Sunday, March 11, 2012

လူငယ်များအတွက် စီးပွားရေးအတွေးအခေါ်

by Moenge Aung on Sunday, March 11, 2012 at 2:55pm ·
 

By HR Journal အတွင်းပတ်ဝန်းကျင်များ  
လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အနေဖြင့် မိမိထုတ်လုပ်သည့် ပစ္စည်း သို့မဟုတ် ဆောင်ရွက်မှု လုပ်ငန်းအား ဈေးကွက်သို့ မပို့ဆောင်မီ အတွင်းပတ်ဝန်းကျင်ဖြစ်သည့် အချက်လေးချက်ကို စနစ်တကျ လေ့လာရန်လိုအပ်ပြီး ရောင်းဝယ်ရေး စီမံချက်ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားတွက်ချက်ရန် လိုအပ်ပေသည်။ ယင်းအချက်များသည် လုပ်ငန်းရှင်က ထိန်းချုပ်နိုင်စွမ်းရှိပေသည်။


(၁) ငွေရရှိမှု အရင်းအမြစ်များ (Financial Resources)

မိမိပစ္စည်းအား ဈေးကွက်သို့မပို့မီ မိမတွင်ရှိသော ငွေကြေးအခြေအနေမှာ ဆက်လက်လုပ်ကိုင်နိုင်သည့် အခြေအနေတွင်ရှိ၊ မရှိ၊ ဈေးကွက်တွင် မိမိပစ္စည်းတွင်ကျယ်၍ နောက်ထပ်မံတိုးချဲ့ထုတ်လုပ်လိုလျှင် ငွေကြေးလုံလောက်မှုရှိ၊ မရှိ၊ ငွေကြေးထပ်မံရရှိနိုင်မည့် အရင်းအမြစ်များ၊ နည်းလမ်းများကို ကြိုတင်တွက်ဆပြီး ရောင်းဝယ်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရန် လိုအပ်ပေသည်။ ယင်းအခြေအနေမှာ မိမိ၏ ကြိုတင်စီစဉ်ဆောင်ရွက်နိုင်မှုအပေါ် များစွာမူတည်နေသည်။ တစ်နည်းအားဖြင့် မိမိထိန်းသိမ်းနိုင်စွမ်းရသော အခြေအနေတစ်ခု သို့မဟုတ် အတွင်းပတ်ဝန်းကျင် တစ်ခုပင်ဖြစ်သည်။

(၂) ဖြည့်ဆည်းပေးသူများ (Suppliers)

လိုအပ်သော သွင်းအားစုများကို ဖြည့်ဆည်းပေးသူများအား အသုံးပြုရာတွင် ၎င်းတို့၏ ဈေးနှုန်းပေးသွင်းနိုင်သည့် အချိန်၊ အရည်အသွေး၊ စီမံခန့်ခွဲမှု အကူအညီ စသည်တို့အပေါ် မူတည်ပြီးမှ ရွေးချယ် သတ်မှတ်လေ့ရှိသဖြင့် မိမိ၏ ထိန်းချုပ်နိုင်မှုအပေါ် တည်ရှိနေသည့်အတွင်း ပတ်ဝန်းကျင်တစ်ခုပင်ဖြစ်သည်။

(၃) ပန်းတိုင်နှင့် ရည်ရွယ်ချက်များ (Goal & Objectives)

လုပ်ငန်းအသစ် စတင်ထူထောင်ပြီး ဈေးကွက်သို့ ပို့ဆောင်ရာတွင် ရေရှည်ဆုံးဖြတ်ချက်များအပေါ် မူတည်လျက် ရှေ့ဆောင်လမ်းညွှန်မှု ပြုနိုင်မည့် ရောင်းဝယ်ရေးအစီအစဉ်များကို အဆင်ပြေအောင် ဆောင်ရွက်နိုင်စွမ်း ရှိစေသည့်အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်အတွက် စီးပွားရေးလုပ်ငန်း အောင်မြင်အောင် ထိန်းသိမ်းနိုင်စွမ်းလည်း ရှိစေသည်။ သို့ဖြစ်ရာ ပန်းတိုင်နှင့် ရည်မှန်းချက်များသည် စွန့်ဦးတီထွင် လုပ်ငန်းရှင်၏ ထိန်းချုပ်မှုတွင် တည်ရှိနိုင်သော အတွင်းပတ်ဝန်းကျင် တစ်ခုပင်ဖြစ်သည်။

(၄) စီမံခန့်ခွဲမှုအဖွဲ့  (Management Team)

