Wednesday, September 14, 2011

"ကိုယ်စိတ်နှစ်ပါးချမ်းသာရေး ဘောဂဗေဒ "

created the doc: "ကိုယ်စိတ်နှစ်ပါးချမ်းသာရေး...
Min Thant Syn created the doc:
ကျနော်တို့ အသက်ရှင် နေရတဲ့ ခေတ်က ကြောင့်ကြမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ပါပဲ။ ကမ္ဘာကြီး တခုလုံး အတိုင်းအတာနဲ့ မကြုံစဖူး ကြွယ်ဝချမ်းသာလာပေမယ့်၊ မလုံခြုံမှု၊ မငြိမ်သတ်မှုတွေ၊ အလိုမကျမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။
"အမေရိကန်ပြည်ထောင်စုကြီး လမ်းမှားပေါ်မှာ လျှောက်နေပြီ" လို့ အမေရိကန် အတော်များများ က ယုံကြည်နေကြသလို တခြားနိုင်ငံတွေမှာ လည်း ဒီလို အဆိုးမြင်မှုတွေက မိုးထိအောင် မြင့်တက်နေပါတယ်။

ဒီလို နောက်ခံအခြေအနေမှာ လူတယောက်ရဲ့ စီးပွားရေးဘ၀ ပျော်ရွှင်ချမ်းမြေ့မှုမှာ အဓိကကျတဲ့ အခြေခံ အကြောင်းတရားတွေကို ပြန်စဉ်းစားရမယ့် အချိန်ရောက်လာပါတယ်။ လူတွေဟာ ၀င်ငွေများများရ၊ များများတိုးဖို့ ဆိုတဲ့ နောက်ကို အငမ်းမရလိုက်ရင်၊ ပိုပြီး ပျော်ရွှင်စရာ ကောင်းတဲ့ဘ၀၊ ကျေနပ်စရာကောင်းတဲ့ဘ၀ကို မရဘဲ၊ မကြုံစဖူး မညီမျှမှုနဲ့ ကြောင့်ကြမှုတွေ ဆီကိုပဲ ဦးတည်သွားနေကြပါတယ်။

စီးပွားရေးတိုးတက်မှုဟာ လူ့ဘ၀ရဲ့ အရည်အသွေးကို အများကြီး တိုးတက်စေလို့ အရေးကြီးပါတယ်။ ဒါပေမယ့် (စီးပွားရေး တိုးတက်မှုနောက်လိုက်နေတဲ့) တချိန်တည်းမှာ တခြားရည်မှန်းချက်တွေကို မျက်ခြေမပြတ်ဖို့တော့ လိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လာရင် ဟိမ၀န္တာတောင်တန်း ဒေသမှာရှိတဲ့ ဘူတန်ဆိုတဲ့ မင်းနိုင်ငံကလေးဟာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ တုန်းက ဘူတန်ရဲ့ စတုထ္ထမြောက် မင်းပျိုမင်းလွင်ကလေးဟာ နန်းတက်တယ်ဆိုရင်ပဲ အင်မတန်အရေးကြီးတဲ့ ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။

ဘူတန်နိုင်ငံဟာ တမျိုးသားလုံးစုစုပေါင်း ထုတ်လုပ်မှု (Gross National Product) ဆိုတာထက် တမျိုးသားလုံးပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) နောက်ကို လိုက်မယ်လို့ ရွေးချယ်လိုက်တာပါ။
အဲဒီအချိန်ကစလို့ ဘူတန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို လိုက်တဲ့အခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကို မကြည့်တော့ဘဲ၊ ယဉ်ကျေးမှု၊ စိတ္တသုခ၊ ကိုယ်ချင်းစာတရား၊ ကိုယ့်ရဲ့ အသိုက်အ၀န်း ဆိုတာတွေကို အလေးပေးတဲ့ ချဉ်းကပ်မှု အသစ်ကို ကျင့်သုံးလာခဲ့ပါတယ်။

