မသိချင်ယောင်မဆောင်ကြေး
Nay Soe Naing
နိုင်ငံရေးဟု
စပြီးကျွန်တော်ရေးလိုက်လျှင် ယခု စာဖတ်သူမိတ်ဆွေ ကျွန်တော်၏စာကို
ဆက်ဖတ်ချင်စိတ်
လျော့နည်းသွားပေလိမ့်မည်။ မှားခြင်း ၊ မှန်ခြင်း ဆိုသည်ထက် ကျွန်တော်
မရှင်းသည့် အချက်များကို ယခုကဲ့သို့ ဆက်လက်တင်ပြခွင့်ပြုပါ ။
အဘယ်ကြောင့်ဆိုသော် အခုမှ ရေးရဲ အခုမှ
မေးရဲသောကြောင့်ဖြစ်ပါသည်။အကြော င်းဆိုရသော် ကျွန်တော် တို့ သည် နိုင်ငံရေး
အား မစားကောင်းသည့်
အသီး ၊ မပြောကောင်းသည့်စကား ၊ ချိုလားခါးလား သွားမစမ်းနဲ့
ဘ၀ပျက်သွားချင်လို့လား ဆိုတဲ့
စနစ်အောက်ကထွက်လာကြရလို့ပဲဖြစ် ပါသည်။ထို့အပြင် အပြောတခြား အလုပ်တခြား
နိုင်ငံရေးသမား
များ ကိုလဲ စိတ်ပျက်နေကြသောကြောင့်ဖြစ်ပါ သည်။
နိုင်ငံရေး
ဟုဆိုသော စကားလုံး နှင့် ဒီမိုကရေစီဆိုတဲ့စကားလုံးကို သုံးကြသည့်ပုဂ္ဂိုလ် တော်တော်များများ
မှာ ထောင်နန်းစံကြရခြင်း ၊ နယ်မြေရပ်ခြားသို့ တိမ်းရှောင်ကြရခြင်းစသည့် အကျိုးကျေးဇူးများကို
မုချ တစ်ခုမဟုတ် တစ်ခု ရရှိတတ်ကြရသည်မှာ ဖော်မြူလာ တစ်ခုလိုပင်လူအများ လက်ခံထားကြပါသည်။
ထိုသို့
ခေတ်တွေပြောင်း ၊ စနစ်တွေဟောင်းလို့ ၊ အသစ်တွေတောင်းဆို ကြတဲ့ အချိန်ရောက်လာတော့ လူတိုင်းပါးစပ်ဖျားမှ
လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ၊ ပြောမဆုံးပေါင် တောသုံးတောင် စကားလုံးတွေ ဆိုတာ အရင်တချိန်က
လမ်းဘေးက ခွေးချေးပုံလို သဘောထားခဲ့တဲ့ အရာတွေကို အခုအခါမှာ အလှနံ့သာလို သုံးသူကသုံး
၊ သူမပါလျှင်ပဲ ထမင်းစားမမြိန်တော့သလို လေသံတွေနဲ့ စကားလုံး ဒီမိုကရေစီသမားတွေဆိုတာ
လဲ တောင်ပုံယာပုံ ။
နိုင်ငံရေးပါတီဆိုသည်များမှာလည်း
မှိုလိုပေါက် ၊ ဆွယ်တရားတွေက လဲ သူက ကုလားဆို ၊ ကိုယ်ကဘာဘူ ၊ သူကပေါက်ဖော်ဆိုရင် ၊ ကိုယ်က
တရုတ်ကြီး ဆိုသလို သံတူကြောင်းကွဲ စကားလုံးတွေကို
တွင်တွင်ကြားလာ သည့်အခါ မည်သူ့ စကားကို နားယောင်ရမည်မှန်းကို မသိနိုင်လောက်အောင်ပါပဲ။
ဟိုတစ်ချိန်က
ဒီမိုကရေစီ ဆိုသည့် အသံကို ကြားရလျှင် နားထဲကို သံရည်ပူ နှင့် လောင်းချခြင်းခံရသလို
၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံး အပေါ်မှာ ခွေးချေး လောက်ကို သဘောထားသော လူတွေကလဲ ဒီမို
လေးရယ်တဲ့မှ ကရေစီ ဆိုပဲ ။ ဒီမိုကရေစီ ကပဲ ဖမ်းစားနိုင်သည်လား ဒီလိုလူစားတွေက ပဲ သံရည်ပူတို့
၊ ခွေးချေးတို့ ကြိုက်ကုန်လေရော့သလား ဟု အတွေးများကို ဖြန့်မိပြန်ပါတော့သည်။
ဒီမိုကရေစီ
ဆိုတာ စည်းကမ်းပါ ဆိုပြီး အမြဲပြော ၊ အမြဲဟောနေတဲ့ ပါတီကြီးတွေက ၊ ပါတီဝင် အချို့ရဲ့
လုပ်ရပ်များဟာ အများပြည်သူအတွက် အတုယူချင်စရာ ၊စံထားချင်စရာ ဖြစ်နေပါရဲ့လား။ ၀ါးလုံးရှည်နှင့်
မရမ်းချင်ပါ။သို့သော် ပုပ်သည့် ငါးခုံးမကိုတော့ ပွဲမထုတ်သင့်ပါ။ ပုပ်မည့် ငါးခုံးမ
များကို ဆားသိပ်၊ အိုးထဲထည့်သိပ်ပြီး အရည်ကြိုလိုက်တာမှ အားလုံးအတွက် ငံပြာရည်ကောင်းကောင်းရနိုင်မယ် မဟုတ်လား။
ဟန်ပြလုပ်ဆောင်ချက်များ
၊ ရှေ့ကောင်းနောက်မေ့ ပုံပြင်များ ၊ ငွေက အဓိက မဟုတ်ပါဘူး ပိုက်ဆံက အဓိက ပါဆိုတဲ့ လူများ။
တိုင်းပြည်တွင်းမှာ အခွင့်ထူးခံလူတန်းစားတစ်ရပ် က မပျောက်ပျက်နိုင်ဘဲ ပုံစံတစ်မျိုးနဲ့
ထွက်ပေါ်နေတာတွေကို ဘယ်ပါတီက မှလဲ မပြော ကြ ၊ ဘယ်သူက မှလဲ တာဝန်မယူချင်ကြပါလားကရို့။
ကုမဏီထောင် အမျိုးစုံသော စီမံကိန်းများကို လေလံဆွဲ ၊ ပြီးလွယ်ပျောက်လွယ်လုပ် ၊ ငွေထုတ်ပြီး
အသာနှပ်နေကြသော မကင်းရာမကင်းကြောင်း ဆိုသော မ တစ်ထောင်သားတို့ ဖွင့်ထားတဲ့ ကုမဏီများနှင့်
၎င်းတို့၏ လုပ်ရပ်များ။
လူကြီးလမ်းကြောင်းရှိမှ
လမ်းကောင်းမည် ၊ လူမြင်သူမြင်နေရာမှာပဲ လုပ်ကွက်ကလေးပြထား လိုက်မည် ဆိုသော BOT စနစ်နဲ့
လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို မသိတာလား
၊ မသိချင်ယောင်ဆောင်နေတာလား ၊ ဒါမှမဟုတ် အခု အစိုးရ အဖွဲ့ က ဒီအဖွဲ့တွေဆီက လာဘ်စားထားလို့
ရေငုံနုတ်ပိတ်နေကြတာလား ၊ တစ်ခုခုတော့ တစ်ခုခုဖြစ်ပေလိမ့်မည်။
လာဘ်ပေးလာဘ်ယူမှု
ပပျောက်ရေးအတွက် လစာတွေ တိုးပေးဖို့ အကြံပေးသူက ပေး ၊ အော်သူက အော် တောင်းဆိုသူက တောင်းဆို
။ တိုးတာမတိုးတာ အပထား ကုန်ဈေးနှုန်းကစားသူတွေကတော့ ကစားလို့ကောင်းနေပြီ ။ စပါယ်ယာနဲ့
