Sunday, March 4, 2012

နတီ နတီ

by Zay Ya on Monday, March 5, 2012 at 12:20am ·
 
အပ္ပမာဒ၊ စောင့်ကြည့်မှု သတိဟာ အမြဲတမ်း ချမ်းမြေ့မှု ကို ပေးပါသလား။ မိမိ ရုပ်၊နာမ် ထင်ရှားပေါ်ပေါက် သမျှ စောင့်ကြည့် သိ နေတဲ့ ခဏ ကျောရိုးစိမ့်ပြီး အေးမြနေတယ် ဆိုတာရော ဟုတ်ပါသလား။

စောင့်ကြည့်မှု ၊ သတိ၊ (ဝါ) အပ္ပမာဒ (ဝါ) ဘာဝနာဟာ - အေးတာလည်း မဟုတ်၊ ပူတာလည်း မဟုတ်ပါဘူး။ ပျော်ရွှင်မှုလည်း မဟုတ်၊ စိတ်ညစ်ညူးမှုလည်း မဟုတ်ဘူး။ အမှောင်လည်း မဟုတ်၊ အလင်းလည်း မဟုတ်၊ သေခြင်း (မရဏ) လည်း မဟုတ်၊ ရှင်ခြင်း (ဘဝ) လည်း မဟုတ်ဘူး။
ဒါကို အိန္ဒိယ ဒဿန၊ ဥပနိသျှဒ်တွေမှာ - နတီ နတီ (Neti Neti) လို့ ပြောလေ့ရှိတယ်။ အဓိပ္ပာယ်က - "ဒါလည်း မဟုတ်ဘူး - ဟိုဟာလည်း မဟုတ်ဘူး" ။

ပျော်ရွှင်နေတဲ့ အချိန် ခဏမှာ ခင်ဗျား ပျော်နေတယ် လို့ အတိအကျ ထင်နေရင် ၊ ရှိနေရင် အဲ့ဒါဟာ စောင့်ကြည့်မှု ဘာဝနာ မဟုတ် သေး ပါဘူး။ အဲ့လိုပဲ ဝမ်းနည်းနေတယ် ဆိုရင်လည်း သတိ၊ အသိ၊ ဘာဝနာ မဖြစ်ထွန်းနေဘူး။ မေ့လျော့မှု သက်သက်ပဲ ရှိနေတယ်။ ဝမ်းသာ တာ ၊ ဝမ်းနည်းတာ မှန်သမျှ ဟာ ခင်ဗျား ကိုယ်တိုင် အတိအကျ ဝင်ရောက်တဲ့ အခါ မှာ ပေါ်ပေါက်ပါတယ်။ ဖြစ်ရပ်တစ်ခုမှာ ခင်ဗျား ရဲ့ စိတ်ရောကိုယ်ပါ ဝင်ရောက်ခြယ်လှယ်တဲ့ အခါ အဲ့ဒီ ဒွိသဘာဝ တွေ ပေါ်ပေါက်တယ်။ ဒီ ချမ်းမြေ့ပျော်ရွှင်မှု၊ ညစ်ညူး ဝမ်းနည်းရမှု သန္တာန်တွေ အကုန်လုံး ဟာ ခင်ဗျား စိတ်အတွင်း ခင်ဗျား ခံယူချက် အတိုင်း ဖြစ်ပါတယ်။ ဘာဝနာ - စောင့်ကြည့်မှု သတိဟာ ခင်ဗျားရဲ့ ရုပ်၊ နာမ်ခန္ဓာ ထဲမှာ မဟုတ်ဘူး။ စိတ်အတွင်းမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ခံယူချက်လည်း မဟုတ်ဘူး။ သူ့ရဲ့ အလွန်မှာ ၊ သဘာဝ အတိုင်း သာ ဖြစ်ပါတယ်။



Meditation၊ ကမ္မဋ္ဌာန်း၊ ဘာဝနာ အားလုံးဟာ စောင့်ကြည့်မှု သတိ အပေါ်မှာ အခြေတည်တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါဆို မေးကြမယ် - အဲ့ဒီ စောင့်ကြည့်မှု ကနေ ဘာဖြစ်လာမလဲ။

