Tuesday, March 20, 2012

သော့တစ်ချောင်း ကောက်ရထားသည်

by Zay Ya on Tuesday, March 20, 2012 at 11:35pm ·
 
 ဒီမနက် အစောပိုင်း က သော့တစ်ချောင်း ကောက်ရတယ်။ ထူးဆန်းတဲ့ ဖြစ်ရပ်ပဲ လို့ ထင်ကြေးပေး ကြမလား။ ကျေးဇူး တင်ပါတယ် ။ ရွှေသော့ မဟုတ် - ငွေသော့ မဟုတ်။ သာမန် ရိုးရိုး သော့လေး တစ်ချောင်းပဲ ။ ကျနော် သော့တစ်ချောင်း ကောက်ရ ထားတယ်။


မိုးလေဝသ သတင်း ကြေညာချက် ကို ကြည့်ဖို့- ဦးထွန်းလွင် ဆိုဒ် က Updated မဖြစ်နေဘူး။ ဒါကလည်း ခေတ်မမှီတော့တဲ့ အတွေး ဖြစ်နေမယ် ထင်တယ်။ ဒီအချိန်မှာ သော့တစ်ချောင်းကို အာရုံစိုက် ကြည့်တာ ပဲ ကောင်းတယ် ။ အိမ်ရှေ့ ခြံဝ ထိပ်မှာ - သုံးထပ်သား ဘုတ်ပြား တစ်ပြား ထောင်မယ် ။ မြေဖြူနဲ့ ခပ်ကြမ်းကြမ်း ရေးမယ်။ ဒါမှမဟုတ် မီးသွေးခဲ နဲ့ လည်း ဖြစ်ချင်ဖြစ် မယ်။ လက်ရေး မလှရင်တော့ အပြစ်မတင်ပါနဲ့ ။

"သော့တစ်ချောင်း ကောက်ရထားသည်"
- အဓိက က ဆိုလိုရင်း ခင်ဗျား နားလည်ရင် ကိစ္စပြီးတယ်။

ဖရဲသီးသည်လေး လျောက်လာတယ်။ တပတ်နွမ်း လုံချည်လေး ဝတ် ထားတယ်။ နီနီရဲရဲ ၊ အရည် ရွှဲရွှဲ ဖရဲသီး ဗန်းလေး ခေါင်းမှာ ရွက် ထားတာ မြင်ရတယ်။ "ဖရဲသီးစိတ် ချိုချိုလေး" လို့ အော်လိုက် သလား ဘာလား ကျနော် အသေအချာ မမှတ်မိဘူး။ ခြံဝ ရောက်တော့ သူ့ အသံလေး တိတ်သွား တယ်။ တကယ်က ဒီခလေးမ သီချင်းဆိုရင် တစ်ခွေတည်းနဲ့ ပေါက်နိုင်တယ် လို့ ခင်ဗျားတွေးကြည့် ဖူးလား - သူ့အသံက တော်တော် 'သာ' ပါတယ် ။ ကျနော့ ခြံဝက စာကို သူ နှုတ်ကလေး တရွရွနဲ့ ဖတ်တယ်။ ကျနော် လက်ရေးမလှလို့ ကြိုးစား ဖတ်နေတာ နေမယ်။ နောက်တော့ ကျနော် ပြောချင် တာ သူသဘော ပေါက်သွားတဲ့ ပုံပဲ။ ကျနော့ ဆိုင်းပုတ်ကို ကျောခိုင်း လိုက်တယ်။ သူအော်နေကျ အသံသာလေး နောက်တစ်ခေါက် ကျနော် ကြားလိုက်ရတယ်။ "သော့တစ်ချောင်း ကောက်ရ ထားသည်" ဆိုတာ သူ့အတွက် ဒီအချိန်မှာ အရေးမပါနေဘူးပဲ။ သူ့ ဖရဲသီးကို သော့ခတ်သိမ်းရင်း ကျပျောက် ခဲ့တာ များလား လို့ သူ ဘာလို့ နည်းနည်းလေး တောင် မတွေး လိုက်ရတာလဲ ။ ဖရဲသီး ကို သော့ခတ် မထားရဘူး လို့ ဘယ်သူ ပြောလဲ။ ထားပါတော့ -။

