Tuesday, March 6, 2012

ကျွန်ုပ်နှင့် ရုရှား ၄ နှစ်တာ (၅)

by Ever Leisure Ly on Wednesday, March 7, 2012 at 7:28am 
·
မတ်လ ဆိုတော့ ဘာပဲပြောပြော နွေဦးရောက်ပြီပဲ။ ကျနော့်ရဲ့ Responsibility မဟုတ်တဲ့ Duty တစ်ခုပြီးမြောက်ဖို့ နောက်ဆုံး ရုန်းကန်နေရခြင်း ကာလတွေလည်းဖြစ်တယ်။ နွေဦးဆိုပြီး အပြင်ကြည့်တော့ နှင်းတွေနဲ့။ Springtime ရောက်တာနဲ့ နှင်းမရှိရဘူးလို့ ဘယ်သူပြောလဲနော်။ အတွင်းပူ အပြင်အေးကြီးပါ။ အထဲမှာက Heater ကလွှတ်တဲ့ အပူရှိန်နဲ့ အပြင်က အအေးပေါ့လာပြီဆိုတော့ ပူသလိုလို အေးသလိုလို။ ဘာကြီးမှန်းကိုမသိတာ။ ဆောင်းဦး ဆိုရင်လည်း ဒါမျိုး တစ်ခါကြုံရပါတယ်။ နားလည်ရခက်ကြီး။ နေရထိုင်ရတာ လန်းလန်းဆန်းဆန်းကို မရှိဘူးရယ်။ နေကလေးက ပွင့်လာပြီဖြစ်တဲ့အတွက် ရာသီဥတုလေးကတော့ ကြည်လင်လာပါပြီ။ အခြေခံ၊ အထက်တန်း၊ ကောလိပ်၊ ယူနီဗာစတီ ကျောင်းသူ၊ ကျောင်းသားအားလုံး ရဲ့ နွေရာသီကျောင်းပိတ်ရက်ကြီးအကြို ရုန်းကန်နေရချိန်တွေလည်းဖြစ်ပါတယ်။ မေလနှောင်းရင်ပဲ စာမေးပွဲများနဲ့ ဘရိတ်ဒန့် ကရတော့မယ်လေ။
ဘရိတ်ဒန့်ကို ချွေးထွက်အောင် ဆွဲကြ ပြီးရင်တော့ သေးထွက်အောင် ကဲကြပေါ့။


ရှူးရှူး ထွက်မထွက်တော့ မသိဘူး။ နွေရာသီဆိုရင်တော့ တိုက်ထဲ ထည့်ပိတ်ပြီး ပြုတ်သလိုဖြစ်လို့ ဆီးပါခမ်းတယ်။ ရေကို တဂွပ်ဂွပ် သောက်နေရတာ။ ဆောင်းတွင်းမှာ ပက်ပက်စက်စက် အေးသလို နွေဆိုရင်လည်း ရက်ရက်စက်စက် ပူပါတယ်။ ဟိုးတစ်နှစ်နွေကပဲ ဒီမှာ တောမီးတွေလောင်ပြီး မီးခိုးတွေ ဖုံးနေတဲ့ သတင်းတွေ ကြားလိုက်ကြမှာပါ။ မော်စကိုက မြို့ဂျီးသား တွေဒီမှာ မီးခိုးလာရှောင်ရင်း လာလည် ကြပါကော။ ဧည့်သည်ကတော့ လာနေကျပါပဲ။ မီးခိုးဖုံးတာနဲ့ ပတ်သက်လို့ အတော်လေးကို ပိုများသွားတယ်ဆိုပါတော့။ ဒီမှာလည်း မီးခိုးတွေနဲ့ဖုံးနေတာပဲ။ ဟိုမှာလောက်မဆိုးဘူး ပြောတာပဲ။ အဲ့ဒီ့တုန်းကများ အကုသိုလ်တွေ အတုံးလိုက်အတစ်လိုက်ဝင်တာ။ လာတဲ့ ဧည့်သည်တွေကိုပြောတာမဟုတ်ဘူးနော်။ သိပါတယ်..