Tuesday, March 6, 2012

၁၈ ၊ ၁၉ ၊ ၂၁ ၊ ဆရာ ဆွေလှိုင်ဦး နှင့် ထန်းလျှောသေ

by Nyein Soe Oo on Wednesday, March 7, 2012 at 12:12pm ·

                အခု ရက်တွေ အတွင်းမှာ ပညာရေးနယ်ပယ်နဲ့ ပတ်သက်ပြီး တုန်လှုပ်စရာ ဖြစ်ရပ်တွေကို လပွတ္တာမြို့မှာ ကြုံနေခဲ့ပါတယ် ။ နောက်ပြီး ဆိုင်ကယ်နဲ့လည်း ပတ်သက်နေတာကို တွေ့ရပါတယ် ။ မောင်မြကျော် ( ၁၉ )နှစ် နဲ့ မောင်ကျော်ဝိန်း ( ၂၁ ) နှစ်တို့ဟာ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုမယ့်ကျောင်းသားတွေ ဖြစ်ကြပါတယ် ။ ဖေဖေါ်ဝါရီလ  (  ၂ )ရက်နံနက်မှာ သင်္ကန်းကြီးကိုသွားတဲ့ လမ်းနဘေးက ရေမြောင်းထဲမှာ ဆိုင်ကယ်နဲ့ အတူ နှစ်ဦးလုံးကို အသက်မဲ့ခန္ဓာနဲ့ တွေ့ခဲ့ကြပါတယ် ။ စာမေးပွဲအတွက် အချိန်နီးကပ်ချိန်မှာ အခုလို အဖြစ်ကြောင့် မိဘများရော ဆရာ ဆရာမများနဲ့ သူငယ်ချင်းများပါ စိတ်မကောင်းဖြစ်ကြရပါတယ် ။ ညဘက်မှာ ဆိုင်ကယ်ကို အပြင်းမောင်းရင်း မထိန်းနိုင်ဘဲ ရေထဲကိုကျလို့ ရေမွန်းပြီး အသက်ပျောက်ရတာလို့ မှတ်ချက်ပြုခဲ့ကြပါတယ် ။ ဘာမှ မဟုတ်ဘူးလို့ ထင်ရတာက အသက်အန္တရာယ်ကို နှုတ်ယူသွားတာပါပဲ။
နောက်တော့ မောင်ရဲစွမ်းအောင် ( ၁၈ )နှစ်ရဲ့ သတင်းကိုထပ်ပြီး ကြားရပြန်ပါတယ် ။ ပုသိမ်မြို့ နည်းပညာတက္ကသိုလ်က ပထမနှစ်ကျောင်းသားလေး ( လပွတ္တာမြို့သားလေး ) ဟာ ပုသိမ်မြို့မှာ ဆိုင်ကယ်နဲ့ ချိတ်မိပြီး လမ်းပေါ်ကို လဲကျရာက ဒဏ်ရာ ပြင်းထန်လို့ အသက်ကိုပါပေးလိုက်ရတဲ့ အဖြစ်ပါ ။ ( ၂၇ ၊ ၂ ၊ ၂၀၁၂ ) ရက်နေ့မှာ အသက်ဆုံးရတာမို့ တစ်လအတွင်းမှာ လူငယ်လေးတွေ ( ၃ ) ဦးကြွေလွင့်ရမှုက မြို့ရဲ့နံရံတွေကို ရိုက်ပုတ်နေသလို ပါပဲ။ ဒါပေမယ့် သူတို့ မရှိတော့လည်း ကျောင်းတွေ ၊ စာမေးပွဲတွေ ၊ ပျော်ပွဲ ရွှင်ပွဲတွေက ဆက်လက်စီးဆင်းနေကြတာပါပဲ ။ သူတို့ကသာ ပါဝင်ခွင့်မရတော့တာပါ ။ နာဂစ်ကို ရင်ဆိုင်ဖြတ်သန်းဖူးတဲ့ ဒေသဆိုတော့လည်း အနိစ္စကို ကြုံရတာ သိတ် ပြီးမဆန်းသလို နေတတ်နေပါတယ် ။
