ဘဲအုပ်တစ်ရာနဲ့ ယူလီယာ- အပိုင်း ( ၂ )
by Spring Flowers on Sunday, March 18, 2012 at 1:08pm ·
- ဒီလိုနဲ့ယူလီယာဟာသူလုပ်ချင်တဲ့ ပြောင်းလဲမှုတွေကို ပိုလုပ်လို့ရဖို့အတွက် သမ္မတရာထူးကို ချိန်ပါတယ်။ ၂၀၁၀ သမ္မတရွေးပွဲအတွက် သူဟာ ဒေါ်လာ သန်းရာနဲ့ချီကုန်တဲ့ မဲဆွယ်မှုတွေကို လုပ်ပြန်ပါတယ်။ ဒါပေမယ့်သူရော ယူရှန်ကိုရော ရှုံးပါတယ်။ သမ္မတဟောင်း Kuchma ရဲ့ တပည့်ရုရှားက ထောက်ခံတဲ့အရင်ရွေးကောက်ပွဲတုန်းက ရှုးံခဲ့တဲ့ ယနူကိုဗစ်ခ်ျ က သမ္မတဖြစ်လာတယ်။ ယူရှန်ကိုက ခွက်ခွက်လန်အောင် ရှုံးပြီး ယူလီယာကတော့ ၃ % နှုန်းနဲ့ ကပ်ရှုံးတာပါ။ မဲခိုးတယ်လို့ စွပ်စွဲပြီး သမ္မတအသစ်တက်ပွဲကို ယူလီယာတို့ ပါတီက သပိတ်မှောက်ပြီး မတက်ဘူး။ ကျန်တဲ့နိုင်ငံရေး အဖွဲ့အစည်းတွေကိုလည်း ယနူကိုဗစ်ခ်ျအစိုးရကို သပိတ်မှောက်ဖို့ စည်းရုံးတယ်။ ယနူကိုဗစ်ခ်ျကလည်း ယူလီယာနဲ့ ပေါင်းမိတဲ့ အဖွဲတွေအားလုံး ဆိုးဆိုးဝါးဝါး အဆုံးသတ်ရတတ်တယ် လို့ သတိပေးသလိုလိုနဲ့တခြားအဖွဲ့အစည်းတွေကို ယူလီယာတို့နဲ့မပေါင်းဖို့ ခြိမ်းခြောက်တယ်။ အစိုးရသစ်နဲ့တစ်ခါ ယူလီယာဟာ ထိပ်တိုက်ရင်ဆိုင်ပြန်ပါတယ်။
- ၂၀၁၀ မေလလောက်ကစပြီး လက်ရှိ ယနူကိုဗစ်ခ်ျ အစိုးရဟာ ယူလီယာကို အမှုအမျိုးမျိုးနဲ့ တရားစစွဲတယ်။ အဲဒီထဲက ယူလီယာကို ထောင်နန်းစံသွားရစေတဲ့ အမှုကတော့ '' ၀န်ကြီးချုပ်အာဏာကို အလွဲသုံးစားလှုပ်မှု '' တဲ့။ ၂၀၀၉ ခုနှစ်မှာ ယူလီယာဟာ သူ့ရဲ့ ၀န်ကြီးချုပ်အာဏာကို အလွဲသုံးစားလုပ်ပြီး ရုရှားနဲ့ဂက်စ်အရောင်းအ၀ယ်ကိစ္စကို လက်မှတ်ထိုးခဲ့တယ် ဆိုတဲ့ ပြစ်မှုပါ။ နှစ်တိုင်းနှစ်တိုင်း ရုရှားနဲ့ ယူကရိန်းရဲ့ ဂက်စ်ပြသနာဟာ ဥရောပနိုင်ငံတော်တော်များများကို ဦးနှောက်ခြောက်စေပါတယ်။ လိမ္မောရောင် အရေးအခင်းဖြစ်ပြီး ရုရှားထောက်ခံတဲ့အစိုးရကို ဖြုတ်ချလိုက်ကတည်းက ရုရှားဟာ ယူကရိန်းကို ဂက်စ်ကိစ္စအကြောင်းပြပြပြီး လက်စားချေနေတယ်လို့ နိုင်ငံတော်တော်များများက ယူဆတယ်။ ဘာကြောင့်လည်း ဆိုတော့ ၂၀၀၄ မှာ ဖြစ်တဲ့ လိမ္မော်ရောင် အရေးအခင်းနောက်ပိုင်းမှာ ဂက်စ်ပြသာနာဟာ နှစ်တိုင်းနီးပါးဖြစ်နေလို့ပါ။ ၂၀၀၉ က ပြသာနာကတော့ အတော်လေးကြီးတယ်။ အသေးစိတ်ပြောနေရင် အိပ်ပျော်သွားမှားစိုးလို့ အတိုချုံးဘဲ ပြောပါ့မယ်။