သိပါတယ်.. နင်ရောချလိုက်တယ်ဆိုတာ။ အပူချိန်က ၄၀ နားမှာ။ ပူပါတယ်ဆိုမှ မီးခိုးကမွှန်။ အသက်ရှူကမဝ။ ချွေးကထွက်။ အဲ့တော့ အဆောင်ကထွက် ရေးသွားကူးမိပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဘော်ဘော် နှစ်ယောက် ရဲဖမ်းခံရပါလေရော။ အရင်က ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေကြတာ..အဲ့နေ့ကျမှ မီးခိုးဖုံးနေလို့ ကူးနေရင်း အောက်ဆီဂျင်မဝတာတို့၊ ကြွက်တက်တာတို့၊ ရှော့ခ် ဖြစ်မှာစိုး လို့ဆိုပြီး အရေးပေါ် ဥပဒေထုတ်သတဲ့။ ကမ်းစပ်နားက ကူးလို့ရပါတယ်။ ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ ကူးမရတာ။ ကိုယ်တွေကလည်း ကြိုမသိလိုက်မိဘူး။ ဖမ်းတာက ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ဘူးရယ်။ ကူးတဲ့လူတွေကို မော်တော်ဘုတ်လေးနဲ့ လိုက်ခေါ်၊ ဘယ်လိုကြောင့် ဆိုတာရှင်းပြ၊ ဒီအချိန် မကူးပါနဲ့အုံးပေါ့။ ဒါလေးပြော၊ လက်မှတ်လေးထိုး ပြန်လွှတ်။ ဒါပါပဲ။

အဲ့မှာစတွေ့တာပဲ။ ဖြစ်တာကတော့ ဘာရယ်မဟုတ်ဘူး။ မဖြစ်ရင်ဘာမှမဖြစ်ဘူး..ဖြစ်ရင်တော့ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပဲ… ဧည့်သည်များလို့ ဆူညံမှုတွေရော၊ တရားမဝင်ရေကူးမှု တွေကော၊ တရားမဝင် ဧည့်သည်တင်မှုတွေကော ဟိုကရစ်လိုက် ဒီကကြပ်လိုက်နဲ့။ အဆောင်နဲ့ သံရုံးကထုတ်ပြန်ထားထားတာတွေပါပဲ။ လူစစ်စစ်ကနေ မူလီဘဝ ရောက်တဲ့အချိန်ပေါ့။ ဒီမှာကလည်း ဟိုးအရင်အရင်က မြန်မာလက်ထောက်ကထိကဆြာ တစ်ယောက် ရေနစ်ပြီး ဆုံးသွားဘူးတယ်။ အဲ့ထဲက ရေမကူးရ..ဘာညာဆိုပြီး ရှိတာ။ အဲ့တော့ ပိုဆိုးတာပေါ့လေ။ ဒါနဲ့ပဲ ဘော်ဘော်တွေလည်း မော်စကို ပြန်ပြေးရပါလေကော။ အဲ့သလို ဂျာလည်လည်နေတဲ့ အချိန်ကပဲ မိတ်ဆွေအမ တစ်ယောက်က မီးခိုးကိစ္စ သတင်းလှမ်းမေးတာကို ဘုတော လိုက်မိသေးတယ်။ နောက်မှ ပြန်တောင်းပန်ရတယ်။ ဒီလိုပါပဲ အဖွဲ့အစည်း၊ လူအများနဲ့ နေထိုင်၊ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်တိုင်းမှာ ဒီလိုအဖြစ်မျိုးလေးတွေ အနည်းနဲ့အများကြုံတွေ့ကြရတယ်။ လူအများအတွက် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေ၊ အမိန့်တွေ၊ စည်းမျဉ်းတွေ၊ ဥပဒေ တွေနဲ့၊  အမှားအယွင်းရှိသွားရင် ပြန်သက်ရောက်လာတဲ့ effect တွေဆိုတာဟာ တစ်ယောက်ချင်းစီအတွက် မလူးသာမလွန့်သာဖြစ်တတ်ကြတယ်။ ဒါမျိုးအတွက်က အပေါ်ကကော အောက်ကကော နှစ်ဘက် မြင်ကြည့်နိုင်မှပဲ အဆင်ပြေတော့မှာပဲ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအတွက် ဘေးကနေပါကြည့်ပေးဖို့လိုပြန်ကော။ သုံးဘက်မြင်ဖြစ်သွားပါပြီ။ အမိန့်ဆိုတာကို အသက်သွေးကြောအဖြစ်နဲ့သွားရတဲ့ အဖွဲ့အစည်းတွေမှာဆို ပိုဆိုးတာပေါ့။ ကိုယ့်အပေါ်ကို Pressure တွေဖြစ်လာတဲ့အခါမှာ အပေါ်က သောက်ရေးမပါတဲ့ စည်းမျဉ်းတွေ ထုတ်ရကောင်းလားဆိုပြီး ဆဲနေလို့မပြီးသလို၊ ကိုယ့်အချင်းချင်းကို ဒီလိုတွေ လုပ်ရကောင်းလားဆိုပြီး အပြစ်ပုံချနေလို့လည်း မပြီးပြန်ပါဘူး။ အပေါ်နဲ့ အောက်နဲ့ ဘေးနဲ့  ကြားမှာ နားလည်မှု ဆိုတာဝင်လာပြန်ရော။ တစ်နဲ့ တစ်နဲ့ ပေါင်းရင် နှစ်ထွက်ရမယ်ကွာလို့ ညီမျှချင်းချပလိုက်လို့ မရတဲ့နေရာတွေ ကျနော်တို့ လူ့ပတ်ဝန်းကျင်မှာ အတော်များများရှိနေပါတယ်။ ကိစ္စအသေးလေးတွေ အတွက်သာဆိုလိုတာပါနော်။ အကြီးကြီးတွေအတွက် တော့ စာတစ်ပိုဒ်နဲ့ လုံလောက်မယ်မထင်ဘူး။ ချဲ့ရင်ချဲ့သလောက် ကျယ်လိမ့်မပေါ့။

ဥပဒေဆိုတာက လူအများနဲ့ လိုက်လျောညီထွေဖြစ်မယ့်၊ လိုက်နာနိုင်မယ့် ဥပဒေဖြစ်ဖို့လည်း လိုသလို Update ဖြစ်နေဖို့လည်း လိုပြန်ကော။ ဥပမာ လူတစ်ယောက်သည် တစ်နေ့ကို ၂၄ နာရီအလုပ်လုပ်ရမည် ဆိုတဲ့ဥပဒေ ထုတ်တဲ့လူဆိုရင် သောက်ရူးပေါ့။ ထုတ်ပြန်တဲ့ လူလည်းအရူးဖြစ်သွားသလို လိုက်နာရတဲ့လူကလည်း အလိုလိုနေရင်း ဥပဒေချိုးဖောက်သူဖြစ်သွားပါတယ်။ ဒီနေရာ အမှိုက်မပစ်စေချင်ရင် စနစ်ကျတဲ့ အမှိုက်ပုံးနေရာနဲ့ သိမ်းဆည်းမှုလိုတာပေါ့။ ကိုယ်ပစ်ချင်တဲ့ နေရာတိုင်းတော့ အမှိုက်ပုံးဘယ်ရှိမလဲနော်။ ဒါဆိုရင်လည်း လက်ညှိုးညွှန်ရာ အမှိုက်ပုံးချည်း ဖြစ်နေမှာပေါ့။ အီးအီးပါချင်ရင်တောင်မှ အိမ်သာထဲရောက်တဲ့ထိတော့ ကြိတ်မှိတ်အောင့်ရတာပဲ မို့လား။ တွေ့လား..