ခရီးသည်ကြားမှာလဲ ကားခတွေက မတူမညီတွေဖြစ်ကုန်ကြပြီ ။ ပြန်မအမ်းတဲ့ပြဿနာ ၊ ပိုယူတဲ့ပြဿနာတွေကို
ကျွန်တော်တို့ ကိုယ်တိုင်ခံစားနေရပြီ။
အထူးကားတွေဆိုတာ
ဈေးပိုတောင်းတာကို ခေါ်တာပါလား ၊ ဓါတ်ပြားဟောင်းကြီးကိုလဲ မဖွင့်လိုတော့ပြီ ၊ တစ်ခုတော့
ပြောပါရစေ ။ ရှောင်တခင် စစ်ဆေးခြင်း ဆိုတဲ့ လုပ်ရပ်ကြီးနဲ့တော့ အဆင်သိပ်မပြေပါ။ အဘယ်ကြောင့်
ဆိုသော် စစ်ဆေးသူနဲ့ အစစ်ဆေးခံသူ ကြားမှာ ဆွေမျိုထက်၊
လင်မယားထက် ကောင်းတဲ့ ဆက်ဆံရေးတွေရှိနေတာ လူတိုင်းသိတာပဲ ။ စစ်ဆေးတဲ့ အဖွဲ့တွေ့ရင်
စပါယ်ယာ ဆင်းသွား ပိုက်ဆံ သွားပေး ၊ ဟိုက လဲ ဘာမှမလုပ် ။
မေးခွင့်ရှိက
မေးချင်ပါသည် ။ ယခု လွှတ်တော် အသီးသီးမှာ တာဝန်ယူနေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များရော ၊
တာဝန်ယူချင်လှပါရဲ့ တာဝန်ပေးကြစမ်းပါလို့ နားပူနားဆာ လုပ်ပြီး လွှတ်တော်ဝင်ခွင့်ရဖို့
အပြိုင်တိုးဝှေ့နေကြတဲ့ နိုင်ငံရေးပါတီပေါင်းစုံမှ လူပုဂ္ဂိုလ် အပေါင်းတို့ ခင်ဗျာ ။
ခင်ဗျားတို့တွေ လိုင်းကားရော စီးဖူးကြပါလား ။ မစီးဖူးလျှင်လဲ စီး ကြည့်စေချင်ပါသည်။
စီးဖူးလျှင်လဲ ဘာ ကိစ္စ နုတ်ပိတ်နေကြတာလဲ ခင်ဗျာ။
လူတွေမျဉ်းကြားက
မကူးတော့ စီမံချက်နဲ့ဖမ်းတယ် ။ ကောင်းပါသည်ဟုပဲ ဆိုချင်ပါသည် ခင်ဗျာ။ ထိုသို့ ဆောင်ရွက်ချက်များ
၊ ပြည်သူလူထု စည်းကမ်းရှိဖို့လိုကြောင်း အသိပညာပေး စကားများ စာပေများ ကြောင့် မျဉ်းကြားမှ
ဖြတ်ကူးသူဦးရေ များပြားလာတာ မြင်တွေ့နေရသည့်အတွက် ၀မ်းသာမိပါတယ်။ သို့သော်လဲ မျဉ်းကြားမှ
လမ်းဖြတ်ကူးလျှင် သက်စွန့်စံဖျား ဖြတ်နေကြရတာတွေ ၊ ကိုယ်ပိုင်ယာဉ် ၊ အငှါးယာဉ် ၊ အကြီး
၊ အငယ် ၊ အရွယ်စုံ ကာလာစုံ သော ကားများကို မောင်းနှင်သူများမှာ မျဉ်းကြား၌ အရှိန်လျော့ပေးရတာ
သူတို့နဲ့မဆိုင်သလို ပြုမူပြီး မောင်းနှင်နေတာတွေ ၊ မျဉ်ကြားက ကူးတာတောင် ဟွန်းသံ အရှည်ကြီး
တီးပြီး မြည်တွန်တောက်တီးသွားတာတွေကိုေ ရာ ဘာဖြစ်လို့ အရေးမယူကြတာလဲ ။ ကားမောင်းသူလူတန်းစားမို့
တော့ ဟုတ်လောက်ပေဘူးဟု ယုံချင်ပါသည်။