- ၂၀၀၉ မှာ ရုရှားက ယူကရိန်းကို ရှေ့နှစ်က ဂက်စ်အကြွေးတွေကို အကျေဆပ် ဆိုပြီး အကြွေးတောင်းတယ်။ ယူကရိန်းက စီးပွားကျချိန်မို့လို့ မဆပ်နိုင်ဘူး။ ဒါနဲ့ ယူကရိန်းအတွက် ဂက်စ်ကို ရုရှားက ဖြတ်လိုက်ပါတယ်။ ဥရောပကိုတော့ ပို့မြဲအတိုင်း ပို့ပါတယ်။ ဒါပေမယ့် ဥရောပကို ပို့တဲ့ ဂက်စ်တွေဟာ ယူကရိန်းပိုက်လိုင်းတွေက ဖြတ်ရတာမဟုတ်လား။ နှစ်ရက်လောက်ကြာတော့ ရုရှားက ယူကရိန်းဟာ ဥရောပကို ပို့တဲ့ ဂက်စ်တွေကို ဖြတ်ယူနေတယ်လို့ ဆိုလာတယ်။ ယူကရိန်းကလည်း သူတို့ယူတဲ့ ဂက်စ်ဟာ technical gas အတွက် ယူတာတဲ့။ ပိုက်လိုင်းစနစ်တွေကို လည်ပတ်ဖို့ သုံးရတဲ့ဂက်စ်ကို technical gas လို့ခေါ်တာပါ။ အဲဒါ မပါဘဲ ဘယ်လို ပိုက်လိုင်းတွေလည်ပတ်မလဲတဲ့ ။ ဒီတော့ technical gas ကို ယူတာ တရားတယ်ပေါ့။ ဒီတော့ရုရှားက techincal gas အတွက် ပိုက်ဆံကို ဖြတ်သန်းခထဲမှာ ထည့်တွက်ပြီးသား။ ဖြတ်သန်းခကိုလည်း အကျေပေးပြီးသားမို့ ယူကရိန်းဟာ techincal gas ဆိုပြီး ဥရောပကို ပို့တဲ့ ဂက်စ်ကို ဖြတ်ယူတာဟာ ခိုးတာဘဲတဲ့။ ဘယ်သူမှားလို့ ဘယ်သူမှန်မှန်း ဥရောပသမ္မဂက လေ့လာသူတွေတောင် အသေအချာမသိပါဘူး။ တိုတိုပြောရရင်တော့ ရုရှားက ချိတ်တွေ အသည်းအသန်ချိုးပြီး ထိတ်မထိုးဘဲနဲ့ ဥရောပကို ပို့တဲ့ ဂက်စ်တွေကိုပါ ဖြတ်ချလိုက်ပါရော။ ရှင်တို့က ရဲတွေဘဲလေ။ လုပ်ထားဦးပေါ့။ သူတို့နှစ်ယောက်ရန်ဖြစ်တာမှာ ဘာမဆိုင်ညာမဆိုင် ခံရသူတွေက ဥရောပနိုင်ငံတစ်ချို့ပါဘဲ။ ဖြစ်တဲ့ အချိန်ကလည်း အပူချိန် သုံညအောက်ကို ရောက်နေတဲ့ အေးခဲနေတဲ့ ဆောင်းတွင်း။ အနွေးပေးစက်တွေ နေရာအနှံ့သုံးရတဲ့အချိန် ။ အဲဒီအချိန်မှာ ရုရှားက ၁၃ ရက်တိတိ ဂက်စ်ကို ဖြတ်ချလိုက်တယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ကိုယ့်လူ။ ဥရောပသမ္မဂက ဘဘကြီးများလည်း အပူတပြင်း အစည်းအဝေးလုပ်ကြပြီး နှစ်နှစ်ငံလုံးကို စိတ်လျော့ပြီး နွားမွေးဖို့...အဲလေ... ပြသာနာကို အဆုံးသတ်ဖို့၊ဂက်စ်တွေကို ပြန်လွှတ်ဖို့တိုက်တွန်းရတယ်။
