Sunday, March 11, 2012

မြန်မာလူငယ်နည်းပညာရှင်များ

by Hana San on Thursday, December 8, 2011 at 10:40am ·


ကျွန်မရဲ့မိတ်ဆွေအချို့ နဲ့ကျွန်မ တို့  Myanmar PIC Group ဆိုပြီး Facebok မှာ Open Group လေး ဖွဲ့ထားလိုက်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို အဖွဲ့ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ https://www.facebook.com/group/261685387220905/

ကျွန်မ ရင်နာနေခဲ့တာတစ်ခုရှိတယ်။ အာစီယံတိုင်းပြည်တွေကနေ ၊အခြားတိုင်းပြည်တွေကနေ လူငယ်နည်းပညာရှင်များ နည်းပညာနှီးနှောဖလှယ်ပွဲတွေ၊ လေ့လာရေးလာရောက်ဖို့ ဖိတ်ခေါ်တာတွေမှာ လူငယ်ဆိုပြီး မြန်မာနိုင်ငံကနေ ကိုယ်စားလှယ်သွားသူ အတော်များများဟာ လူငယ်တွေ မဟုတ်ကြဘူး။ အသက် ၃၅ နှစ်အထက်ကို ကျွန်မတို့က လူငယ်လို့ ခေါ်လို့မရတော့ပါဘူး။ထားပါတော့ အသက် ၄၀။ ၄၀ မပြည့်သေးရင် ဘဝမစသေးဘူးဆိုရင်လည်း အသက်၄၀ ကျော်အနေနဲ့ကတော့ လူငယ်လို့ ပြောရဖို့ ခက်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အသက် ၃၅-၄၀ ကြားကိုရောက်နေလို့ လူငယ်မဟုတ်တော့ပါဘူး။


ပြည်ပလူငယ်နည်းပညာဖလှယ်ပွဲတွေမှာ ကျွန်မတို့ အသက်အရွယ် မြန်မာကိုယ်စားလှယ်တွေ၊ ကျွန်မထက်တောင် အသက်ကြီးတဲ့ မြန်မာကိုယ်စားလှယ်တွေက တက်ရောက်ကြတယ်။ ကျွန်မ ရှက်မိတယ်။ မေးစရာမေးခွန်းတွေလည်းရှိလာတယ်။ ရှက်မိတာက ကျွန်မ ပြည်ပကျောင်းက ကျွန်မရဲ့ကျောင်းသားလေးတွေက အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အထိ ရှိပါတယ်။ အဲဒီ လူငယ်လေးတွေ သွားတက်ရောက်တဲ့ပွဲတွေကို ကျွန်မတို့ မြန်မာနိုင်ငံကနေ လာပြီး လူငယ် ကိုယ်စားလှယ်အနေနဲ့ လာတက်ရောက်ကြတာက ခုနက ကျွန်မပြောတဲ့ so-called လူငယ်တွေ။ မေးစရာရှိလာတာက ကျွန်မတို့ မြန်မာနိုင်ငံမှာ လူငယ်နည်းပညာရှင်တွေ မရှိကြလို့လား။ မဟုတ်ပါဘူး။ လူငယ်နည်းပညာရှင်တွေ မသိကြလို့ပါ။

အခြားတိုင်းပြည်တွေကနေ ဒီလို နည်းပညာနှီးနှောဖလှယ်ပွဲတွေ၊ ပရောဂျက်ပြိုင်ပွဲတွေ၊ နည်းပညာထောက်ပံ့ချင်လို့ sponsor ပေးပြီး ခေါ်ယူသင်တန်းပေးတာတွေ ရှိပါတယ်။ အဲဒါတွေကို  ဖိတ်ကြားတဲ့အခါမှာ သက်ဆိုင်ရာ အကြီးအကဲတွေဆီကို ဖိတ်ကြားပါတယ်။ အဲဒီ သက်ဆိုင်ရာအကြီးအကဲတွေကနေ ဒီသတင်းကို ဖြန့်ဝေပေးပြီး ဘယ်သူတွေက ဒီဟာအတွက် entitle ဖြစ်သလဲဆိုပြီး လူရွေးချယ် စေလွှတ်ရတာမှာ သတင်းကို မဖြန့်တော့ဘဲ ဆိုင်ရာ ဆိုင်ရာ ဆွေမျိုးသားချင်းမိတ်ဆွေများကိုပဲ စေလွှတ်လိုက်တော့ young ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ပွဲတွေမှာ ကျွန်မတို့ မြန်မာလူမျိုးတွေမှာ မရန်း(young) နိုင်ကြတော့တာပါ။

