Sunday, March 4, 2012

ကျော်ဝင်း၏ ဂျူးရေးတဲ့ “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါရစေ ”အပေါ်ခံစားထားမှု

by Laiyarthar Kowunthu on Thursday, January 26, 2012 at 9:25pm ·
 
အနုပညာ ဖန်တီးမှုတိုင်းတွင် ပဉ္စလက် အာနိသင်ရှိမည် ထင်ပါသည်။ပန်းချီကား တစ်ချပ်ဖြစ်စေ၊ ကဗျာတစ်ပုဒ်ဖြစ်စေဖန်တီးသူဘက်မှ သူ့ခံစားမှုနှင့်သူ ထူဆစ်ပုံသွင်းလိုက်ခြင်း ဖြစ်လိမ့်မည်။ပရိသတ်ဘက်မှလည်း သူ့ဖြတ်သန်းမှုနှင်သူ သူ့အတ္တနောမတိစေရာအတိုင်း တုံ့ပြန်ခံစားပေလိမ့်မည်။ ပရိသတ်အချင်းချင်းဖြစ်စေ ဖန်တီးသူနှင့် ပရိသတ်ကြားမှာ ဖြစ်စေ ခံစားမှုချင်းထပ်တူကျကောင်းမှ ကျပါလိမ့်မည်။ကိစ္စမရှိ ။ထိုသို့သော ပဒေသာခံစားမှုကို စေ့ဆော်နိုင်သည်ကိုက ရသပညာ၏ လက်စွမ်းကို ငြိတွယ်ချတ်ဖြင့်ပင် စာရေးသူအနေနှင့် ရသ၀တ္ထုများကို တရှိုက်မက်မက် ဖတ်နေခြင်းဖြစ်ပါသည်။ယခုလည်း မိမိဖတ်လိုက်ရသော ၀တ္ထုတစ်ပုဒ်ကို အကြောင်းခံပြီး အတ္တနောမတိ ရွက်လွှင့်ကြည့်လိုက်ပါသည်။တိတိကျကျဆိုရလျှင် “ဂျူး”၀တ္ထု “ပိုချစ်ရတဲ့သူ ကိုယ်ပဲ ဖြစ်ပါစေ..”
ဝတ္ထုခေါင်းစင်ကြည့်ပြီး ဖတ်မနေတော့ပါဘူး ဟူ၍ပင် စဉ်းစာ မိလိုက်သေးသည်။
အသက်ခြောက်ဆယ်တွင်းဝင်လာပြီမို့ အချစ်ဆိုတာမျိုး ရင်မခုန်တတ်တော့တာလည်းပါမည်။ သို့နှင့်တိုင် စာအုပ်အစကို မြည်းစမ်းလိုက်သည်နျင့် ပြန်ချမရအောင် ဆွဲခေါ်သွားတော့သည်။ပိုလန်နိုင်ငံ ပို့ဇ်နန်မြို့ အောက်ရှ်ဝ်ဇ် အကျဉ်းခန်းနှင့် မနီးမဝေး။ထိုနေရာလေးတွင် သူမ နှ့င် သူ တွေ့ပြီး ပိုချစ်ရတဲ့သူ ဇာတ်ပန္နက်တည်လိုက်သည်။
သူမဆိုသူက ရှေးဟောင်း သူတေသနပါရဂူဘွဲ့ယူဖို့ စာတမ်းပြုစူနေသူ “မြ၀န်းရံ”။အောက်ရှ်ဝ်ဇ် အကျဉ်းစခန်းတွေကို စိတ်ဝင်စား၍ ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။သူ ဆိုသည်ကားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝါဒီ ပုဂ္ဂလိက သစ်တောတစ်ခု လက်တွေ့တည်ဆောက်နေသူ “ပြည်မိုငြိမ်”။သူက နိုင်ငံတကာ ရာသိဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံဆက်ဖို့ ပို့ဇ်နန်မြို့လေးသို့ ရောက်လာခြင်းဖြစ်သည်။သူတို့နှစ်ယောက် တစ်ခုသော စားသောက်ဆိုင်လေးထဲတွင် မထင်မှတ်ဘဲ ဆုံမိခဲ့ရာမှ  မမျှော်လင့်သော အလောင်းစားတစ်ရပ် ထွက်ပေါ်လာလေတော့သည်။
