Wednesday, September 14, 2011

စိတ်ဓာတ်ကောင်း မွေးမြူရေး

 
by Htain Linn on Thursday, September 15, 2011 at 11:30am
 
          ကျနော်ဟာ ဟိုးအရင်တုန်းက ကျောင်းသင်ခန်းစာတစ်ခုဖြစ်တဲ့ ဒေါင်းဖတ်စာ ပုံပြင်ထဲက အကြောင်းအရာလေးတစ်ခုကို အမှတ်ရနေမိပါတယ်။ အဲဒီပုံပြင်က ကုန်သည်နှစ်ဦးနဲ့ သံဃာတော်တစ်ပါးအကြောင်းပါ။ ကုန်သည်နှစ်ဦးဟာ ဆန်ကုန်သည်နဲ့ သားရေကုန်သည်တို့ ဖြစ်ကြပြီး သူတို့အတွက် ကုန်ပစ္စည်းဝယ်ယူဖို့ အရပ်ဒေသတစ်ခုကို ရောက်ရှိလာတဲ့သူတွေပါ။ သူတို့က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခွင့်ပန်တည်းခိုကြပါတယ်။

          ဒီအခါ ကျောင်းထိုင်ဆရာတော်က ဆန်ကုန်သည်ကို ကောင်းမွန်မြင့်မြတ်တဲ့ ခုတင်ပေါ်မှာ အိပ်စေပြီး သားရေကုန်သည်ကို အောက်မှာ အိပ်စေပါတယ်။ ကုန်ပစ္စည်းတွေ ဝယ်ယူပြီး နေရပ်ကို မပြန်ခင် တည်းခိုတဲ့ညမှာတော့ ဆရာတော်က သားရေကုန်သည်ကို ခုတင်ပေါ်မှာ အိပ်စေပြီး ဆန်ကုန်သည်ကို အောက်မှာ အိပ်စေပါတယ်။

          ဒီလိုကွဲပြားတဲ့ အနေအထားကို ကုန်သည်နှစ်ဦးက နားမလည်နိုင်အောင်ဖြစ်သွားကြပြီး ဘာဖြစ်လို့ ဒီလိုအိပ်စေတယ်ဆိုတဲ့အကြောင်း ရှင်းပြဖို့ လျှောက်ထားကြတာပေါ့။ ဒီတော့မှ ဆရာတော်က
          “ကုန်ပစ္စည်းများ ဝယ်ဖို့လာကြတဲ့အခါမှာ နှစ်ဦးစလုံးက ကိုယ်ဝယ်ယူရမယ့်ကုန်ပစ္စည်း ဈေးကျပါစေ၊ ဈေးပေါပါစေ လို့ ဆုတောင်းကြမှာ ဖြစ်တယ်၊ ဆုတောင်းစကားအရ ဆန်စပါးပေါများခြင်းဟာ ကောင်းပေမယ့် သားရေတွေပေါများဖို့ တိရစ္ဆာန်တွေများများ သေရမယ့်သဘောကို ဆောင်တယ်။ ဒီတော့ ဆန်ကုန်သည်ရဲ့ ဆုတောင်းက မြင့်မြတ်တယ်။ ကုန်ပစ္စည်းတွေ ဝယ်ပြီး ပြန်လာပြီဆိုတဲ့အခါကျတော့ နှစ်ဦးစလုံးက ကိုယ့်ကုန်ပစ္စည်း ဈေးတက်ပါစေလို့ ဆုတောင်းကြမှာပဲ။ ဒီအခါ ဆန်စပါး ဈေးတက်ခြင်းဟာ မကောင်းဘဲ သားရေဈေးမြင့်တက်ခြင်းဟာ တိရစ္ဆာန်တွေ သေဆုံးရမှု လျော့နည်းမယ့်သဘောကို ဆောင်တာမို့ ဆန်ကုန်သည်ရဲ့ ဆုတောင်းဟာ မမြင့်မြတ်တော့ဘူး”
          လို့ ရှင်းပြပြီး အိပ်ရာခွဲခြားသိပ်ရခြင်းကို မိန့်ပါတယ်။ ဒီတော့မှ ကုန်သည်နှစ်ဦးလည်း သဘောပေါက်သွားတာပေါ့။

