၁.၃.၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း
by Than Tun on Sunday, March 4, 2012 at 12:59am ·
ဒီမိန့်ခွန်းပြောကြားမှာကို ကြိုသိတဲ့ လေ့လာဆန်းစစ်သူတွေနဲ့ ပြည်သူအများက သမ္မတမိန့်ခွန်းမှာ လွှတ်တော်နဲ့သဘောကွဲလွဲတဲ့ ၀န်ထမ်းလစာကိစ္စနဲ့ နိုင်ငံရေးအရ အဖြေကျန်နေသေးတဲ့ တိုင်းရင်းသားအ ရေးကိစ္စတို့ ပါဝင်မယ်လို့ ကြိုတင်တွက်ဆထားခဲ့ကြပါတယ်။
ပထမဆုံးမိန့်ခွန်းမှာ အစိုးရရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် ကြေညာထားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရပေါ်ပေါက်ရေးဆိုတဲ့ အစီအစဉ်ကိုတော့ ဒီတစ်နှစ်ပြည့်မှာ အကျယ်တ၀င့် ရှင်းလင်းသွားခဲ့တာမရှိပေမယ့် ဒုတိယလုပ်ငန်းစဉ်ဖြစ်တဲ့ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး လုပ်ငန်းစဉ်ကိုတော့ အကျယ်တ၀င့် ဂုဏ်ယူစွာ ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ တတိယလုပ်ငန်းစဉ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ယခင်တစ်ခါ ရှင်းလင်းတာထက် ပိုမိုဒီမိုကရေစီကျပြီး ဆန့်ကျင်ဘက် အင်အားစုတွေ၊ အမြင်ကွဲ လွဲသူတွေရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်ခြင်း ထပ်တူဖြစ်အောင် ပူပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့တာတွေ့ရပါတယ်။
ဒီတစ်ကြိမ် သမ္မတမိန့်ခွန်းဟာ ယခင်တစ်ကြိမ် မိန့်ခွန်းတွေထက်စာရင် လူထုနဲ့ ပိုမိုရင်းနှီးတဲ့အသွင်ဆောင်ပြီး မိဘပြည်သူများလို့ သမ္မတတစ်ဦးအနေနဲ့ စတင်သုံးစွဲခဲ့တာကို တပ်မတော်သာအမိ၊ တပ်မတော်သာအဖလို့ နှစ်ပေါင်းများစွာ နားယဉ်ခဲ့ရတဲ့ လူထုအတွက် အံသြ စရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်ပြီး သမ္မတဟာ ယုံကြည်မှုအပြည့် ပြောကြားသွားခဲ့ပြီး ဒီမိန့်ခွန်းတစ်ခုလုံးမှာ သမ္မတပြောကြားသွားတဲ့ အကြောင်းအရာအားလုံးဟာ Online Media တွေ၊ စာနယ်ဇင်းတွေမှာ ရေးသားဖော်ပြထားခဲ့တဲ့ ပြည်သူလူ ထုရဲ့အသံ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဂျာနယ်လစ်များသာမက သဘောထားကွဲလွဲသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုပါရယူပြီး ပြောကြားသွားခဲ့တာဖြစ်ပြီး ဒီမိုကရေစီအလေ့အကျင့်ကို သမ္မတတစ်ဦးအနေနဲ့ စတင်ကျင့်သုံးနေပြီဆိုတာကို ပြသခဲ့တဲ့ မိန့်ခွန်းပဲဖြစ်ပါတယ်။
သမ္မတကြီးအနေနဲ့ လူထုရဲ့ အသံနားထောင်နေပြီဆိုတာ ထင်ရှားပေမယ့် ဒုတိယသမ္မတများ၊ အစိုးရအဖွဲ့ဝင်များ၊ ဗျူရိုကရေစီယန္တယား တစ်ခုလုံးကတော့ ဒီလိုအလေ့အကျင့်မျိုး လေ့ကျင့်ထားကြောင်းကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။ အ ချို့အချက်တွေမှာ ယေဘူယျဆန်ပြီး လက်တွေ့ဘ၀နဲ့ ကွာဟနေတာတွေ၊ တိတိကျကျရှိရမယ့် လမ်းစဉ်တွေ၊ အချိန်ကာလ သတ်မှတ်ချက်မပါတာတွေ အပေါ်မှာတော့ ဝေဖန်ချက်တွေရှိမှာ ဖြစ်ပါတယ်။
နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ကမ္ဘာ့နိုင်ငံများအလယ်မှာ အသွင်ကူးပြောင်းမှုကို ဖော်ပြသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လောကပါလတရား ထွန်းကားသော နိုင်ငံသစ်တည်ဆောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတာကို သမ္မတကြီးအနေနဲ့ ၀န်ခံသွားခဲ့ပါတယ်။ ယခုလက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက် အောင်မြင်မှု ကောင်းမွေ၊ ဆိုးမွေတွေအတွက် ယခုအစိုးရက တာဝန်ယူမှာဖြစ်သလို လက်ရှိအောင်မြင်မှုတွေအတွက် အစိုးရသက်သက်ချည်းကြောင့်မဟုတ်ဘဲ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လွှတ်တော်အရပ်ရပ်၊ တရားစီရင်ရေး၊ စတုတ္ထမဏ္ဍိုင်မီဒီယာတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော်တွေကိုလည်း credit ပေးကာ (ချီးကျူး)သွားတာ တွေ့ရပါတယ်။ဒီမိုကရေစီနိုင်ငံရေးစနစ် ရှင်သန်ရေးအတွက် နိုင်ငံရေးမျိုးဆက်သစ်များ လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး မကြာမီက လွတ်မြောက်လာခဲ့သော နိုင်ငံရေး အကျဉ်းသားများ ပြည်ပနိုင်ငံအသီးသီးရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံ့အနာဂတ်မှာ ပါဝင်ရေးကို ကြိုဆိုခဲ့ပြီး ဒီမိုကရေစီ အင်အားစုများနဲ့ တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ All Inclusive Political Process ကို ရည်ညွှန်းပြောဆိုခဲ့တာ တွေ့ရပါတယ်။
သမ္မတကြီးအနေနဲ့ ဗမာဟာလည်း တိုင်းရင်းသားတစ်မျိုးသာဖြစ်တယ်ဆိုတာကို နိုင်ငံအကြီးအကဲတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ၀န်ခံသွားခဲ့ပြီး ဗမာလူမျိုးကြီးဝါဒကို စွန့်ပယ်ကြောင်း ပြသခဲ့ပါတယ်။ တိုင်းရင်းသားများ ခံစားနေရသော ဒဏ်ရာများအပေါ် စာနာနားလည်မှုရှိကြောင်း ပြသခဲ့ပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစစ်စစ်နဲ့ပတ်သက်လို့တော့ တစ်လုံးတစ်ပါဒမှ ပြောသွားခြင်းမရှိတာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် Road Map လမ်းပြမြေပုံ သုံးချက်ကို ပြောပြသွားရာမှာ ပထမအဆင့်ဆောင်ရွက်မှုတွေဟာ ယခင်တပ်မတော်အစိုးရ လက်ထက်က ဆောင်ရွက်မှုမျိုးနဲ့ အသွင်သဏ္ဍာန်တူညီပြီး တိုင်းရင်းသားတွေဖက်က နိုင်ငံရေးပြဿနာ အဖြေရှာရေးကို အချိန်ကန့်သတ်မှုတစ်ခုနဲ့ တောင်းဆိုလာဖွယ်ရှိပါတယ်။
ဒုတိယအဆင့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီထောင်၊ လွှတ်တော်တွင်းရောက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဖွဲ့စည်းပုံနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်အဖြစ် ရပ်တည်ရေး ဆွေးနွေးဖို့ ပြောထားပါ တယ်။
တတိယအဆင့်အနေနဲ့ Stakeholders တွေအား လုံးလွှတ်တော်ကြီးမှာ လက်မှတ်ထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူပြင်ဆင်လို့ ပြောသွားပါတယ်။