နောက် တစ်အောင့်နေတော့ - သံဃာတော် တစ်ပါး ခေါင်းပေါ် တဘက်လေး တစ်ထည် တင်ရင်း ဖြတ် သွားတယ်။ ကျနော့ ခြံဝက စာကို ဖတ်တယ်။ ပါဠိ ပါဋ္ဌ်ဆင့် အဋ္ဌကထာ ထွက်စကား မဟုတ်တဲ့ ကျနော့ ကျီးခြစ် ကြောင်ချစ် ဝါကျတိုလေးကို သူ စိတ်ဝင်တစား တစ်ချက် ကြည့်တယ်။ သူ့သင်္ကန်းကြား လက်နဲ့ တစ်ချက် သပ်တယ်။ သူ့သော့များ ဖြစ်လေမလား - သူ ကျမိတာ များလား တွေးမိသွား ပုံပဲ။ -- ဒါကလည်း ကျနော့ စိတ်ထင် ဖြစ်လိမ့်မယ်။ ဘာလို့ဆို - ခင်ဗျား လည်း တွေးကြည့် - သံဃာတော် တွေ အတွက် သော့ တစ်ချောင်း က ဘာလုပ်ရမှာလဲ။ သူရို့လို ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါး ရှိ - ကိစ္စပြီးကြတဲ့ ပုဂ္ဂိုလ်တွေ အဖို့ - သိမ်းဆည်း ဖွက်သိုစရာ ၊ သော့ခတ် ပိတ်လှောင်ထားစရာ - ဘာ လိုအပ် နေဦး မလဲ။



နေ့လည် ။ - လျှာထိုး ဦးထုပ် အစိမ်း နဲ့ လူကြီး နှစ်ယောက် ခြံဝမှာ လာရပ်တယ်။ - ဝတ်ပုံစားပုံက လူရည်သန့်တွေ ဖြစ်ပါတယ် ။ နို့ပေမယ့် မျက်လုံး ၊ မျက်နှာထားတော့ သိပ် မကြိုက်လှဘူး ။ ဒါက လည်း သိပ်တော့ အရေးမကြီးပါဘူး။ ဒီ သော့ပိုင်ရှင် တွေလား မှ မသိဘဲ။ သော့ပိုင်ရှင် ဖြစ်ဖို့ အင်္ဂါရုပ် ကောင်းကောင်း ရှိနေစရာ မလိုဘူး ။ ဟုတ်တယ် မဟုတ်လား ။ သူတို့ ကြင်အင် လက္ခဏာ အင်္ဂါရုပ်တွေ ကိစ္စ ကျနော် ဖယ်ထား လိုက်မယ် ။ "ဦးလေးတို့ သော့ကိစ္စ လာကြတာလား" -- ကျနော့ အမေးကြောင့် မျက်နှာတွေက ပိုပြီး ပုပ်သိုး သွားကြသလိုပဲ။

"ဒီလို ကောင်လေး ရဲ့ - မင်းတို့ အိမ်ထောင်စု စာရင်း *****"
ကျနော် စိတ်မဝင်စားတဲ့ အရာတွေ အမေး အဖြေ လုပ်ကြ ပါတယ်။ ကျနော့ မျက်နှာလည်း သူရို့လို ပုပ်သိုး သွားနိုင်တယ်။ ဒီ မျက်လုံးကသာ ကိုယ့်ကိုယ်ကို ပြန်မြင်မယ် ဆိုရင် အဲ့အတိုင်းပဲ ဖြစ်နေ ပါလိမ့်မယ်။ ငါးမိနစ်လောက် စကားပြော အပြီးမှာ သူတို့နှစ်ဦး ပြန်လှည့်ဖို့ ပြင်တယ်။ ကျနော် ကလည်း မသိသား ဆိုးရွား တာတော့ အမှန်ပဲ - "နို့ .... ဦးလေးတို့ သော့ကိစ္စလာကြတာ မဟုတ်ဘူးလား" ။

ကျနော့ အတွက် သူတို့ ပြန်မဖြေ ခဲ့ကြ ပါဘူး။ တစ်ယောက်ကဆို - ရူးနှမ်းနေတဲ့ သူ တစ်ယောက် ကို ကြည့်သလိုမျိုး - မသတီတဲ့ ၊ မနှစ်မြို့တဲ့ အကြည့်နဲ့ ။ တစ်ချက် ကြည့်သွားပါ သေးတယ်။ တကယ် ဆို သူတို့ အင်္ဂါရုပ်နဲ့ ၊ အဲ့ဒီ ပြိတ္တာ တစ္ဆေသရဲ အကြည့်မျိုးနဲ့ ၊ အဲ့ဒီ ဦးထုပ်နဲ့ - လိုက်တယ်။ ဒါလည်း ထား ပါတော့ - ။