            ကျွန်တော်လည်း ဒီနှစ်အတွင်းမှာ မော်တော်ဆိုင်ကယ် နှစ်ကြိမ်တိုးမိတာကို ကြုံခဲ့ရပါတယ် ။ ပထမတစ်ကြိမ်က အထက ( ၁ ) နဲ့ မြို့လယ်ကျောင်းတို့အကြားက လမ်းမှာပါ ။ ဆိုင်ကယ်မောင်းသူလူငယ်က ကျွန် တော့် စက်ဘီးရဲ့ ညာဖက်ကနေကျော်တက်ပြီး စက်ဘီးကို ချိတ်မိခဲ့ပါတယ် ။ ကျွန်တော်လည်း စက်ဘီးနဲ့ အတူ လမ်းပေါ်ကိုကျခဲ့ရပါတယ် ။ ဒါပေမယ့် လူငယ်က သူညှာလိုက်လို့ တော်သွားတာလို့ ပြောတဲ့အတွက် အံ့သြ မိပါတယ် ။ လမ်းစည်းကမ်းကို မလိုက်နာပဲ တပါးသူကို စာနာတတ်မှုအားနည်းစွာ ပြုမူတဲ့အကျင့်ကို အံ့သြမိတာပါ ။ စမုတ်တွေ ကောက်ကွေးပြီး ကျွန်တော်ဒဏ်ရာရတာကို တစ်ချက်မှ မကြည့်ပဲ မောင်းထွက်သွားခဲ့ပါ တယ် ။ နောက်တစ်ခါကတော့ ကဖီ3း5 ရှေ့က ဘုရားလမ်းပေါ်မှာပါ ။ အသံမပေး အချက်မပြဘဲ ကျော်တက်လာတာကို ကွေ့ဖို့ ပြင်နေတဲ့ ကျွန်တော့်ကို တိုးမိတာပါ ။ ကျွန်တော်ကလည်းကွေ့ဖို့ ပြင်နေတာမို့ သတိ မပြုမိရင် တိုက်ရိုက်တိုက်မိနှိုင်ပါတယ် ။ ကပ်ပြီး တိုးမိလို့ စက်ဘီးလဲကျသွားရပါတယ် ။ လူကတော့ ခုန်ဆင်းနှိုင်ခဲ့ပါတယ် ။ တိုးတိုက်မိတဲ့ လူငယ်က ဆိုင်ကယ်ပေါ်ကတောင်မဆင်းဘဲ ခဏရပ်ကြည့်ပြီး ခရီးဆက် ထွက်သွားပါတယ် ။ ကျွန်တော်လည်း အံ့သြပြီး ကျန်ခဲ့ရယ် ။ လူငယ်တွေမှာ ယဉ်ကျေးမှု ၊ နားလည်မှု ၊ စာနာတတ်မှု ၊ကူညီမှု ၊ တာဝန်သိမှု ... စတဲ့ အသိတွေ တော်တော်လျှော့ကျလာတာလားလို့ တွေးမိပါတယ် ။ အမှန်ကတော့ သတိတွေ အားနည်းနေတာလို့ ထင်မိပါတယ် ။ သတိကို ထိန်းသိမ်းနှိုင်ဖို့ကတော့ အသိပညာလိုပါလိမ့်မယ် ။
                ဆိုင်ကယ်လို ယဉ်မျိုးက ရင်ဘတ်ကို လေအတိုးခံပြီး စီးနေရတာမို့ နှလုံးခုန်နှုန်းမြန်လာပြီး စိတ်တွေကို ထွေပြားမှုဖြစ်စေပါတယ် ။ ဘ၀င်မြင့်စိတ်လို့ ပြောရင်လည်းမမှားပါ ။ ဘ၀င်ကိုလေဟပ်ပြီးဖြစ်ရတဲ့ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်မှုတစ်ခုပါပဲ ။ လေတိုးလေ ဘ၀င်မြင့်လေ သတိလစ်လေဖြစ်တတ်ပါတယ် ။ အဲဒီအခါမှာ ဆုံးဖြတ်မှုတွေက အားနည်းလာပါတော့တယ် ။ မကျွမ်းကျင်ရင်ပိုပြီး အခက်အခဲကို ရင်ဆိုင်ရမှာပါ ။ ကျွမ်းကျင် မှုဆိုတာကိုလည်း ဆုံးဖြတ်နိုင်တဲ့အချိန်အကန့်