အလွန်ဆုံး ပြောနိုင်တာက - အပြည့်အဝ အေးငြိမ်းသွားမှု   ဖြစ်ပါတယ်။ လုံးဝ ဥဿုံ တိတ်ဆိတ် တယ်။ ဒါကို ဘာဝနာနဲ့ မနေထိုင် ဖူးသေး တဲ့ သူ တစ်ယောက်က - ဘာဝနာမှာ ပျော်ရွှင်မှု ရနိုင်ကောင်းမယ် လို့ မျှော်လင့်ရင် မှားပါလိမ့်မယ်။ ဘာဝနာ ဟာ လူ့ဘောင် အကြား က ပျော်ရွှင်မှု မျိုး မဟုတ်ဘူး။ ပျော်ရွှင်မှု ၊ သုခ ရဲ့ တစ်ဘက်မှာ - သူ့ရဲ့ ဆန့်ကျင်ဘက် - ညစ်ညူးမှု၊ ဒုက္ခ ရှိနေပါသေးတယ်။ ဆန့်ကျင်ဘက် ဒွိသဘာဝ တွေ အစုံ အစုံလိုက် တွဲဖက်နေသေးတယ်။ ခင်ဗျား ဘာဝနာနဲ့ မရှိနေ သရွေ့ - တစ်ခုကို ဆုပ်ကိုင်တယ် -  တစ်ခု ကို လက်လွှတ် နေရသေးတယ်။ တစ်ခုကို တွယ်တာတယ် - တစ်ခုကို ရှောင်လွှဲ နေရပါသေးတယ်။



လက်ရှိ ခဏတိုင်း နေထိုင်တဲ့ အသိ၊ သတိမှာတော့ အဲ့ဒီ ဆန့်ကျင်ဘက် တရားတွေ မရှိဘူး။ တွယ်တာတာလည်း မရှိသလို - ရှောင်လွှဲ စရာ လည်း မရှိဘူး။ လိုရင်းက ဆန့်ကျင်ဘက် ဒွိတွေ မရှိပါဘူး။ ဒါ့ကြောင့်လည်း  အဓိပ္ပာယ် သတ်မှတ်ရ ခက်ခဲ နေရ တယ် ။  ဝေါဟာရ ရွေးချယ်မှု ကျွမ်းကျင် လှတဲ့  ဗုဒ္ဓက ဒါကို "သန္တိ" (ချုပ်ငြိမ်းခြင်း) လို့  ခေါ်ဆိုတယ်။ ဒီ ဝေါဟာရဟာ စင်စစ် နှစ်လိုဖွယ် စကား ဖြစ်နေတယ် မဟုတ်လား။  ခင်ဗျား သန္တာန်မှာ တွယ်တာနှောင်ဖွဲ့ သမျှ - လျော့ကျသွားတဲ့ အခါ (ဝါ)  ရှောင်လွှဲ ပြေးလွှားနေ ရသမျှ - ပြေလျော့ သွားတဲ့အခါ  ခင်ဗျား သန္တာန်မှာ ချမ်းမြေ့မှု စင်စစ် သူ့တစ်ခုတည်း အထင်အရှား ရှိလာပါတယ်။ အဲ့ဒီ အခြေအနေကို အများသုံး တဲ့ ဝေါဟာရတွေ နဲ့ ရှင်းပြဖို့ ခင်ဗျား ကြိုးစားရင် အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်နေမှာပါပဲ။