ဒီလို အော့အော့တွေ ပါလာပြီ။ သူရေးတာတွေ ဖတ်ရတာ အစားအသောက်ပျက်လိုက်တာနော်။  ရှိတဲ့နေရာလောက်အထိတော့ လက်က ခဏကိုင်ထားဖို့နဲ့ နေရာတကျစွန့်ဖို့ အသိစိတ်ရှိရမှာပါ။ အမှိုက်ကိုပြောတာပါ။ ဟိုကိစ္စနဲ့ ရောသွားမယ် စိုးလို့။ နှစ်ဖက် Balance ဖြစ်လာလေလေ သန့်ရှင်း သပ်ရပ်လာလေလေ ဖြစ်မှာပဲ။ အဲ့သလိုမဖြစ်ရင်တော့ နှစ်ဖက်စလုံး ချို့တဲ့နေတာဖြစ်နိုင်သလို၊ တစ်ဖက်ဖက်က ချို့တဲ့နေတာလည်းဖြစ်နိုင်တယ်။ ဒီမှာတော့ သံအမှိုက်ပုံးတွေ ဓါတ်တိုင် တစ်ခုအကွာတိုင်းစိုက်ထားတယ်။ လူနေအိမ်တွေအတွက် အမှိုက်ပစ်နေရာသတ်မှတ်ပေးထားသလို၊ အချိန်မှန် သိမ်းဆည်းမှု ရှိပါတယ်။ ဒါတောင် အမှိုက်အတိုအစက တွေ့နေရသေးတာပဲ။

ချို့တဲ့တာဆိုလို့ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခု က ဂျပန် Youth Meeting တစ်ခုမှာ သူတို့ဆီကလူငယ်တွေ လူအချင်းချင်း face to face Communication တွေ Lack  ဖြစ်နေပါတယ်ဆိုပြီး topic တင် ဆွေးနွေးသွားတယ်။ ဒီနိုင်ငံမှာလည်း စနေပြီ။ နိုင်ငံကြီး ကျယ်လွန်းလို့သာ မသိသာသေးတာ။ ကျောင်းသင်ခန်းစာတွေမှာတောင် အနောက်နိုင်ငံတွေနဲ့ နှိုင်းပြပြီး ပညာပေးသုံးသပ်ချက်တွေ ထည့်နေရတာတွေ့ပါတယ်။ အင်တာနက်တွေကောင်း၊ ကွန်ပျူတာတွေ၊ တီလီဖုန်းတွေပေါလို့ လူငယ်တွေအများစုဟာ Real life နဲ့ ကင်းကွာလာပြီး Netgame တွေ၊ LANGame တွေ၊ Chatting တွေ Social network အစရှိတဲ့ Virtual Life ထဲမှာကျေနပ်နေကြပါသတဲ့။ ဒါက ရောဂါတစ်ခုလိုဖြစ်လာပြီး လူသားတစ်ဦးရဲ့ သမရိုးကျ ဖြစ်တည်မှု ပျောက်ဆုံးလာသတဲ့။ တစ်လနေလို့မှ လူတစ်ယောက်နဲ့ လက်တွေ့ဆက်ဆံမှု မရှိတဲ့အခါမှာ Robot ဆန်လာကြတယ်။ တစ်ကိုယ်ကောင်းဆန် လာတယ်။ ကိုယ့် ကာရိုက်တာနဲ့ ၊အသွင်အပြင်ကို ကြိုက်သလို ပြောလို့ ၊ဖန်တီးလို့ ရတဲ့နေရာမှာပဲ ပျော်မွေ့လာတယ်။ တစ်ဖက်စွန်းရောက်လာတဲ့အတွက်  ဘိန်းဖြတ်သလိုပဲ အင်တာနက်စွဲလမ်းမှုတွေကို ကုသနေရပါသတဲ့။ ဒါလေးများ..ကမ္ဘာအေးသွား.. လာပြီးပြောဒယ်.. ပြောဒယ်..