Tuesday, March 13, 2012

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ

by Lu Cifer on Wednesday, March 14, 2012 at 10:01am ·
 
ဂျပန်လူမျိုး၊ သတင်းထောက် တာကာယူကီ ကာဆူဂါ (Takayuki Kasuga) သည် မနှစ်နွေရာသီက  မြန်မာပြည်ကို သွားခဲ့ပြီးနောက်၊ ဂျပန်ပြည်မှာ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော မိုင်နီချီ ရှင်ဘွန်း (Mainichi Shimbun) သတင်းစာမှာ ခရီးသွား ဆောင်းပါးများ အခန်းဆက်ရေးသားခဲ့ပါသည်။ သူမြင်တွေ့ခဲ့ရသော မြန်မာပြည်က နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများ၊ မြန်မာ့ယဉ်ကျေးမှ့နောက်ခံ၊ မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်များအကြောင်း  ဂျပန်လူမျိုးတယောက်၏ အမြင်၊ သတင်းထောက်တယောက်၏ ရှု့ထောင့်မှ စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်များကို  ဘာသာပြန် ဖော်ပြလိုက်ပါသည်။

အပိုင်း (၁) - နေပြည်တော်သို့တခေါက်


စစ်အစိုးရ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်က စိတ်ဝင်စားဖို့ ကောင်းတဲ့ တိုင်းပြည်ပါ။ အာဏာပိုင်တွေက အပြောအဆိုတွေကို ထိန်းချုပ်ထားတာ၊ မီဒိယာတွေကို ကန့်သတ်ထားတာ၊ နိုင်ငံခြား သတင်းထောက်တွေကိုလည်း ပိတ်ပင်ထားတာတွေကြောင့် သတင်းလောကမှာလည်း မြန်မာပြည်အကြောင်း အနည်းအပါးလောက်ပဲ သိကြပါတယ်။

အထူးသဖြင့် မြန်မာပြည်ရဲ့ မြို့တော်သစ် နေပြည်တော်အကြောင်းက လျှို့ဝှက်ဆန်းကြယ်ကိစ္စလို ဖြစ်နေပါတယ်။  ရန်ကုန်ကနေ နေပြည်တော်ကို ဘာကြောင့် ကောက်ခါငင်ကာ ပြောင်းရွှေ့သွားသလဲ ဆိုတာကလည်း လူတွေ သေချာ မသိကြပါဘူး။




လွန်ခဲ့တဲ့ နွေကတော့ မြန်မာပြည်ကို ကျနော်ခြေချခွင့်ရပါတယ်။ အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေတဲ့ အချိန်၊ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်မယ့် လက္ခဏာတွေ တွေ့ရတဲ့အချိန်မှာပါ။
တချိန်ကတော့ နိုင်ငံရဲ့ မြို့တော်၊ အခုတော့ အကြီးဆုံးမြို့လို့ပဲ ခေါ်ရတော့မယ့် ရန်ကုန်မြို့ကနေ မြောက်ဘက် ကီလိုမီတာ ၃၂၀ ကို ခရီးထွက်ခဲ့ပါတယ်။ မြို့တော်အသစ်စက်စက် နေပြည်တော်ဆီကို ခရီးထွက်ခဲ့တာပါ။

“နေပြည်တော်မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖြတ်သွားပြီးတဲ့နောက်မှာ သက်ကယ်မိုး အိမ်တွေကို မတွေ့ရတော့ပါဘူး။ အဲဒီအစား ကုန်းမြင့်မြင့်ပေါ်မှာဆောက်ထားတဲ့ အပျံစား အဆောက်အအုံတွေကို တွေ့ရပါတယ်။ မြို့ထဲကို ဆက်ဝင်သွားတဲ့အခါမှာ ဟိုတယ်ဇုန်ကြီးတခုဆီကို ရောက်သွားပါတယ်။ စိတ်ကူးယဉ်ဆန်ဆန်ဆောက်ထားတဲ့ ဟိုတယ်တွေက ဟိုနားဒီနားမှာ ထိုးထိုးမတ်မတ် မှိုလိုပေါက်နေတာ တွေ့ရပါတယ်၊။ တချို့ဟိုတယ်တွေက ပုံပြင်ထဲက ရဲတိုက်ကြီးတွေအလား အောက်မေ့ရပါတယ်။

နေပြည်တော်ရွှေမြို့တော်ကို တောတွေ၊ တောင်တွေ၊ လယ်ကွင်းတွေကို ရှင်းလင်းပြီး လျှို့ဝှက်စွာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သံတမန်တွေကြားထဲမှာ ခေတ်စားနေတဲ့ ကောလဟလကတော့ အီရတ်ကို အမေရိကန်တပ်တွေ ၀င်တိုက်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က စပြီး နေပြည်တော်ကို တည်ဆောက်ခဲ့တာလို့ ဆိုကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ အစိုးရက မြို့တော်ကို ပြောင်းရွှေ့ဖို့ ကြေညာခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးက “မြို့တော်သစ်ဟာ နိုင်ငံရဲ့ ဗဟိုချက်နေရာမှာ တည်ရှိတယ်၊ ဒါကြောင့် တနိုင်ငံလုံးနဲ့ ဆက်သွယ်ရေး လွယ်ကူစေမှာဖြစ်တယ်” လို့ ပြောပေမဲ့၊ အဲဒီမှတ်ချက်ကို ဘယ်သူမှ အလေးအနက်မထားကြပါဘူး။
မြို့တော်ကို ပြောင်းတယ်၊ ရွှေ့တယ်ဆိုတာက နိုင်ငံတနိုင်ငံရဲ့ မဟာစိမံကိန်းကြီးတခုပါပဲ၊ ဒါပေမယ့် မြို့တော် ပြောင်းရွှေ့ရတာရဲ့ နောက်ကွယ်က အကြောင်းရင်းများစွာထဲမှာ “ဗေဒင်အလိုအရ” အရ ဆိုတာကလည်း တခုအပါအ၀င် ဖြစ်ပါတယ်။


