Sunday, September 18, 2011

ပြည်ရေးပြည်ရာ သင်ကြားနည်း [ ဦးသန့် ]

by The River Club on Sunday, September 18, 2011 at 12:36pm


ပြည်ရေးပြည်ရာ သင်ကြားနည်း

ပညာစာစောင်၊ ဒုတိယတွဲ။ ရန်ကုန်။ မြန်မာ့ဂုဏ်ရည် ပုံနှိပ်တိုက် ၁၉၄၂၊ ၁၉၄၂ အောက်တိုဘာ ၂၆ မှ နိုဝင်ဘာ ၆ အထိ ရန်ကုန်မြို့ပြည်တော်စည်ပင်ရေးရုံး ခန်းမကြီးတွင် ကျင်းပပြုလုပ်သော သီတင်းကျွတ်ကျောင်းပိတ်ရက် ခေတ်သစ်ပညာသင်တန်း တက်ရောက်သော ကျောင်းဆရာများအား ဟောပြောသော ဟောပြောချက်



  • ၁။ ပြည်ရေးပြည်ရာ သင်ကြားခြင်း၏ ရည်ရွယ်ချက်
နိုင်ငံအသီးသီးရှိ ပညာသင်ကြားနည်းတို့ကို လေ့လာလိုက်စားသူ ပုဂ္ဂိုလ်ကြီးများသည် ကျောင်းများ၌ ကလေးသူငယ်များအား ပညာသင်ကြားရေးနှင့် ပတ်သတ်၍ ရည်ရွယ်ချက်ကို စီစစ်ဝေဖန်ရာ၍  သဘောကွဲလွဲကြလေသည်။
(က) အချို့က ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်သည် ပရိယေသနဝမ်းစာအတွက် ဖြစ်သည်ဟုဆို၏
(ခ) အချို့က ကျောင်းသားသူငယ်အသီးသီး ဝါသနာပါသော ဘာသာရပ်တွင် အစွမ်းကုန်တက်ကျွမ်းစေရန် ရည်သန်၍ သင်ကြားပေးရမည်ဟု ဆို၏။
(ဂ) အချို့က ကျောင်းသားသူငယ်များအား ကာယဗလ ထွားကျိုင်းသန်မာ၍၊ မိမိတိုင်းပြည်နိုင်ငံ၏ အကျိုးအတွက် ၎င်းဗလကို အသုံးပြုနိုင်ရန် ရည်ရွယ်ရမည်ဟု ဆို၏။
(ဃ) အချို့က ပညာသင်ကြားရေး၏ ရည်ရွယ်ချက်သည် ကလေးသူငယ်များအား အသိဉာဏ် ကျယ်ဝန်းလာစေ၍၊ ပြည်သူပြည်သားကောင်း (Good Citiziens) များဖြစ်လာစေရန် အရေးကြီးသည်ဟု အယူရှိကြသည်။
အထက်ပါ (ဃ) ရည်ရွယ်ချက်ကို ယခုခေတ်ပညာရှင်ကြီးများ သဘောတူကြလေသည်။ ထို့ကြောင့် နိုင်ငံအသီးသီး၌ပင် အထက်ပါ ရည်ရွယ်ချက်နှင့် ပြည့်စုံစေရန် ကျောင်းသင်ဘာသာရပ်များကို ခေတ်နှင့် လျော်အောင် ပြင်ဆင်ဖြည့်စွက်ရပေသည်။ ပြည်ရေးပြည်ရာ ဘာသာရပ်သည်လည်း ခေတ်နှင့်လျော်အောင် ထည့်သွင်းပေးသော ကျောင်းသင်ပညာရပ် ဖြစ်ပေသည်။