ဒီပွဲတွေကို မသွားခဲ့ကြဘူးလားလို့ လူငယ်တွေကို မေးကြည့်တဲ့အခါ "ကျွန်တော်တို့ သိတောင် မသိဘူး " ဆိုတဲ့အဖြေတွေပဲရပါတယ်။ အဲဒါကြောင့် ကျွန်မ သိရင်သိလောက် ၊ ကျွန်မရဲ့ ပြည်ပကျောင်းရဲ့ email ထဲကို ဝင်လာရင် ဝင်လာသလောက် စာတမ်းဖတ်ပွဲဖိတ်ကြားစာတွေ၊ forum တွေ၊ နည်းပညာနှီးနှောဖလှယ်ပွဲ သတင်းတွေကို Facebook မှာ share နေတာပါ။

ကျွန်မက မျက်ဝါးထင်ထင် မမြင် မတွေ့ရလို့ မြန်မာလူငယ်တွေရဲ့ အားကိုမမှန်းဆနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု ကျွန်မ ပြန်ရောက်လာတဲ့ ၆လအတွင်းမှာ လူငယ်တွေအများကြီးကို ကျွန်မ တွေ့တယ်။ သူတို့ ပြောတာတွေ နားထောင်တယ်။ ကျွန်မကလည်း ပြောတယ်။ သူတို့ တီထွင်ကြံဆထားတာတွေကို ကျွန်မ တွေ့တယ်။ အဲဒီမှာ ကျွန်မ ပိုပြီးရင်နာတယ်။ မြန်မာလူငယ်တွေ တော်တယ်။ လူမသိ၊ သူမသိ တော်နေကြတယ်။ မြေတောင်မြှောက်ပေးမယ့်သူ မရှိဘူး။ တစ်ရံတစ်ခါမှာ ငွေရှင်ကြေးရှင် ကုန်သည်ပွဲစားတွေက လူငယ်နည်းပညာရှင်တွေရဲ့ ဦးနှောက်ကို ဖောက်စားသွားတာတွေတောင် ရှိသေးတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ နည်းပညာတစ်ခုခုမှာ တတ်ကျွမ်းတဲ့သူ အတော်များများဟာ သူတတ်ကျွမ်းတဲ့နည်းပညာမှာသာ ဂိတ်ဆုံးတတ်ကျွမ်းချင်တတ်ကျွမ်းမယ်...ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှု၊ အချိန်ကို စီမံခန့်ခွဲနိုင်မှု၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်တွေမှာတော့ အားနည်းတတ်ကြတယ်။ ဒါတွေကလည်း မွေးရာပါ အရည်အချင်းတွေ မဟုတ်ဘူး။ အခြားတိုင်းပြည်တွေမှာ ဒါတွေကို တက္ကသိုလ်၊ ကောလိပ်တစ်ခုခုကို တက်လိုက်တာနဲ့  training တွေ၊ workshop တွေ ပေးနေကြတာ။ တစ်ပြားမှလည်း သင်တန်းကြေး ပေးတက်စရာမလိုဘူး။ လူတစ်ယောက်အတွက် လိုအပ်လို့ကို သက်ဆိုင်ရာကျောင်း၊ လုပ်ငန်းခွင်အသီးသီးကနေ လေ့ကျင့်ပျိုးထောင်ပေးတဲ့ သင်တန်းတွေ။

ကျွန်မ လူငယ်တွေရဲ့ စကားတွေကို နားထောင်ကြည့်တယ်။ သူတို့မှာ  creative idea တွေအများကြီးရှိတယ်။ ဒါပေမဲ့ လေ့ကျင့်ရေးကွင်း မရှိဘူးလို့ ပြောရမှာပဲ။ သူတို့ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်စရာအခွင့်အရေးမရှိဘူး။ ဒီကျောင်းတက်တော့ကော ကျောင်းပြီးရင် ဘာဖြစ်မှာမို့လဲကွာ ဆိုတဲ့အတွေးမျိုးတွေကိုပဲ အခြေအနေ အရပ်ရပ်က ဖြစ်သွားစေခဲ့တယ်။ အနာဂတ်မှာ ဒီပညာရပ်နဲ့ ဘာလုပ်စားနိုင်မှာမို့လဲဆိုတဲ့ အတွေးတွေပဲ ဝင်သွားကြတယ်။ အနာဂတ်ဆိုတာကို ကြိုတင်စိတ်ကူးလို့ မရရင် ပစ္စုပ္ပန်မှာ ကြိုးစားလိုစိတ်တွေ လျော့ပါးကုန်တတ်တာ ကျွန်မ ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးတာပဲ။