သိပ်မကြာသေးတုန်းကပဲ ဘူတန်နိုင်ငံမြို့တော် သင်းပူး မြို့ (Thimphu) မှာ ပညာရှင်တွေ စုဝေးကြပြီး နိုင်ငံရဲ့ အရပ်ရပ်အခြေအနေတွေကို သုံးသပ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်က ဘူတန်ဝန်ကြီးချုပ် ဂျင်မီ သင်နလေး Jigme Thinley နဲ့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဂျင်မီ သင်နလေး ဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုနဲ့ GNH ဆိုတဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေမှု အယူအဆနဲ့ ပတ်သက်လို့ ရှေ့ဆုံးက ဦးဆောင်နေသူလည်းဖြစ်ပါတယ်။
ဇူလိုင်လတုန်းကုလသမဂ္ဂရဲ့အထွေထွေညီလာခံကနေ နိုင်ငံတွေရဲ့ မူဝါဒချတဲ့နေရာမှာ ပြည်သူတွေရဲ့ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ရေးကို မြှင့်တင်ဖို့ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အစည်းအဝေးဟာ အဲဒီတိုက်တွန်းမှုရဲ့ နောက်ဆက်တွဲ ကိစ္စဖြစ်ပါတယ်။

သင်းပူးမြို့ အစည်းအဝေးတက်ရောက်လာကြတဲ့ လူအားလုံးကတော့ တိုင်းပြည်ဝင်ငွေနောက် လိုက်ဖို့ထက် စိတ်ချမ်းမြေ့မှုက ပိုအရေးကြီးတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ အဓိက ဆွေးနွေးကြတဲ့ ကိစ္စက မြို့ပြလက္ခဏာတွေ အလွန် ကူးစက်မြန်နေတဲ့ခေတ်၊ မီဒီယာခေတ်၊ အရင်းရှင်စီးပွားရေး လက္ခဏာဆောင်လာတဲ့ခေတ်၊ သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းလာနေတဲ့ ယနေ့ ကမ္ဘာမှာ ပျော်ရွှင်ချမ်းမြေ့ဆိုတာကို ဘယ်ပုံဘယ်နည်းနဲ့ ရယူနိုင်မလဲ ဆိုတဲ့ မေးခွန်းပါပဲ။

စောစောက ပြောသလို တဦးပေါ် တဦး ယုံကြည်တဲ့စိတ်နဲ့ မိမိအသိုက်အ၀န်း ဆိုတဲ့ (မိသားစု) စိတ်ဓာတ်၊ သဘာဝပတ်ဝန်းကျင် အရှည် တည်တံ့အောင် ထိန်းသိမ်းချင်လာအောင် စီးပွားရေးဘ၀ကို ဘယ်ပုံဘယ်နည်းနဲ့ ပြန်လည်ပုံသွင်းမလဲဆိုတဲ့ မေးခွန်းပါပဲ။

လောလောဆယ် နိဂုံးချုပ်ချက်တချို့ကတော့ ဒီလိုပါ။ အရင်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ တန်ဖိုးကို သိက္ခာမချမိဖို့ လိုပါတယ်။ လူတွေဟာ အူမ မတောင့်ရင်၊ အခြေခံလိုအင်ဆန္ဒတွေဖြစ်တဲ့ ရေကောင်းရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လျှော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင်တွေမရှိရင် ဒုက္ခရောက်ကြမှာပေါ့။ ဆင်းရဲမှုတွေကို ဖျက်သိမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာ စိတ်ချမ်း သာမှုရဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ပါပဲ။

ဒုတိယနိဂုံးချုပ်ချက် တခုကတော့ တမျိုးသားလုံးစုစုပေါင်းထုတ်လုပ်မှု (GNP) နောက်ကို တကောက်ကောက်လိုက်ရင်း၊ တခြားရည်မှန်းချက်တွေကို ပစ်ပယ်ထားမယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဝေးမယ်ဆိုတဲ့ အချက်ပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ GNP သိသိသာသာကို မြင့်တက်ခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ချမ်းမြေ့မှုကတော့ မြင့်တက်မလာခဲ့ပါဘူး။ GNP မြင့်တက်ရေးဆိုတဲ့ တခုတည်းသော စိတ်ကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု၊ အာဏာတွေ အကြီးအကျယ်ကွာဟ သွားခဲ့ပါတယ်။ အောက်တန်းလွှာက ဆင်းရဲသားဦးရေ ကြီးထွားလာပြီး၊ ကလေးသန်းချီပြီး ဆင်းရဲမွဲတေမှုထဲမှာ ပိတ်မိသွားပါတယ်။ သဘာဝပတ်ဝန်းကျင်လည်း အကြီးအကျယ် ယိုယွင်းပျက်စီးသွားပါတယ်။