မြန်မာပြည်မှာ ဘုရင်တွေခေတ်ကတည်းက တိုင်းရေး ပြည်ရေးမှာ ဗေဒင်ဆရာတွေကလည်း သူ့နေရာနဲ့ သူ အသုံးတော်ခံခဲ့တာ လူတော်တော် များများ သိကြပါတယ်။ အခုအချိန်အထိလည်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေအပေါ်မှာ ဗေဒင်ဆရာတွေက တစုံတရာ လွှမ်းမိုးထားပုံပါပဲ။

“ဗေဒင်ဆရာတွေက အကောင်းဆုံး သတင်းအရင်းအမြစ်ဆိုတော့ ကျနော်တို့လည်း သူတို့ နောက်ကို အသည်းအသန် လိုက်ခဲ့ရတယ်” လို့ သံတမန်တယောက်က ၀န်ခံပါတယ်။ ကျယ်ကျယ်လွင်လွင် ခေတ်မှီမြို့တော်က အစိမ်းရင့်ရင့် ထန်းလက်တွေ၊ တခြားအပင်တွေကို နောက်ခံ ထားပြီး တည်နေပါတယ်။ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေကို မြေအောက်မှာ မြှုပ်ထားပြီး၊ အဆောက်အဦတွေ ကြားထဲက မြေကွက်လပ်တွေကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ယာဉ်အသွားအလာလည်း များများစားစားမရှိပါဘူး။ ရဲတွေ စစ်သားတွေကိုလည်း သိပ်မတွေ့ရ ပါဘူး။ သူတို့တွေ အရပ်ဝတ်နဲ့ လူတွေကြားထဲမှာ ရောနေတယ်လို့ ဆိုကြတာတော့ ရှိပါတယ်။


(ပုံ- နေပြည်တော်က အမေရိကန်စတိုင် ဈေးဝယ်စင်တာ)

နေပြည်တော်မှာ ကန့်သတ်နယ်မြေတွေကတော့ တော်တော်များများရှိပါတယ်၊ နိုင်ငံခြား သံရုံး တွေကိုလည်း မတွေ့ရပါဘူး။ ဒါပေမယ့် စီးပွားရေး အချက်အချာမြို့နယ်တွေမှာတော့  လူတွေက လွတ်လွတ်လပ်လပ်ပဲ သွားလာလုပ်ကိုင်နေကြပါတယ်၊ ဂျပန်အလှကုန်ပစ္စည်းတွေ၊ နောက်ဆုံးပေါ် flat-screen television တွေကို အမေရိကန်စတိုင် shopping mall ဈေးဝယ် ကုန်တိုက်ကြီးထဲမှာ ရောင်းချနေတာကို တွေ့ရပါတယ်၊ ရုပ်ရှင်ရုံတွေ၊ ဂေါက်ကွင်းတွေလည်း  တခုပြီးတခု ပေါ်လာနေတယ်လို့ ဆိုကြပါတယ်။

အစိုးရရုံးတွေနဲ့ ဆိုင်ခန်းတွေက အရောင်အသွေးစုံ၊ ဆန်းဆန်းပြားပြားနဲ့ဆိုတော့ အပန်းဖြေ ဥယျဉ်ကြီးလား အောက်မေ့ရပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ ဈေးတွေကို ကြည့်ရတာ လည်း အစိုးရ ၀န်ထမ်းတွေအတွက် ပံ့ပိုးပေးနေရတဲ့ လက်လုပ်လက်စား ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ သရုပ်သကန်လိုပါပဲ။

နေပြည်တော်ရဲ့ လူဦးရေက သောင်းဂဏန်းကနေ အခုဆိုရင် သန်းချီရှိလာပါပြီ။ ခြောက်ခြောက်ကပ်ကပ်မြို့ကြီးဆိုတဲ့ အနေအထားလည်း မဟုတ်တော့ပါဘူး။ အလျင်အမြန် ပြောင်းလဲနေတဲ့ တချိန်တည်းမှာ နိုင်ငံတကာ အားကစားပွဲတွေကို လက်ခံကျင်းပဖို့ ရည်ရွယ်ချက်နဲ့ အားကစားကွင်းတွေလည်း ဆောက်လက်စ တွေ့ရပါတယ်။

နေပြည်တော်ရဲ့  မဟာအဆန်ဆုံး သရုပ်သကန်ကတော့ ပါလီမန်အဆောက်အုံကြီးပါပဲ၊ ပါလီမန် အဆောက်အအုံရှေ့က လမ်းမကြီးဘေးမှာ မတ်တပ်ရပ်ရင်း၊ လမ်းတွေကိုလိုက်ရေတွက် ကြည့်လိုက်တော ၁၈ လမ်း တိတိရှိတာကို တအံ့တသြ တွေ့လိုက်ရပါတယ်။ အ၀င် ၉ လမ်းနဲ့ အထွက် ၉ လမ်းတိတိရှိနေပါတယ်။

