Sunday, September 18, 2011

"နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့"


Rozoner King created the doc:
[By Shwe Yee ]


ပိဋကစာပေများမှာ တဏှာ၊ မာန၊ဒိဌိတရား(၃)ပါးကို ဘ၀သံသရာ နယ်နိမိတ်ရှည်လျား ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ် တဲ့ ပပဉ္စ(သံသရာနယ်ချဲ့)လို့ ဖော်ပြထားပါတယ်။ ဘ၀ရဲ့ အလျဉ် ကြောင်းကျိုးဖြစ်စဉ်ထဲမှာ ဒိဌိက "အတ္တ-ငါကိုဖြစ်ပေါ်စေပြီး၊ တဏှာက " အတ္တနိယ = ငါ့ဥစ္စာ"ကို ဖြစ်ပေါ်စေပါတယ်။ မာနကတော့ အဲဒီငါ့ ငါ့ဥစ္စာကို "ငါ့ ဘ၀" အဖြစ် အခိုင်အမာ တည်ဆောက်ကာ ထောင်လွှားတက်ကြွခြင်းသဘောကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ (၃)ပါးမှာ အတ္တကို ဖြစ်ပေါ်စေတဲ့ ဒိဌိ(တစ်နည်း) အတ္တဒိဌိ=ငါစွဲ ဟာ ခေါင်ချုပ်ဖြစ်ပါတယ်။


ဘ၀သံသရာပင်လယ်ကြောမှာ မျောပါနေကြရသူတွေအဖို့ အတ္တ ဒိဌိဆိုတာ အင်မတန် ကြမ်းတမ်းခက်ထန်တဲ့ မုန်တိုင်း ကြီးနဲ့ တူသလို အလွန်ကြီးမားကျယ်ပြောတဲ့ ၀ဲသြဃကြီးနဲ့ လည်း ဆင်ပါတယ်။ သံသရာ ခရီးသည်တွေဟာ အဲဒီမုန်တိုင်းကြီးတွေ၊ ၀ဲသြဃကြီးတွေက လွှင့် ပစ်လိုက်တိုင်း လွင့်မျောနေရ၊ စုပ်ယူသွားတိုင်း နစ်မြုပ်နေရပါတယ်။ ဒါကြောင့် မဆုံးနိုင်တဲ့ " ဒီဘ၀ သံသရာဇာတ်ကားကြီး"ကို တကယ်တမ်းရိုက်ကူးနေတဲ့ ဒါရိုက်တာဟာ ဆရာကြီး ဦးသုခ မဟုတ်ပါ။ "အတ္တဒိဌိ" ပဲဖြစ်ပါတယ်။
ဒီအတ္တဒိဌိဆိုတဲ့ မြားတစ်ချောင်းစူးဝင်နေပြီဆိုရင် ဘယ်သူမျှ သံသရာမှာ အေးအေး သက်သာနေခွင့် စိတ်ချလက်ချ နေခွင့်ဆိုတာ မရှိပါဘူး။ ယုတ်ညံတဲ့ မကောင်းမှု၊ အကုသိုလ် ဒုစရိုက် အမျိုးမျိုးတွေဟာ အတ္တဒိဌိကို အခြေခံပြီးမှ ဖြစ်ပေါ်လာ ကြတာတွေပါ။ တစ်နည်းပြော ရရင် မကောင်းမှု အကုသိုလ်မျိုးစေ့မှန်သမျှဟာ အတ္တဒိဌိမိုးမိပါမှ အပင်ပေါက်ကြီးထွားနိုင်ကြ တာဖြစ်ပါတယ်။ ဒါကြောင့် အတ္တဒိဌိမစင်သေးရင် ဒုစရိုက်နဲ့ မကင်းနိုင်ပါဘူး။ ဒုစရိုက်တွေကို မပယ်နိုင်သေးသမျှ အပါယ်ဘေးက လည်း မလွတ်မြောက်နိုင်သေးပါဘူး။