- တကယ်တော့ ဟိုနှစ်နိုင်ငံကလည်း ရန်ဖြစ်ချင်လို့တော့မဟုတ်ဘူး။ သူတို့ကလည်း ဒီပြသာနာကို ပြေလည်ချင်တယ်။ ရက်တွေကြာလာတာနဲ့အမျှ နှစ်နိုင်ငံလုံး ဒေါ်လာ သန်းနဲ့ချီချီပြီး ဆုံးရှုံးနေတယ်လေ။ လုပ်လိုက်ကြတဲ့ ဆွေးနွေးပွဲတွေဆိုတာ သူတို့နှစ်နိုင်ငံတင်မကဘူး။ ဥရောပသမ္မဂမှာပါတဲ့ နိုင်ငံတော်တော်များများနဲ့လည်း လုပ်တာဘဲ။ ရုရှားက ယူကရိန်းရဲ့ ဂက်စ်အကြွေးတွေကို ဥရောပနိုင်ငံတွေက ကူပြီးဆပ်စေချင်တယ်။ ဟိုနိုင်ငံတွေကလည်း အင်တင်တင်လုပ်နေတယ်။
- နောက်ဆုံးမှာ ရုရှား ၀န်ကြီးချုပ် ပူတင်နဲ့ ယူကရိန်းဝန်ကြီးချုပ် ယူလီယာတို့နှစ်ယောက် တနေကုန်ထိုင်ဆွေးနွေးပြီးနောက် ပြေလည်မှုတစ်ခုရသွားတယ်။ အဓိကအချက်တွေကတော့ ယူကရိန်းက ဖြတ်သန်းခဈေးကို အရင်အတိုင်းဘဲ မတိုးဘဲထားရမယ်။ ရုရှားက ယူကရိန်းကို ၂၀၀၉ တစ်နှစ်လုံးအတွက် ဂက်စ်ဈေးကို ၂၀ ရာခိုင်နှုန်း discount ပေးမယ်။ ၂၀၁၀ ကစပြီး ယူကရိန်းဟာ ဥရောပနိုင်ငံတွေကို ရောင်းတဲ့ ( သူများနည်းတူ ) ဈေးကို ပေးရမယ်။ ဘာ discount မှ မရတော့ဘူး။ ဒါပေမယ့် ကြားထဲက အချောင်ဝင်အုပ်နေတဲ့ ကြားပွဲစားကုမ္ပဏီတွေမပါဘဲ နှစ်နိုင်ငံတိုက်ရိုက် အရောင်းအ၀ယ်လုပ်မယ် တဲ့။
- ပြသာနာပြေလည်သွားတယ်။ နှစ်ဘက်စလုံးက သူနိုင်တယ်။ ငါနိုင်တယ်နဲ့ လက်ခမောင်းခတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ နှစ်နိုင်ငံလုံး ပိုက်ဆံလည်းဆုံး ဂုဏ်သိက္ခာလည်း ဆုံးတယ်။ ရုရှားက ဒေါ်လာ သန်း ၁၅၀၀ ဖိုးလောက် ဂက်စ်မရောင်းလိုက်ရဘူး။ ယူကရိန်းကတော့ဖြတ်သန်းခ ဒေါ်လာသန်း ၁၀၀ လောက် မရလိုက်ဘူး။ စက်ရုံတွေကိုလည်း ယာယီပိတ်လိုက်ရလို့ စီးပွားရေးအတော်ထိသွားတယ်။ ကမ္ဘာ့ ဈေးကွက်မှာလည်း စိတ်မချတဲ့ ရောင်းသူ နိုင်ငံနဲ့ မယုံကြည်ရတဲ့ ဖြတ်သန်းခွင့်ပြုသူ နိုင်ငံအဖြစ် မျက်နှာပျက်ရတယ်။ နင်တို့ချည်းဘဲ ဂက်စ်ရောင်းစားနေတာမဟုတ်ဘူးဟဲ့ နောက်တစ်ခါဖြစ်ရဲဖြစ်ကြည့် ၊ သူများဆီပြောင်းဝယ် ပစ်လိုက်မယ် လို့ ဥရောပနိုင်ငံတွေက ကြိမ်းပါတယ်။ သူတို့ရန်ပွဲကြောင့် တစ်ချို့သော ဥရောပနိုင်ငံကြီးတွေမှာ မြေအောက်မှာ လှောင်ထားတဲ့ အရေးပေါ်ဂက်စ်တွေကို ထုတ်သုံးခဲ့ရတယ်။ စက်ရုံတွေကို ပိတ်လိုက်ရတယ်။ တစ်ချို့နိုင်ငံတွေ အရေးပေါ်ဂက်စ်လုံလုံလောက်လောက်မရှိလို့ အရေးပေါ်အခြေအနေ State of Emergency ကြေငြာရတယ်။ လူတစ်ချို့အအေးဒဏ်ကြောင့်သေရတယ်။ ဒီလိပ်ခဲတဲလဲ ပြသာနာကြီးကို ခေါင်းခံရှင်းလိုက်ရတဲ့ ယူလီယာတစ်ယောက်လည်း ၀န်ကြီးချုပ်အလုပ်က ပြုတ်တော့ ထောင် ( ၇ ) နှစ်ကျသွားတယ်။ ဘာကြောင့်လည်းဆိုတော့ ၂၀၁၀ မှာ ရုရှားကတောင်းတဲ့ဈေးဟာ အရင်က ပေးနေကျထက် ၂ ဆတက်သွားတဲ့အတွက် စီးပွားရေးကျနေတဲ့ ယူကရိန်းဟာ အဲဒီဈေးကို မပေးနိုင်တော့လို့ပါ။ လက်မှတ်ကလည်း ထိုးပြီးနေပြီ။ ကိုပူတင်ကြီးကိုလည်း ကြောက်ရတယ်လေ။ ယူလီယာတစ်ယောက်ကတော့ ထောင် ၇ နှစ်ကျသွားတဲ့အပြင် ဒဏ်ငွေလည်း နည်းနည်းပါးပါး ဆောင်လိုက်ရပါတယ်။ ဒေါ်လာ သန်း ၂၀၀ ။
- သူမကို ဖမ်းမိန့်ထုတ်လိုက်တော့ ယူလီယာဟာ ယူကရိန်းပြည်သူတွေကို ဗီဒီယိုဖိုင်နဲ့တည်တည်ငြိမ်ငြိမ် စကားပြောခဲ့တယ်။
'' သမ္မတ ယနူကိုဗစ်ခ်ျကတော့ ကျမကို ဖမ်းဖို့ အမိန့်ထုတ်လိုက်ပါပြီ။ ကျမအနေနဲ့ တစ်ခြားနိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့်လွယ်လွယ်နဲ့ ရနိုင်ပါတယ်။ ကျမမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့အခွင့်အရေးတွေ ရှိပါတယ်။ ဒါပေမယ့် ကျမ ယူကရိန်းကနေ ဘယ်ကိုမှ ထွက်မပြေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမဟာ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့ဘူး။ ပြည်သူအတွက် ရှင်သန်ခဲ့တယ်။ ပြည်သူအတွက် အလုပ်လုပ်ခဲ့တယ်။ နိုင်ငံရေးကို အသုံးချပြီး ခိုးနေသူမဟုတ်ဘူး။ နိုင်ငံရေးကို