ဒီလိုဆိုရင် တိုင်းရင်းသားအရေးနဲ့ပတ်သက်သော ကိစ္စများအားလုံးကို အာဏာရပါတီနဲ့ တပ်မတော်ကိုယ်စားလှယ် ၈၀ ရာနှုန်းကျော်ရှိသော လွှတ်တော်အတွင်း(ကြားဖြတ် ၄၈ နေရာအားလုံး အခြားပါတီများ အနိုင်ရသည့်တိုင်)၌သာ ဆွေးနွေးရမယ်လို့ အဓိပ္ပာယ်ကောက်ယူရမှာ လို ဖြစ်နေပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး လွှတ်တော်တွင်းဝင်ရောက်ပြီးမှ ဆွေးနွေးရမယ်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးမှ (သို့) သမ္မတကြီးရဲ့လက်ထက် ကျော်လွန်မှလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။ တကယ်ဖြစ်သင့်တာက သမ္မတကြီးတို့ အရင်ကပြောထားခဲ့တဲ့ သမ္မတကြီး ရဲ့သက်တမ်းအတွင်းမှာ သက်ဆိုင်ရာ Stakeholders အားလုံးနဲ့ လွှတ်တော်ပြင်ပညီလာခံမှာ ဆွေးနွေး၊ သမ္မတကြီးတို့ပါတီနဲ့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ အခြေအနေမျိုးမှာ လွှတ်တော်မှာ အတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီမကျတာတွေ၊ တိုင်းရင်းသားနဲ့ဆိုင်တဲ့ ဥပဒေတွေ ပြင်ဆင်သွားကြရမှာလို့ မြင်ပါတယ်။
သမ္မတကြီးရဲ့ အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ထဲ၌ ငြိမ်းချမ်းရေးနှင့်အတူ စီးပွားရေးဦးမော့လာရေးသည် လူထု၏ လက်တွေ့ဘ၀ လိုအင်ဆန္ဒကို ထင်ဟပ်မှုရှိပြီး စီးပွားရေးလုပ်ငန်းစဉ်များ၊ ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေ ရတဲ့ အချက်များထဲ၌ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှု စီးပွားရေး ပိတ်ဆို့မှု ရှိနေမှုတို့ကြောင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း မရှိမှုတို့ကို ထောက်ပြသွားသော်လည်း ယခင်အစိုးရလက်ထက်ကစ၍ တည်ရှိခဲ့သော စီးပွားရေး၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်း အကျိုးဆက်နှင့် ယခုတိုင် ပြုပြင်နိုင်မှု အားနည်းခြင်းများကို ၀န်ခံသွားခြင်းမရှိသည်ကို တွေ့ရပါတယ်။ ခေတ်နှင့်မလျော်ညီသော လုပ်ထုံးလုပ်နည်းများ ဖယ်ရှားမှု၊ ငွေလဲလှယ်မှုနှုန်းထား စနစ်တစ်ရပ် တည်ထောင်မှု၊ Transactional Cost တွေကျဆင်းအောင် လုပ်ဆောင်မှုတွေအပေါ် ကြိုဆိုရပေမယ့် လူတစ်စုလက်ဝယ် တိုင်းပြည်စီးပွားရေး မရောက်ရှိစေမှု၊ မညီမျှမှုများ မဖြစ်စေမှု၊ ခရိုနီလူတန်းစား နောက်ထပ်တစ်စု ဖြစ်ပေါ်လာနေမှု စတဲ့ ဝေဖန်စရာတွေ ရှိနေခဲ့ပါတယ်။ လူအများစိတ်ဝင်စားနေတဲ့ မိုဘိုင်းဖုန်းကိစ္စကို စာနာမှုရှိကြောင်း ပြသခဲ့ပေမယ့် လုံလောက်သော အကြောင်းပြချက်ပေးခဲ့ခြင်း မည်သည့်အချိန် ကာလ နောက်ခြောက်လ(သို့မဟုတ်) တစ်နှစ်အတွင်း ဆောင်ရွက်ပေးမည်ဆိုသော အာမခံချက်မျိုးကို မပေးနိုင်ခဲ့ပါ။ ၀န်ထမ်းများသာမက ပြည်သူများ၊ ဂျာနယ်လစ်များ၊ စီးပွားရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ အသိချင်ဆုံးဖြစ်သော လစာ တိုးရေးကိစ္စအတွက် လုံလောက်တဲ့ အကြောင်းပြချက်၊ အချိန်ကာလ သတ်မှတ်ချက်မပါတာကိုလည်း မိန့်ခွန်းနားထောင်သူအများစုက စိတ်မကောင်းဖြစ်ကြတာ တွေ့ရပါတယ်။ ၀န်ထမ်း ၃ ဒသမ ၃ ရာခိုင်နှုန်းအတွက်မဟုတ် ငွေကြေးဖောင်းပွမှုမရှိစေရန် ကျန်ပြည်သူ ၉၆ ဒသမ ၇ ရာခိုင်နှုန်းအတွက် ဆိုသောစကားမှာ အကြောင်းပြချက် ကောင်းတစ်ခုမဟုတ်သလို ခံစားကြရပါတယ်။ ၀န်ထမ်းလစာတိုးမှု ဆွေးနွေးတာကြောင့် ကုန်ဈေးနှုန်း အနည်းငယ် တက်ခဲ့တာမဟုတ်ဘဲ ဇန်န၀ါရီလ ၁ ရက်နောက်ပိုင်း စတင်တိုးမြှင့်ခဲ့သော မီတာခနှင့် ဓာတ်ဆီဈေးနှုန်းတို့ကြောင့် ဖေဖော်ဝါရီလရောက်မှ အကျိုးဆက် စတင်ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှု လျော့ချရေးနဲ့ ပတ်သက်၍လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးတို့အတွက် မီဒီယာနှင့် ပြည်သူလူထုအကြား သိသာထင်ရှားသော ရလဒ် မပေါ်ပေါက်သေးသောအချက်မှာ ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့သော်လည်း သမ္မတမှအစ နိုင်ငံသားများအားလုံး အခွန်ပေးဆောင်ရေး အစီအစဉ်ကိုတော့ ကြိုဆိုရပါမယ်။
ညီမျှ၊ မျှတတဲ့ အခွန်စနစ်အောက်မှာ နိုင်ငံသားများအားလုံး အခွန်ပေးဆောင်ရေးဆိုတာဟာ ဒီမိုကရေစီအစိုးရတစ်ရပ်အတွက် အရေးကြီးဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူခြင်းအောက်မှာ ပျောက်ဆုံးလျော့နည်းရတဲ့ ပြည်သူ့အခွန်ငွေတွေအတွက် တိကျခိုင်မာတဲ့ ပြည်သူ့ဘဏ္ဍာအခွန်များ အကာအကွယ်ပေးဖို့ကိုလည်း စဉ်းစားသင့်တာတော့ အမှန်ပါပဲ။
သမ္မတကြီးအနေနဲ့ Rule of Law ကို အထူးအလေးပေး ပြောဆိုသွားပြီး မြန်မာ့လူဘောင်အတွင်း၌ ဒီမိုကရေစီနှင့် ထိုက်တန်သော စိတ်နေစိတ်ထား အမူအကျင့်ပြောင်းလဲရေးကို အဓိက တိုက်တွန်းသွားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့် တရားစီရင်ရေး၊ အုပ်ချုပ်ရေး အဆင့်ဆင့်များ Autocracy ယန္တရားရှင်သန်နေဆဲ ဖြစ်ပြီး အောက်ခြေဖိနှိပ်ခံရသူတွေ (Underdogs) တွေဟာ ခုထိ ဒီမိုကရေစီ အနှစ်သာရကို စတင်ထိတွေ့နိုင်စွမ်း မရှိတာကြောင့် သမ္မတကြီးအနေနဲ့ စိတ်နေ စိတ်ထား၊ အမူအကျင့်များ ပြောင်းလဲကြဖို့ တိုက် တွန်းတာ ဖြစ်ပုံရပါတယ်။ Autocracy Mechanism အောက်မှာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး နေရာအသီးသီးမှာ အသာစီးရယူထားတဲ့ အခွင့်ထူးခံ လူတန်းစားတွေကို အတွေးအခေါ်၊ အမူအကျင့်တွေ ပြင်ကြဖို့ သွယ်ဝိုက်တိုက်တွန်းသွားတယ်လို့ မြင်ပါတယ်။ ဒါဆိုရင်တော့ ကြိုဆိုရပါတယ်။
အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ သမ္မတကြီးက တိုက်တွန်းသွားပြီး အရပ်ဖက် လူ့အဖွဲ့အစည်းတွေအားကောင်းမှ ဒီမိုကရေစီစနစ် ခိုင်မာမယ်၊ ဖောင်ဒေးရှင်းတွေ၊ အလုပ်သမား၊ လယ်သမားသမဂ္ဂတွေ စနစ်တကျ ပေါ်ထွက်ရေးအတွက် သမ္မတကြီး ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုရပြီး သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးကိုပါ ထည့်ပြောခဲ့ရင်တော့ အတိုင်းထက်အလွန်ပါ။ ပညာရည် မြင့်မားရေး၊ အကျင့်စာရိတ္တမဏ္ဍိုင် မြင့်မားရေး၊ ပညာရေးစနစ်သစ် ပြုပြင်ပြောင်းလဲမှု၌ အထောက်အကူပြုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီး၌ ပညာတတ် မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် အခြေခံဖြစ်စေရေး အစရှိတဲ့ ကျောင်းသားသမဂ္ဂရဲ့ ကြီးမြတ်တဲ့အစဉ်အလာနဲ့ နိုင်ငံအတွက် အဆင်သင့်ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို သမ္မတကြီးရဲ့မိန့်ခွန်းမှာသာ ပါသွားခဲ့ရင် ပြည့်စုံတဲ့ ဒီမိုကရေစီ ဖတ်စာအုပ် တစ်အုပ် ဖြစ်သွားပါလိမ့်မယ်။