          ဒီဖတ်စာရဲ့ ဆိုလိုရင်းက စိတ်ဓာတ်နဲ့ နေရာကို ယှဉ်တွဲပြီး ဖော်ပြတာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကောင်းမွန်တဲ့သူကို ကောင်းကောင်းမွန်မွန် ပိုပြီးချီးမြှောက်သင့်တယ် ဆိုတဲ့ သဘောပါပဲ။ အပေါ်ယံကြည့်လိုက်မယ်ဆိုရင်တော့ လူအများက ဒီအတိုင်း ရှုမြင်သုံးသပ်ပြီး ဒီလိုပဲ ဆက်ဆံကြလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အလိုမကျစရာကောင်းတဲ့ အနေအထားတွေ ပြည့်နှက်နေတယ်မဟုတ်လား။
          လူတစ်ယောက်ရဲ့ တန်ဖိုးကို တွက်ဆတဲ့အခါ အလွန်ပဲ ခက်ခဲလှပါတယ်။ တခါတရံ တွက်ဆသူများရဲ့ တဦးချင်းတန်ဖိုးသတ်မှတ်မှုစံနှုန်းတွေနဲ့သက်ဆိုင်သလို ဆန္ဒစွဲတွေနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။ သေချာတာကတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်မှုတွေပေါ်မှာ မူတည်နေတယ်လို့ ဆိုရပါမယ်။ အခက်အခဲတစ်ခုတော့ ရှိပါတယ်။ အဲဒါက မှန်ကန်စွာ မကြည့်ရှုခြင်းပါပဲ။ လူတိုင်းလိုလိုဟာ ကိုယ့်ကိုယ်ကိုရယ်၊ ကိုယ်နဲ့ပတ်သက်တဲ့သူတွေကိုရယ်တော့ ကောင်းတဲ့ဘက်မှာ အမှတ်ပြည့်ပေးချင်ပြီး တခြားသူများကိုကျတော့ ဖြစ်ကတတ်ဆန်း ကောက်ချက်ချတတ်ကြတာ ဓမ္မတာပါ။ ဒါကြောင့် မိမိကိုယ်မိမိ အတိအကျ မသုံးသပ်နိုင်ကြတာ ဖြစ်ပါတယ်။

          လူ့လောကရဲ့၊ လူ့အသိုင်းအဝိုင်းရဲ့ ဘယ်နေရာမှာပဲရှိရှိ ကျနော်တို့ရဲ့ အခြေခံစိတ်တွေကို ဖြူစင်စွာ မွေးမြူထားဖို့လိုအပ်ပါတယ်။ ကိုယ်က အရေးပါတဲ့သူမဟုတ်ဘူး၊ ကိုယ့်ရဲ့စိတ်နေစိတ်ထားက အရေးမကြီးပါဘူးလို့ မတွက်ဆစေချင်ပါဘူး။ ဒီလိုပဲ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက်သောက်ရမယ်ဆိုတဲ့ စိတ်မျိုးလည်း မရှိသင့်ပါဘူး။ တစ်ခုစဉ်းစားကြည့်ပါ။ ကိုယ်က ကိုယ့်အပေါ်ဖြူစင်စွာ ဆက်ဆံစေချင်တယ်၊ ကိုယ့်အပေါ်ကျေးဇူးပြုတာကို ခံယူချင်တယ်ဆိုရင် ကိုယ်ကရော တပါးသူများအပေါ် အဲဒီလို မတုံ့ပြန်သင့်ဘူးလား။ ကိုယ်အပေါ်အနိုင်ကျင့်တာတွေ၊ ကိုယ့်အပေါ်မတရားတာတွေကို မကြုံချင်ဘူးဆိုရင် တခြားသူတွေကိုလည်း ကောင်းကောင်းမွန်မွန် မဆက်ဆံသင့်ဘူးလား။ အဲဒီလို ယှဉ်တွဲပြီး စဉ်းစားစရာတွေ အများကြီးရှိနေပါတယ်။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ပြီး ပြုမူမယ်ဆိုရင်တော့ စိတ်ဓာတ်ကောင်းတစုံတရာကို မွေးမြူပြီးသား ဖြစ်သွားတာပေါ့။