  • ၂။ ပြည်ရေးပြည်ရာဆိုသော စကား၏ အဓိပ္ပာယ်
ပြည်ရေးပြည်ရာဆိုသည်မှာ ပြည်သူပြည်သားတို့၏ အရေးအရာ၊ ပြည်သူပြည်သားတို့ သိသင့်သိထိုက်သော ဆက်ဆံရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့်အကြောင်းအရာများအပြင်၊ ပြည်သူပြည်သားတို့၏ ပိုင်ခွင့်ပိုင်ရေးနှင့် တာဝန်ဝတ္တရားများပါ ပါဝင်ပေသည်။
၎င်းပညာသည် အလွန်ကျယ်ဝန်း၍ ပြည်သူပြည်သားတို့၏ ပစ္စက္ခအရေးသာမဟုတ်။ အတိတ်အရေး၊ အနာဂတ်အရေးတို့နှင့်လည်း သက်ဆိုင်ပေသည်။ မူလက ပြည်ရေးပြည်ရာဆိုသည်မှာ မိမိတို့၏ မြို့အရေး၊  နယ်အရေးမျှသာ သက်ဆိုင်၍ ယခုမူကား တိုင်းပြည်အရေး နိုင်ငံအရေး စသည်တို့ပါ သက်ဆိုင်လာလေသည်။ တိုင်းသူပြည်သားတို့၏ အသိဉာဏ် ကျယ်ဝန်းလာလေလေ၊ ပြည်ရေးပြည်ရာ၏ နယ်နိမိတ်သည်လည်း ကျယ်ဝန်းလာလေလေဖြစ်၏။ တဖြည်းဖြည်း ၎င်းပညာသည် တိုင်းပြည်နိုင်ငံရေးသာမက၊ ကမ္ဘာ့အရေးကြီးပင် အကျုံးဝင်စ ပြုလာလေပြီ။ ထို့ကြောင့် ပြည်ရေးပြည်ရာသည် ကမ္ဘာ့အရေးအရာဟူ၍လည်း မှတ်အပ်ပေသည်။
တိုင်းပြည်နိုင်ငံတို့သည် အချင်းချင်းကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ မှီခိုဆက်သွယ်လျက် ရှိကြရာ၊ တစ်ဦးတည်း သတ်သတ်တည်ရှိခြင်းငှာ မဖြစ်နိုင်ပေ။ ထိုသို့ အကူးအသန်း အဆက်အသွယ် တိုးတက်များပြားလာသဖြင့် ပြည်ရေးပြည်ရာ ပညာသည်လည်း ကျယ်ဝန်းလာရမည်မှာ ဓမ္မတာပင် ဖြစ်တော့၏။
ပြည်သူပြည်သားတို့၏ ပိုင်ခွင့်ပိုင်ရေးနှင့် တာဝန်ဝတ္တရားများလည်း ၎င်းပညာတွင် ပါဝင်သဖြင့်၊ ပြည်ရေးပြည်ရာသည် ဆက်ဆံပေါင်းသင်းမှု ပညာတစ်ရပ်ဖြစ်၏။
ပြည်သူပြည်သားတို့သည် တိုင်းပြည်နိုင်ငံတို့တွင် မှီတင်းနေထိုင်ကြရသော အမျိုးသား၊ အမျိုးသမီးတို့ဖြစ်၍ ပြည်ရေးပြည်ရာသည် နိုင်ငံရေး ပညာတစ်ရပ်လည်း ဖြစ်ပေ၏။
ပြည်သူပြည်သားတို့သည် နေ့စဉ်အမျှ နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စ အရပ်ရပ်တို့နှင့် မကင်းသဖြင့် ပြည်ရေးပြည်ရာသည် စီးပွားရေးပညာတစ်ရပ်လည်း ဖြစ်ပေတော့သည်။
ပြည်ရေးပြည်ရာ၏ ရည်ရွယ်ချက်ကား လူတို့အား အသိဉာဏ်ကျယ်ဝန်းလာစေခြင်း၊ အများ၏ကောင်းကျိုးကို မိမိတစ်ဦးတည်း၏ ကောင်းကျိုးထက် ရှေးရှုခြင်း၊ မျှတသော စိတ်ရှိခြင်း၊ ကိုယ်ချင်းစာတရားထားစေခြင်း၊ အမျိုးကို ချစ်ခြင်းစသော အကျိုးတရားများကို ဖြစ်စေ၏။ အထူးသဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်စေ၍ မိမိအကျိုးထက် တိုင်းပြည်နိုင်ငံ၏ အကျိုးကို သယ်ပိုးလိုသော စိတ်ဓာတ်များ မွေးမြူနိုင်စေသည်။ ၎င်းပညာရပ်ကို မြန်မာဘာသာဖြင့် ပြည်ရေးပြည်ရာဟူ၍ လည်းကောင်း၊ ပြည်သူ့နီတိဟူ၍ လည်းကောင်း၊ ပြည်သူ့လမ်းညွှန်ဟူ၍ ခေါ်တွင်နိုင်ပေသည်။