တတိယအရေးကြီးတာက စိတ်ချမ်းမြေ့မှုဆိုတာကို တဦးချင်းစီနဲ့ မိမိပတ်ဝန်းကျင်၊ မျှမျှတတ ဖြစ်မှသာ ရနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုမှ မရဘူးဆိုရင် ဘယ်သူမှ ပျော်နိုင်ကြမှာမဟုတ်ပါဘူး။

အဲသလိုပဲ ကျနော်တို့ဟာ ကိုယ့် မိသားစုတွေ၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်အသိုက်အ၀န်း၊ ကိုယ်ချင်းစာတရားဆိုတာကို မေ့ပြီး၊ ငွေနောက်ပဲ တကောက်ကောက် လိုက်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဝေးနေဦးမှာပါပဲ။

လူမှုအသိုက်အ၀န်း တခုလုံးအနေနဲ့ လူမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရေးဆိုတဲ့ စီးပွားရေးပေါ်လစီဟာ လိုအပ်ပါတယ်။ ဒါပေမဲ့ လူမှုအသိုက်အ၀န်းမှာရှိနေတဲ့ တခြားတန်ဖိုးတွေအားလုံးကို လက်အောက်ခံထားပြီး၊ ဒါကိုပဲ မရအရယူမယ်ဆိုတာမျိုးနဲ့က တခြားစီပါ၊။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာတော့ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားက တရားမျှတရေး၊ လူလူချင်း ယုံကြည်မှု၊ စိတ္တဗလ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေ အားလုံးကို ကျော်ပြီး ခြယ်လှယ်ခွင့် ပိုရနေပါတယ်။ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်ရဲ့ မျက်နှာသာပေးမှုနဲ့ ဒီမိုကရက်တစ် ဖြစ်စဉ်ကို ဖျက်စီးနေပါတယ်။

စတုထ္ထအရေးကြီးတာကတော့ ကမ္ဘာ့အရင်းရှင်စနစ်ဟာ ပျော်ရွှင်ချမ်းမြေ့မှုကို တိုက်ရိုက် ဖျက်စီးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ အခြား ညစ်ညမ်းမှုမျိုးစုံနဲ့ ဖျက်စီးနေပါတယ်။ ရေနံကုမ္မဏီတွေရဲ့ အဆက်မပြတ် ၀ါဒဖြန့်မှုကြောင့် ဒီအကြောင်းတွေကို လူတွေ မသိကြတော့ပါဘူး။

လူတွေအချင်းချင်းကြားမှာ တဦးနှင့်တဦး ယုံကြည်မှုအားနည်းလာ၊ စိတ်တည်ငြိမ်မှုတွေ ချိနဲ့လာပြီး၊ စိတ်ကျ ရောဂါဖြစ်ပွားနှုန်းက သိသိ သာသာတိုးလာနေပါတယ်။ မီဒီယာတွေကလည်း ကော်ပိုရိတ်တွေရဲ့ ၀ါဒဖြန့်ချိရေးသမားတွေ ဖြစ်လာပါတယ်။

တော်တော်များများက သိပံ္ပပညာကို ပြောင်ပြောင်တင်းတင်းပဲ ဆန့်ကျင်ကုန်ကြပါပြီ။ စားသုံးသူ အယူအဆအစွဲအလမ်း consumer addictions ကြီးတဲ့ အမေရိကန်နိုင်ငံသားတွေ၊ ပိုပိုပြီး ဒုက္ခများနေကြပါတယ်။
အဆီခဲတွေ၊ အဆီတွေ၊ သကြားတွေနဲ့ တခြား စွဲစေတဲ့ အရာတွေကို သုံးထားတဲ့ အမြန်စား လုပ်ငန်းတွေက ထုတ်လုပ်တဲ့ အစားအစာတွေကို စားပြီး၊ အ၀လွန်ရောဂါလို ရောဂါတွေရပြီး၊ လူတွေ ဘယ်လောက် ကျန်းမာရေးထိခိုက်နေသလဲဆိုတာကို စဉ်းစားကြည့်ပါဦး။

