Sunday, March 4, 2012

ကိုရင်ကျော် အလှမယ်

ချောစု က ရွှေမန်းမြို့ရဲ့ ချောင်ကျကျရပ်ကွက်ကလေးမှာ နေတဲ့သူလေးပါ။ ချောစုတို့ မိသားစုက ချောင်ချောင်လည်လည်တော့ မဟုတ်ပါဘူး။ အဖေက ဆိုက္ကားနင်းပါတယ်။ အမေကတော့ အကြော် ရောင်းပါတယ်။ အစ်ကိုတစ်ယောက်ကတော့ လက်သမားလုပ်ပါတယ်။ ချောစုကတော့ အမေနဲ့အတူ အကြော်ကူရောင်းပါတယ်။ မောင်လေးနှစ်ယောက်နဲ့ ညီမလေး တစ်ယောက်ကတော့ ကျောင်းနေတဲ့အရွယ်ကလေးတွေပါ။



မိသားစုဘ၀က ဆင်းရဲလှပေမယ့် ချောစုကတော့ ကုသိုလ်ကံကောင်းတယ်လို့ပြောရမယ်။ မြင်ရသူငေးရလောက်
အောင် ချောမောလှပပါတယ်။ အ၀တ်အစားကလေးများ သပ်သပ်ရပ်ရပ်ဝတ်ပြီး အကြော်ရောင်းရင် ဆိုင်မှာ အစ်ကို
ကာလသားတွေက အပြည့်ပါပဲ။ အကြော်စားချင်တာက အဓိကမဟုတ်ဘူး။ ချောစု မျက်နှာလေးကို ဖူးမြော်ခွင့် ရဖို့
လာကြတာလေ။ ချောစုကတော့ လူတိုင်းကို အပြုံးလေးနဲ့ ဧည့်ဝတ်မပျက်အောင် ဧည့်ခံလေ့ရှိပါတယ်။


ချောစုက ပညာမှာမထူးချွန်ပါဘူး။ တက္ကသိုလ်ဝင်တန်းကို သုံးခါဝင်ဖြေတာ မအောင်ဘူးလေ။ ဘယ်မှာ အောင်ပါ့မလဲ
ချောစုက စာထက် အလှအပကို ပိုပြီးခုံမင်တာကိုး။

ချောစု ဖြစ်ချင်တာက အလှမယ်။ အလှမယ် ဖြစ်ဖို့ဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ငယ်ငယ် ကတည်းက
စိတ်ကူးယဉ်ခဲ့တာလေ။ အလှမယ်ဖြစ်ပြီး ကိုယ်ဟန်ပြမယ်၊ ကြော်ငြာမင်းသမီး၊ ဗွီဒီယိုမင်းသမီး၊ ရုပ်ရှင်မင်းသမီး
ဖြစ်ချင်ခဲ့တာလေ။

Xxxxx

ချောစုဖြစ်ချင်တာ ဖြစ်ခွင့်ရဖို့ အကြောင်းဖန်လာတယ်။ ချောစုတို့ အကြော်ဆိုင်နားက ဓာတ်တိုင်မှာ ရပ်ကွက် အလှ
မယ်ရွေးပွဲကျင်းပမယ်ဆိုတဲ့ ဆိုင်းဘုတ်လာချိတ်သွားတယ်။ ချောစု စိတ်ကူးယဉ်လေး အကောင်အထည်ပေါ် တော့
မယ်ထင်ပါရဲ့လေ။ ဆိုင်းဘုတ်က စာသားတွေကို ဘယ်နှစ်ကြိမ်တောင် ဖတ်မိတယ် မသိပါဘူး။ အလွတ်တောင်
ရသွားတယ်။ ကျောင်းစာသာ ဒီလို ခဏလေးနဲ့ရသွားရင် ဆရာဝန်တောင်ဖြစ်ရောပေါ့။


ချက်ချင်းပဲ မေမေ့ကို ပြိုင်ပွဲဝင်မယ့်အကြောင်းပြောတယ်။ မေမေကတော့ ပြိုင်ပွဲဝင်ဖို့ တားမြစ်ချင်ပေမယ့် တားလို့
ရမှာ မဟုတ်ဘူးဆိုတာ သိလို့ လေးလေးပင်ပင်နဲ့ခွင့်ပြုပေးခဲ့ပါတယ်။ ချောစု စိတ်တွေက အလုပ်ထဲမှာ စိတ်မပါ
တော့ဘူး။ စားလဲ ဒီစိတ်၊ သွားလဲ ဒီစိတ်။ စိတ်လှုပ်ရှားလွန်းအားကြီးတာကြောင့် အကြော်ဆိုင်မှာ အမှားမှား အယွင်း
ယွင်းဖြစ်နေတော့ မေမေက ဆူတော့တာပေါ့။

