Tuesday, March 13, 2012

ချစ်ခြင်း၏ ယဉ်ကျေးမူ

 
သူငယ်ချင်းတယောက်က ကျမကို အချစ်အကြောင်းရေးပါလား ဖတ်ချင်တယ်လို့ပြောလာပါသည်။
ရုတ်တရက် အချစ်အကြောင်းဆိုတော့ ကျမ ဘာရေးရမှန်းမသိ ...တခါမှရေးဖို့ စိတ်ကူးတောင်မရှိဖူးပါ။
အချစ်အကြောင်းနဲ့ပါတ်သတ်ပြီး လူတွေကအမျိုးမျိုး ယူဆဖွဲ့နွဲ့ပြီး ရေးတာတွေတော့ ဖတ်ခဲ့ သိခဲ့ဖူးပါသည်။ ကျမကိုယ်တိုင်ကော ပါတ်ဝန်းကျင်ရဲ့အတွေ့အကြုံအရပါ အချစ်နဲ့ပါတ်သတ်ပြီး အကြောင်းအရာတွေ အများကြီးရှိခဲ့ဖူးပေမယ့် အချစ်ဆိုတာ ဘာလဲလို့တော့ သိပ်မတွေးခဲ့ဖူးပါ။
ငယ်ငယ်ကထဲက ကျမက စိတ်ကူးယဉ်အချစ်ဝတ္တုတွေဆို သိပ်မဖတ်ပါ။ ကိုယ်မသိသေးတဲ့အကြောင်းအရာမျိုးတွေသာ ရှာဖတ်ပြီး ၊ အချစ်ဝထ္တုစာအုပ်မျိုးဖတ်မိလဲ တ၀က်လောက်ကျ ပစ်ထားလိုက်ပြီး ကိုယ့်ဖာသာစိတ်ကူးနဲ့ ပဲစဉ်းစားလိုက်သည်။  ဒီလိုဖြစ်ရင်ကောင်းမှာပဲလို့..စိတ်ကူးလိုက်သည်။ ကိုယ့်ဖာသာတွေးယူလို့ရတဲ့စာအုပ်မျိုးတွေဆို ခေါင်းမာမာနဲ့ မဖတ်ပါ။ ကဲ ခုတော့ ကျမအတွေးနဲ့ ချစ်ခြင်းအကြောင်းပြောချင် ရေးချင်ပါသည်။

ကျမတွေးမိတဲ့ ချစ်ခြင်းဟာ ယဉ်ကျေးမူ့ဖြစ်ပါသည်။ ကျမတို့တွေဟာ ဒီလောကကြီးထဲမှာ ချစ်ခြင်းနဲ့ ကင်းကွာ၍မရပါ။ မိသားစုမောင်နှမ မိတ်ဆွေသူငယ်ချင်း ချစ်သူရီးစား စသည်ဖြင့် တယောက်နဲ့တယောက် ချစ်ကြခြင်းသည် နိုင်ငံတကာ လူမျိုးပေါင်းစုံ၏ တူညီသော ယဉ်ကျေးမှုဖြစ်ပါသည်။ ဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှုစာအုပ်မှာ ဆရာက ဒီလိုရေးထားပါသည်။ ယဉ်ကျေးမှုဟူသော စကားလုံးကို ငြိမ်းချမ်းရေး ဟူသော အဓိပါယ်ဖြင့်သုံးနှုန်းခဲ့သည်။ အဲဒီလိုရေးထားတာဖတ်ရလို့ ကျမသဘောကျသည်။ ငြိမ်းချမ်းရေးဆိုတာ နေရာတိုင်းတွင် ကျမတို့အတွက် အရေးကြီးပါသည်။ ချစ်ခြင်းသည်လဲ ငြိမ်းချမ်းမှုတခုပဲ မဟုတ်ပါလား။

