများဖြစ်ကြောင်း သူတို့၏ပြောစကားများမှတဆင့် သိခဲ့ရသည်။ အသက်အကြီးဆုံး စစ်ပြန်ကြီးသည် တချိန်တခါ တရုတ်ဖြူကျူးကျော်စစ်တွင် မည်သူမျှမတိုက်တွန်းပဲ ဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်၍ အထက်မြန်မာပြည်တိုက်ပွဲကြီးများတွင် ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့သည့် သူရဲကောင်းမှတ်တမ်းဝင်တစ်ဦးဖြစ်သည်။ နောက်တစ်ယောက်မှာမူ ဗကပ၊ကရင်စသည့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲအလီလီဆင်နွှဲဖူးသည့် တပ်မတော်သားကြီးတစ်ဦးဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ အတွေ့အကြုံများကို နားထောင်ရင်း မိမိတွင် ပြောစရာစကားများ ပျောက်ဆုံးခဲ့ရသည်။ တပ်မတော်အတွက် တိုက်ပွဲတစ်ပွဲမျှ ရင်ဆိုင်မတိုက်ခိုက်ခဲ့ဖူးသည့် မိမိ၏ တပ်မတော်သားဘ၀ကို ရှက်ရွံ့အားငယ်မိသည်။ ပထမစစ်ပြန်ကြီး၏ ဘ၀သည်ကား ခြေတစ်ဖက်ဆုံးရှုံးလင့်ကစား သူ့ဘ၀ကား အဖိုးတန်လှသည်။ မိမိ၏ သိမ်ငယ်မှုကို အဖိုးအို၏ခြေတုတစ်ဖက်က လှောင်ပြောင်နေသည်။ သို့သော် မိမိလူလားမြောက်သည့် အခါသမယတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပထမစစ်ပြန်ကြီး တိုက်ပွဲဝင်ခဲ့သည့် ပြည်ပကျူးကျော်စစ် မဟုတ်ချေ။ မိမိလက်တွင်း သွေးချင်းတိုင်းရင်းသားတို့၏ သွေးတစ်စက်မှ မစွန်းထင်းခဲ့ဖူးသည်ကို ဂုဏ်ယူရမည်လား။ တပ်မတော်သားတစ်ယောက်ဖြစ်ခွင့်ရခဲ့ပါလျှက် တိုက်ပွဲတစ်ပွဲမဆင်နွှဲဖူးခဲ့သည့် မိမိကိုယ်မိမိ သိမ်ငယ်ရှယ်ရွံ့ရမည်လား။ မဝေခွဲနိုင်ခဲ့ပေ။ထိုစဉ်က နယ်စပ်တလျှောက် တိုက်ပွဲသံတို့ကား ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက်လျှက် ရှိနေသည်။


လူတစ်ဦးတစ်ယောက်ချင်းစီသည် မည်သည့်အဖွဲ့အစည်းကိုမဆို ကိုယ်စားပြုနေစေကာမူ ထိုသူ၏ဗီဇစရိုက်အပေါ် မူတည်၍ ကောင်းခြင်း၊ဆိုးခြင်း အနည်းအများစီ ဒွန်တွဲနေမည်သာဖြစ်သည်။ သို့သော် နိုင်ငံနှင့်ချီသော စနစ်တစ်ခု၏အောက်တွင် အဆိုပါစနစ်၏ ကောင်းခြင်း၊ဆိုးခြင်းသည် လူအဖွဲ့အစည်းတစ်ခုလုံးအပေါ်တွင် သက်ရောက်နိုင်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးများမှာ စနစ်၏၀ါးမျိုမှုကြောင့် ပီပြင်ထင်ရှားရန်ခက်ခဲလှသည်။ မမှန်ကန်သောစနစ်အောက်တွင် မှန်ကန်စွာနေထိုင်ကျင့်ကြံသူအဖို့ ထင်ပေါ်ရန်ခက်ခဲလှသည်။ ထိပ်ဆုံးရောက်ရန် ခက်ခဲလှသည်။ မြင့်ရာမှ နိမ့်ရာသို့ အဆန်မရှိ စီးဆင်းသည့် စနစ်ကို ကျင့်သုံးသော တပ်မတော်တွင် ထိပ်ဆုံးရှိ အမိန့်ပေးသော ပုဂ္ဂိုလ်အချို့၏ လူမဆန်သော အမိန့်အာဏာအောက်တွင် မှန်ကန်တည်တံ့စွာ ကျင့်ကြံလိုသူ လက်အောက်ငယ်သားများ အနေဖြင့် သစ္စာတရားနှင့် လူ့ကျင့်ဝတ်ကို မျက်စိမှိတ်၍ အလဲအလှယ်ပြုလုပ်ရသည့် အခါမျိုးလည်းရှိတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ထိခိုက်လာသည့်အခါ အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧက္ကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်မျိုး၊ ကြံဖော်ကြံဖက် သုံးယောက်သားမှာ ကံကွက်ကျား၍ဟု စောဒကတက်သော် လူတိုင်းလက်ခံနိုင်မည် မဟုတ်ချေ။