ချစ်ရယ်။ ဒို့ဆီလာခဲ့.. ကုစရာမလိုဘဲ ပျောက်သွားစေရမယ်။ အင်တာဖြတ် အထူးကုဆေးခန်းဖွင့်စားမလားဟင်။ သူတို့က အဲ့လိုပြောတယ်ဆိုတော့ ရွဲ့ပြောနေသလိုပဲနော်။ ဒါမှမဟုတ် စောင်းများပြောနေသလား။ ဖင်ခေါင်းပဲကျယ်တာလား။ အမှန်တော့ မဟုတ်ဘူး..တကယ်ဖြစ်နေတာပါ။ ဥရောပမှာလည်း လက်ရှိ ဒီတိုင်းဖြစ်နေတာပဲ။ နင်တို့မလိုချင်တော့ရင် ငါတို့ကို တစ်ဝက်ခွဲပေးလေလို့   ပြောရင်လဲ   ပေးမှာမဟုတ်ဘဲနဲ့များ  ..ဟွန်း။ အဲ့ဒီဟာကြီးတွေ ပြည့်စုံတော့လည်း..ဒါတွေချို့တဲ့လာပြန်ရော။ လိုနေတဲ့ အရာတွေသာ မတူကြတာ။ ဒို့လဲ ဝက်တွေဖြစ်နေမှတော့ ချီးကြောက်နေလို့လဲ မရပါဘူးလေ။ ဝက်လို နေနိုင်အောင်တော့ လုပ်ရတော့မှာပဲ။ နင်ပဲနေ..နင်ပဲနေ။ အလကားနေရင်း ဝက်လို လာနေခိုင်းနေသေးတယ်။ အနားရှိရင် လက်လှမ်းမှီရာနဲ့ ကောက်ထုလိုက်တယ်။

လောဘ ဆိုတာရှိနေသ၍ လိုအပ်မှုဆိုတာ ဘယ်တော့မှ အတော မသတ်ဘူးလို့   ပြောချင်တာပါ။    ဘေးထွက်ဆိုးကျိုးဆိုတာ   နေရာတိုင်းမှာဝင်တာပဲ။   0 1 ငွေကြေးတွေ၊ အသုံးအဆောင်တွေဆီကိုပဲ ရုန်းကန်နေကြရတာမို့လား။ နောက်ဆို အတုနဲ့မွေး၊ အတုနဲ့ ကြီး၊ အတုတွေစီး၊ အတု တွေထုတ်၊ အတုတွေ နဲ့ အလုပ်လုပ်ရင်း၊ ငွေကြေးအတုတွေကို စု၊ အတုတွေနဲ့ ချစ်၊ အတုတွေနဲ့ပဲ ဂန့်သွားကြတော့မှာ။ ဒီလိုနဲ့ပဲ လူသားဆန်မှု၊ ဆင်ခြင်တုံ့တရားတွေ Lack ဖြစ်တဲ့ဆီမှာ အဆုံးသတ်၊ အနုမြူဗုံးတွေကို လောက်စာလုံး ပစ်သလိုပစ်ကြပြီး စိစိညက်ညက်ကြေကြအုံးမှာပဲ။ ကမ္ဘာပျက်တယ်ဆိုတာ ဒါများလား ဟင်။ ဒီအခြေအနေတွေရောက်မလာဖို့က လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ ကို ဘာသာတရားတွေနဲ့ ထိန်းရမှာပါ။ ဘာသာရေးရဲ့ အနှစ်သာရက ဒီလိုနေရာမှာ အတောက်ပဆုံး တန်ဖိုးအကြီးဆုံးလို့ ထင်မိပါတယ်။ ဥပဒေနဲ့ဆိုတာ အခိုက်အတန့်ပဲထိန်းလို့ရတာ။ ဥပဒေတွေ စနစ်တွေဆိုတာ လူကလုပ်ထားတာ။ လူတွေဖျက်ရင် အချိန်မရွေးပျက်သွားတာပဲ။ ဘာခေါင်းစဉ်တွေ တပ်ခဲ့ တပ်ခဲ့ ကမ္ဘာ့စစ်ကြီးတွေဖြစ်တုန်းကများ ဘယ် Law တွေကလူရာဝင်ခဲ့ပါသလဲ။ ခုလည်း ရေများရေနိုင်၊ မီးများ မီးနိုင် လုပ်နေကြတာပဲ မဟုတ်လား။ မပူပါနဲ့ကွယ်။ ခုဆို ဒို့ဘာသာရေးခေါင်းဆောင် တချို့တောင် လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို ထိန်းဖို့ ခေါင်းစည်းတွေ၊ စတစ်ကာတွေ၊ လက်ပတ်တွေနဲ့ တရားပြနေကြပြီလေ။ တညိုးဂျီး ပဲနော်။ တရားဆိုတာ ယူတတ်ရင် နေရာတိုင်းရသတဲ့။ သူများပြောတာ ကြားဖူးတာပဲ။ ယူပါ… ယူပါ။ ဒီလိုပဲ ကြံဖန် ယူရတာပဲ။

တချို့ဆိုတဲ့ စကားလုံးတောင် အတော့်ကို မရဲတရဲသုံးရတာရယ်။ ဝါးလုံးရှည် အီးအီးသုတ်ပြီး လက်လွတ်စပယ် ရမ်းဖို့ဆိုတာ ဝေလာဝေး။ ကိုယ့်ဖာသာလည်း အတော်လေး ထိန်းရတာပဲ။ ပုထုဇဉ်ဆိုတာမျိုးက ကိုယ့်ရပ်တည်ချက်နဲ့ ပတ်သက်ရင် ခွဲခြားမြင်နိုင်စွမ်းရှိတယ်ဆိုတာ အတော်ရှားပါးတာကိုး။ ဆရာဝန်ဆိုလည်း ဆရာဝန်အလျောက်၊ အင်ဂျင်နီယာဆိုလည်း အင်ဂျင်နီယာအလျောက်၊ စစ်သားဆိုလည်း စစ်သားအလျောက် ကိုယ့် ပရောဖက်ရှင်နယ်ကို ဝေဖန်လာရင် ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ခံချင်ကြတာမှမဟုတ်တာ။ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်ကို ဝေဖန်ရင်တောင် ဆတ်ဆတ်ထိနာကြတာမဟုတ်လား။ ဆရာဝန်ကို ထိမိရင် စီခနဲ၊ အင်ဂျင်နီယာကို ထိမိရင် စီခနဲ၊ စစ်သားကို ထိမိရင်လဲ စီခနဲ၊ နိုင်ငံရေးသမားကိုဝေဖန်ရင် စီခနဲ တက်တက်လာတဲ့ အသံတွေကို နားထောင်ရင်သိနိုင်တာပဲလေ။ ဝါးလုံးရှည်နဲ့ သိမ်းရိုက်ခံရတယ်ဆိုတာ ဘယ်သူမှကြိုက်တာမဟုတ်ဘူးရယ်။ ကိုယ်တောင်မကြိုက်တဲ့အရာ သူများကို ဘာလို့လုပ်မလဲနော့်။ နေရာတိုင်းမှာ ဒီလိုထိလို့ ရလာတဲ့ ဒဏ်ရာတွေရဲ့ အစိုင်အခဲကို တွေးမိရင် အတော်ကြောက်ဖို့ကောင်းတာရယ်။ မွေးလေ ပွားလေ။ အချိန်တိုင်းအချိန်တိုင်း ဘယ်နှစ်သားလောက် ကျနေတယ်ကို မသိဘူး။ ဒါလောက်ဆို လူချစ်လူခင်လည်း အတော်များသွားပြီနော်။ လူကြိုက်များအောင် ဘာလို့ အဲ့လောက်နေတတ်သလဲ ဟင်။ ဟိုရုရှား နွေဦးကနေ တရားပြတာထိရောက်အောင် နင်ဘယ်လို စမာဂလာထည့်လိုက်သလဲ။ ဒီတစ်ခါလည်း အိပ်ငိုက်သွားတာလို့ လုပ်အုံးမလို့လား။ မလုပ်ရဲပါခင်ဗျ။ ဟို..ဟို..Lack ကိစ္စကနေ စသွားတာ။ တကယ်ဂျီး ကို တိုက်ဆိုင်သွားတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...