တနေကုန် ကျနော် စောင့် ကြည့်လာလိုက်တာ -
နေလည်း ညိုပြီ။ တိမ်တွေ တောင် အနောက်စွေးစွေး ကောင်းကင် ပြင် မှာ တောက်လက်နေပြီ ။ သော့ပိုင်ရှင် ဘယ်သူမှ ရှိကြဟန် မတူဘူး။ ဖြတ်သွားဖြတ်လာ တွေက ကျနော့ ဆိုင်းပုတ် ကို မြင်ရင် အချို့က အမှတ်တမဲ့ ဖတ်တယ်။ အချို့က တခုတ်တရ ဖတ်တယ်။ - အလျို အလျို - အိတ် ကလေး အသာ စမ်းကြည့်တဲ့သူ စမ်းတယ်။ အချို့တွေက ကိုယ့် ပိုက်ဆံအိတ် ကို ကိုယ် သေသေ ချာချာ ဖွင့်ကြည့် ကြ တယ်။ သူတို့ ဆီမှာလည်း သော့ကိုယ်စီ ရှိနိုင်တယ်။ သူတို့ အတွက် သော့ဟာ အရေးပါတဲ့ အရာလေး တစ်ခု ဖြစ်နေနိုင်တယ် ။ ဒါပေမယ့် ကျနော် ကောက်ရတဲ့ သော့တော့ မဟုတ်ဘူးပဲ။

"ဤလမ်းအတွင်း ဝဲယာမှာ မှီတင်းနေထိုင်ကြကုန်သော သဗ္ဗူရိသ နွယ်ဝင် သူတော်စင် သူတော်ကောင်း အပေါင်းတို့ ခင်ဗျာ ..."

သောကြာဆွမ်း အပတ် အတွက် ရပ်ကွက်တွင်း အလှူခံ ။ -- ဟုတ်ပြီ။ တယ်ကောင်းတဲ့ အကြံပဲ။ ကျနော့အတွက် တစ်နေကုန် တစ်နေခန်း ဒုက္ခခံနေရတဲ့ ဝဋ်ကို မြင့်မြင့်မြတ်မြတ် အသုံးချခွင့် ရပြီ။ ကျနော် တိုင်မှာချိတ်ထားတဲ့ အဲ့ဒီသော့ကို ယူလိုက်တယ်။ ခြံဝမှာ ထွက်ရပ်နေလိုက်တယ်။ တဂျောက်ဂျောက် အလှူခံနေတဲ့ ဂေါပက လူကြီး တစ်ယောက် ကျနော့အနား ရောက်လာပါတယ်။ ကျနော် ဝမ်းမြောက် ဝမ်းသာပဲ - သူ့ဖလားထဲကို အဲ့ဒီသော့ ထည့်လိုက် တယ်။ ဂေါပက လူကြီးက သူ့ဖလားထဲကို သူ ကြောင်စီစီနဲ့ ကြည့်တယ်။ ကျနော့ကို လည်း ကြည့်တယ်။ သူ့ပုံစံက နားလည် ဟန် မတူဘူး။ ဘာပဲ ပြောပြော ဒီသော့ဟာ ရွှေဖွင့်တဲ့ သော့ လည်း ဖြစ်နိုင် သလို၊ ငွေဖွင့် တဲ့ သော့ လည်း ဖြစ်နိုင် တယ် မဟုတ်လား။ ဒါကို ဘာလို့ မတွေးကြ တာလဲ။ - ထားပါလေ- သူရို့ အခု နားမလည် ရင် နေပါစေ - တစ်နေ့ ဖွင့်ရမယ့် အချိန် အခါ ရောက်ရင် ဒီသော့ ဟာ အရေးပါ သွားလိမ့် မယ်။

လောလောဆယ် ကျနော့ခြံဝက သုံးထပ်သားပြားလေး ကို ပြန်ငေးကြည့် မိတော့တယ်။ မနက် ရေးခဲ့တဲ့ စာသားက အခု အသုံးမှ မဝင်တော့ ကပဲ။ အဲ့တော့ - အဝတ်စုတ် တစ်ခု ရေစွတ်။ စိတ်ရှိ လက်ရှိ ပွတ် ဖျက်လိုက်တယ်။ ကျီးခြစ်၊ ကြောင်ချစ် ပဲ ထပ်ခြစ် လိုက်ပါတယ်။

"သော့တစ်ချောင်း မရှိတော့ပါ"
........................
March 21st 2012 at 1:00 PM
........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...