ဒီတော့ အတ္တဒိဌိရှိနေရင် လူအဖြစ်၊ နတ်အဖြစ်၊ ဗြဟ္မာအဖြစ်နဲ့ ဘယ်လောက့် ကြီးကျယ် ကြီးကျယ် အရှိန်ပြယ်တဲ့အခါ အပါယ်ကျရဦးမှာမို့ အာမခံချက်ရှိတဲ့ဘ၀မျိုး ဘယ်လိုမှ မရနိုင်ပါ။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာကလည်း အတ္တဒိဌိကို ပယ်သတ်ဖို့အရေးဟာ "ရင်ဝလှံစူး၊ ဦးထိပ် မီး လောင်" တာထက် ပိုပြီး အရေးကြီးကြောင်း ညွှန်ပြတော်မူခဲ့ပါတယ်။
အတ္တဒိဌိဟာ သမုတိသစ္စာအနေနဲ့ လောကီနယ်ပယ်မှာ အထိုက်အလျောက် နေရာရနိုင် ပေမယ့် လောကုတ္တရာနယ်ပယ် ပရမတ္ထသစ္စာအရာမှာတော့ လုံးဝနေရာမရှိပါ။ လောကီ နယ်ပယ်မှာ အတ္တကြီးစိုးပြီး၊ လောကုတ္တရာနယ်ပယ်မှာတော့ အနတ္တကြီးစိုးနေပါတယ်။ "အတ္တ ဒိဌိ= ဟာ ပုဂ္ဂိုလ် သတ္တ၀ါ=ငါ ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ပြဆိုတာမို့ ဖောက်ပြန်တဲ့ အမှတ် သညာ၊ မှားယွင်းတဲ့ အတွေးအခေါ်ကို ဖြစ်စေပါတယ်။ ဒီအတွက် အတ္တဒိဌိဟာ လေးနက် သိမ်မွေ့တဲ့ တရားသဘော (ပရမတ္ခ)အရာမှာ လွန်စွာ အနှောင့်အယှက် ဖြစ်စေပါတယ်။ သတ္တ ၀ါတွေကို ပုထုဇဉ်ဇာတ်သွင်းပြီး ကိလေသာမရ်နတ်မင်းရဲ့ လက်အောက်မှာ ပြားပြားဝပ်နေစေ တာလည်း သူ့လက်ချက်ပါပဲ။
တကယ်တော့ ဒီအတ္တဒိဌိ= ငါစွဲဟာ မြင့်မြတ်သူတို့ ပျော်စံရာ အရိယာဘုံဘ၀ကို တားဆီးပိတ်ဆို့ထားတဲ့ တံခါးသော့ခလောက်ကြီး တစ်ခုပါ။ ဒီသော့ခလောက်ကြီးကို ရိုက်ချိုးပယ်ရှား၊ ဖျက်ဆီးပစ်နိုင်မှသာ သူတော် သူမြတ်တွေဟာ လောကုတ္တရာနယ်ပယ်ထဲကို ၀င်ရောက်ခွင့်ရပြီး "နိဗ္ဗာန်" ဆိုတဲ့ ရွှေပြည်နန်းမှာ ခိုဝင်စံမြန်းနိုင်ကြရမှာပါ။ ဒါကြောင့်ပဲ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင်မိုးကုတ် ဆရာတော်ကြီးဟာ ၀ိပဿနာတရားပွားများ အားထုတ်မယ့်လူတွေကို တရားမရှုမှတ်ခင်ကနဦးမှာပဲ ဒီအတ္တဒိဌိကို ဗဟုသုတအသိနဲ့ အရင် ဆုံးပယ်ရှားထားဖို့ သတိပေးဆုံးမလေ့ ရှိပါတယ်။
ဒီအကြောင်းနဲ့ဆက်စပ်ပြီး ပုံပြင်ကလေးတစ်ပုဒ်ပြောပြချင်ပါတယ်။ ဒီပုံပြင်ကို ရတနာပုံ နေပြည်တော်ခေတ်က ဒက္ခိဏာရာမတိုက် ဘုရားကြီးဆရာတော် ဟောပြတော်မူခဲ့တာပါ။
နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမကြိုက်နဲ့
ရှေးရှေးတုန်းက ရွာတစ်ရွာမှာ အတော်အတန် ကြွယ်ဝချမ်းသာတဲ့ တောင်သူကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ အဲဒီတောင်သူကြီးဟာ မိမိမှာရှိတဲ့ ဥစ္စာဓနတွေကို ကောင်းမှုကုသိုလ်ပြုလိုတာ ကြောင့် ရွာဦးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး သံဃာတော် အရှင်မြတ်တစ် ပါးကို ကျောင်းထိုင်ဘုန်းကြီးအဖြစ် ပင့်ဆောင်ကာ ဆက်ကပ်လှူဒါန်းထားတာပေါ့။ အသက်(၁၇)နှစ်သာရှိသေးတဲ့ ကျောင်းဒကာရဲ့ သမိးကလေးဟာ ငယ်ရွယ်သူဖြစ်ပေမယ့် သတိ ပဌာန် ၀ိပဿနာတရားတွေကို အားထုတ်ထားပြီးသူ ဖြစ်တာမို့ အရွယ်နဲ့မလိုက်အောင် တတ်သိလိမ္မာ သူလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဒကာရဲ့ သမီးကလေးဟာ နေ့စဉ် ကျောင်းကို ၀တ်မပျက် ဆွမ်းပို့သွားရင်းက သူမ မသိတာတွေကိုလည်း ဘုန်းကြီးထံ မေးလျှောက်လေ့ ရှိပါတယ်။
တစ်နေ့တော့ ကျောင်းဒကာရဲ့သမီးဟာ ဘုန်းတော်ကြီးကို "အရှင်ဘုရား၊ ဒီကျောင်းက ဘယ်သူကျောင်းလဲ ဘုရားလို့" လို့မေးလျှောက်ပါတယ်။ ဒီအခါ ဘုန်းတော်ကြီးက"နင့်မိဘများ က ငါ့ကို ရေစက်ချပြီး လှူထားတာပဲ ငါ့ကျောင်းပေါ့ဟ"လို့ အဖြေပေးပါတယ်။ နောက်နေ့တွေ မှာလည်း ကျောင်းဒကာရဲ့ သမီးလေးဟာ ဘုန်းတော်ကြီးကို မေးခွန်းတွေမေးပြန်ပါတယ်။
အရှင်ဘုရား။ ဒီသင်္ကန်းဟာ ဘယ်သူ့သင်္ကန်းတွေလဲ ဘုရား၊ "ငါ ၀တ်နေတာ ငါ့သင်္ကန်း တွေပေါ့ဟ၊ "ဒီသပိတ်ကရောဘုရား၊" ငါဆွမ်းခံတဲ့သပိတ် ငါ့သပိတ်ပေါ့။ ဒါဖြင့်ရင် ဒီကျောင်း ထဲက သစ်ပင်တွေကရော" ငါ့ ကျောင်းဝိုင်းထဲရှိတဲ့ အပင်တွေ ငါ့အပင်ပေါ့ဟ" တစ်ငါတည်း ငါနေတဲ့အခါ ကျောင်းဒကာရဲ့သမီးက "အရှင်ဘုရား ဒါဆိုဘာကြောင့် ဘုန်းကြီးဝတ်နေပါသလဲ ဘုရား"လို့ ထပ်ပြီး မေးလျှောက်ပြနတယ်။ စိတ်တိုနေတဲ့ ဘုန်းကြီးက.. " နိဗ္ဗာန်မဂ်ဖိုလ်လိုချင် လို့ပေါ့ဟ"လို့ ခပ်ထန်ထန်ပဲ မိန့်တော်မူပါတယ်။