သို့သော် ချစ်ခြင်းတွင် လောဘတွေပါလာသည့်အခါ ဒေါသနဲ့ ပူလောင်မှုတွေပါရောပါလာတတ်သည်။ ဒါကို သီးခြားသတိထားသင့်သော်လည်း လောကီလူသားတယောက် အနေနှင့် သတိမထားနိုင်ပဲဖြစ်ရပါသည်။ ငါ့ရဲ့ အချစ်ကို ငါ့ရဲ့စေတနာကို အသိအမှတ်အပြုဘူးဟူသော စိတ်၊ ငါသာလျှင်ပိုချစ်တာ ငါပဲပိုင်ဆိုင်ရမယ်ဆိုသောစိတ်ဖြင့် ငြိမ်းချမ်းမှုကို ပျက်စေပါသည်။

ချစ်ခြင်းသည် လူတိုင်းနှင့် ပါတ်သတ်ပါသည်။ တချို့က ငါကတော့တခါမှ မချစ်ဖူးပါ၊ မချစ်တတ်ပါ၊ ဘယ်သူ့ကိုမှမချစ်ပါဟု ကြွှေးကြော်တာကြားဖူးပါသည်။ ကျမကတော့ ထူးဆန်းသည်လို့ပဲ ထင်ပါသည်။ ဘုရားဟောတဲ့မေတ္တာထားပါဆိုတာ တဘက်သူအပေါ် မှာထားတဲ့ ယဉ်ကျေးမှုတခုပဲဖြစ်ပါသည်။ ကိုရီးယားမှာဆိုလျှင် ယခုချိန်မှာ လွန်စာခေတ်စားနေသော ဆာရန်းဟယ်ယိုဆိုသည့်စကားဖြင့် ခေါင်းပေါ်လက်နှစ်ဘက်ယှက်ကာ အသဲပုံလုပ်ပြတတ်သည့် ယဉ်ကျေးမှု အသစ်တခုပင်ရှိသည်။

ကျမတို့တွေဟာ လူအချင်းချင်းသာမဟုတ်ပါ ချစ်စရာကောင်းသည့်အရာတွေ့လျှင် စိတ်ထဲမှာ ကြည်နှုးစိတ်ဖြစ်ကြရပါသည်။ တိရိစ္ဆာန်လေးတွေ ခွေးလေးကြောင်လေးတွေနဲ့ ခလေးလေးများရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကို တွေ့ရင်တောင် အလိုလိုပြုံးသွားတတ်ကြသည်။ သူတို့လေးတွေက ဖြူစင်သဖြင့် ဟန်မဆောင်ပဲ ချစ်သည့်အခါ ပျော်ရွှင်ပြီးနေတတ်ကြတာကို တွေ့ရသည်။ ဘယ်သူဖြစ်ဖြစ် တယောက်နဲ့တယောက်ချစ်ခြင်းသည် ငြိမ်းချမ်းကြည်နှုးခြင်းဖြစ်ပါသည်။

ဒဂုန်တာရာ၏ စာထဲမှာ ယဉ်ကျေးမှုဆိုတာ ရိုင်းရာမှ ယဉ်လာသည်အထိတိုးတက်လာခြင်းဟူသော အနက်ဟုပါပါသည်။ ချစ်နေသည့်အခါ ယဉ်ကျေးနူးညံ့နေသည်ဟု ထင်ပါသည်။ မေတ္တာဖြင့်ခွင့်လွှတ်လိုက်သဖြင့် ငြိမ်းချမ်းမှုကိုရပါသည်။ ကိုယ်တိုင်လုပ်ကြည့်သောအခါ သိလာရသည်။ သို့သော် ခက်သည်။ လူတယောက်ကို မုန်းရန် သူ့အပြစ်များရှာကြံတွေးကာမုန်းစိတ်ထားဖို့လွယ်ပါသည်။ ချစ်စိတ်ထားဖို့ခက်ပါသည်။ ဘာကြောင့်ချစ်တာလဲဟု မေးလျှင် ပညာတတ်လို့ ရုပ်ချောလို့ဟုဖြေလျှင် ဒီလောကကြီးမှာ ပညာတတ်သူ ရုပ်ချောသူတွေအလွန်ပေါပါသည်။ သို့သော် သူတို့ကို အကုန်မချစ်နိုင်ပါ။

