Sunday, March 11, 2012

နိစ္စဓူဝ (ဝါ) တစ်နေ့ တစ်ခါ

by Zay Ya on Sunday, March 11, 2012 at 1:02pm ·
ဘာဝနာ ကို အစပျိုး သူများ အတွက် ဖြစ်ပါတယ်။ အရှေ့ပိုင်း ပို့စ် အများစု မှာ ဘာဝနာ အကြောင်းတွေ ချည်း (အများ အားဖြင့်) ပြောခဲ့ ပါတယ်။ ပြောခဲ့တိုင်း လည်း ဘာဝနာ ဟာ "၂၄ နာရီလုံး နေထိုင်တာ ဖြစ်တယ်" (Alert in 24 hours) လို့ ဆိုခဲ့ ပါတယ်။ ဒါဆို ၂၄ နာရီ လုံး မလုပ်နိုင် ခဲ့ရင် ဘာဝနာ မဟုတ်တော့ ဘူးလား လို့ မေးသူ အချို့ ရှိတယ်။ ဒါ့ကြောင့် ပြန်ဖြေ လိုပါတယ်။



"ဘာဝနာ ဟာ ၂၄ နာရီ ပတ်လုံး နေထိုင် ဖို့ ကို ရည်ညွှန်း တယ်။"  ဒီစကားကို ဆိုခဲ့တာဟာ ဘာဝနာရဲ့ အဓိပ္ပာယ် ပေါ်လွင်စေ ဖို့ ဖြစ်ပါတယ်။ စင်စစ် ဘာဝနာ ဟာ မိမိ အချိန်တိုင်း အသက်  ရှူနေတာနဲ့ မခြား ရှင်သန်နေမှု ကိုသာ ဆိုလိုတယ်။ အချိန်တိုင်း သိမှတ်မှု အပ္ပမာဒ မလွတ်ကင်းဘဲ နေထိုင်သွား တယ်။ ဒါဟာ ဘာဝနာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေး အတီတေ ကတည်းက ဘာဝနာ မပြုခဲ့ဖူးသူ အတွက်၂၄ နာရီ ထားဦး ~ ငါးမိနစ် တည်တံ့ဖို့ တောင် လွယ်ကူမှာ မဟုတ်ဘူး ရယ်။  အကြိမ်ကြိမ် အထပ်ထပ် သတိစွဲကပ်နိုင်ဖို့ အစဦး အချိန်ဟာ အားစိုက် ရပါတယ်။ ဇွဲ လုံ့လ သန်ရပါလိမ့်မယ်။


ဆိုပါစို့ ~ တစ်နေ့ အနည်းဆုံး တစ်ကြိမ် တစ်ခါလောက် ဖြစ်ဖြစ် နှစ်သက်ရာ ကမ္မဋ္ဌာန်း ဘာဝနာ နည်းနာ တစ်ခုခု ကို  ပြုကျင့်စေ ချင်ပါ တယ် ။ ၂၄ နာရီ မဖြစ်နိုင်လို့ စိတ်ပျက် စရာ မရှိဘူး။ သတိဝင်တိုင်း မပြတ် ပွားများ နေရင် လုံလောက်ပါတယ်။ ထေရဝါဒ ဗုဒ္ဓ ဘာသာ အတွင်းက အာနာပါန၊ စိတ္တာနုပဿနာ၊ ဝေဒနာနုပဿနာ၊ ကာယာနုပဿနာ၊ ဓမ္မာနုပဿနာ စသည် အပြင်၊ ပြင်ဆင် ယူထား တဲ့ တရား စခန်း အမျိုးမျိုးက နည်းနာ အမျိုးမျိုး ရှိမယ်။ ကမ္မဋ္ဌာန်း အားဖြင့်လည်း အမျိုးမျိုး ရှိမယ်။ ဟိန္ဒူ တို့ရဲ့ ယောဂ နည်းနာ တွေ လည်း ကိုယ်စီ ရှိမယ်။ မဟာယာန ဒါမှမဟုတ် ဇင် တို့ကလာတဲ့ နည်းစနစ် တွေလည်း ရှိမယ်။ ဘယ်နည်းစနစ်က ဘယ်လို မှန်ကန်ပြီး ဘယ်နည်း စနစ် က ဘယ်လို မှားယွင်းတယ် ကျနော် မပြောပါဘူး ။ ကိုယ်နှစ်သက်ရာ နည်းနာကို မိမိ သမ္ပဇဉ်နဲ့ တိုက်ညှိ ကျင့်သုံး နိုင် ပါတယ်။