မီတာနဲ့
တက္ကဆီကိစ္စ ဘယ်ရောက်သွားပါသလဲ ။ လမ်းမီးပွိုင့်တွေမှာ ဆိုလာစနစ်နဲ့ ကင်မရာတပ်ဆင်ပေးပါမယ်
ဆိုပြီး တင်ဒါတွေအောင် အလုပ်တွေရသွားကြတဲ့ ဆိုလာပြားတွေ ၊ ဘက်ထရီအိုးတွေ ၊ အင်ဗာတာတွေ
၊ ကင်မရာတွေ ရှိရော ရှိရဲ့လား ၊ ရှိရင်ရော တကယ်အလုပ်လုပ်ရဲ့လား ဆိုတာ လူကြီးမင်းတို့
ဘာကိစ္စ မသိချင်ယောင်ဆောင်ရတာလဲ ။ အခွင့်အရေး နဲ့ ငွေ က လွဲရင် ဘာမှ မလိုချင်တဲ့ စီးပွားရေးသမား
နဲ့ လုပ်ပိုင်ခွင့်ကို ငွေနဲ့ လဲ ကြတဲ့ ၀န်ထမ်းတွေရဲ့ကြားမှာ အစိုးရ ဆိုတဲ့လူတွေက ဘယ်သွားအိပ်နေကြတာလဲ။
ဝန်ထမ်းတွေ
လာဘ်စားတာ လစာနည်းလို့ လစာတိုးပေးရမယ်ဆိုတော့ ။ တနည်းအားဖြင့် လစာမတိုးမချင်း မင်းတို့
လာဘ်စားကြ ဆိုတဲ့ သဘောများဖြစ်နေလားလို့ တွေးမိပါတယ်။ ဒါဆိုလဲ ပွင့်ပွင့်လင်းလင်းသာ
ပြောလိုက်ပါ။ အများပါးစပ်ကအပြောများတဲ့ ပွင့်လင်းမြင်သာမှု ဆိုတာပေါ့။
မြန်မာပြည်မှာတော့
လာဘ်မထိုးဖူးသူနှင့် လာဘ်မယူဖူးသူ မရှိလောက်ဘူးလို့ကို ကျွန်တော့် ထင်ပါသည်။ ရှိခဲ့လျှင်တောင်
မပြောပလောက်သည့် ပမာဏနှင့် စိတ်မနှံသူများပင်ဖြစ်လိမ့်မည်။
သူတောင်းစား
တောင်မှ တောင်းဖို့အတွက် သက်ဆိုင်ရာ ၊ သက်ဆိုင်ရာကို ပေးရသေးဆိုပဲဗျာ။
လေထိုးဆိုင်မှာ
အလုပ်လုပ်တဲ့ကောင်ကလေး အဓိပါယ်ဖွင့်ထားတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာ ကတော့ “ အကိုရေ
... ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတာ ဆင်းရဲတဲ့လူတွေ ချမ်းသာလာမှာ ကို ပြောတာမဟုတ်ဘူး
... ဆင်းရဲတဲ့လူတွေ ငတ်သေကုန်မှာ ကို ပြောတာတဲ့ “ ဒါ သူနားလည်ထားပြီး ပြန်ပြောပြတဲ့
သူ့ခံစားချက်ပါ။
နောက်ဆုံးကျွန်တော် တောင်းဆိုချင်တာကတော့ မသိချင်ယောင် မဆောင် ကြပါနဲ့ လို့ပဲ ဖြစ်ပါသည်။
အော်
ဒါနဲ့ မေ့နေလို့ ဘယ်တုန်းကမှ အလုပ်မလုပ်တဲ့ ကျွန်တော့အိမ်က ရေမီတာ ....
ပြီးခဲ့တဲ့၂ ရက်က အခွန်လာကောက်သွားတယ် ၁ သောင်းခွဲတဲ့ ။ သာဓုပါဗျာ ...
သက်ဆိုင်ရာ လူကြီးမင်းများ ချမ်းသာကြပါစေ။
လေးစားစွာဖြင့်
သူရိန်စိုး
0 comments:
Post a Comment