Sunday, March 11, 2012

ခြစားမှုတွေနဲ့ စတုတ္ထမဏ္ဍိုင်

by Htet Aung on Sunday, March 11, 2012 at 4:54pm ·
 
မျက်ခုံးလှုပ်စရာ ၀န်ကြီးဌာနများ

စနေနေ့ထုတ် Vol.8/ No.13 The voice weekly ရဲ့ ပထမဆုံး စာမျက်နှာမှာတင်
ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိဆိုတဲ့ သတင်းပါလာတော့ စတုတ္ထမဏ္ဍိုင်နဲ့ ပက်သက်ပြီး စိတ်ကျေနပ်စရာတခု တွေ့လိုက်ရသလိုပဲ။ အားလုံးလည်း ဖတ်ပြီးကြလောက်ပါပြီ။ အသေးစိတ်တော့ ဖော်မပြတော့ပါဘူး..။ ပါတဲ့ ၀န်ကြီးဌာနတွေတော့ တော်တော်လေးရှင်းယူရမည့် ကိစ္စပါပဲ။ ပြန်ကြားရေး၊သတ္တုတွင်း၊ လယ်ဆည်၊ အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန တွေရဲ့ ငွေကြေးအလွဲသုံးစားမှုများနှင့် ငွေစာရင်းမမှန်မကန်ဖော်မှုများတဲ့။

နိုင်ငံပိုင်သတင်းစာတွေ ရောင်းကောင်းကြလိမ့်မယ်

အဲဒီလိုသတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံသာ ထည့်လိုက်မယ်ဆိုရင် The Voice Weekly တော့ ရောင်းအားစောင်ရေ ကျသွားမှာ အမှန်ပဲ…။ ဘာလို့လည်းဆိုတော့ သတင်းစာတွေကို လူထုတွေ သိပ်မဖတ်တော့တာ၊ သိပ်စိတ်မ၀င်စားတော့တာကလည်း တဘက်ကပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာ ယုတ်လျော့ခြင်းတမျိုးပဲ။
တခါ တခါကျရင် ပုဂ္ဂလိက မီဒီယာတွေတော့ ရေးခွင့်ရှိပြီး ပြန်ကြားရေးဌာနကကိုက နိုင်ငံပိုင်မီဒီယာတွေကို စာနယ်ဇင်းလွတ်လပ်ခွင့်များ မပေးလို့လားတော့ မပြောတတ်ဘူး.။ ပြောချင်တာက ဒီလိုသတင်းတွေ သာ ထည့်လိုက်ရင် နိုင်ငံပိုင်သတင်းစာတွေ ရောင်းကောင်းကြလိမ့်မယ်။ နိုင်ငံတော်ဘဏ္ဍာတိုးစေချင်တဲ့ စေတနာသက်သက်ပါ။

စိတ်မရှည်ချင်စရာလေးတွေ

ပြည်တွင်းပြန်ရောက်တော့ လုပ်စရာတွေက များမှများ ဒီကြားထဲ ထွက်သမျှဂျာနယ်တွေကို အမီလိုက်ဖတ်၊ သတင်းစာဆရာကြီးတွေကလည်း ရေးအားက ကောင်းမှကောင်း ဂျာနယ်တိုင်းမှာလိုလို သတင်းစာဆရာကြီးတွေရဲ့ ဆောင်းပါးတွေကို မလွတ်တမ်းဖတ်နေရာကနေ တခါတခါ လွတ်သွားတာတွေက ရှိသေးတယ်..။ ဒီတော့ ရွေးဖတ်ရတယ်။ ဖတ်နိုင်တာတွေ၊ ဖတ်သင့်တာတွေ ချက်ချင်းဖတ်၊ မဖတ်နိုင်တာတွေကိုတော့ သိမ်းထား၊ အချိန်ယူပြီးပြန်ဖတ်၊ ရေးချင်တာတွေ၊ ပြောချင်တာတွေရှိနေပေမည့်လည်း အခြေအနေနဲ့ အချိန်အခါက ပြောခွင့်၊ ရေးခွင့် မကြုံသေးတော့ စောင့်နေရတာကိုက စိတ်မရှည်ချင်စရာ။