Xxxxx

ရပ်ကွက်အလှမယ် ပြိုင်ပွဲမှာ ချောစုက အ၀ါရောင်ဝတ်စုံလေးကို ၀တ်ပြီး အရွေးခံတယ်။ လှပတဲ့အပြုံး၊ သိမ်မွေ့တဲ့
မူယာ၊ ကျော့ရှင်းတဲ့ ခန္ဓာပိုင်ရှင်လေး ချောစု ဒီပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်ရသွားတယ်။ ချောစု
တို့ မိသားစုကတော့ ပျော်လို့မဆုံး တပြုံးပြုံး။

ချောစု ဆိုတဲ့ နံမည်လေးက အရမ်းကို နံမည်ကြီးသွားတယ်။ လာလိုက်တဲ့ ကိုကို၊ မောင်မောင် တွေကတော့ များမှ
များ။ ဒါပေမယ့် ချောစုကတော့ ၀တ်ကျေတန်းကျေလောက်ပါပဲ။

တစ်ဆင့်တက်ပြီး မြို့နယ် အလှမယ် ပြိုင်ပွဲဝင်ပြိုင်တော့ နဂိုအလှလေးက ပေါ်လွင်နေတော့ ချောစုပဲ အောင်ပွဲ ၀င်ခဲ့
တာပေါ့။ ချောစုလောက်ပျော်တဲ့သူ ဒီကမ္ဘာမှာ ရှိပါ့မလား။

Xxxxx

မြို့နယ်အလှမယ်ဘွဲ့ကို လက်ခံရယူပြီးတော့ ချောစုကို မီဒီယာတွေက ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ သုံးဖို့ ဓာတ်ပုံရိုက်
ကြတယ်။ ချောစု လိုလိုလားလားပဲ လက်ခံတယ်။ တောင်သမန်အင်း၊ မန္တလေးတောင်၊ ရတနာပုံဥယျာဉ် စတဲ့ နေရာ
အနှံ့မှာ ဓာတ်ပုံသွားရိုက်ကြတယ်။

အစကတော့ မေမေက ချောစုသွားတဲ့နောက်ကို အကြော်မရောင်းတော့ဘဲ အမြဲလိုက်ပေးပါတယ်။ ဆိုင်ကယ်နဲ့
ဖေဖေ နင်းတဲ့ ဆိုက္ကားတိုက်မိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်။ ဖေဖေ့ကို ပြုစုနေရတော့ မလိုက်တော့ပါ
ဘူး။ သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ကြည့်ပါတယ်။ တစ်ခါနှစ်ခါပဲလိုက်တယ်။ နောက်မလိုက် တော့ဘူး။

အကြိုအပို့ကိစ္စကို ဓာတ်ပုံအဖွဲ့ထဲက ရုပ်ရည်သန့်သန့်နဲ့ ကိုကိုစိုးက တာဝန်ယူပါရစေဆိုတာနဲ့ လက်ခံ လိုက်
တယ်။ တကယ်တော့ ကိုကိုစိုးဟာ ချောစုရဲ့ အလှမှာ ယစ်မူးနေတဲ့သူပါ။ ချောစု က ရည်မှန်းချက်ကြီးတယ်။ သတင်း
ကြီဲးတဲ့ ရွှေမင်းသမီး ဖြစ်ချင်တယ်။ အခုဆို သူဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်ဖို့ နီးစပ်လာပြီလေ။

Xxxxx

တစ်နေ့တော့ တောင်သမန်အင်းမှာ ဓာတ်ပုံရိုက်ဖို့အတွက် ကိုကိုစိုး က ချောစုကိုလာခေါ်တယ်။ ချောစုက အသင့်
ပြင်ထားပြီး လိုက်သွားခဲ့တယ်။ တောင်သမန်အင်းမှာ ဓာတ်ပုံရိုက်ပြီး အပြန်မှာ မိုးတွေ သည်းကြီးမည်းကြီးရွာ
တယ်။ သူ့သူငယ်ချင်းအိမ်မှာ ခေတ္တ ၀င်ပြီး မိုးခိုကြတယ်။ သူ့သူငယ်ချင်းလို့သာ ပြောတာပါ။ သူ့ထက်အသက်
အများကြီး ကြီးတယ်။ ချောစုတို့ရောက်သွားတော့ စားစရာ သွားဝယ်မယ်ဆိုပြီး ထွက်သွားတာ ပြန်မလာတော့ဘူး။


ချောစု ဘ၀ ဆုံးခဲ့ပါပြီ။ ထိုနေ့ဟာ ချောစုရဲ့ အပျိုစင်ဘ၀လေး ဆုံးရှုံးခဲ့ရပါတယ်။ ကိုကိုစိုးကတော့ ချစ်လွန်း လို့
အခုလို လုပ်ရတာပါတဲ့။ တကယ်လက်ထပ်ယူမှာပါတဲ့။ ချောစု ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။ ငိုလို့ပဲ နေပါတော့
တယ်။ အိမ်ပြန်ရောက်တော့ မိုးမိလာလို့ဆိုပြီး အိပ်ခန်းထဲဝင်ပြီး အ၀တ်အစားလဲတယ်။ ခြင်ထောင်ချပြီး စောင်ခြုံ
ထဲမှာ အားရပါးရငိုကြွေးနေမိပါတယ်။