သူတို့လောက်းကြေးက မထိတ်သာ မလန့်သာ၊ဘ၀ကို လောင်းကြေးထပ်ကြသည်ဟူ၍ပင် ဆိုနိုင်လောက်သည်။သူမရှုံးလျှင် သူ့ကို လက်ထပ်ရမည်။သူရှုံးလျှင် လက်ရှိအလုပ်နှင့် ပညာကို စွန့်ရမည်။အမှန်စင်စစ် သူတို့နှစ်ယောက်၏ရင်ဆိုင်ပွဲမှာ အလောင်းစားသက်သက်မဟုတ်၊စွဲမြဲသော ယုံကြည်ချက်ကိုယ်စီဖြင့် ထိပ်တိုက်ေ တွ့ကြသော ဒီဘိတ်ကြီးဟူ၍ပင် ဆိုနိုင်ေ လာက်သည်။
ဆိုကြပါစို့။ အဆိုးမြင်နှင့် အကောင်းမြင်ဒိဘိတ်။
ဤကိစ္စနှင့်ပတ်သတ်လျှင် ရေတစ်ခွက်နှင့်ရေတစ်ဝက် ဥပမာကိုတွေးမိကြဖို့များပါလိမ့်မည်။အဆိုးမြင်သမားက ရေတ၀က်ပဲရှိသည်ဟု ဆိုမည်။ အကောင်းမြင်သမားက ရေတ၀က်ကြီးများတောင် ရှိသည်ဟုပြောမည်။ ရိုးလွန်းလှ၍ ကလီရှေးဟုပင် ဆိုရမလောက် ရှိသော ဤဥပမာ တုန်းတုန်းတာတာကြီးကို ဆရာမဂျူးကမသုံး။ကမ္ဘာပေါ်တွင် ဆိုးယုတ်မှုမရှိသော နေရာမရှိဟု သူမက အပြတ်ဆိုသည်။ဆိုးယုတ်မှုမရှိသော နေရာတစ်ခု အသေချာ ရှိပါသည်ဟု သူက အခိုင်အမာ ငြင်းသည်။ သူတို့နှစ်ယောက်၏ စမ်းသပ်နယ်မြေကာ မြန်မာနိုင်ငံမှ တစ်နေရာ ...၊အောင်မြေသာစံမြို့နယ်။
သည်လိုနှင့် အောက်ရှ်ဝ်ဇ်မှ စသော ဇာတ်မှာ အောင်မြေသာစံသို့ရောက်လာလေတော့သည်။
စာရေးသူအနေနှင့် အောင်မြေသာစံဆိုသည်ကို မန္တလေးမြို့နယ်တစ်ခု၏ အမည်အဖြစ်သာသိထားသည်။ဝတ္ထုထဲမှ အောင်မြေသာစံကား မန္တလေး မဟုတ်တန်ရာ။မုံရွာ ခရှိင်နှင့် ပခုက္ကူအစပ်ဖြစ်လေမလားတွေးမိသည်။ ဤမှန်းဆချက်သာ မှန်မည်ဆိုလျှင် အောင်မြေသာစံမှာ စာရေးသူနှင့် သိပ်မစိမ်းလှပါ။အမေ့ဘက်ကဆွေမျိုးတွေမှာ အောင်မြေသာစံဇာတိဖြစ်သည်။သူတို့ဆီမှ ကြားသိခဲ့သော ပြည်တွင်းစစ် ခေတ်ဦးအောင်မြေသာစံဇာတ်လမ်းတွေမှာ စာရေးသူး အတွက် ငယ်ဘ၀အိပ်ယာဝင်ပုံပြင်တွေဖြစ်ခဲ့ဖူးသည်။တစ်ရွာလုံး ကလေးလူကြီးမကျန် ရက်ရက်စက်စက် အသတ်ခံခဲ့ရသော ဆင်စွယ်ရွာ အဖြစ်ဆိုးဆိုလျှင် ယနေ့ထက်တိုင် စုတ်တသပ်သပ် ရင်တုန်ပန်းတုန် ပြောဆိုနေကြသူတွေ မနည်းမနော ရှိနေဆဲ ဖြစ်သည်။