ဂျာနယ်လစ်ဇင်ကျောင်းတွေလိုအပ်တယ်

တခါတလေ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိတယ်။ နိုင်ငံရေးလုပ်နေတာလား၊ သတင်းသမားလား၊ ဒါမှမဟုတ် တော်လှန်ရေးလုပ်နေတာလား။ ချီတုံချတုံနဲ့ ဖြစ်ဖြစ်နေတာလည်းရှိတယ်။ သေချာတာတခုခုတော့ လုပ်နေတယ်ဆိုတာပါပဲ။ ဖြစ်ချင်တာက ဂျာနယ်လစ်ဇင်၊ လိုက်လုပ်နေရတာတွေက စိတ်ထဲလုပ်ချင်တာတွေ ဖြစ်နေတယ်။ ကိုယ်ဖြစ်ချင်တာတွေကိုလုပ်ဖို့ လေ့လာဖို့ အချိန်တွေက ပေးရသေးတယ်။ အဲဒါနဲ့ နိုင်ငံခြားမှာ ပညာတွေ သင်လာခဲ့တဲ့ ပညာတတ်ပုဂ္ဂိုလ်ကြီးတယောက်နဲ့ ဂျာနယ်လစ်ဇင်အကြောင်း ပြောဖြစ်ကြတယ်။ သူက နိုင်ငံခြားက စာအုပ်တွေကို ဖတ်ခိုင်းတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဂျာနယ်လစ်ဇင်ကျောင်းတွေ ရှိဖို့လိုအပ်တယ်လို့ ပြောမိတော့ သူက ရယ်တယ်။

သတင်းစာဆရာကြီးတွေရဲ့ဘဝ

ခေတ်အဆက်ဆက်မှာ သတင်းစာဆရာကြီးတွေကို အာဏာရှင်တော်တော်များများက ချောင်ထိုးထားခဲ့ကြတယ်။ သတင်းစာဆရာကြီးတွေရဲ့ ဘ၀ဟာ ပြည်သူလူထုအတွက် အစိုးရကိုရော၊ အတိုက်အခံနိုင်ငံရေးသမားတွေကိုကော မညှာမတာပြော၊ ဝေဖန်၊ ထောက်ပြကြတဲ့အခါမှာ ၂ ဘက်စလုံးရဲ့ အမုန်းကိုခံကြရတယ်။ အဆင်မသင့်ရင် အသတ်ခံရတဲ့ အထိတောင် အသက်တွေပေးသွားခဲ့ကြရတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ ဦးနုနဲ့ ဦးနေ၀င်းကြားဗျာများခဲ့ရတဲ့ ကြေးမုံဦးသောင်းဆိုရင် ကွယ်လွန်သွားတဲ့ အထိ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဌာနေမှာ ခေါင်းမချခဲ့ရဘူး။ ဂျာနယ်ကျော်ဦးချစ်မောင်ဆိုရင် ကျန်းမာရေးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးခဲ့ရတယ်။ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်ခဲ့တဲ့ သတင်းစာဆရာကြီးတွေရဲ့ဘ၀ဟာ တကယ်တော့ သနားစရာကောင်းပါတယ်။

ဒီကနေ့ပြောနေဆိုနေကြတာတွေ

သတင်းစာဆရာကြီး လူထုစိန်ဝင်းက အစချီလို့ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေ များများပေါ်ပေါက်လာဖို့လိုတယ်ဆိုပြီး စပြောပါပြီ။ ဒီကနေ့ မြန်မာပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ ဖိုက်တာကို ပြပါဆိုရင် လူထုစိန်ဝင်းပါပဲ။ လူထုလူတန်းစား အလွှာအသီးသီးတွေကလည်း တပိုင်တနိုင်မှတဆင့် လူမှုပရဟိတအသင်းအဖွဲ့လေးတွေ လုပ်ကိုင်ဆောင်ရွက်နေကြတာ အားလုံးအသိပါပဲ။ ကျောင်းသားတွေဦးဆောင်ပြီး ကျောင်းသားသမဂ္ဂတွေဖွဲ့စည်းနေကြပြီ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေဆိုရင်လည်း မိမိတို့ မုန့်ဖိုးတွေထဲကနေ စုပြီး တရားဝင်လူငယ်နိုင်ငံရေးအဖွဲ့အစည်းတွေ ထူထောင်ပြီး၊ လူထုကိုနိုင်ငံရေး အသိပညာပေးဖို့၊ အနာဂတ်လူငယ်ထုအတွက် လူငယ်အခွင့်အရေးတွေကို တောင်းဆိုဖို့ လူငယ်ထုရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ဖို့အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ အနာဂတ်လူငယ်နဲ့နိုင်ငံရေးအတွက် ရောင်ခြည်တွေသန်းလာတဲ့ ကောင်းတဲ့ လက္ခဏာတွေပါပဲ။