တကယ်တမ်းကျတော့ နည်းပညာရှင်လူငယ်တွေအတွက် ပညာရှင်ကို ပညာရှင်လိုဆက်ဆံခံရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိပါတယ်။ လူငယ်တွေ မသိကြလို့ရယ်၊ သိတဲ့သူတွေကလည်း သတင်းကို ဝှက်ထားလို့ရယ်၊ ကြားထဲက ပွဲစားလုပ် လက်ဝါးကြီးအုပ်ထားကြတဲသူတွေကြောင့်ရယ်သာပါပဲ။

ကျွန်မ ပြောချင်တာက လူငယ်တွေ နည်းပညာရှင်တွေ ကိုယ့်ရဲ့ အရည်အသွေးကို တက်လာသည်ထက် တက်လာအောင် ကြိုးစားနေပါ။ ကိုယ်သာ အမှန်တကယ် တတ်ကျွမ်းတဲ့ နည်းပညာရှင်ဆိုရင် အလုပ်ဆိုတာကို ကိုယ်က လိုက်ရှာနေစရာမလိုပါဘူး။ အလုပ်ရှင်တွေက ကိုယ့်ကို လိုက်ရှာတာပါ။ အဲဒီလို အလုပ်ရှင်ကသာ ကိုယ့်ကို လိုက်ရှာတာမျိုးဖြစ်လာအောင်တော့ ကိုယ့်ကို လူတွေ သိဖို့ လိုပါတယ်။ သိဖို့က မိမိကိုယ်ကိုရောင်းချဖို့လည်း လိုတယ်။ မိမိကိုယ်ကို ရောင်းချဖို့ဆိုတာက ကိုယ့်ရဲ့ ဖန်တီးမှုတွေကို လူသိအောင် ပြရမှာပါပဲ။ ကျွန်မ ပြည်ပကျောင်းမှာ ကျောင်းသားတွေရဲ့ project တွေရှိတယ်။ project ပြိုင်ပွဲတွေရှိတယ်။ တခြားနေရာတွေမှာရှိရင်လည်း ကျောင်းကနေ ကျောင်းသားတွေကို ရွေးချယ်စေလွှတ်တယ်။ ကျောင်း R & D (Research and Development) ကနေ သုတေသနပရောဂျက်တွေ၊ စာတမ်းတွေကို ကျောင်းမူပိုင်အဖြစ်နဲ့ တင်ပြထားရှိတယ်။ အဲဒီအခါမှာ ဒီဟာကို commercial ထုတ်လုပ်ချင်တဲ့သူက ကျောင်းကို ရောက်လာပြီး ပညာရှင်ကျောင်းသားတွေနဲ့ တွေ့ဆုံ အလုပ်စာချုပ် ချုပ်တော့တာပဲ။ ကျောင်းသားတွေရဲ့ supervisor ဆရာတွေက ကျောင်းသားတွေ ပရောဂျက်လုပ်နေတာကိုသာ guide လုပ်ပေးတာ၊ ဒီလိုမျိုး အလုပ်ကိစ္စတွေမှာ ဝင်မပါတော့ဘူး။ အင်တာနက်မှာ သက်ဆိုင်ရာဂျာနယ်တွေမှာ သုတေသနစာတမ်းတွေ တင်ပြထားတာတောင် ဆရာ့နာမည်က နောက်မှာပါ။ ဒီတော့ကာ လုပ်ငန်းရှင်တွေကလည်း ရှေ့ဆုံးနာမည်က ကျောင်းသားသာလျှင် ဒီပရောဂျက်ရဲ့ ဖန်တီးသူ ၈၀%ကနေ ၉၀% အထိဖြစ်တယ်ဆိုတာ အလိုလိုသဘောပေါက်ပြီးသားမို့ ကျောင်းသားကိုသာ ဆက်သွယ်လာကြတော့တယ်။ ကိုယ့်ပရောဂျက်ကို ရောင်းစားမလား၊ patent လုပ်မလား၊ ထပ်ပြီး collaboration လုပ်မလား ...ဒါက ကျောင်းသားရဲ့ သဘောပါပဲ။ ဘယ်သူကမှ  လက်ဝါးကြီးအုပ်၊ နာမည်ယူပြီး ဦးနှောက်ဖောက်စားတာတွေ မလုပ်ကြဘူး။