ဒီနေရာမှာ သိစေလိုတာက - နည်းစနစ် ဘယ်လောက် ကွဲပြား နေပါစေ ~ ဘာဝနာ မှန်ရင် သူ့ ရဲ့ ဦးတည်ရာဟာ ယခုပစ္စုပ္ပန် တည့်တည့် အပေါ် အရင်းအတိုင်း သိမြင်ရေး သာ ဖြစ်တယ်။ အဲ့ဒါကို အမှတ်ရဖို့ လိုပါတယ်။ ဘာဝနာ နည်းစနစ် အားလုံးရဲ့ အနှစ်ချုပ် ဟာ "အပ္ပမာဒ" တစ်လုံး တည်း (ဝါ) သတိ မပြတ် သိမှတ် စောင့်ကြည့်နိုင်မှု တစ်ခုတည်း။ အဲ့ဒါ သာ အရင်းအခြာ ဖြစ်တယ်။

ဘယ်နည်းစနစ် က ဘယ်အကျိုးကို ရမယ် ~ ဟိုနည်းစနစ်က ဟိုလိုဖြင့် ပိုကောင်းတယ် စသဖြင့် မျှာ်လင့်ရင် မှားပါလိမ့်မယ်။ အကျိုး ရလာဒ် က သူ့ဟာသူ ဖြစ်တည် လာပါလိမ့်မယ်။ ခင်ဗျားလုပ်ရမှာက သတိမပြတ် ရှိနေရုံလေးပဲ။ အဲ့ဒါ အရေးကြီးပါတယ်။

ဒါ့ကြောင့် ~

Methods don't work. What really works is patience.
Methods are devices to help you to remain patient and open.

ဘာဝနာ ဘယ်နည်း စနစ်မှာ မဆို ၊ အဲ့သည် နည်းစနစ် တွေက အလုပ်လုပ်ပေးတာ မဟုတ်ပါဘူး။ တကယ် အကျိုးအာနိသင် ထုတ်ပေး တာက သည်းခံ စောင့်ကြည့်မှု "သတိ (ဝါ) အပ္ပမာဒ" ဆီကသာ ဖြစ်တယ် ။ နည်းစနစ် ဆိုတာ သည်းခံ စောင့်ကြည့်နိုင်ဖို့ ပံ့ပိုးပေးတဲ့ အထောက် အကူ သာ ဖြစ်ပါတယ်။ ဒါကို နားလည်ထားဖို့လည်း လိုအပ်တယ်။

ဥပမာ - ခင်ဗျားက ခင်ဗျား အခန်း ထဲမှာ တစ်ဦးတည်း ငြိမ်သက်ရင်း ထိုင်ရုံမျှ ထိုင်နေမယ်။ ထိုင်နေရုံမျှလေး အပေါ် အသိ၊ သတိ ရှိနေ တယ်။ နိုးနိုးကြားကြား ရှိတယ်။ အခြား အတွေး မဝင် ထိုင်ရုံမျှလေးပဲ ရှိမယ်။ ဒါဆိုရင် လည်း ပြည့်စုံပါတယ်။ နည်းစနစ် တစ်ခု ချင်းစီ ဟာ အဲ့လို ထိုင်ရုံ မျှ မထိုင်နေနိုင်သူ၊ တောင်တောင်အီအီ အတွေးများ နေသူတွေ အတွက် အခြေတည် ပေးဖို့ တာဝန်ယူ ထား တယ်။  အဲ့သည် နည်းစနစ် အသိကြောင့် လူဟာ အခြား အရေးအရာတွေကို ခဏရပ်တယ်။ တစ်နာရီ ၊ နှစ်နာရီ စသည်ဖြင့် သတိကပ်ဖို့ အာရုံ စိုက် တယ်။ ဒီ နည်းစနစ် တစ်ခုခုမှ ရှိမနေရင် သူ့မှာ ဒီလို မထိုင်နိုင်ဘူး ရယ်။

ဒါ့ကြောင့် ဘာဝနာ ဆိုတာ ဘာလဲ လို့ မေးရင် ~

ဘာဝနာ ဆိုတာ အခြား မဟုတ်။ အခုခဏ အပေါ် အသိ၊ သတိ စွဲမြဲ ထားခြင်း၊ နိုးကြား သက်ဝင်နေခြင်း သက်သက် ဖြစ်ပါတယ်။ အခု ခဏ အပေါ် သဘာဝ အကျဆုံး ရှုမြင်တာ ဖြစ်ပြီး ၊ အခြား အတွေးအကြံ၊ ခံယူချက် ၊ မျှော်လင့် တမ်းတချက် ဘာမှ ရောစွက် ရှိ မနေဘူးရယ်။

...................
March 11st 2012 at 11:30 AM
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...