ကမ္ဘာမီးလောင်သောအခါ အချင်းချင်း စည်းစောင့်ရန်ခက်ခဲပြီး သားကောင်ချနင်းရန် ၀န်မလေးသည့် အခြေအနေသို့ သက်ဆင်းကြရလေ၏။ ပြည်တွင်း၌ ဖိနှိပ်ညှင်းပန်းရက်စက်မှု အစုစုတို့ကို မခံစားနိုင်သည့်အဆုံး အသက်ခန္ဒာ တည်မြဲစေရန်အလို့ငှာ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်ကြရသည့် အမျိုးကောင်းသားသမီး အပေါင်းတို့လည်း ရှိကြလေ၏။ အမုန်းတရားဖြင့်လိမ်းကျံအပ်သည့် ပတ်ဝန်းကျင်ဝယ် လူလားမြောက်ခဲ့ကြသည့် အဆိုပါပုဂ္ဂိုလ်အချို့၏ စိတ်သဏ္ဍန်အတွင်း ဗြဟ္မစိုရ်တရားတို့ ကိန်းအောင်းရန်မလွယ်ကူ၊ အတ္တနှင့် သံသယတို့ ရှေ့ဆောင်သောအခါ ဇာတ်တူသားချင်း သတ်စားကြလေတော့သည်။ စနစ်ကိုအမုန်းကြီးမုန်းသောအခါ နိုင်ငံချစ်စိတ်တို့ပါ ခန်းခြောက်၍ တချို့တချို့သော ပုဂ္ဂိုလ်တို့မှာ စစ်ကျွန်ဘ၀မှ တပါးကျွန်ဘ၀သို့ ရောက်ကြလေ၏။


ယနေ့ခေတ်အခါသမယတွင် နိုင်ငံချစ်စိတ်ထက် အဖွဲ့အစည်းကို ချစ်စိတ် ပိုမိုထက်သန်များပြားနေသည့် ပုဂ္ဂိုလ်အချို့ကို တပ်မတော် အပါအ၀င် အဖွဲ့အစည်းတိုင်းလိုလိုတွင် တွေ့မြင်နေရသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားတွင် အမုန်းတရားတည်းဟူသော အသူတစ်ရာနက်သည့် ချောက်ကမ်းပါးတစ်ခုတည်ရှိ၏။ မည်သို့မည်ပုံ ပေါင်းကူးဆက်သွယ်ကြမည်နည်း။ တစ်ချိန်တခါက မေတ္တာအပြည့်ဖြင့် ပြည်သူ့ရင်ငွေ့တွင် ခိုလှုံခဲ့သည့် ပြည်သူ့တပ်မတော်အဖြစ်သို့ ရောက်အောင် မည်သည့်ဖက်မှ စတင်လက်ကမ်းပါမည်နည်း။



                                                                                            မြတ်သိန်းထွန်း(၂၇.၃.၂၀၁၂)
                                                                                        တပ်မတော်နေ့ အမှတ်တရ ရသစာတမ်း 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...