         အခြားလိုအပ်ချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ စိတ်ဓာတ်ကောင်းရှိသူများကို ပျိုးထောင်ရေးပါပဲ။ ကောင်းမွန်တဲ့ ကျင့်ကြံမှုဆိုတာ အရေအတွက်များများ ကျင့်ကြံနိုင်လေ အကျိုးရှိလေဖြစ်တာကြောင့် အဲဒီလိုကျင့်ကြံသူတွေတိုးပွားဖို့လည်း တစ်ဖက်ကနေကြိုးပမ်းဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဓာတ်ကောင်းမွန်ဖြူစင်နေပါလျက်၊ ကိုယ်ကလည်း သိနေပါလျက် သူ့ကို မကောင်းပြောမယ်၊ မဟုတ်မဟတ်တွေပြောရင်း သိက္ခာချမယ်ဆိုရင်တော့ အဆိုးဆုံးလုပ်ရပ်ကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကောင်းမွေးမြူသူများကို ပျိုးထောင်ဖို့ရော ကိုယ်ကိုယ်တိုင်ကျင့်ကြံဖို့ပါ အရေးကြီးပါတယ်။ ကိုယ်က မိသားစုတစ်စုရဲ့ အကြီးအမှူးဖြစ်တယ်ဆိုရင် မိမိရဲ့ စိတ်နေစိတ်ထားဟာ ကျန်တဲ့မိသားစုဝင်တွေ အတုယူလောက်စရာ စံပြဖြစ်နေရင်အကောင်းဆုံးပါ။ ကိုယ်ကစံပြဖြစ်နေပြီဆိုရင်လည်း ကျန်တဲ့သူတွေကို ကိုယ့်လိုစိတ်နေစိတ်ထားမျိုး မွေးမြူဖို့ တိုက်တွန်းရပါမယ်။ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတဲ့ ပုံစံမျိုးတွေကတော့ တကယ့်ကို မရှိသင့်တဲ့ ပုံစံတွေဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကျင့်ကြံနိုင်တဲ့ အနေအထားမျိုးကို တပါးသူလိုက်နာနိုင်ဖို့ ညွှန်ပြသင့်သလို သူများကို ညွှန်ပြတဲ့အတိုင်းလည်း ကိုယ်က ကျင့်ကြံဖို့လိုအပ်ပါတယ်။

          ကမ္ဘာတလွှားက လူတွေဟာ အတိတ်ကာလက ထင်ပေါ်ကျော်ကြားခဲ့တဲ့ လူပုဂ္ဂိုလ်များစွာကို စံနမူနာပြအနေနဲ့ သတ်မှတ်ပြီး စိတ်နေစိတ်ထားမွေးမြူခြင်းဆိုင်ရာ သင်ခန်းစာတွေ၊ လေ့ကျင့်မှုတွေ ဖန်တီးကြပါတယ်။ သတ်မှတ်တဲ့နေရာမှာတော့ သဘောထားကွဲပြားမှုတွေရှိနိုင်ပါတယ်။ အဓိကကွဲပြားမှုကတော့ လူသားအားလုံးအတွက် အကျိုးပြုသူ၊ စံပြုထိုက်သူတွေနဲ့ လူမျိုးစုအလိုက်၊ မိမိနယ်ပယ်ဒေသအလိုက်သာ စံပြုထိုက်သူတွေလို့ ခွဲခြားလိုက်ခြင်းပါပဲ။ တချို့သောသူတွေက မိမိတို့ရဲ့ လူ့အသိုင်းအဝိုင်းအတွက် စံပြဖြစ်နိုင်ပေမယ့် တခြားသော လူ့အသိုင်းအဝိုင်းကို ထိပါးနှောင့်ယှက်သူဖြစ်နေတတ်ပါတယ်။ အချို့ကတော့ လူသားအားလုံးအတွက် တကယ်ပဲ စံပြုထိုက်သူဖြစ်နေပါတယ်။ ဒီလိုကွဲပြားတဲ့နေရာမှာ ကျနော်တို့က ဘယ်လိုလူစားမျိုးတွေကို မိမိတို့ရဲ့စံပြပုဂ္ဂိုလ်တွေအဖြစ် သဘောတူလက်ခံကြမလဲ။ ဒါဟာလည်း အင်မတန်အရေးကြီးပါတယ်။ စစ်ဘုရင်နပိုလီယံဟာ သူ့ပြည်သူတွေအတွက် သူရဲကောင်းဖြစ်နိုင်ပေမယ့် သူသိမ်းပိုက်လိုက်တဲ့ နယ်မြေတွေက ပြည်သူတွေအတွက် လူဆိုးတစ်ယောက်သာဖြစ်ပါလိမ့်မယ်။
          ဘယ်လိုပဲဖြစ်ဖြစ် မိမိရဲ့စိတ်ထားတွေ၊ လုပ်ဆောင်မှုတွေ ဖြူစင်မြင့်မြတ်ဖို့ အရေးအကြီးဆုံးပါ။ ဒါနဲ့ပတ်သက်လို့ အင်းဝခေတ်ကတည်းက ရေးသားခဲ့ပြီး ခုထိအသုံးဝင်နေသေးတဲ့ လောကသာရပျို့ထဲက
                    ပေါ်လွင်မပြု
                    ကောင်းရာတုလျက်
                    ကောင်းမှုမြတ်နိုး
                    ကောင်းအောင်ကြိုး၍
                    ကောင်းကျိုးကိုယ်၌ တည်စေမင်း
ဆိုတဲ့ စာသားကလေးကို အမှတ်ရမိပါတယ်။ ကျနော်တို့အားလုံး အဲဒီအဆုံးအမအတိုင်း ကျင့်ကြံနိုင်ကြရင်တော့ အကောင်းဆုံးပါပဲ။      ။

ထိန်လင်း
၁၄။ ၉၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...