  • ၃။ ပြည်ရေးပြည်ရာ သင်ကြားရာ၌ ဆရာအရေးကြီးပုံ
(က) သင်ကြားမည့် ဆရာသည် ကျောင်းသားများ နမူနာယူနိုင်လောက်အောင် အကျင့်စာရိတ္တကောင်းရမည်။ သန့်ရှင်းစွာနေရမည်။ သာယာချေငံသော စကားကို ဆိုတက်ရမည်။
(ခ) ဆရာသည် ဗဟုသုတနှင့် ပြည့်စုံရမည်။ ခေတ်မီရမည်။ သတင်းစာဖတ်ခြင်း၊ စာဖတ်ဝါသနာ ထုံရမည်။
(ဂ) ဆရာသည် နိုင်ငံရေးပါတီစွဲ မရှိလျှင် သာ၍ကောင်းမည်။ ပါတီစွဲမိလျှင်၊ မိမိစွဲလမ်းသော ပါတီကို ကျောင်းသားသူငယ်များအားလည်း စွဲလမ်းစေလိမ့်မည်။
(ဃ) ဆရာသည် မျိုးချစ်စိတ် ထက်သန်ရမည်။ ပြည်ရေးပြည်ရာ သင်ကြားခြင်း၏ အရေးကြီးသော ရည်ရွက်ချက်တစ်ခုမှာ မျိုးချစ်စိတ် ထက်သန်စေရန် ဖြစ်၏။ မျိုးချစ်စိတ်ရှိသော ဆရာသည်သာလျှင် သင်ကြားပို့ချသော ကလေးများအား မျိုးချစ်စိတ်ဓာတ် သွင်းနိုင်ပေမည်။
အမေရိကန်ပြည်၊ ပြင်သစ်ပြည်နှင့် ကနေဒါပြည်ရှိ အချို့သော နယ်များတွင် ၎င်းကို ဘာသာတစ်ရပ်အဖြစ် သင်ကြားပို့ချကြ၍ အခြားတိုင်းပြည်များတွင် ရာဇဝင်၊ ပထဝီစသော ဘာသာရပ်များနှင့် နှောလျက်သင်ကြားကြ၏။ အိန္ဒိယပြည် ကာလကတ္တား တက္ကသိုလ်နှင့် အခြားတက္ကသိုလ်ကြီးများတွင် အိုင်အေခေါ် ဥပစာတန်းတွင် ပြည်ရေးပြည်ရာကို ဘာသာတစ်ရပ်အဖြစ် သင်ကြားပို့ချ၏။ မြန်မာပြည်၌မူကား အထက်တန်းကျောင်းများ၌သာ သင်ကြားပို့ချလေသည်။ ခေတ်သစ်မြန်မာပြည်တွင် ကျောင်းတိုင်၌ ၎င်းဘာသာရပ်ကို သင်ကြားသင့်ပေသည်။
  • ၄။ ပြည်ရေးပြည်ရာကို သင်ကြားနည်း
အခြားဘာသာရပ်များနည်းတူ ပြည်ရေးပြည်ရာ ဘာသာကို သင်ကြားသည့်အခါ ကလေးများ သိရှိနားလည်ပြီးသောအရာများမှ မသိသေးသော အရာများကို နားလည်အောင်သင်ရမည်။ ဥပမာများကို သင်ကြားပြီးမှ စည်းမျဉ်း ဥပဒေများသို့ ရောက်အောင်ဆွဲ၍ သင်ကြားရပေမည်။ ကျောင်းနေစ ကလေးတိုင်းသည် ပုလိပ် (ယခုအခေါ် ရဲသား) ကိုမြင်ဖူးကြ၏။ ပုလိပ်သည် လူဆိုး သူဆိုးများကို ဖမ်းဆီးကြောင်း၊ လူကောင်းများ၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ကြောင်း အနည်းငယ် သိပြီးဖြစ်၏။ ထို့ကြောင့် ပြည်ရေးပြည်ရာနှင့် အကျုံးဝင်သော ပုလိပ်အကြောင်း၊ စာပို့သမားအကြောင်း၊ သူကြီးအကြောင်း စသည်တို့ကို သင်ကြားလျှင် ကလေးသူငယ်များ သိရှိပြီးဖြစ်သော ဥပမာတို့နှင့် အစချီပြီးလျှင် ဥပဒေကို သိရှိနားလည်အောင် သင်ကြားသင့်ပေသည်။
သင်ကြားနည်း နမူနာ တစ်ခုကို ဆိုပေအံ့။