အသတ်က ပိုင်းခြားထားလေတော့ မိမိရဲ့ ကျွမ်းကျင်မှုကို မထိန်းသိမ်းလိုက်နိုင်ခင်မှာ ပြဿနာတွေကို ကြုံရတတ်ပါတယ် ။ တကယ့်စတန့်သမားတွေသော်မှ ခန့်မှန်းမှု လွဲတာတွေကို ကြုံနေရတာပဲ မဟုတ်ပါလား ။
               ၁၉၈၂ - ခုနှစ်ရဲ့ ဧပြီလ သင်္ကြန်ကာလအတွင်းမှာ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ရောင်းအကောင်းဆုံးစာရေးဆရာထဲမှာပါတဲ့ ဆရာဆွေလှိုင်ဦးတစ်ယောက် ကွယ်လွန်ခဲ့ပါတယ် ။ ဆရာဆွေလှိုင်ဦးဟာ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ၊ ဂျက်မ ... အစရှိတဲ့ ၀တ္ထုတွေနဲ့ ပရိဿတ်ကို ဆွဲဆောင်ထားသူလည်းဖြစ်ပါတယ် ။ ထူးခြားတဲ့ သိပ္ပံအတွေးအခေါ်တွေ အသုံးချမှုတွေကို ၀တ္ထုထဲမှာ ထည့်သွင်းရေးဖွဲ့သူ လည်းဖြစ်ပါတယ် ။ ဒါပေမယ့် ရေပက်ခံကပြန်ပြီး ညအိပ်ချိန်မှာ ခေါင်းရင်းကနေ လေပန်ကာကို ဖွင့်ပြီးအိပ်ခဲ့ပါတယ်ါ ။ အဲဒီမှာတင် အသက်ဆုံးရတဲ့အဖြစ်ကို ရောက်ခဲ့တာပါပဲ ။ နှစ်သစ်မရောက်ခင် သဂြိုလ်ခဲ့ရ ပါတော့တယ် ။ သင်္ကြန်ပွဲကြီး ဟာ သူ့ကိုချန်ထားပြီး ဆက်လက်ပျော်ရွှင်ကခုန်နေပါတော့တယ် ။ သတိမပြုနိုင်တာကြောင့် အချိန်မတန်မီမှာ ခွဲခွာခဲ့ရတဲ့အဖြစ်ဆိုးတစ်ခုပဲ ဖြစ်ပါတယ် ။
               လူတွေဟာ အသိညာဏ်ပညာကို တိုးတိုးပြီး တီထွင်ကြ၊ အသုံးပြုကြနဲ့ ထပ်ဆင့် တိုးတက်မှုတွေကို ဖန်တီးနိုင်ကြတဲ့ သတ္တ၀ါတွေဖြစ်ကြပါတယ် ။ ဖန်တီးမှုကို အလွဲသုံးလို့ အဖျက်ဖက်ကို ရောက်ရတတ် တာလည်းရှိနေပါတယ် ။ တတ်နိုင်သမျှရှောင်ရှားကြရမယ့် ကိစ္စပါ ။ ထို့အတူ အလျင်မြန်လာတဲ့ လူ့လောကထဲမှာ စက်ပစ္စည်းတွေနဲ့ ဆက်ဆံရေးကောင်းဖို့လည်း လိုအပ်ပါတယ် ။ ကျွမ်းကျင်ပိုင်နိုင်သော အတတ်ပညာကို သုံးခြင်း ၊ စက်ပစ္စည်းများရဲ့ ကြံ့ခိုင်မှုကို ဂရုစိုက်ခြင်း စသည်ဖြင့် သတိတရားကို အစဉ် ထိန်းသိမ်းနေကြရမှာပါ ။ အသိပညာကို နောက်က ကပ်မထားရင် သတိပျောက်ထာကို သတိထားကြရမှာပါ ။
              ထန်းတောရှိရာ အညာကျေးလက်ဒေသတွေမှာ ထန်တက်လုပ်ငန်းနဲ့အသက်မွေးရတဲ့သူတွေရှိနေပါတယ် ။ သူတို့ဟာ ထန်းပင်ပေါ်မှာ  နေ့စဉ် သတိကြီးကြီးနဲ့ အလုပ်လုပ်နေကြ ၊ ၀မ်းစာရှာဖွေနေကြသူတွေပဲ ဖြစ်ကြပါတယ် ။ အကြောင်းတစ်ခုခုကြောင့် သတိလက်လွတ်ဖြစ်ခဲ့ရင် ထန်းပင်ပေါ်ကကျပြီး အသက်အန္တရာယ်ကို ကြုံရတာလည်းရှိနေတတ်ပါတယ် ။ သတိကို လက်ကိုင်ထားနေကြရလို့ နည်းတော့ နည်းပါ တယ် ။ အဲဒီလို ထန်းပင်ပေါ်ကနေ သတိလွတ်ပြီး အသက်ကုန်ရသူတွေကို ထန်းလျှောသေ လို့ ဖွားသေစာရင်းထဲမှာ ထည့်သွင်းဖော်ပြလေ့ရှိကြပါတယ် ။ ဒါကြောင့် သတိကို မည်သည့်အချိန် မည်သည့်နေရာတွေမှာမဆို အသိပညာနဲ့ ထိန်းကျောင်းနေသင့်တယ်ဆိုတာ အမြဲလိုလိုပြောနေကြရတဲ့ တရားအဖြစ်တည်နေပါတော့တယ် ။ အခုလည်း ပြော ၊ နောင်လည်း ပြောနေကြရအုံးမှာ ။ အသိပညာကို ရင်မှာထားရင်း သတိကို အစဉ်ဂရုပြုနေကြဖို့ ... ။

သိတတ်လို့ တတ်သိပြီး  သတ္တိတွေတိုးကာ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး
( March ; 6 ; 2012 )
http://www.nyeinsoeoo.com/2012/03/blog-post_2060.html
http://nyeinsoeoo.multiply.com/journal/item/430

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...