(Mainichi Japan) January 20, 2012

+++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂)- မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ကံကောင်းစေသော နံပါတ် ၉

 
(ပုံ - နေပြည်တော်က လေဟာပြင်ဈေး)

မြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်တဲ့ အချိန်ကာလတခုမှာ ထူးထူးဆန်းဆန်းငွေစက္ကူတွေကို သုံးခဲ့တာရှိပါတယ်၊ ငွေအမ်းရ၊ လဲရတာ ဘယ်လိုမှ အဆင်မပြေတဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ငွေစက္ကူတွေပါပဲ။

ပြန်ကြည့်ရင် ၄၅ ကျပ်တန်ရော ၉၀ တန်ရော ၉ ကနေ အဆတိုးသွားတဲ့ ကိန်းဂဏန်းတွေပါပဲ။ ၉ ငါးလီ ၄၅၊ ၉ ဆယ်လီ ၉၀၊ ဒီလိုပါ။ လေ့လာသူတွေကတော့ ဒီလို ဂွကျကျ ငွေစက္ကူတွေကို ထုတ်ဖြစ်ဖို့ ဗေဒင်ဆရာတွေက နောက်ကွယ်ကနေ အကြံပေးတာလို့ ဆိုကြပါတယ်၊ ဗေဒင် ဆရာတွေဟာ မြန်မာပြည်က ဗိုလ်ချုပ်တွေ တခုခုမလုပ်ခင် ရက်ကောင်းရက်မြတ်ရွေးတဲ့ နေရာ၊ အရပ်မျက်နှာ ရွေးချယ်တဲ့အခါ၊ ကိန်းဂဏန်းတွေ ရွေးတဲ့အခါမျိုးမှာ အခါတော်ပေးလေ့ ရှိပါတယ်။

ဥပမာ အနေနဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပါတယ်၊ ၉ လပိုင်း ၁၈ ရက်နေ့ဖြစ်လို့ ၉ ကနေ အဆတိုးသွားတဲ့ ဂဏန်းတွေပါပဲ။

ကိုးဂဏန်းကတော့ မြန်မာတွေအတွက် ကံကောင်းတဲ့ နံပါတ်ဖြစ်နေတာ ဘုရားရဲ့ ဂုဏ်တော် ၉ ပါးနဲ့ ပတ်သက်နေပါတယ်။
“မြန်မာပြည်က ထိပ်တန်း စစ်ဗိုလ်ချုပ်တွေဟာ သေရေးရှင်ရေးကိစ္စတွေမှာ ဗေဒင်ကို အားကိုးကြတယ်” လို့ တိုကျိုတက္ကသိုလ်၊ ယဉ်ကျေးမှု မနုဿဗေဒဌာန( cultural anthropology) ပါမောက္ခ ကီကို တိုဆာ Keiko Tosa က ဆိုပါတယ်။

မြန်မာပြည်က ခေါင်းဆောင်တော်တော်များများဟာ န၀ရတ်လက်စွပ်ကို ၀တ်ကြပါတယ်၊ ပတ္တမြားက အလယ်က၊ စိန်အပါအ၀င် တခြားရတနာ ၈ မျိုးက ဘေးကနေ ၀ိုင်းရံထားတဲ့ လက်စွပ်ပါ၊ ကံကောင်းမယ်။ အဆိုးတွေနဲ့ ကင်းဝေးမယ်လို့ ယုံကြည်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည်က ပေးစာ တခုမှာ နိုင်ငံရေးသမားတွေ နံပါတ်ကိုး အပေါ် ယုံကြည်ကြတဲ့ ကိစ္စဟာ လူ ရယ်စရာ။ ခပ်ညံ့ညံ့ ပြက်လုံးတခုပါပဲလို့ ရေးခဲ့ပါတယ်။

စစ်အစိုးရရဲ့ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြို့တော်ကို ပြောင်းရွှေ့ဖို့ အမိန့်ပေးလိုက်တာလည်း ဗေဒင်ရဲ့ အလိုအရပဲလို့ ယုံကြည်ကြပါတယ်၊ မြို့တော်သစ်ကို မပြောင်းရင် စစ်အစိုးရ ပျက်စီးကိန်းဆိုက်မယ်ဆိုတဲ့  လက်စွဲတော် ဗေဒင်ဆရာရဲ့ အလိုအရ ပြောင်းသွားတာလို့ ဆိုကြပါတယ်။


ရန်ကုန်မြို့က ပညာတတ်တယောက်က “ဗိုလ်ချုပ်မှူးကြီးက အိပ်မက်ထဲမှာ သူ့ခေါင်းကို ဆင်နင်းတယ်လို့ အိပ်မက်မက်တယ်၊ အဲဒီအိပ်မက်ကို အခါတော်ပေး ဗေဒင်ဆရာက အတိတ်ကောက်တော့၊ ဒါဟာ ကံဆိုးမယ့် နိမိတ်ပဲ၊ မြို့တော်ကို ပြောင်းမှ ဖြစ်မယ်လို့ အကြံပေးတယ်” လို့ ပြောပါတယ်။