လူကြီးတွေက ပဲ့ထိန်းဖို့လို

ဒီလိုတက်ကြွတဲ့ လူငယ်တွေကို လက်ဆင့်ကမ်းဖို့ လူကြီးတွေမှာ တာဝန်ရှိတယ်။ အပြည့်ရှိတယ်။ လူကြီးတွေ နိုင်ငံရေးခရီးရှည်ကို ဖြတ်သန်းလာခဲ့ရတယ်။ ပေးဆပ်ခဲ့ရတယ်။ ၀ါဒတွေ၊ လမ်းစဉ်တွေ အကွဲကွဲအပြားပြားနဲ့ တစစီ ကျိုးပဲ့ထွက်ခဲ့ရပြီးပြီ။ ဒီကနေ့ မြန်မာနိုင်ငံရေးဟာ လူငယ်တွေ ဦးဆောင်တဲ့ နိုင်ငံရေးဖြစ်သင့်ပြီ။ ဒီတော့ လူကြီးတွေက ဘာလုပ်ကြမလဲ။ ဘာလုပ်သင့်သလဲ။ အသေဆုပ်ကိုင်ထားတဲ့ ၀ါဒတစ်ချို့တလေကို စွန့်ခွာသင့်ပြီ။ ကွန်မြူနစ်ဒီမိုကရေစီဆန်တဲ့ စိတ်ဓာတ်တွေနဲ့ လူငယ်တွေကို အရောင်မဆိုးသင့်တော့ဘူး..။ အားလုံးကို မဆိုလိုပါ။ အားလုံး တက်ညီလက်ညီနဲ့ လစ်ဘရယ်ဒီမိုကရေစီလမ်းကို သွားကြတဲ့အခါမှာ အယူအဆတွေ၊ သဘောတရားတွေ တူချင်မှတူလိမ့်မယ်။ အရေးကြီးတဲ့အခါ ညီညွှတ်ဖို့လိုတယ်။ ဘာကြောင့်ညီညွှတ်ဖို့လိုတယ်လို့ပြောရတာလည်းဆိုတော့ ပန်းတိုင်တူနေတယ်။ ဒီကနေ့ အားလုံး နောက်ပြန်မလှည့်ပဲ လွတ်လပ်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုလို့ရှိရင် အရေးကြီးရင် ဒီမိုကရေစီဘက်တော်သားမှန်ရင် သွေးနီးဖို့လိုတယ်။ ညီညွတ်ဖို့လိုတယ်။ သူက ဗကသ မို့လို့၊ သူက NLD မို့လို့၊ သူက NDF မို့လို့၊ သူက USDP မို့လို့၊ သူက လစ်ဘရယ်မို့လို့၊ သူက ၈၈ မို့လို့ ဆိုပြီး ခွဲခြားနေလို့ မရတော့ဘူး…။

အပေါက်ကလေးက သေးသေးလေးရှိသေးတယ်

ဒီဆောင်းပါးကိုရေးဖြစ်တာက စတုတ္ထမဏ္ဍိုင်အပေါက်လေးတွေနဲ့ ပက်သက်ပြီး သေးသေးလေးရှိသေးတဲ့အပေါက်ကို အားလုံးဝိုင်းချဲ့မှ ကျယ်လာမယ်ဆိုတာ ပြောချင်တာပါ…။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေကို တည့်မတ်ပြုပြင်၊ ထိန်းညှိပေးမှာက စတုတ္ထမဏ္ဍိုင်ပါပဲ။  အပေါက်ကလေးကျယ်လာအောင် အားလုံးကို ညီညွှတ်စေချင်တာပါ။ ဒီကနေ့ မြန်မာတမျိုးသားလုံးလိုချင်နေတာကဘာလဲ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားသွေးစည်းညီညွှတ်ရေး၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အာမခံမည့် ဒီမိုကရေစီအစိုးရတရပ်၊ တနည်းအားဖြင့် ပြည်သူ့အစိုးရတရပ်(ပြည်သူက အာဏာအပ်နှင်းခြင်းခံရတဲ့ အစိုးရတရပ်) ကို အားလုံးလိုချင်နေကြတာ မဟုတ်ဘူးလား။ ဒီလိုဆိုပန်းတိုင်တူနေရင် အနာဂတ်မှာ အဘက်ဘက်က နောက်ကျကျန်နေခဲ့တဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးလမ်းကြောင်း ကို အားလုံးအတူတကွ သွားသင့်နေပြီလို့ တိုက်တွန်းပါတယ်။