ချစ်တယ်ဆိုတာ ဘာကြောင့်ဟု အစရှာပြောဖို့ခက်သည်လို့ကျမထင်ပါသည်။ တဘက်လူက ကိုယ့်ကိုမုန်းအောင်လုပ်ရန် အလွန်လွယ်ပါသည်။ ကိုယ့်ကိုချစ်လာအောင် လုပ်ဖို့တော့ အလွန်ခက်ပါသည်။ ကိုယ့်ဘက်က တခုခုတော့ပေးရပါမည်။ သူ့ဆီသွားရတာ အချိန်ကုန်တယ်။ ဖုံးဆက်ရတာ ပိုက်ဆံကုန်တယ်လို့တွေးမိပေမယ့် သူနဲ့စကားပြောရတာ တွေ့ရတာ ကြည်နှုးစရာကောင်းသည် စိတ်ပျော်ရွှင်မှုအလိုလိုရှိလာသည်ဆိုလျှင် ကိုယ်က သူ့ဆီကရခြင်းဖြစ်ပါသည်။ ချစ်ခြင်းကို တိုင်းတာတန်ဖိုးဖြတ်လို့မရပါ။ စိတ်ကျေနပ်ခြင်းသည် ချစ်ခြင်း၏ အစဖြစ်ပါလိမ့်မည်။

မနက်ဖြန်ဆိုလျှင် မတ်လ ၁၄ရက်နေ့ ဟာ အဖြူရောင်အချစ်နေ့လို့ခေါ်ရမယ့်  ၀ှိုက်ဒေး (White Day )့ နေ့ဖြစ်ပါသည်။၊သူတို့အယူအဆက Valentine Day မှာ မိန်းကလေးတွေက လက်ဆောင်ပေးခဲ့တာကို White Dayကျတော့ ယောက်ကျားလေးတွေက မိန်းကလေးတွေကို ပြန်ပြီးလက်ဆောင်ပေးတဲ့နေ့ပေါ့။ မြန်မာပြည်မှာတော့ သိရသလောက်ခုချိန်ထိ ဒီယဉ်ကျေးမှုမပေါ်လာသေးပါ။ အဲဒီနေ့အတွက် ကျမတို့ ကျောင်းရှေ့မှာ သောကြာနေ့ကထဲက လက်ဆောင်လေးတွေစရောင်းနေပါပြီ။ ၀ှိုက်ဒေးက ဂျပန်နဲ့ ကိုရီးယားမှာသာခေတ်စားပြီး လူငယ်တွေက ကျင်းပကြခြင်းဖြစ်ပါသည်။  ဒီ ၀ှိုက်ဒေးရဲ့ အစကတော့ ၁၉၇၈ခုနှစ်မှာ ဂျပန်နိုင်ငံ ကစတင်ခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ အချိုချောကလက်တွေ( Confectionery ) ထုတ်လုပ်တဲ့အဖွဲ့အစည်းက အဖြေပြန်ပေးတဲ့နေ့အနေနဲ့ အမျိုးသမီးတွေကို ချောကလက်ပြန်ပေးဖို့ဆို သတ်မှတ်ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ကို စတင်ခဲ့ပြီး ယနေ့အချိန်ထိ ဂျပန်နဲ့ ကိုရီးယားတွင် အလွန်ခေတ်စားပါသည်။ ထိုနေ့ကျင်းပခြင်းသည်လဲ ချစ်ခြင်း၏ ယဉ်ကျေးမှု အသစ်တခုပင်မဟုတ်ပါလား။

ဒီနှစ်အဖို့တော့ ဂျပန်မှာ ငလျင်ဒဏ်ကြောင့် မည်သူမှ ၀ှိုက်ဒေးကို ကျင်းပနေနိုင်မယ်မထင်ပါ။ ကျမတို့တွေ ချစ်ခြင်းမေတ္တာဖြင့် ဂျပန်ပြည်သူများငြိမ်းချမ်းမှုရှိဖို့ ၀ှိုက်ဒေးမှာ အတူဆုတောင်းကြပါစို့။

ချစ်ခြင်းဖြင့်

အင်ကြင်း (Incheon)
13-3-2011
1:11 p.m.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...