ဇင်မှာ ဒါကို "SUNYAM" သုညံ ( Absolute Void ) လုံးဝ ကင်းပြတ်နေခြင်း လို့လည်း ခေါ်ဆိုတယ်။ ဘယ်အရာမှ ထင်ကျန်မှု မရှိဘဲ လုံးဝ တိတ်ဆိတ်နေခြင်း၊ ဗလာ သက်သက် ဖြစ်တည်နေခြင်း လို့ နားလည် နိုင်ပါတယ်။ ဒါပေတဲ့ အများ နားလည်တဲ့ "ဗလာ သက်သက် ၊ Emptiness" ဟာ "သုညံ" ရဲ့ ဆိုလိုရင်းကို မမှီနိုင်သေးဘူး။ ဘာလို့ဆို "ဗလာ" လို့ ပြောကြတဲ့ အခါ - နားလည်သူ က အများအားဖြင့် "ဘာမှ မရှိခြင်း" လို့ မြင်နိုင်သေးတယ်။ ယုတ်လျော့ လစ်ဟာနေတဲ့ သဘောလို့ မြင်နိုင်တယ်။ ဆိုလိုတာက မကောင်းတဲ့ သဘော အဖြစ် ရှိနေပါသေးတယ်။

"သုညံ" ဆိုတာ စင်စစ် အဲ့ဒီ သဘောမဟုတ်ပါဘူး။ မကောင်းတဲ့ သဘော မဟုတ်သလို၊ ကောင်းတဲ့ သဘော လည်း မဟုတ်ဘူး။ ခင်ဗျား အချည်းနှီး ၊ အထီးတည်း တည်ရှိနေကြောင်း မြင်တွေ့ရတဲ့ အခြေအနေ တစ်ခု သက်သက်။ ဒါ့ကြောင့် ဒီနေရာ မှာ - အထီးတည်း လို့ ပြောတာ ဟာ အထီးကျန်တာနဲ့ ကွဲပြားကြောင်း သိစေချင်ပါတယ်။ အထီးကျန် တာနဲ့ အထီးတည်း ဖြစ်တာဟာ မတူညီဘူး - ကွဲပြားနေ ပါတယ်။ အထီးကျန်တယ် ဆိုတာဟာ - ခင်ဗျား -တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို လိုလားနေကြောင်း -လိုအပ်နေကြောင်း ရိုးရိုး ရှင်းရှင်း ပြဆိုနေပါတယ်။ အထီးတည်း ဖြစ်တယ် ဆိုတာက - ဘာမှ မလိုအပ်နေဘူး - ဘာမှ ထပ်ရှိမနေဘူး - ပြည့်ဝနေမှု သက်သက် ။

ဒီအခြေအနေကို Buddha-hood လို့လည်း ဇင်မှာ သုံးစွဲပါတယ်။

ဆိုပါစို့ - ငှက်ကလေး တစ်ကောင် ရေကန်တစ်ခု ပေါ်က ဖြတ်ပျံ တယ်။ ကန်ရေပြင်မှာ ငှက်ရိပ် ထင်သွားတယ်။ အဲ့ဒီ ငှက်ကလေး ဟာ -  ရေကန်မှာ အရိပ်ထင်နေပါစေ  ဆိုတဲ့ စိတ်ကူး မရှိဘူး။  ရေကန်မှာ လည်း - ဒီငှက်ကလေး အရိပ်ကို ထင်ပြ လိုက်မယ် လို့ စိတ်ကူး မရှိဘူး။ ငှက်တစ်ကောင် - သူ သွားလိုရာ ပျံသွား တယ်။ ရေကန် ကလည်း အကြောင်းဆုံလို့ ထင်ဟပ် ပြလိုက်တယ်။ ခင်ဗျား စေ့စေ့ကြည့်ရင် - ဒါဟာ သာမန် သမားရိုးကျ ဖြစ်စဉ်လေးသာ ဖြစ်ပါတယ်။ ခင်ဗျား အမြင်မှာ - ရေကန် ရှိသလို ၊ ငှက်လည်း ရှိတယ်။ ငှက်ငယ် ပျံသွားတယ်။ ကန်ကို ဖြတ်သွားတယ်။ ဒါ့ကြောင့် ကန်ရေပြင် မှာ ငှက်ရိပ် ထင်ဟပ် သွားတယ်။ ဒါ သဘာဝ ကျတယ် မဟုတ်လား။ ငှက်ကလေး ပျံသန်း သွားပြီ။ အဲ့နောက် ဘာဖြစ်မလဲ။