၅၀၀၀ တန် ဖုန်းကိစ္စ

ပညာရှင်တွေလည်း တွက်ပြပြီးပါပြီ။ ကျွန်တော်ကတော့ အမြင်တခုကိုပဲ ချပြမှာပါ။ ပညာရှင်မဟုတ်တော့ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်းမှားမယ်။ လွန်ခဲ့တဲ့ ရက်တွေက ၅၀၀၀ တန်ဖုန်းကိစ္စနဲ့ ပက်သက်ပြီး ဂျာနယ်တွေမှာလည်း ရေးကြတယ်။ သမ္မတ မိန့်ခွန်းကတော့ ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါမယ်လို့ပဲ ပြောထားတာ ၅၀၀၀ တန်ဖုန်းချပေးမယ်လို့ မပြောပါဘူး..။ လူတိုင်းနီးပါး တယ်လီဖုန်းကိုင်လာနိုင်မယ်ဆိုရင် သတင်းအချက်အလက်တွေက ဒီထက် အဆပေါင်းများစွာ မြန်ဆန်လာမယ်။ အဲလိုမြန်ဆန်လာတဲ့အခါမှာ တရားဥပဒေစိုးမိုးရေးအတွက် ကောင်းကောင်း အထောက်အကူပြုလာနိုင်မှာဖြစ်သလို၊ မတရားမှုတွေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားတယ်..။ လူထုလူတန်းစားအသီးသီးနဲ့ မီဒီယာနဲ့၊ အစိုးရနဲ့ တသားတည်းဖြစ်သွားမယ်။ အစိုးရယန္တရားတွေကို ပြည်သူလူထုက အချိန်နဲ့ တပြေးညီသိနိုင်မယ်..။ သတင်းအချက်အလက်တွေ မြန်ဆန်လာတာနဲ့အမျှ လယ်သမားလည်း စပါးဈေး မှောင်ခိုမမိတော့ဘူး။ လူထုအတွက် ကောင်းကျိုးတွေများလာမှာကို သိသိကြီးနဲ့ ဘာကြောင့်ဖြစ်မလာတာလည်းဆိုတာ နည်းပညာကြောင့်တော့ မဖြစ်နိုင်ပါဘူး..။ ခေတ်သစ်ချစ်တီးတွေနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လူထုအတွက် မကြည့်တဲ့ ခပ်ညံ့ညံ့မူဝါဒတွေကြောင့်လို့ ထင်ပါတယ်…။ နောက်ဖြစ်နိုင်စရာတခုကတော့ ခေတ်သစ်ချစ်တီးတွေဆီက ငွေပမာဏတွေ ဘယ်လောက်ယူထားပြီးပြီလည်းဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ မနေ့ကပဲ ဆက်သွယ်ရေးက သတင်းအချက်အလက်တွေကို ဘယ်မီဒီယာကိုမှ မပြောတော့ဘူးဆိုပြီး The voice weely မှာပါလာပါပြီ။ တခုပဲ သတိထားရမှာက ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ၅၀၀၀ တန်ဖုန်းဖြစ်လာဖို့ကိစ္စကို ပြည်သူလူထု တရပ်လုံးက ၀ိုင်းဝန်းတောင်းဆိုလိုက်ကြမယ်ဆိုရင် အပြောင်းအလဲ တခုတော့ ဖြစ်ကောင်း ဖြစ်လာနိုင်မယ်လို့ သုံးသပ်မိပါတယ်။