ခုနှစ်နှစ်သား အထက်၊ အတန်းတစ်တန်းတွင် ဆရာသည် ပုလိပ်များရှိရခြင်း အကြောင်းကို သင်ကြားပေအံ့။
“မောင်ခွေး မင်း ပုလိပ် မြင်ဖူးရဲ့လား”
“ဟုတ်ကဲ့ ကျွန်တော် မြင်ဖူးတယ် ဆရာ”
“ကိုင်း ပုလိပ်ကို တစ်ခါမှ မမြင်ဖူးတဲ့ သူရှိလျှင် မတ်တက်ထ…” (မည်သူမျှမထ)
“ဟုတ်ပြီ၊ မင်းတို့အားလုံး ပုလိပ်ကို မြင်ဖူးကြတယ်နော်၊ မောင်ခွေး ပုလိပ်ဟာ ဘယ်လိုအဝတ်အစားကို ဝတ်သလဲ၊ ဆရာလို ခေါင်းပေါင်းနဲ့၊ ပုဆိုးနဲ့၊ ပိန်းတန်းဖိနပ်နဲ့လား”
“မဟုတ်ဘူးဆရာ၊ ဦးထုပ်နဲ့ ဘောင်းဘီကြီးနဲ့” ဘွတ်ဖိနပ်နဲ့
“ကောင်းပြီ၊ ဘာဖြစ်လို့ ဒီလို ဝတ်ဆင်ထားရသလဲ”
“ပြေးဖို့လွှားဖို့ လွယ်အောင်လို့ဆရာ”
“အေး ဘာဖြစ်လို့ ပုလိပ်ဟာ ပြေးဖို့လွှားဖို့ လိုသလဲ”
“သူခိုးတွေဘာတွေ ဖမ်းတဲ့အခါ၊ သူခိုးကပြေးရင် ပုလိပ်က အတင်းနောက်ကနေပြီး လိုက်ရမှာပေါ့ ဆရာ”
“ဒါဖြင့် ပုလိပ်ဟာ လူကောင်းလား လူဆိုးလား”
“လူကောင်းပါဆရာ”
“ပုလိပ်မရှိရင် ဘယ့်နှယ်နေမလဲ”
“ပုလိပ်မရှိရင် လူဆိုးတွေ သိပ်များမှာပေါ့ ဆရာ၊ ဘယ်သူမှ ကောင်းကောင်းနေရမှာ မဟုတ်ဘူး”
ဤကဲ့သို့ အစပျိုးပြီးနောက်မှ ပုလိပ်များ လိုအပ်ပုံ၊ ပုလိပ်များ၏ တာဝန်ဝတ္တရားများ၊ ပုလိပ်နှင့် ပြည်သူ ပြည်သားတို့သည် တစ်ဦးနှင့်တစ်ဦး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ အချင်းချင်း ကူညီသင့်ကြောင်း စသည်တို့ကို ဆက်လက်သင်ကြားသင့်ပေသည်။

  • ၅။ အခြားဘာသာရပ်များနှင့် ရောနှောပုံ
ပြည်ရေးပြည်ရာကို ဘာသာတစ်ရပ်အဖြစ် သင်ကြားပေးရုံသာမက၊ အခြားဘာသာရပ်များကို သင်ကြားရာ၌လည်း ၎င်းပညာကို သင့်လျော်သော နေရာ၌ ထည့်သွင်း၍ သင်ကြားရပေမည်။ ရာဇဝင်သည် ပြည်ရေးပြည်ရာနှင့် အလွန်ဆက်စပ်သော ဘာသာရပ်ဖြစ်ပေသည်။ မြန်မာရာဇဝင်ကို သင်ကြားလျှင် မြန်မာလူမျိုးများ တစ်ခေတ်မှ တစ်ခေတ်သို့ တိုးတက်နေပုံ၊ မြန်မာ့ယဉ်ကျေးမှု အကြောင်း၊ နေမှုထိုင်မှု၊ စီးပွားရေး အခြေအနေ၊ အေးချမ်းခြင်း၏ အရသာ စသည်တို့ကို ရောနှော၍ သင်ကြားနိုင်ပေသည်။
ထိုနည်းအတူပင် ပထဝီ၊ ဂဏန်းသင်္ချာ၊ ဓနဗေဒ၊ မြန်မာစာ၊ လောကဓာတ်ပညာ စသည့် ပညာရပ်များကို သင်ကြားရာ၌ ပြည်ရေးပြည်ရာကို ထည့်သွင်းပေးနိုင်ပေသည်။ ဥပမာ ဂဏန်းသင်္ချာ သင်ကြားရာ၌ ကျောင်းသားသူငယ်များ စိတ်မဝင်စားမည့် ပုစ္ဆာများကို မေးမည့်အစား စိတ်ဝင်စားပြီး အကျိုးရှိမည့် အောက်ပါ ပုစ္ဆာမျိုးကို မေးလျှင် ပြည်ရေးပြည်ရာပါ အကျုံးဝင်ပေမည်။
ပန်းတနော်မြို့၊ လမ်းမီးတိုင် ရှစ်ဆယ် ထွန်းရန်အတွက်၊ တစ်နှစ်လျှင် ငွေ(၁၈၀၀) ကုန်ကျ၏။ ပန်းတနော်မြို့တွင် အိမ်ပေါင်း ၇၂၀ ရှိလျှင် တစ်အိမ်လျှင် မီးထွန်းစရိတ် တစ်နှစ်အတွက် မည်မျှပေးရမည်နည်း။