ဒီလို ကောလဟလတွေကို ဘယ်သူက စဖြန့်သလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မိန်းမကြောက်သူဖြစ်ပြီး  ဗေဒင်ကို အလွန်အကျွံယုံတဲ့ သူ့မိန်းမ ပြောသမျှ လိုက်လုပ်နေရတာဆိုတဲ့ ကောလဟလမျိုးတွေလည်းရှိပါတယ်။

နေပြည်တော်မှာ ကျနော်တည်းခိုတဲ့ ဟိုတယ်ကမန်နေဂျာ အမျိုးသမီးရဲ့ အဖေက စစ်တပ်က အရာရှိလို့ ပြောကြပါတယ်၊ နေပြည်တော်ကို ပြောင်းလာတာ ဗေဒင်နဲ့ပတ်သက်မှုရှိသလားလို့် မေးကြည့်တော့ သူက “ဗေဒင် - ဟုတ်လား”လို့ သံယောင်လိုက်ပြောရင်း နေပြည်တော် မြေပုံကို ဖြန့်လိုက်ပါတယ်၊ မြေပုံပေါ်က လမ်းမကြီးတွေကို လိုက်ရေတွက်ကြည့်တော့ လမ်းမကြီး ၉ သွယ်ကို တွေ့ရပါတယ်။




ဒါပေမယ့် မန်နေဂျာအမျိုးသမီးကတော့ စစ်ရေးအမြင်က အဓိက ကျတယ်လို့ ပြောပါတယ်။
ဂျပန်ခေတ်မှာလည်း နေပြည်တော်ဟာ စစ်ဌာနချုပ် ဖြစ်ဖူးတယ်လို့ သူက ပြောပါတယ်၊ လွတ်လပ်ရေးရခါစက အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ကွန်မြူနစ်ပါတီကလည်း ဂျပန်ခေတ် စစ်ဌာနချုပ်ကို ပြန်အသုံးချခဲ့ဖူးတယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာ အရှေ့နဲ့ အနောက် သွယ်တန်းနေတဲ့ တောင်တန်းရှိပါတယ်၊ မြစ်တွေက ၀ိုင်းရံနေပါတယ်၊ နေပြည်တော်က စစ်ရေး အမြင်အရ သဘာဝခံတပ်ကြီးတွေရှိတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ မတ်လမှာ ရာထူးက အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ လက်ရှိသမတ ဦးသိန်းစိန်နဲ့ တခြား အရာရှိတွေဟာ တောင်တန်းကြီးရဲ့ အရှေ့ဘက်မှာ အိမ်တွေ အသီးသီးဆောက်ပြီး နေကြပါတယ်။ အရှေ့ဘက်က လွင်ပြင်အထိ ပေါက်တဲ့ မြေအောက်လှိုင်ခေါင်းတွေကလည်း တော်တော် များများ တူးထားကြတယ်လို့ အဆိုရှိပါတယ်။

တခြားနိုင်ငံတွေက ထောက်လှမ်းရေး အဖွဲ့တွေက မြေအောက်လှိုင်ခေါင်း ဆောက်နေဆဲဆိုတာ အသေအချာ ယုံကြည်ထားကြပါတယ်။ ကောလဟလမျိုးစုံထဲမှာ နယူးကလီးယားစီမံကိန်းအတွက် ဆောက်တယ် ဆိုတာလည်း ပါဝင်ပါတယ်။
အီရတ်သမတဟောင်းရဲ့ နာမည်က ဆာဒမ်ဟူစိန်ပါ။ စိန် ဆိုတာ ပါတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနာမည်ကတော့ ရွှေနဲ့ ဆုံးပါတယ်၊ ဒီလိုနဲ့ အီရတ်ကို အမေရိကန်က တိုက်ခိုက်ပြီးတဲ့ အချိန်မှာ “စိန် ပြီးရင် ရွှေ အလှည့်လာမယ်” ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပါတယ်၊ ဒီကောလဟလကြောင့် မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားသူတွေကို နှိပ်ကွပ်လို့ အမေရိကန်နဲ့ မဆင်မပြေဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် အမေရိကန်တပ်တွေ ၀င်တိုက်မှာကို ထိတ်လန့် သွားပုံရပါတယ်။ 

မြန်မာပြည်အနှံ့ ခရီးသွားမယ်ဆိုရင်လည်း တက္ကသိုလ်တွေကို တနိုင်ငံလုံး အနှံ့မှာ အများကြီးကို တွေ့ရမှာပါ။ အရင်တုန်းက ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်လောက်ရှိရာကနေ အခုတော့ မြို့ငယ်တွေအထိ တက္ကသိုလ်တွေရှိလာပါတယ်။ ၁၉၈၈ ခုနှစ် ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုပေါ်ပေါက်ခဲ့ပြီးကတည်းက  အာဏာပိုင်တွေက တက္ကသိုလ် တွေကို ဒေသ အလိုက် သီးခြားစီဖြစ်အောင် ခွဲထုတ်လိုက်လို့ပါပဲ။