အနှီ အောင်မြေသာစံသို့ မြ၀န်းရံတစ်ယောက် ဆိုးယုတ်မှု ရှာပုံတော်ဖွင့်ဖို့ရောက်လာသည်။ဆိုးယုတ်မှုဟုဆိုနိုင်သည့်တိုင် သိပ်မထူးဆန်းလှဟု ယူဆရမလို ရှိသော ရာဇ၀တ်မှုတစ်ခုက သူမကို ဆီးကြိုနှင့်သည်။ အရွယ်မရောက်သေးသော ကလေးမလေးတစ်ယောက်အပေါ် ယုတ်ယုတ်မာမာပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ယောက်။မြင်ရတွေ့ရဖန်များလှပြီဖြစ်၍ သာမန်ထမင်စားရေသောက်လိုကိစ္စလိုပင် ဖြစ်နေလေ့ရှိသော နောက်ထပ် ဆိုးယူတ်မှုတွေလည်းရှိသေးသည်။လုပ်ဖော်ကိုဖက်ဆရာမတစ်ဦး၏ နောက်ကျောဓါးနှင့်ထိုးမှုကြောင့် အိပ်မက်တွေ ပျက်ပြယ်သွားခဲ့ ရသော စိတ်ဝေဒနာရှင် ကျောင်းအုပ်ဆရာမကြီးဟောင်းတစ်ဦး။ထို့နောက် အလားတူအဖြစ်မျိုးနှ့င် ကြုံခဲ့၇သော တက္ကသိုလ် ဆရာမဟောင်း မသီရိ...။
ဆိုခဲ့ပါ ဆိုးယုတ်မှုများကြားမှ ကောင်းမြတ်မှုအစအန အချို့ကိုလည်း အောင်မြေသာစံမှာ ပင်တွေ့နိုင်ပါသေးသည်။တောသူတောင်သားများ၏ မပြောင်းလဲသော စိတ်သဘာဝ၊ရီုးသားဖော်ရွေ ကူညီလိုမှု...။ထို့နောက် ၀တ္ထုရေးဆရာမ၏ခေတ်မှီသော(လက်ရှိအခြေအနေအရ ခေတ်ရှေ့ပြေးသည်ဟူ၍ပင် ဆိုနိုင်သော)စိတ်ကူပုံရီပ်များ...။ပုဂ္ဂလိကသစ်တော....။စံပြဥယျာဉ်၊ငှက်ပျောရွက်
(ကြွပ်ကြွပ်အိတ်မဟုတ်)နှင့် ထမင်းကျွေးသောသင်တန်း... စသည်ဖြင့်။ဤနောက်ခံအခင်းအကျင်းမှာပင် သာမန်ဇာတ်ရံတစ်ဦးဟု ထင်ရသည့်တိုင် အရေးအကြီးဆုံးဇာတ်ကောင်ဖြစ်လာမည့် တစ်ယောက်နှင့် စာရေးဆရာမက မိတ်ဆက်ပေးလိုက်သည်။ဦးကောက်ရ..။
ဦးကောက်ရမှာ အသက်၆၀ကျော်၊၇၀ ၀န်းကျင် အဘိုးအို။စကားမပြောတတ်။နားတော့ကြားသည်။ နားလည်းလည်သည်။ရုပ်စုံကျောင်းဆရာတော်၏အကို အရင်းအချာတော့လည်းမဟုတ်။ဆရာတော့် မယ်တော်ကြီး၏မွေးစားသား..။ဆရာတော်က ဦးကောက်ရဇာတ်ကြောင်းကို အခုလိုရှင်းပြသည်။
“အမေက အဲဒီနေ့က ဖရဲခင်းထဲသွားတာ။ဖရဲခင်းထဲမှာ သုံးနှစ်အရွယ်ကလေးလေးတစ်ယောက် ဖရဲခင်းကြီးထဲမှာ ဖရဲသီးအကြီးကြီးကို ဖက်ပြီးအိပ်ပျော်နေတာ တွေ့ရော။အနီးအနားမှာလည်း အဖော်မိဘမပါ။အ၀တ်အစားဆိုလို့ အင်္ကျီပဲပါသည်။ဝတ်လာတဲ့ အင်္ကျီကလည်း  စုတ်ဖွာလို့ သွေးတွေကလည်းဟိုတကွက် ဒီတကွက် စွန်းထင်းနေသေးတယ်။အမေက သနားလို့ပွေ့ချီလိုက်တော့ အမေ့ကိုဖက်ပြီး ငိုလိုက်တာ။သူ့တစ်ကိုယ်လုံးလည်း တုန်နေတာပဲတဲ့။ကြောက်လွန်းလို့ပေါ့။အဲဒီကတည်းက အမေက“ကောက်ရ” လို့နာမည်ပေ့းပြီးမွေးလိုက်တာ....။
လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်။ထိုစဉ်ကာလလောက်က ထိုအနီးနားတ၀ိုက်တွင် ရွာလုံးကျွတ်အသတ်ခံရ၊မီးရှို့ခံရသည့်ဇာတ်လမ်းက လည်းရှိနေရာ၊ဦးကောက်ရဘ၀၏နောက်ကွယ်တွင် ဆိုးယုတ်မှုတစ်ခုခုအသေချာရှိလိမ့်မည်မှန်းဆပြီး မြ၀န်းရံအားတက်လာသည်။ အားတက်လို့မရသည်က ပြည်မိုးငြိမ်း။နာကျင်စရာ အတိတ်ကြောင့် ဦးကောက်ရ၏လက်ရှိအနေအထားကနေ အလှုပ်အရမ်းတွေဖြစ်လာမှာကို သူမလိုလား...။အတိတ်ကို တူးဆွဖော်ထုတ်နေသည်ထက် အတိတ်၏မြေပုံပေါ်တွင် အနာဂတ်သစ်ပင် စိုက်သည်ကသာ ပိုအကျိုးများဖွယ်ရှိလိမ့်မည်ဟု သူယူဆသည်။မြ၀န်းရံကမူ အဲဒီလိုမတွေး။နာကြည်းကြေကွဲဖွယ်ရာ အတိတ်ဖြစ်စေဦး သမိုင်းမှတ်တမ်းဆိုသည်ကို မဖျောက်ဖျက်သင့်။သို့ဖြင့် အကောင်းမြင် အဆိုးမြင်ဒီဘိတ်မှသည် အတိတ်အနာဂတ်ရွေးချယ်မှုသို့ ရောက်ရှိလာသည်။
ဤတွင် အရေးတကြီးပြောဖို့ရှိလာသည်ီမှာ ဦးကောက်ရ၏ ထူးထူးဆန်းဆန်းဝါသနာ။သူက ငယ်စဉ်က ပင် မြေကြီးကို တူးဆွပြီး ဟိုပစ္စည်းကောက် ဒီပစ္စည်းကောက်လုပ်တတ်သည်။ပျောက်ဆုံးသွားသော သူ့ငယ်ဘ၀ကိုပြန်လည်တူးဆွရှာဖွေနေခြင်းလည်း ဖြစ်ပါလိမ့်မည်။မည်သို့ပင်ရှိစေ ဤ၀ါသနာကြောင့်ပင် နှစ်ပေါင်းခြောက်ဆယ်ကျော်က အရိုးတွန်သံများကို ပြန်ကြားလိုက်ရသည်။ဦးကောက်ရတို့ရွာလေး၏ ငရဲနေ့မြင်ကွင်း တစ်ကျော့လည်လာခဲ့ရသည်။ပြည်မိုးငြိမ်း၏အနာဂတ်စိတ်ကူး စိမ်းမြသစ်တောအုပ်အောက် ဆယ်စုနှစ်အချို့နစ်မြုပ်ပျောက်ဆုံးနေခဲ့သော အတိတ်၏ မီးလောက်မြေကို အမှတ်မထင် ရှာဖွေတွ့ရှိလိုက်ခြင်း ဖြစ်ပါသည်။
ရောက်လွယ်အောင် ဆိုကြပါစို့။ အကောင်းမြင် အဆိုးမြင် အားပြိုင်မှုတွင် အဆိုးမြင်က နိုင်လိုက်သည်။သို့နှင့်တိုင် အနိုင်ရလိုက်သော မြ၀န်းရံ ကိုယ်တိုင်ကဇဝေဇ၀ါ။အတိတ်ကို တူးဖော်ပြီး ဆိုးယုတ်မှုကို ရှာဖွေသည့်အမှုမှာ ပစ္စုပ္မန်နှင့် အနာဂတ်အတွက်အမှန်တကယ် အကျိုးများပါ၏လော...