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို စတုတ္ထမဏ္ဍိုင်များအနေနဲ့ မျှမျှတတ ထိန်းကျောင်းသွားရန်ဆိုတဲ့ သမ္မတကြီးရဲ့ သတင်းမီဒီယာများ မှတ်ချက်က ကောင်းမွန်ပါတယ်။ ဒါပေမယ့် အမျိုးသားစာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးဆိုတာကိုတော့ အလေးအနက်ထားပြီး အချိန်ယူစဉ်းစား ဆောင်ရွက်စေလိုပါတယ်။ စိစစ်ရေး မူဝါဒအချို့ လျော့ပေါ့ပေးရုံနဲ့တော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စတုတ္ထမဏ္ဍိုင် ပေါ်ထွန်းပြီလို့ ပြောလို့မရနိုင်သေးပါဘူး။ နိုင်ငံရဲ့အပြောင်းအလဲတွေမှာ တာဝန်ယူတတ်တဲ့စိတ်တွေနဲ့ တိုင်းပြည်အရေး ရဲဝံ့အနစ်နာခံ ဆောင်ရွက်တဲ့ ဂျာနယ်လစ်တွေ ရှိလာခဲ့ပေမယ့် ပုဂ္ဂလိကသတင်းစာတောင် ထုတ်ဝေခွင့်မပြုခဲ့တာ သတင်းမီဒီယာဥပဒေအစား ပုံနှိပ်ဥပဒေပဲ ပြဌာန်းဖို့ ကြိုးစားနေခဲ့တာတွေ၊ အီလက်ထရောနစ် မီဒီယာကို အစိုးရကပဲ အလုံးစုံ ချုပ်ကိုင်ထားတာ(တခြားနိုင်ငံတွေမှာတောင် ခွင့်မပြုတဲ့ အီလက်ထ ရောနစ် သတင်းမီဒီယာမှာ ထိုင်းနိုင်ငံက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ခွင့်ပြုခဲ့တာ)တွေဟာ စတုတ္ထမဏ္ဍိုင်တွေ လွတ်လပ်လာပြီ တာဝန်ယူတော့လို့ ပြောလို့ မရနိုင်သေးတဲ့ အခြေအနေပါပဲ။ သတင်းဂျာနယ်တွေ ရာနဲ့ချီ ပိုခွင့်ပြုနေတာပါပဲလို့ ဆင်ခြေပေးလို့ရပေမယ့် ၁၉၈၈ ခုနှစ် လွန်နှစ်များက နိုင်ငံရေးပါတီ ရာနဲ့ချီ မှတ်ပုံတင်ထားနေတာပဲလို့ ဗိုလ်ချုပ်ကြီးစောမောင် ခနဲ့တဲ့တဲ့ ပြောခဲ့တာကို ပြန်အမှတ်ရစေပြီး ခံရခက်စေပါတယ်။ ဒါဟာ ဒီမိုကရေစီကို အထောက်အကူပြုတဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးအောင်လုပ်တဲ့နည်းတော့ မဟုတ်ပါဘူး။
အစိုးရက တာဝန်ပေးတဲ့ ဂျာနယ်လစ် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီကြီးတွေမှာ အခွင့်အရေးအရ ဟိုကပ်ဒီကပ် တောက်တဲ့လို လုပ်တတ်တဲ့သူတွေ၊ ဂျပန်ခေတ်က စကားပြန်တွေလို အစိုးရရဲ့ စကားပြန်အဖြစ်သာ လုပ်တတ်တဲ့သူတွေသာ ရွေးချယ်တာဝန်ပေးခဲ့ရင် အမျိုးသားစာနယ်ဇင်းကောင်စီကြောင့် မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖိတ်ခေါ်သလို ဖြစ်မှာအမှန်ပါပဲ။
သမ္မတကြီးရဲ့ မိန့်ခွန်းမှာ နိုင်ငံတံခါးဖွင့်တာနဲ့အမျှ အခွင့်အလမ်းနဲ့အတူ တွဲပါလာမယ့် စိန်ခေါ်မှုတွေကို စနစ်တကျ ဖော်ဆောင်သွားဖို့ နိဂုံးချုပ်မှာဖော်ပြသွားပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
၂.၃.၁၉၆၂ ကစပြီး စစ်ဖက်က စတင်အာဏာသိမ်းခဲ့ပြီးတဲ့ နှစ် ၅၀ ပြည့် ၁.၃.၂၀၁၂ မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာ ဝေဖန်စရာတွေ ရှိနေပေမယ့် နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံအကြီးအကဲတစ်ဦးအနေနဲ့ ပြည်သူ့ဆန္ဒကို အထင်ဟပ်နိုင်ဆုံး၊ ဒီမိုကရေစီရနံ့ အသင်းပျံ့ဆုံး မိန့်ခွန်းအဖြစ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်လိုက်ရပါတယ်။
0 comments:
Post a Comment