“တက္ကသိုလ်တွေကို အခုလို ခွဲလိုက်ရတာ အတော်ဆုံး ကျောင်းသားတွေ ဒီမိုကရေစီ လှုပ်ရှားမှု ထဲမှာ ပါဝင်မလာရအောင် ကြိုတင်ကာကွယ်ထားလိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ တက္ကသိုလ် ပညာရေး အရည်အသွေးတွေ ကျဆင်းကုန်ရင် တိုင်းပြည်လည်း ပျက်လောက်တယ်။ နောက်ဆုံးမှာ မြို့တော် ကိုပါ ပြောင်းရွှေ့လိုက်တာကတော့ ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေ ပူးပေါင်းပြီးတော့ အစိုးရ ယန္တ ယား ကို ဆိုးဆိုးရွားရွား ထိခိုက်စေလောက်တဲ့အထိ  မငြိမ်သက်မှုတွေ လုပ်မလာအောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့၊ ငြိမ်ဝပ်ပိပြားရေးအတွက် အစိုးရက အဆုံးစွန် လုပ်ဆောင်ချက်ပဲ။” လို့ ရန်ကုန် အိုင်တီ ကုမဏတခုက ဥက္ကဌက ပြောပါတယ်။

နေပြည်တော်က နာမည်တော်တော်များဟာ ပါဠိအမည်တွေချည်းပါပဲ။ မြန်မာပြည်က တိုင်းရင်းသားတွေအပါအ၀င် အများစု သက်ဝင်ယုံကြည်ကြတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကျမ်းတွေမှာ အသုံးပြုတဲ့ ဘာသာစကားဖြစ်ပါတယ်။ အစိုးရက ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ သာသနာ့ဒါယိကာမင်းတွေကို လေးစားသမှုပြုတဲ့ဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။
နေပြည်တော်က စစ်တပ်နယ်မြေမှာ လေးစားလောက်တဲ့ မြန်မာဘုရင်ကြီး သုံးပါးရဲ့ ရုပ်ထုကြီးတွေ ရှိပါတယ်၊ နေပြည်တော်ဆိုတဲ့ အဓိပ္ပါယ်ကလည်း မင်းတွေ စံမြန်းရာ ဌာနဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

“နေပြည်တော်ဆိုတဲ့ ခေါ်တွင်စေတာကတော့ ဘုရင်ခေတ်ကို ပြန်အသက်သွင်းတဲ့ သဘော ပါပဲ”လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်၊

မြန်မာဘုရင်တွေခေတ်တုန်းကလည်း ဘုရင်တပါးနန်းတက်တိုင်း မင်းနေပြည်တော်လည်း ပြောင်း တတ်တဲ့ အစဉ်အလာရှိပါတယ်။
မြန်မာစစ်တပ်က ခေါင်းဆောင်အတော်များများက ဗမာလူမျိုးတွေကများပြီး၊ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်တွေက ဗမာတွေ ကြီးစိုးထားတဲ့ စစ်တပ်ကို ဆန့်ကျင်စိန်ခေါ်ကြပါတယ်။

ဒီလိုနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကိုတော့ တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေက ခြယ်လှယ်နေကြပါတယ်၊ မြို့တော်ကို ပြောင်းလိုက်တာကို ကြည့်ရင် ဗမာလူမျိုးတွေက နိုင်ငံရေးဦးဆောင်မှုကို တခြား တိုင်းရင်းသားတွေလက်ထဲကို ဘယ်တော့မှ ထည့်မပေးချင်ဘူးဆိုတဲ့ လက္ခဏာပါပဲ။


နေပြည်တော်အခြေစိုက် သံတမန်တဦးကတော့ မြန်မာအစိုးရထဲက ထိပ်တန်းခေါင်း ဆောင် တွေက ခပ်ညံ့ညံ့လူတွေမဟုတ်ကြဘူးလို့ပြောပါတယ်၊ မြို့တော်ကို မဟာဗျူဟာ ရှုထောင့်၊  အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီးမှ  ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်၊ သူတို့ စဉ်းစားတဲ့ အကြောင်းပေါင်းများစွာထဲမှာ ဗေဒင်ကိန်းဂဏန်းတွေလည်း ပါမယ်ဆိုတာ စဉ်းစား ကြည့်လို့ ရပါတယ်။
ဒီမိုကရေစီ အင်အားစုတွေထဲမှာလည်း ဗမာလူမျိုးက အများစုပါပဲ။
ဒီမိုကရေစီအင်အားစုတွေက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံးနေ့မှာ အထွေထွေ သပိတ်ကြီး ဆင်နွှဲခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပထမဆုံး မိန့်ခွန်းပြောတဲ့နေ့ကလည်း  သြဂုတ်လ ၂၆ ရက်နေ့မှာ ဖြစ်နေပါတယ်။ ၂ နဲ့ ၆ ပေါင်းရင်လည်း ၈ ပဲ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုကော်မတီ ၀င်ဖြစ်ခဲ့ တဲ့ ဦးခင်မောင်ဆွေကို  အတိုက်အခံတွေအတွက် ၈ ဂဏန်းက ကံကောင်းစေတဲ့ နံပါတ်လားလို့ မေးကြည့်ပါတယ်။
ဦးခင်မောင်ဆွေက ၈ ဂဏန်းဆိုတာက ကံကောင်းတဲ့ နံပါတ်မဟုတ်တဲ့အကြောင်း ၊ ဘုရင်တွေ ခေတ်တုန်းက နိမိတ်မကောင်းတဲ့ နံပါတ်လို့ အယူရှိခဲ့တဲ့ အကြောင်း၊ ဒါကြောင့် ၈ ဂဏန်းကို သုံးပြီး အစိုးရကို ခြိမ်းခြောက်ခဲ့တာလို့  ပြောပြပါတယ်၊
စစ်ဗိုလ်ချုပ်တွေ ၉ ဂဏန်းအပေါ် ယုံကြည်တဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရယ်စရာလို့ သဘောထားခဲ့ပါတယ်၊ ဒါပေမယ့် အတိုက်အခံတွေကိုယ်တိုင်ကျတော့လည်း ၉ ဂဏန်းသမား အစိုးရကို ခြိမ်းခြောက်ဖို့ ၈ ဂဏန်းကို အသုံးချနေတယ်ဆိုတာကတော့ ကြားလူတွေရဲ့ အမြင်မှာ  လူရယ်စရာပဲ မဟုတ်ပါလား။