ကျိန်းသေတာက - ကန်ရေပြင်ဟာ ငှက်ကို လွမ်းမနေပါဘူး။ တမ်းလည်း တမ်းတ မနေဘူး။ နောက်ထပ် ထင်ဟပ် လာပါစေတော့လို့ မမျှော်လင့် သလို၊ ပျံသန်း ခဲ့ပြီး -ထင်ဟပ်ပြီးတဲ့ စောနက ပုံရိပ် ကိုလည်း မှတ်ဥာဏ် တစ်ခုလို မသိုမှီး ထားဘူး။ နောင်တစ်ချိန်မှာ ထပ်ရှိ လာဖို့ ဆုတောင်း မနေဘူး။

တစ်နေ့ တစ်ချိန်မှာ ဒီငှက်ကလေး နောက်တစ်ခေါက် ပျံလာဖို့ ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ ဟုတ်တယ်ဟုတ် ? အဲ့ဒီ အခါ ဆိုရင်လည်း ဒီကန်ရေပြင် ဟာ  သူ့ကို ရိုးရိုးရှင်းရှင်း  ထပ်ဟပ် ပေးဦးမှာပဲ။ ဆိုလိုတာက - ဒီအရိပ်ဟာ  - ကန်ရေပြင် နဲ့ ငှက်ငယ် တို့ ကြံရွယ် ဖန်တီး ထားတာ မဟုတ်ဘူး။

ဖြစ်တည် လာတဲ့ အရာ တစ်ခု ဟာ ရိုးရိုးလေး  ဖြစ်တည်တယ်။ အခြား ဆက်နွယ်ချက်၊ ဖန်တီးချက် ဘာ လိုအပ်နေဦးမလဲ။ 

ကန်ရေပြင် မှာ အရိပ်ထင်တဲ့အခါ - အဲ့ဒီ အရိပ်က ပျော်နေတဲ့ပုံ ပေါက်ရင် - ပျော်နေတဲ့ပုံ ထင်မယ်။ ငိုနေတဲ့ ပုံပေါက်ရင် ငိုနေတဲ့ ပုံ ထင်မယ်။ ဒါပေတဲ့ အဲ့ဒီ ကန်ရေပြင်ဟာ ပျော်နေတာလည်း မဟုတ်သလို ငိုနေတာလည်း မဟုတ်ဘူးရယ်။  ဒီ ကန်ရေပြင် ရဲ့ ရောင်ပြန် ဟပ်ပေးနေမှု သက်သက်ကိုပဲ စောင့်ကြည့်မှု ၊ သတိ၊ အပ္ပမာဒ၊ ဘာဝနာ - လို့ ကျနော် ခေါ်ဆိုပါတယ်။

စင်စစ် ဘာဝနာနဲ့ အပြည့်အဝ ရှိတဲ့အခါ - ခင်ဗျားဟာ "ရောင်ပြန်ဟပ်နေမှု" သက်သက်ပဲ !

............................
Note: -
The Zen People say this is the state of Buddha-hood. The bird has no mind to be reflected in the lake and the lake has no mind to reflect the bird, but the bird on the wing.. and the lake reflects it. You see the point: the bird has no mind to be reflected and the lake has no mind to reflect the bird, but the bird Is reflected. It simply happens that the lake is there and the bird is on the wing.. the reflection is bound to happen - it is natural! The bird is gone; the lake does not miss the bird, it does not hanker for it, it does not long for it, it does not hope that it will come again. It does not go into the past, into the memories, or into the future projections. The bird has flown; it never thinks of the lake again, it never desires to be there again. One day it may be there again, and again it will be reflected , but no relationship is created. The HAPPENING IS there but no relationship is there. That's what I called Related, Witnessing.

......................
Photo Credit - "Buddha" by Mg Ogga.
.......................
March 4rd 2012 at 11:55 PM
.......................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...