  • ၆။ လက်တွေ့သင်ကြားနည်း
ပြည်ရေးပြည်ရာပညာကို စာနှင့်သာ မဟုတ်ဘဲ၊ လက်တွေ့နည်းဖြင့်လည်း အမျိုးမျိုးသင်ကြားနိုင်ပေသည်။ ကျောင်းသားများ အချို့သည် လမ်းမီးတိုင်ကို ခဲနှင့်ပေါက်သည်ကို အကြောင်းပြု၍ လမ်းမီးတိုင်များကို မဖျက်ဆီးသင့်ကြောင်း၊ လမ်းမီးတိုင်သည် ကျောင်းသားမိဘများပါဝင်သော မြို့သူမြို့သားများ၏ အခွန်ပေးရသော ပစ္စည်းဖြစ်သောကြောင့် ၎င်းမီးတိုင်ကို ဖျက်ဆီးလျှင် မိဘပစ္စည်းများကို ဖျက်ဆီးရာမည်ကြောင်း စသည်ဖြင့် သင်ကြားနိုင်ပေသည်။
ကျောင်းအနီးတွင် သရက်ပင်တစ်ပင်ကို လူအများစုရုံး၍ လှဲနေသည်ကို အကြောင်းပြု၍ ၎င်းသရက်ပင်ကို လူတစ်ဦးတည်း မလှဲနိုင်၊ လူအများစုရုံးပြီးလှဲမှ လဲခြင်းကြောင့် တစ်ယောက်တည်း ဆောင်ရွက်ခြင်းထက် လူအများ စုရုံး၍ ဆောင်ရွက်ခြင်းသည်သာ၍ အကျိုးများသည့်အကြောင်း သင်ကြားနိုင်ပေသည်။
ကျောင်းသားမိဘများ၏ အလုပ်အကိုင်ကို မေးမြန်း၍၊ ၎င်းအလုပ်အကိုင်များသည် မြို့အတွက် ရွာအတွက် မည်ကဲ့သို့ အကျိုးဖြစ်ထွန်းစေကြောင်း စသည်တို့ကို နားလည်အောင် ဥပမာ အမျိုးမျိုးဖြင့် စိတ်ဝင်စားဖွယ် သင်ကြားပြသနိုင်ပေသည်။
ကျောင်းသားများ၏ ပတ်ဝန်းကျင်ရှိ အကြောင်းအရာတို့ကို အဓိကထား၍လည်း သင်ကြားနိုင်ပေသည်။ ကျောင်းသားတစ်ယောက်၏ အိမ်တွင် အမိအဘညီအစ်ကို မောင်နှမတို့ ချစ်ခင်ကြင်နာစွာ နေထိုင်ကြပုံ၊ ထိုထက်ကျယ်ဝန်းပြီးလျှင် ၎င်းကျောင်းသားနေထိုင်သော ရပ်ကွက်တွင် အရပ်သားအိမ်နီးပါးချင်းများ သင့်တင့်ညီညွတ်စွာ နေထိုင်ကြပုံ၊ ထိုထက်ကျယ်ဝန်းပြီးလျှင် မြို့သူမြို့သားများ သင့်တင့်ညီညွတ်စွာ နေထိုင်ကြပုံ၊ ထိုမှတစ်ဖန် မြန်မာပြည်သူပြည်သားများ ရင်းနှီးကြင်နာစွာ နေထိုင်သင့်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ လူအပေါင်းတို့သည် မေတ္တာတရားဖြင့် အေးချမ်းကြည်ဖြူစွာ နေထိုင်သင့်ကြောင်းကို ချဲ့ထွင်၍ သင်ကြားနိုင်ပေသည်။
ကျောင်းများတွင် ပြဌာန်းရန် အကြံပေးချက်
ပြည်ရေးပြည်ရာဘာသာကို မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများအတွက် အောက်ပါအတိုင်း ပြဌာန်းရန် သင့်ပေသည်။

မှတ်ချက်။   ။ မူလတန်းများတွင် (တစ်ဆယ့်တစ်နှစ်သားအထိ) ပြည်ရေးပြည်ရာပညာကို တိုက်ရိုက်မသင်ကြားဘဲ သွယ်ဝိုက်သောနည်းဖြင့် သင်ထိုက်ပေသည်။

[မူလတန်းကျောင်းအတွက် ပြဌာန်းချက် ဆက်တင်ပါ့မည် ]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...