+++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၃) -  ဗေဒင်၊ ယတြာနှင့် ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သော တိုင်းပြည်



ဗေဒင်နဲ့ ကမ္ဘာကျော်တဲ့ မြန်မာပြည်ကို သွားလည်ခွင့်ကြုံရင် ဗေဒင် ဆရာတယောက်ဆီမှာ ဗေဒင် ၀င်မေးကြည့်ဖို့  ကောင်းပါတယ်။၊  ရန်ကုန်က ရွှေတိဂုံ ဘုရားစောင်းတန်းမှာ အိမ်တန်းလေး တွေနဲ့ တူတဲ့ ဗေဒင်ဟောခန်းတွေ ရှိပါတယ်၊  အဲဒီ ဗေဒင်ခန်းတွေ ထဲ မှာ ဗေဒင်ဆရာတွေက ဗေဒင် မေးချင် သူတွေကို စောင့်နေပါတယ်။
အိန္ဒိယအနွယ်ဖွား အမျိုးသမီးကြီးတယောက်ရဲ့ရှေ့မှာ ကျနော် ၀င်ထိုင်လိုက်ပါတယ်၊ ကျနော့်ရဲ့ မွေးနေ့၊ မွေးနှစ်ကို ပြောပြပြီးတဲ့အခါမှာ သူက စက္ကူစာရွက်တရွက်ပေါ်မှာ ဇာတာပုံ တခု ဆွဲ လိုက် ပြီး အနာဂတ်မှာ ကျနော့်အတွက် ကံကောင်းစေမယ့် အလုပ်အကိုင်၊ ကံကောင်းမယ့် အရောင်၊ ကံကောင်းမယ့် အရပ်မျက်နှာတွေကို ဟောပါတော့တယ်။


“ဒီလကုန်တဲ့အထိ အမည်းရောင်တွေ မ၀တ်နဲ့နော်။ ယာဉ်မတော်တဆဖြစ်တတ်တယ်”- သူက လို့ သတိပေးပါတယ်။
“ဒါပေမယ့် မပူပါနဲ့”ဆိုပြီးတော့လည်း ယတြာတွေ ပေးပြန်ပါတယ်၊ ရွှေတိဂုံဘုရားစောင်းတန်းမှာ ၀ယ်ဖို့ စာရင်လုပ်ပေးလိုက်တဲ့ ပစ္စည်းအမယ်တွေကတော့ ထီးတလက်၊ စက္ကူယပ် တောင်က ကိုးခု၊ ရွှေပြား သုံးပြား၊ ပန်းခိုင်တခိုင်၊ တို့ ပါဝင်ပါတယ်။
ဒီပစ္စည်းအမယ်တွေကို ကွယ်လွန်သွားတဲ့ ကျနော့်ဘိုးဘေးတွေရဲ့ အုတ်ဂူရှေ့မှာ ချပြီး ဆုတောင်း မယ် ဆိုရင် အားလုံးကောင်းသွားမယ်လို့ ဗေဒင်ဆရာမက အသေအချာအာမခံလိုက် ပါတယ်။

ဗေဒင်ယတြာနဲ့ပတ်သက်လို့ပြောရရင် မနှစ်ဖေဖော်ဝါရီလတုန်းက နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ထုတ် လွှင့် သွားတဲ့ ထိပ်တန်း စစ်အစိုးရခေါင်းဆောင်တွေရဲ့ ညစာစားပွဲမြင်ကွင်းကတော့ အံ့အားသင့်စရာ မြင်ကွင်းပါ။  အရပ်သားအစိုးရကို အာဏာမလွှဲခင် တလအလိုလောက်မှာ၊ စစ်အစိုးရရဲ့ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ လက်ရှိ သမတလုပ်နေတဲ့ ဦးသိန်းစိန်၊ ညစာစားပွဲ တက်ရောက်လာတဲ့ တခြားလူတွေအားလုံး မြန်မာ့ရိုးရာ လုံခြည်တွေ ၀တ်ထားကြတဲ့ မြင်ကွင်းပါ၊ ဒါသက်သက် အပျော်လုပ်ကြတာတော့ မဟုတ်ပါဘူး။




“သေချာတာပေါ့ဗျာ၊ အဲဒါယတြာ ချေတာပေါ့” လို့ မြန်မာပြည်က သတင်းထောက်တယောက်က ပြန်ပြောပြပါတယ်။
အမျိုးသမီးဦးဆောင်တဲ့ အစိုးရအဖွဲ့က တိုင်းပြည်အာဏာကို မကြာခင်မှာ ယူလိမ့်မယ်လို့ ဗေဒင်ဆရာတွေက ဟောတာကြောင့်လို့ ဆိုကြပါတယ်၊ အမျိုးသမီး ဦးဆောင်တယ် ဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတာပါပဲ။
ဒီလိုနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ ကိုယ်တိုင် ထမီနဲ့ တူတဲ့ လုံခြည်တွေကို ၀တ်ပြဖို့ဖြစ်လာပြီး၊ “ကျွန်တော်တို့ အားလုံး မိန်းမတွေ ပါရှင်” လို့  လူလုံးပြရတဲ့ အဖြစ်မျိုးပါ။ အဓိပ္ပါယ် ကတော့ အမျိုးသမီးဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့ထားပြီးပါပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ။