။နောက်ဆုံး ဆိုးယုတ်မှုအာဃာတတွေကို ကျော်ပြီး ကောင်းမြတ်မှု အနာဂတ်ကိုသာ မျက်နှာမူလိုသည့် ပြည်မိုးငြိမ်းကို လောင်းကြေးတွင် မပါသော တစ်စုံတစ်ရာပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဝတ္ထုပြီးသွားသော်လည်း အတွေးတွေက မဆုံးတော့ပါ။ငယ်ဘ၀ အိပ်ယာဝင်ပုံပြင် ထဲမှ ဆင်စွယ်ရွာနှင့် ၀တ္ထုထဲမှ ကုက္ကိုတန်းတို့မှာ နီးလိုက်ဝေးလိုက်ရှိနေသည်။အမေ့ဘက်က ဦးကြီးတစ်ယောက်နှင့် ဦးကောက်ရတို့မှာ ပူးတုံခွာတုံရှီနေသည်။ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်ကြီးကို မျက်မှောက်ပြုနေရသည့် နိုင်ငံတစ်ခုတွင် ဆင်စွယ်ရွာတွေ ဘယ်နှစ်ရွာ ရှိခဲ့ပြီနည်း။ဦးကောက်ရတွေ ဘယ်လောက်များခဲ့ပြီနည်း။ခေတ်ပြိုင် ပညာရှင် ပေါကိုလီယာက အောက်ဆုံးမှ သန်းတစ်ထောင် (The Botton Billion by Paul Callier)နီုင်ငံများ ဆင်းရဲတွင်းမှ မတက်နိုင်သည့် အကြောင်းရင်း တစ်ခုမှာ ညီအစ်ကိုချင်း စစ်ခင်းနေကြသော ပြည်တွင်းစစ်ကြောင့် မှတ်ချက်ပြုထားသည်။
ကျွန်တော်တို့နိုင်ငံ၏ပြည်တွင်းစစ်မှာ တကယ့်ကို ညီအကိုချင်း စစ်ခင်းနေကြသည့် ရင်နာစရာ အကောင်းဆုံးစစ်ပွဲဖြစ်သည်။ စစ်တိုက်သည် ဆိုသည်မှာ ပန်းနှင့်ပေါက်တာ မဟုတ်လေ၍ နှစ်ဘက် နာကြည်းစရာများ အသေချာရှိပါလိမ့်မည်။သို့နှ့င်တိုင်ဤသို့ အသေကြေသတ်ကြဖြတ်ကြသူများ ကိုယ်တိုင်သည်ပင် အမျီုးသားလွတ်လပ်ရေးကြိုးပမ်းကာလက သွေးသစ္စာနှံခဲ့ကြသော ညီရင်းအကို များဖြစ်ခဲ့ကြပါသည်။နာစရာတွေကို လွမ်းစရာတွေနှင့် မဖြေနိုင်ကြတေြာ့ပီလော။
အမှန်စင်စစ် မြန်မာ့နိုင်ငံရေးအင်းအားစု အသီးသီးမှာ သူတို့ရွေးချယ်ခံယူထားကြသော အိုင်ဒီယိုလောဂျီအလိုက် သူ့နည်းသူ့ဟန်ဖြင့် တိုင်းပြည်ချစ်စိတ် ရှီကြသူတွေသာ ဖြစ်ကြပါလိမ့်မည်။တကယ့်လက်တွေ့တွင်မူ အမုန်းခြင်းအားပြိုင်ကြရာမှ  အာဃာတမီးလျှံတွေသာ ဟုန်းဟုန်းတောက်ခဲ့ရသည်။သည်လိုနှင့် ကာလအတန်ကြာလာသောအခါ တိုင်းပြည် ကံကြမ္မာမှာ မီးပုံထဲမှ မထွက်နိုင်တော့...။ အမုန်းမပြိုင်ကြဘဲ အချစ်ပြိုင်ကြသော ပွဲသာ ဖြစ်ဖို့ကောင်းပါသည်။နိုင်ငံရေးအင်အားစု အသီးသီးသို့ မေတ္တာ ရပ်ခံ ပန်ကြားလိုသည်မှာ “ပိုချစ်ရတဲ့ သူ ကိုယ်ပဲ ဖြစ်ကြပါစေ”...ဟူ၍။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...