နိုင်ငံရေးပါတီတွေလုပ်ကိုလုပ်ရမှာတွေ

ဒီကနေ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်ပြီး ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောပြသင့်ပါတယ်..။ အရေးကြီးဆုံး အခန်း (၁) ဖြစ်တဲ့ နိုင်ငံတော်အခြေခံမူများနဲ့ အခန်း(၈) ဖြစ်တဲ့ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များဆိုတဲ့ အခန်း တွေနဲ့ ပက်သက်ပြီး ပြည်သူလူထုတွေကို ဥပဒေပညာပေးလုပ်ငန်းတွေ လုပ်ဖို့လိုပါတယ်။ ပြည်သူလူထုတွေ နိုင်ငံရေးကို စိတ်ဝင်စားလာမည့် အနေအထား၊ အခင်းအကျင်းတွေကို ချပြရပါမယ်။ နိုင်ငံသားတွေဟာ သူတို့ အခွင့်အရေးတွေကို မသိရင် တောင်းမှာမဟုတ်ဘူး၊ အဲဒါက ပြသနာမဟုတ်သေးပေမယ့် သူတို့တာဝန်တွေကို မသိရင် ဥပဒေမသိပဲ၊ ဘုမသိ၊ ဘမသိ အဖမ်းခံရတာမျိုးတွေဖြစ်တတ်တယ်…။ အဲလိုမသိတဲ့အခါ သက်ဆိုင်ရာဌာနတွေကို ရောက်သွားပြီး ပါးစပ်ဥပဒေတွေနဲ့ ဆုံတဲ့အခါမှာ ခင်ဗျားတို့တွေရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ပြည်သူတွေ (မဲဆန္ဒရှင်တွေ) ရဲ့ဘ၀တွေကို သတ်သလိုဖြစ်သွားမယ်။ ဥပဒေကို သိမှ လိုက်နာမယ်၊ မသိရင် လိုက်နာမှာမဟုတ်ဘူး။ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ အစိုးရက ပြည်သူလူထုကို နိုင်ငံရေး အသိပညာတခုဖြစ်တဲ့ ဥပဒေကို ပေးမသိထားရင် နိုင်ငံရေးပါတီတွေက ပေးသိရမယ်။ ဒါမှလည်း လူထုအပေါ်တာဝန်ကျေမယ်။ ဒီအချိန်မှာတော့ ရွေးကောက်ပွဲတွေနဲ့ အလုပ်ရှုပ်နေကြတာဖြစ်လို့ နားလည်ပေးပါတယ်။ နောက်ပိုင်း နိုင်ငံရေးပါတီတွေ လုပ်ရမှာကို ပြောတာ။

အစိုးရဘက်ကလည်း ကြောင်တောင်တောင် ဥပဒေတွေကို ဖျက်သိမ်းပေးဖို့လိုတယ်

အစိုးရဘက်ကလည်း အခုဆိုရင် ကျူရှင်ဆရာ နိုင်ငံရေးမသင်ရတို့၊ ကျောင်းသား နိုင်ငံရေးမလုပ်ရတို့ဆိုတဲ့ ကြောင်တောင်တောင် ဥပဒေတွေကို ဖျက်သိမ်ပေးဖို့လိုတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေမှာကို ပြဋ္ဌာန်းထားပြီးသားပါ။

အခန်း(၈) ပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊
(ခ)လက်နက်မပါပဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြား ဘာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေပဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။

အဲလိုပြဋ္ဌာန်းထားသည့် အနေအထားမှာ သေချာစဉ်းစားကြည့်ရင် ကျောင်းသားလည်း နိုင်ငံသားပဲ၊ ၀န်ထမ်းလည်း နိုင်ငံသားပဲ၊ ကျူရှင်ဆရာလည်း နိုင်ငံသားပဲ ပြည်သူလူထုဆန္ဒနဲ့ အညီရေးဆွဲထားတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်များနှင့် ကွဲပြားခြားနားမှုရှိနေတဲ့ တည်ဆဲ ဥပဒေတွေကိုလည်း ချိန်ပြီးတော့ အစိုးရဘက်ကလည်း ကြောင်တောင်တောင် ဥပဒေတွေကို ဖျက်သိမ်းပေးဖို့လိုတယ်လို့ ပြောတာပဲ…။ ရေးချင်တာတွေ ကျန်နေပေမယ့် အွန်လိုင်းမှာက စာလုံးရေ ကန့်သတ်ထားလို့ တော်သေးပြီဗျာ…။ နောက်ပိုင်းလည်း အချိန်ရရင် ရသလို ဆက်လက်ရေးသားနေပါဦးမယ်လို့ ဆန္ဒပြုရင်း ….။ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုတောင်းနေရင်း…..။

လေးစားစွာဖြင့်

ထက်အောင်(၁၁.၀၃.၂၀၁၂…. မြန်မာစံတော်ချိန် နေ့လည် ၁း၀၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...