တစ်ခုတော့ ရှိတာပေါ့လေ...ကျွန်မလုပ်ထားတဲ့ prototype ကို သဘောကျလို့ commercialize လုပ်ချင်သူက ရောက်လာပေမယ့် ကျွန်မက့ မြန်မာနိုင်ငံသားဖြစ်နေတဲ့အတွက် အလုပ်မဖြစ်သွားတာမျိုးတွေလည်း ရှိတယ်။ ဘယ်နေရာကဆိုတာကို မကြည့်ဘဲနဲ့ ဘာမှ ခွဲခြားမှု မရှိတဲ့ သူတွေလည်းရှိတယ်။ အဲဒါက အဲဒီအချိန်တုန်းကမို့ပါ။ တဖြည်းဖြည်းတော့ ပြောင်းလဲလာပြီး မြန်မာနိုင်ငံသားမို့လို့ဆိုပြီး အခွင့်အရေး မရတာတွေ နောင်အနာဂတ်မှာ မရှိလာတော့ဘူးလို့ မျှော်လင့်ပါတယ်။

ကျွန်မ ဒီမှာ လုပ်ချင်တယ်။ ကျွန်မ ဒီမှာ စာသင်ပြနေတဲ့ ချင်းတွင်းကောလိပ် ကျောင်းသားတွေရှိတယ်။ ကျွန်မရဲ့မိတ်ဆွေလေးတွေ လူငယ်နည်းပညာရှင်လေးတွေ ရှိတယ်။ ဒီလူငယ်တွေ စိတ်ကူးရှိသလောက် ၊ လက်တွေ့မှာလည်း ဖြစ်လာနိုင်တဲ့ ပရောဂျက်မျိုးတွေကို လုပ်ဖို့အတွက် ကူညီပံ့ပိုးပေးမယ်။ components တွေ ဝယ်ဖို့ လိုအပ်တာတွေကို မှာယူဝယ်ပေးမယ်၊ လက်တွေ့စမ်းသပ်ဖို့ laboratory ကူညီပေးမယ်။ အချိန်အတိုင်းအတာကာလတစ်ခုမှာ ဖြစ်လာတဲ့ ပရောဂျက်တွေကို နိုင်ငံတကာစာတမ်းအနေနဲ့ ထွက်ရှိလာအောင် စာတမ်းရေးဖို့ ကူညီပေးမယ်။ အဲဒီစာတမ်းတွေကို နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲတွေအတွက် အရည်အသွေးမီအောင် ကြိုးစားကြမယ်။ စာတမ်းဖတ်ပွဲကို သွားရောက်ဖို့ အကူအညီလိုအပ်တယ်ဆိုရင် ကူညီပေးပါမယ်။ ကူညီပေးချင်သူတွေ၊ sponsor ပေးချင်သူတွေ ရှိပါတယ်။ ကျွန်မက နည်းပညာရှင်လူငယ်တွေနဲ့ ကူညီထောက်ပံ့ပေးချင်သူတွေနဲ့ကြားက တံတားပါပဲ။ ဆက်သွယ်ပေးမယ့် တံတားတစ်ခုအဖြစ်ပဲ ရှိနေမှာပါ။ ကျွန်မက ဟိုဘက်က ဖိတ်ကြားစာတွေ ဖိတ်ကြားတာတွေကို သိတယ်။ ဒီဘက်က လူငယ်တွေကိုသိတယ်။ ဒီလူငယ်တွေကို ထောက်ပံ့ပေးမယ့် (ငွေထုတ်ပေးမယ့်၊ မြေတောင်မြှောက်ပေးချင်တဲ့ စေတနာရှင်) တွေကို သိတယ်။ တကယ့်ပညာရှင်ကို ပညာရှင်လို ဆက်ဆံမယ့် တန်ဖိုးထားမယ့် လုပ်ငန်းရှင်တွေကို သိတယ်။ အဲဒါတွေကို ချိတ်ဆက်ပေးမယ့် တံတားပါ။ အဲဒါကြောင့် ကျွန်မတို့ အဖွဲ့လေး team လေးတစ်ခု ဖွဲ့လိုက်ပါတယ်။ PIC လို့ဆိုထားပေမယ့် သိပ္ပံနှင့်နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ နည်းပညာဆိုတာတစ်ခုတည်းနဲ့ ဖြစ်လာနိုင်တာမှ မဟုတ်ဘဲ။ hardware သမားပါမယ်။ software သမားပါမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြစ်လာတာပဲ။ လူငယ်တွေဘက်က တကယ် ဒါတွေ ဖြစ်လာအောင်သာ ကြိုးစားပေးပါ။ တကယ့်လူငယ် မြန်မာလူငယ်နည်းပညာရှင်တွေ အနေနဲ့ ကမ္ဘာမှာ ဒါ မြန်မာလူငယ်တွေပါလို့ ပြခွင့်ရဖို့က ကျွန်မရဲ့ အပြင်းပြဆုံးဆန္ဒပါ။ လူကြီးတွေက မကြာမီမှာ သေကြတော့မှာ။ ခေတ်အဆက်ဆက် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အားပါပဲ။
Orginal Source >> Click here

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...