ဒီလောက်ကြာကြာလုပ်လာပြီးမှတော့ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ပေးဆပ်ရတတ်တဲ့ အရင်းအနှီးကို ကောင်းကောင်းသိပါတယ်။ ပြည်သူတွေဟာ ဆင်းရဲကျပ်တဲတဲ့ကြားက ယုံကြည်အားထားရမယ့်သူ မရှိ ဖြစ်နေပါတယ်။ အဲဒီအတွက် ကျမဆက်ပြီးတိုက်ပွဲဝင်ပါ့မယ်။ ပြည်သူတွေကို ကာကွယ်ပေးပါ့မယ်။ လွတ်လပ်ရေးရကတည်းက ယူကရိန်းဟာ တစ်ခါမှ ဒီနေ့ဒီအချိန်လောက် အခြေအနေမဆိုးခဲ့ဘူး။ တခါမှ ဒီလောက်ရက်စက်မှုမလွမ်းမိုးဘူး။ ဒါပေမယ့် ဘယ်အရာကမှ ကျမကို ပြိုလဲအောင် မလုပ်နိုင်ပါဘူး။ ကျမကလည်း ကျမကို ယုံတဲ့ပြည်သူတွေကို သစ္စာမဖောက်ပါဘူး။မတရားမှု တိုက်ဖျက်နေသူတွေကိုသာ ၀န်းရံဖို့ အားပေးဖို့တောင်းဆိုပါတယ်။ ကျမကတော့ ထောင်ထဲမှာ ဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် တိုင်းပြည်အတွက် တိုက်ပွဲဝင်နေဦးမှာပါ။ ''
- နိုင်ငံရေးဆိုတဲ့အတိုင်း ယူလီယာထောင်ကျရတဲ့ ကိစ္စကို ဟိုလူကတစ်မျိုး ဒီလူကတစ်ပေါက် ထင်ကြေးပေးကြပါတယ်။ ဥရောပနဲ့ အမေရိကန်ကတော့ အပြင်းအထန်ရှုံချပြီး သမ္မတ ယနူကိုဗစ် ရဲ့ ဥရောပ သမ္မဂနဲ့ လုပ်ထားတဲ့ချိန်းဆိုချက်တစ်ချို့ ချက်ချင်းဆိုသလို ဖျက်ခြင်းခံလိုက်ရတယ်။ ယူကရိန်းရဲ့ ဥရောပသမ္မဂကို ၀င်ဖို့ မျှော်လင့်ချက်ရောင်ချည်လည်း ပျောက်သလောက်ဖြစ်သွားပါတယ်။ အမေရိကန် အခြေစိုက်ဒီမိုကရေစီ မြှင့်တင်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ National Endowment For Democracy က ဒုဥက္ကဌ Nadia Diuk က '' ဒီပုံနဲ့ ဥရောပ သမ္မဂကို ဘယ်လိုဝင်မှာလဲ။ ဥရောပသားတွေက အတိုက်အခံကို မုန်းလို့ လက်စားချေချင်လို့ ဆိုပြီး ထောင်ထဲမထည့်ဘူး။ ကိုယ်လောဘတက်တာ အကျင့်ပျက်ခြစားတာကို ဖုံးဖို့ဆိုပြီး ကိုယ်နဲ့မတည့်သူကို ထောင်ထဲမထည့်ဘူး။ အဲဒါ အာဖရိကတို့၊ပါကစ်စတန်တို့ ၊ ဘာမား Burma တို့မှာသာ လုပ်လို့ရတာ '' တဲ့။ ဟွန်း......ဒီလူဂျီးကို သတ်ချင်တယ်။ မှန်တာတွေပြောလို့ သိပ်မခံချင်ဘူး။