တကမ္ဘာလုံးရဲ့ အမြင်မှာတော့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် နှိပ်ကွပ်တယ်၊ အနောက်ကမ္ဘာကိုလည်း အာခံတဲ့ ခေါင်းမာဂိုဏ်းသားတွေပေါ့။ အမြဲတမ်း စစ်ဝတ်စုံတွေနဲ့ အခန့်သား တွေ့ရလေ့ရှိတဲ့ စစ်အစိုးရခေါင်းဆောင်တွေ လုံခြည်ဝတ်ပြီး ထွက်လာ တဲ့ အခါကျတော့လည်း တကယ့်ကို ရုပ်တည်နဲ့ အမှန်အကန် ထွက်ခဲ့ကြတာပါ။ ဒါကို ကြည့်ခြင်း အားဖြင့် သူတို့ရဲ့ အတွင်းစိတ်သဏ္ဍာန်မှာ  ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်တောင် ကြောက်လန့် နေသလဲ ဆိုတာကို ထွက်ပြီး ၀န်ခံသလိုဖြစ် သွားပါတယ်။

မြန်မာပြည်မှာ ခရီးထွက်မယ်ဆိုရင်လည်း စစ်အစိုးရခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အကြောက်ကြီးကြောက်နေတယ်ဆိုတာကို သတိထားမိမှာပါပဲ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံပိုစတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရေးထားတဲ့ စာအုပ်တွေကို ဘယ်မှာမှ တွေ့ရမှာ မဟုတ်ပါဘူး။
နိုင်ငံပိုင် မီဒီယာတွေမှာလည်း  ဒေါ်အောင်ဆန်းစုကြည်ကို မစ္စက်အဲရစ် လို့ ခေါ်ပါ တယ်။ ကွယ်လွန်သွားတဲ့ ခင်ပွန်းသည် အင်္ဂလိပ်လူမျိုး မိုက်ကယ် အဲရစ်နာမည်ကို စွဲပြီးခေါ်တာပဲ၊ တခါတလေကျတော့ အဆိပ်ပြင်းတဲ့ မြွေဟောက်မ စသဖြင့် ခေါ်ပါတယ်။

မြန်မာပြည်မှာ အသံလွှင့်လုပ်ငန်းလုပ်သူတွေကို အိုင်ယာလန်က ရော့ခ် တီးဝိုင်း ယူတူးအဖွဲ့ရဲ့ သီချင်းတွေ မလွှင့်ဖို့ တားမြစ်ထားပါတယ်၊ ယူတီးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ချီးကျူးပြိး သီချင်းဖွဲ့ဆိုခဲ့တာကို လက်တုံ့ပြန်လိုက်တဲ့ သဘောပါပဲ။ လူတွေပြောကြတဲ့ နောက်အကြောင်းတခုကတော့ အင်္ဂလိပ်စာလုံး U2 ကို ပြောင်းပြန်ကြည့်မယ် ဆိုရင် SU လို့ အသံထွက်လို့ပါတဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်အသံထွက်ပဲ မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်သမျှ အပြတ်ရှင်းချင်တဲ့နေရာမှာ နောက်ဆုံး ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့အဖေ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင် အစိုးရက အဆက်ဖြတ်ချင်နေတာပါ၊ မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေရဲ့ ခွဲထွက် ရေးနဲ့ လွတ်လပ်ရေးတောင်းဆိုမှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှာ  ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အမျိုးသားညီညွတ်ရေးရဲ့ သင်္ကေတပါပဲ။
နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဟာ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်လာပြီး စစ်အစိုးရကို ထိပ်တိုက်တွေ့လာပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့တပ်မတော်ရဲ့ ဖခင်၊ တပ်မတော်ရဲ့ သင်္ကေတဖြစ်ခဲ့သလို၊ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သင်္ကေတ၊ စစ်တပ်ကို ဆန့်ကျင်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာစေတဲ့ သင်္ကေတဖြစ်လာမှာကို စစ်အစိုးရက ထိတ်လန့်ပုံပါပဲ။ ဒါကြောင့် ငွေစက္ကူပေါ်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနေရာမှာ တခြားအရုပ်တွေနဲ့ အစားထိုး လိုက်ပါတယ်။

“ စာသင်ခန်းထဲမှာ သမိုင်းသင်တဲ့အခါ ဆရာတွေက  ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းဆောင်မှုတွေ အကြောင်း အသားပေးပြောတာမျိုးမရှိတော့ဘူး” လို့ ဆိုဖီယာတက္ကသိုလ် Sophia University က ပါမောက္ခ ကီ နီမိုတို Kei Nemoto က ပြောပါတယ်။
ရန်ကုန်မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလည်း ရောက်ခဲ့ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့ဖူးတဲ့  အင်္ဂလိပ်အိမ်ပုံစံနဲ့ အိမ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ငယ်ငယ်က နေခဲ့ဖူးပါတယ်။ အခု တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာကြည့်ခန်း၊ အိပ်ခန်းတွေကို နဂိုအတိုင်း ထိန်းသိမ်းထား ပါတယ်၊ ဒါပေမယ့် အဲဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ဂျူလိုင် ၁၉ အာဇာနည် နေ့လို နေ့မျိုးကလွဲရင် ကျန်တဲ့ရက်တွေမှာ ပိတ်ထားပါတယ်။