အခု အမေရိကန်ပြည်ထောင်စု လူဦးရေရဲ့ သုံးပုံတပုံဟာ အ၀လွန်ရောဂါ ဖြစ်နေကြပါတယ်၊ ကျန်းမာရေးကို ထိခိုက်စေတဲ့၊ စွဲလမ်းစေတဲ့ အစားအစားတွေကို လူငယ်တွေ မစားစားအောင် ကုမ္မဏီတွေက ကြော်ငြာနေကြတယ်။ အကယ်၍ ကုမ္ပဏီတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို စည်းကမ်းမတင်း ကျပ်ကြရင်တော့ ကျန်တဲ့ တကမ္ဘာလုံးလည်း အမေရိကန်တွေနောက် လိုက်ရဖို့ ရှိနေပါတယ်။

ပြသနာက အစားအစာတမျိုးတည်းကြောင့် မဟုတ်ပါဘူး၊ ဖောင်းပွနေတဲ့ ကြော်ငြာတွေကြောင့် လူထုကြားထဲမှာ စားသုံးသူဝါဒ စွဲလမ်းမှုရောဂါရပြီး၊ လူထုကျန်းမာရေးကဏ္ဍမှာ ပေးလိုက်ရတဲ့ အဖိုးအခတွေလည်း မနည်းပါဘူး။ ဥပမာအနေနဲ့ တယ်လီဗေးရှင်းအလွန်အကျွံကြည့်တာ၊ လောင်းကစားတာ၊ မူးယစ်းဆေးသုံးစွဲတာ၊ စီးကရက်သောက်တာ၊ အရက်စွဲတာ စတာတွေဖြစ် ပါတယ်။

စတုထ္ထအနေနဲ့ ပျော်ရွှင်ချမ်းမြေ့မှု တိုးပွားအောင် လုပ်ဖို့ ဖြစ်ပါတယ်။ GNP ထက် တခြားလုပ်စရာတွေကို ဖော်ထုတ်ဖို့ လိုပါတယ်။ နိုင်ငံအတော်များများမှာ GNP အပေါ်မှာ အာရုံစိုက်ပြီး၊ စောစောက ပြောတဲ့ အမြန်စား သရေစာတွေ၊ တီဗွီ အကြည့်လွန်တာ စတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရင်းတွေ၊ လူမှုရေးယုံကြည်မှုနည်းလာတာ၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာတဲ့ အပေါ်မှာ အာရုံစိုက်မှု နည်းနေပါတယ်။ ဒါတွေကို နားလည်သွားပြီး ဆိုတာနဲ့ လက်တွေ့ လုပ်လို့ ရသွားပါပြီ၊

ကော်ပိုရေးရှင်းတွေရဲ့ အကျိုးစီးပွားနောက် အရူးအမူးလိုက်နေကြတာက ကျွန်တော်တို့ အားလုံးကို ခြိမ်းခြောက်နေပါတယ်။ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ ထောက်ခံသင့်ပါတယ်။
ဒါပေမဲ့ အကန့်အသတ်တော့ရှိရပါမယ်။ သဘာဝပတ်ဝန်းကျင်ကို အရှည် တည်တံ့စေရမယ်၊ တဦးပေါ်တဦးယုံကြည်မှုရှိဖို့ဆိုရင် အကြင်နာတရား၊ ကိုယ်ချင်းစားတရားနဲ့ ရိုးသားမှုတွေ လိုအပ်ပါတယ်။

ကျနော်တို့အနေနဲ့ ပျော်ရွှင်ချမ်းမြေ့မှုအကြောင်းပြောတဲ့အခါမှာ တောင်တန်းတွေကြားထဲက ဘူတန်နိုင်ငံလေးက လှလိုက်တာဆိုတာလောက်နဲ့ ဘောင်သတ်ထားလို့ မရတော့ပါဘူး။
နေသွင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...