- ရုရှားက ကိုပူတင်တို့အဖွဲ့ကတော့ မယုတ်မလွန်စကားဆိုပါတယ်။ '' ဂက်စ်အရောင်းအ၀ယ်ကိစ္စအတွက် လက်မှတ်ထိုးတာ ယူလီယာကိုယ်တိုင်ထိုးတာမှမဟုတ်ဘဲ။ နှစ်နိုင်ငံက ဂက်စ်ကုမ္ပဏီတွေထိုးတဲ့ဟာကို ဘာကြောင့်သူ့ကို ( ၇ ) နှစ်တောင် ထောင်ချရတာလဲ '' တဲ့။ တားတားတကယ်ဘဲ မတိတာလားဆိုတာတော့ ကိုပူတင်ကိုသာမေးကြည့်ပေတော့။ ဥရောပနဲ့ နိုင်ငံတော်တော်များများမှတ်ချက်ကတော့ သမ္မတ ယနူကိုဗစ်ခ်ျ ရဲ့ ယူလီယာအပေါ်မှာ ပုဂိုလ်ရေးမုန်းတီးမှုနဲ့ ယူလီယာကို နောက်သမ္မတရွေးပွဲကနေ ပထုတ်လိုက်တာလို့ ဆိုတယ်။ အပြစ်ဒဏ်က ထောင်ဒဏ်၊ ငွေဒဏ်တင်မက ထောင်က ထွက်လာရင် နောက်ထပ်သုံးနှစ်အတွင်းမှာ နိုင်ငံရေးရာထူး ယူလို့မရဘူး ဆိုတာလည်း ပါတာကိုး ။ ရုရှားရဲ့ကြိုးကိုင်မှု စသည်ဖြင့်လည်း ဆိုကြပါတယ်။
- နိဂုံးချုပ်ရရင်တော့ ဥရောပသမ္မဂက ဘယ်လို ဖိအားပေးတောင်းဆိုပေးပေမယ့်သမ္မတ ယနူကိုဗစ်ခ်ျက လုံးဝအလျော့မပေးလို့ ယူလီယာဟာ အခုလည်း ထောင်ထဲမှာပါဘဲ။ သုံးလကြာ တစ်ဖက်သတ် အစစ်ခံရချိန်မှာလည်း သူမကတော့ ပူဆွေးသောကရောက်နေတဲ့ ပုံမျိုးမပြဘဲ ခပ်တည်တည် ခပ်မာမာနဲ့ အမှုကို ရင်ဆိုင်ပါတယ်။ အမှန်တော့ သူမလည်း ခံစားချက်ရှိတဲ့ သူတစ်ယောက်။ လင်ယောက်ျားနဲ့ချစ်ကြိုးသွယ်ပြီးမှ အိမ်ထောင်ကျခဲ့တဲ့ ဇနီးသည်တစ်ယောက်။ တဦးတည်းသော သမီးလေးကို မွေးထားတဲ့ အမေတစ်ယောက်။ ယူလီယာရဲ့ အမှုအတွက် သူ့ကို ယနူကိုဗစ်ခ်ျ အစိုးရက ဖိအားပေးခဲ့တယ် လို့ ယူလီယာရဲ့ ယောက်ျား အလက်ဇန်းဒါးက ဆိုတယ်။ ဒီထက်ပိုပြီး ဖိအားပေးတဲ့အနေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးနှိပ်စက်ပြီး ယူလီယာကို အတင်းအကြပ် အပြစ်ဝန်ခံခိုင်းမှားစိုးလို့ အလက်ဇန်းဒါးဟာ ၂၀၁၂ ဇန်န၀ါရီမှာ ချက်ဇ် Czech နိုင်ငံကို နိုင်ငံရေး ခိုလှုံသွားခဲ့တယ်။
- ယူလီယာက သူ့ရဲ့ website မှာ သူ့ယောက်ျား အလက်ဇန်းဒါးကို ကျေးဇူးတင်စကား ဆိုပါတယ်။ သူ့ရဲ့ နိုင်ငံရေးတိုက်ပွဲမှာ အမြဲတမ်းဘေးကနေ အားပေးခဲ့တဲ့ အတွက်။ နိုင်ငံရေးကိစ္စတွေကြောင့် မိသားစုကို အချိန်မပေးနိုင်ခဲတဲ့သူ့ကို ဘယ်တုန်းကမှ အပြစ်မဆိုခဲ့တဲ့အတွက်ပါ။ သူတို့ရဲ့သမီးလေး ယူဂျီးနီးယားဟာ အသက် ၁၄ နှစ်ကတည်းက လန်ဒန်မှာကြီးပြင်းခဲ့ပြီး အင်္ဂလန်နိုင်ငံသား Rock အဆိုတော် Sean Carr နဲ့အိမ်ထောင်ကျခဲ့တယ်။ သူ့အမေ ရုံးတင်စစ်ဆေးခံရကတည်းက ယူဂျီးနီးယားဟာ ယူလီယာဘေးက တစ်ဖ၀ါးမှမခွာခဲ့ဘူး။ ရုံးတင်စစ်ဆေးစဉ်ကာလ အတွင်းမှာ သူ့အမေကို ချုပ်ထားရာထောင်ကို နေ့တိုင်းသွားပြီး လိုအပ်တာတွေ စီစဉ်ပေးခဲ့တယ်။ သူ့အမေထောင်ကျသွားတဲ့နောက်ပိုင်းမှာ နိုင်ငံတကာ အစည်းအဝေးတွေမှာ ယူလီယာလွတ်အောင် ယူကရိန်း အစိုးရကို ဖိအားပေးဖို့ စည်းရုံးပြောဆိုခဲ့တယ်။ ထောင်ထဲမှာ ကျန်းမာရေးချွတ်ယွင်းစ ပြုလာတဲ့ယူလီယာကို သူတို့ယုံကြည်ရတဲ့မိသားစုဆရာဝန်နဲ့ တွေ့ခွင့်ရဖို့အရေး၊ ရှေ့နေတွေနဲ့တွေ့ခွင့်ရရေး၊ သင်းအုပ်ဆရာနဲ့တွေ့ခွင့်ရရေး စသည်စသည်တို့ကို လုံးပမ်းခဲ့တယ်။ အမြဲတမ်းတော့ မအောင်မြင်ပါဘူး။ အမေလွတ်ဖို့လုံးပမ်းရင် ရတဲ့ ရလာဘ်ကတော့ ၆ နှစ်တာ သက်တမ်းရှိပြီ ဖြစ်တဲ့ သူနဲ့ Sean Carr ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားတာပါဘဲ။ တကယ်တမ်းတွေးကြည့်ရင် ယူလီယာရဲ့ ပေးဆပ်ရမှုဟာ မသေးလှပါဘူး။
- ယူကရိန်းပါလီမန်ထဲမှာတော့ Piano Player တွေဟာ သူများကိုယ်စားမဲထည့်နေကြဆဲ။
- ရုရှားထောက်ခံမှုကိုရထားတယ်ဆိုတဲ့ ယနူကိုဗစ်ခ်ျ အစိုးရလည်း ပြသာနာတစ်ပုံတစ်ခေါင်းနဲ့ နှစ်ဆတက်သွားတဲ့ ဂက်စ်ဈေးကြောင့် တိုင်ပတ်ဆဲ။
- မဗေဒါ ယူလီယာတစ်ယောက်လည်း ထောင်နန်းစံရင်း မပြီးသေးတဲ့ တိုက်ပွဲကို ဆက်တိုက်နေဆဲ.................။
ယူလီယာအာဏာရှိစဉ်က ပုံများ၊ သူ့မိသားစုပုံများနဲ့ သူတိုနိုင်ငံရဲ့ယဉ်ကျေးမှုလေးတွေပါတဲ့ပုံများကို တင်ပေးလိုက်ပါတယ်။
P.S စိတ်ပါဝင်စားသူများ The trial of Yulia Tymoschenko-True Story ကို Youtube မှာ ကြည့်ပါရန်။ ရုရှားယူကရိန်း ဂက်စ်ပြသာနာကို စိတ်ဝင်စားသူများ Russia Ukraine Gas Dispute ဟုရိုက်လိုက်လျှင် ဆိုင်ရာဆိုင်ရာ Link များ ပေါ်လာပါလိမ့်မည်။
0 comments:
Post a Comment