“ပြည်သူတွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်က ဒေါ်အောင်ဆန်းစုကြည်ဆီကို ထုံကူးသွားမှာကို အစိုးရက စိုးရိမ်နေတာ”လို့ သံတမန်တဦးက ပြောပါတယ်။
အစိုးရက ဘယ်လိုပဲ ဖျောက်ဖျက်ဖို့ ကြိုးစားကြိုးစား နိုင်ငံရဲ့ ဖခင်ကို ဖျောက်ဖျက်လို့ မရပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပတ္တိစာအုပ်တွေကို စာအုပ်ဆိုင်တွေမှာ ရောင်းချပါတယ်။ ၂၀၁၁ ခုနှစ်မှာ အစိုးရက ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ ဖိတ်ကြားပြီးကတည်းက စာအုပ်တွေလည်း ရောင်းကောင်းတယ်နေတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင်က ပြောပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဆုတောင်းနေတဲ့ မြင်ကွင်း ကတော့ ၉ နှစ်အတွင်းမှာ ပထမဆုံးပါပဲ။



ရန်ကုန်က လမ်းဘေးစာအုပ်ဆိုင်တဆိုင်က ဆိုင်ပိုင်ရှင်က နေ့တိုင်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်တွေ အုပ်ရေ ၁၀၀ လောက် ရောင်းရတယ်လို့ ပြောပါတယ်။ ကျနော်က စကားပြန်ကတဆင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရေးထားတဲ့ စာအုပ်တွေကို တင်ရောင်းရင် ရော ဘယ့်နှယ်နေမလဲလို့ မေးလိုက်ပါတယ်။
စကားပြန်က ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နေရာမှာ “အဘွားကြီး” ဆိုတဲ့စကားဝှက်ကို သုံးပြီး ပြန်မေးပေးပါတယ်။ ရဲထောက်လှမ်းရေးတွေ၊ သတင်း ပေး တွေကြားသွားမျာ စိုးရိမ်ရလို့၊ လူရှေ့သူရှေ့မှာ အခုလိုပဲ စကားဝှက်သုံးတာက ပြည်သူ တွေ ကြား မှာ အသားကျနေပါပြီ။

စာအုပ်ဆိုင်ပိုင်ရှင်က  - “ချက်ချင်း ရောင်းအားတက်သွားမှာပေါ့” လို့ ပြန်ဖြေပါတယ်။ အနားက နောက်ထပ်စာအုပ်ဆိုင်ပိုင်ရှင်ကလည်း “ဘာပြောကောင်းမလဲ။ လူတွေဝယ် လွန်းအားကြီးလို့ ပုံနှိပ်စက်တောင် နိုင်မှာ မဟုတ်ဘူး” လို့ ၀င်ဖြေလိုက်တယ်။ ပြီးတော့ သူတို့ နှစ်ယောက် တဟားဟား ပွဲကျနေပါရော။၊  အနားက လူတွေတောင်  ကွက်ကြည့် ကွက်ကြည့် လှမ်းကြည့်ကြ တဲ့ အထိပါပဲ။

စာအုပ်ရောင်းသမားနှစ်ယောက်ကတော့ အစိုးရကို သရော်တော်တော် ဝေဖန် လိုက်ရ လို့ ကျေနပ်သွားမယ်ပုံပါပဲ၊ မြို့ထဲမှာ အခြေအနေတွေကို ကြည့်ရ တာလည်း အရင် လောက် တင်းမာ မနေတော့သလိုမျိုးတော့ ရှိပါတယ်။
ဇူလိုင်လမှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတတို့ တွေ့ဆုံစကားပြောလို့၊ ကြီးနှစ်ကြီး တွေ့ဆုံတဲ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို၊ နိုင်ငံပိုင် မီဒီယာတွေကလည်း အောင်ဆန်း စုကြည်ရဲ့ နာမည်ကိုလည်း အရင်လို ဒေါ်စုကြည် လို့ မသုံးတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်လို့ အပြည့်အစုံ ခေါ်ဝေါ် သုံးစွဲလာပါတယ်။

 “နောက်တခါ ကျနော်ပြန်လာရင် ဒေါ်အောင်ဆန်း စုကြည် စာအုပ်တွေ ခင်ဗျားတို့ ဆိုင်ပေါ်ကို ရောက်နေမှာ သေချာပါတယ်ဗျာ၊” လို့ စာအုပ်ဆိုင် ပိုင်ရှင်နှစ်ယောက်ကို ကျနော်က ပြောခဲ့ ပါတယ်၊ ဒီတခါတော့ ကျနော်ကိုယ်တိုင်က ဗေဒင်ဆရာ လိုလို၊ ဘာလိုလိုပေါ့။

(ဆက်လက် ဖော်ပြသွားပါမည်)
နေသွင်
Tuesday, 13 March 2012 12:30
(စာဖတ်ခန်း)
မောက္ခ

http://www.maukkha.org/index.php/book-store/reading-room-maukkha/1943-maukkha-takayuki-kasuga-mainichi-shimbun

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...