မေမေက ချောစုရဲ့အခြေအနေကို ရိပ်မိတယ်နဲ့တူပါတယ်။ ဖေဖေ့ကို ပြုစုနေရာကနေ ချောစုနားကို လာပြီး တိုးတိုး
လေး မေးပါတယ်။ ချောစုက မေမေ့ကို အမှန်အတိုင်းဖွင့်ပြောလိုက်တယ်။ မေမေ့ မျက်နှာမှာ ချောစုအတွက်
မျက်ရည်တွေ စိုရွဲနေပါတော့တယ်။

Xxxx

ကိုကိုစိုးက ချောစုကို လက်ထပ်ယူပါတယ်။ ချောစု ရည်မှန်းချက်တွေ သဲထဲရေသွန်သလိုဖြစ်ရပါပြီ။ ချောစုက
ကိုကိုစိုးအပေါ်မှာ ဇနီးမယားရဲ့တာဝန်တွေကို မပျက်အောင် ထမ်းဆောင်ခဲ့ပါတယ်။ သမီးလေး မွေးဖွားလာတဲ့
အချိန် အထိ ကိုကိုစိုးကလည်း လင်ယောက်ျားတစ်ယောက်ရဲ့တာဝန်တွေ ကျေပွန်ခဲ့ပါတယ်။ သမီးလေးကလည်း
ကိုကိုစိုး နဲ့ ချောစုတို့ ရင်သွေးလေးမို့ ဖြူဖြူချောချောလေးလေ။ ချောစုက သမီးလေးကို ကြည့်ပြီး
ပီတီဝေဖြာခဲ့ပါတယ်။

ချောစုရဲ့သူငယ်ချင်းတွေက ချောစုတို့မိသားစုလေးကိုကြည့်ပြီးအားကျနေတယ်လေ။

ဒါပေမယ့် ကိုကိုစိုးခြေလှမ်းတွေ ပျက်လာတယ်။ အိမ်ကို ပြန်လာချင်မှ ပြန်လာတယ်။ ပြန်လာရင်လဲ သောက်စား
လာတယ်။ ကာရာအိုကေတွေ၊ အနှိပ်ခန်းတွေမှာ ပျော်ပိုက်နေတယ်ဆိုတဲ့ သတင်းကို ချောစုနားနဲ့မဆန့်အောင်
ကြားလာရတယ်။ ချောစုက တိုးတိုးတိတ်တိတ်နဲ့ ပြောပေမယ့် ဆူညံပူညံနဲ့ ချုပ်ချယ်တယ်။ ဒီအိမ်မှာ နေရတာ
မပျော်တော့ဘူးတဲ့။

လင်မယားနှစ်ယောက် စကားများတဲ့အခါ သမီးလေးက မျက်လုံးလေးကလယ်ကလယ်နဲ့ ဖြစ်နေရှာတယ်။ ကိုကို
စိုးကတော့ သမီးလေးအပေါ် ငဲ့ညှာသနားစိတ်ဆိုတာ မထားတော့ပါဘူး။ ချောစုတို့သားအမိကို ပစ်သွားပြီး နောက်
အလှမယ်တစ်ယောက်နဲ့ အတိအလင်း လက်ထပ်သွားတယ်။

ချောစုက ကိုကိုစိုးကို လိုက်မခေါ်တော့ပါဘူး။ ချောစုဘ၀မှာ ချစ်လို့ယူခဲ့တဲ့လင်ယောက်ျားမဟုတ်ပေမယ့် သမီးလေး
ရဲ့ဖေဖေဖြစ်နေတာဆိုတာကတော့ သေတဲ့အထိ မေ့လို့ရမှာ မဟုတ်ပါဘူး။ လင်ရယ် မယားရယ်လို့ ဖြစ်လာခဲ့ရင်
ရှေးဟောင်းနှောင်းဖြစ်ကလေးတွေပြောရင်း အချိန်ကို ကုန်မှန်းမသိ ကုန်သွားပြီး ဘ၀ကို အဆုံးသတ် သွားချင်တာ
ချောစုရဲ့ဆန္ဒပါ။

အလှမယ်ဘွဲ့ရရှိလိုက်တဲ့ အခိုက်အတန့်မှာ အောင်မြင်မှုဆီကို မျှော်လင့်ချက်တွေနဲ့ လျှောက်လှမ်းရင်း ဘ၀ပျက်
အောင် နင်းခြေခြင်း မခံလိုက်ရပေမယ့် အိမ်ထောင်ပျက်ခဲ့ရတဲ့ ချောစုဘ၀ပါလား။

အချိန်တန်အရွယ်ရောက်လာလို့ သမီးလေးက မေမေ့လို အလှမယ် ဖြစ်ချင်တယ်လို့ ပြောလာခဲ့ရင် ချောစု
ဘယ်လိုပြန်ဖြေရမလဲ။ ပြောကြပါအုံး…




(ကိုယ်တိုင်ခံစားရေးဖွဲ့သည်။)
အားလုံးကိုခင်မင်လျက်
ကိုရင်ကျော်
(၄-၃-၂၀၁၂)(၁၈း၃၀)နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...