တာဝန်ဝတ္တရားများကို ဆောင်ရွက်ကြရာတွင် အရေးပါဆုံး အချက်တစ်ချက်ပင်ဖြစ်သည်။ အချို့ကိစ္စရပ်များတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များ ထိန်းချုပ်နိုင်စွမ်း မရှိတတ်သည်ကို တွေ့ကြရပေသည်။ ဥပမာ- အတတ်ပညာပိုင်းဆိုင်ရာ မန်နေဂျာများ လုပ်ငန်းခွင်တွင် လိုအပ်သလောက်မရှိဘဲ လျော့နည်းနေတတ်သည်များပင် ဖြစ်သည်။ သို့ဖြစ်ရာ ထိရောက်သော စီမံခန့်ခွဲမှုအဖွဲ့ကို ထူထောင် ဖွဲ့စည်းရမည်ဖြစ်ပြီး ရောင်းဝယ်ရေး စီမံချက်ရေးဆွဲရေးအတွက် ယင်းအဖွဲ့အား သီးခြားတာဝန်ပေးအပ်ရန် လိုအပ်ပေသည်။ အထူးသဖြင့် လူငယ်စီးပွားရေး လုပ်ငန်းရှင်များအနေနှင့် မိမိထိန်းချုပ်မှု အောက်တွင်မရှိသော အပြင်ပတ်ဝန်းကျင် ၇ ချက်နှင့် မိမိထိန်းချုပ်မှု အောက်တွင်ရှိသော အတွင်းပတ်ဝန်းကျင် ၄ ချက်တို့ကို ထည့်သွင်း ခန့်မှန်းတွက်ချက်ပြီးမှ ရောင်းဝယ်ရေးစီမံချက်ကို ရေးဆွဲဖို့ လိုအပ်ပေသည်။

အထပ်ပါ ရုပ်ပုံကားချပ်အရ ရောင်းဝယ်ရေး စီမံချက်ဆိုင်ရာ ဆုံးဖြတ်ချက်များ  (Marketing Planning Decisions) ကို ချမှတ် ဆောင်ရွက်ပြီး စားသုံးသူများအတွက် လမ်းညွှန်မှုအခြေခံဖြစ်သည့် ရောင်းဝယ်ရေးဆိုင်ရာ ဈေးကွက်မဟာဗျူဟာ (Marketing Strategy) များနှင့်အတူ စားသုံးသူထံသို့ မိမိထုတ်လုပ်သည့် ကုန်ပစ္စည်းကို ပို့ဆောင်ပေးသဖြင့် စားသုံးသူများကလည်း ဝယ်ယူစားသုံးရန် ဆုံးဖြတ်ချက်များ ချမှတ်ကာ ဝယ်ယူစားသုံးကြပါသည်။ ယင်းပစ္စည်းများအပေါ် ကျေနပ်နှစ်သက်မှုရှိ၊ မရှိ ယင်းတို့၏ သဘောထားများကို ရယူကာ တစ်ဖန် ပြန်လည်သုံးသပ်လျက် ပိုမိုတိုးတက် ကောင်းမွန်သည့် ကုန်ပစ္စည်းများကို ထပ်မံထုတ်လုပ်ပြီး ဈေးကွက်သို့ ပို့ပေးရပေမည်။

ယင်းသို့ဖြင့် ရောင်းဝယ်ရေးစနစ်၏ ယန္တရားမှာ လည်ပတ်လျက်ရှိတတ်ပေသည်။ အထူးသတိပြုရမည့် အချက်တစ်ချက်မှာ ကုန်ပစ္စည်းသည် ဈေးကွက်တွင် အောင်မြင်စွာ တွင်ကျယ်နိုင်စေရန်မှာ ဖော်ပြပါ ရောင်းဝယ်ရေးစနစ်အတိုင်း ဆောင်ရွက်နေလျှင် အချိန်ကာလ အားဖြင့်လည်းကောင်း၊ ငွေကြေးအားဖြင့်လည်းကောင်း ကုန်ကျကြန့်ကြာနေမည်ကို စိုးရိမ်စိတ်ဖြင့် အလျင်စလို စနစ်မကျပြုလုပ်လိုက်လျှင် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်မည်ဖြစ်သော်လည်း ပြိုင်ဆိုင်မှု ပေါများနေသည့် ဈေးကွက်စီးပွားရေးစနစ်တွင် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

ယနေ့ စာရေးသူတို့နိုင်ငံရှိ ဈေးကွက်စီးပွားရေးစနစ်တွင် အောင်မြင်နေသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကို လေ့လာကြည့်လျှင် အများစုက စီးပွားရေးလုပ်ငန်းကို စာတွေ့လက်တွေ့ ပေါင်းစပ် လုပ်ကိုင်တတ်သူများ ဖြစ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပြီး အားလုံးတွင် တူညီသော အချက်တစ်ချက်ရှိရာ ၎င်းမှာ “စနစ်” (System) မှန်ကန်မှု ရှိခြင်းပင်ဖြစ်သည်။ (ဤနေရာတွင် လုပ်ပိုင်ခွင့် ရှိသူများနှင့် ပေါင်းပြီး ဂွင် (ခွင်) ရိုက်ကာ ချမ်းသာလာကြသော "crony" များကို လုံးဝ (လုံးဝ) ဆိုလိုခြင်းမဟုတ်ပါ)

By HR Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...