ဒီအခါမှာ ကျောင်းဒကာရဲ့သမီးက "အရှင်ဘုရား နိဗ္ဗာန်လိုချင်တယ်ဆိုရင် ငါ့ကိုမကြိုက် ပါနဲ့"လို့ ဘုန်းတော်ကြီးကို လျှောက်ထားပြီး ဆွမ်းအုပ်ကို ခေါင်းပေါ်ရွက်ကာ ခပ်သုတ်သုတ်ပဲ ကျောင်းပေါ်က ဆင်းသွားသတဲ့။ ဘုန်းတော်ကြီးကတော့ "ငါ့ကိုမကြိုက်ပါနဲ့"လို့ လျှောက်သွား တဲ့ ကျောင်းဒကာသမီးရဲ့ စကားကိုပဲ စဉ်းစားရင် ငေးပြီးကျန်ခဲ့တာပေါ့။
ဘုန်းတော်ကြီးဟာ မိမိရဲ့ အကျင့်သိက္ခာနဲ့ ကျောင်းဒကာ သမီးအပေါ် ဆက်ဆံပြောဆို ပြုမူခဲ့တာတွေကို ပြန်လည်သုံးသပ်ကြည့်လိုက်တဲ့အခါ အမှားအယွင်းတစ်ခုမျှ မတွေ့ရဘူးတဲ့၊ ဒီလိုဖြစ်ပါလျက်နဲ့ ကျောင်းဒကာရဲ့သမီးက သူ့အပေါ် မဆီမဆိုင် စွပ်စွဲပြောဆိုသွားတာကို တွေး မိပြီး ရှက်လွန်းတာမို့ ဆွမ်းစားလည်းပျက်၊ ကျိန်းစက်လို့လည်း မပျော်ဖြစ်ကာ ကပ္ပိယကြီးကို ခေါ်ပြီး အကြောင်းစုံပြောပြသတဲ့။
ကပ္ပိယကြီးလည်း ဒီကိစ္စကို အမြန်ဖြေရှင်းမှပဲ ဘုန်းကြီး အသက်ရှည်မယ်၊ ဒီလိုမှ မဟုတ် ရင် အခက်တွေ့တော့မယ်လို့ ယူဆပြီး ကျောင်းဒကာအိမ်ကိုသွားပြီး အကျိုးအကြောင်း ပြောပြ တာပေါ့။ ဒီအခါ ကျောင်းဒကာလည်း မိမိရဲ့ သမီးဟာ တတ်သိလိမ်မာသူဖြစ်တာမို့ "အကြောင်းမဲ့ တော့ မဖြစ်တန်ရာ အကြောင်းတစ်ခုခုတော့ရှိမှာပဲ"လို့ တွေးပြီး သမီးအပေါ် ရုတ်တရက် အပြစ် မတင် မပြောဆိုသေးဘဲ အိမ်သူဇနီးကိုသာ ဒီအကြောင်းစုံစမ်းဖို့ ပြောကြားလိုက်ပါတယ်။
ကျောင်းဒကာမကြီးလည်း "မိမိရဲ့သမီးဟာ ဒီလောက်တော့ မမိုက်မဲပါဘူး။ အကြောင်းရှိ လို့ သာရဖြစ်ရမယ်"လို့ တွေးကာ သမီးကိုချော့မော့ပြီး ဘုန်းတော်ကြီးကျောင်းမှာ ဖြစ်ပျက်ခဲ့ပုံကို မေးမြန်း စုံစမ်းပါတယ်။ ဒီအခါ သမီးဖြစ်သူက "ဘုန်းကြီးကို တရားပြခဲ့တာ" ဖြစ်ကြောင်း ကြီးကြီးကျယ်ကျယ် ပြောလိုက်လို့ အမေဖြစ်သူ ကျောင်းဒကာမကြီးဟာ မျက်လုံးမျက်ဆံပြူး သွားတဲ့အထိ အံ့အားသင့်သွားရသတဲ့။
"ဟဲ့ ညည်းကိုသာ ဘုန်းကြီးက တရားပြရမှာပါ၊ ဘယ့်နယ်လုပ်ပြီး ညည်းက ဘုန်းကြီးကို တရားပြန်ပြခဲ့ရတာတုံး"။
"ဒီလိုပါအမေရယ်။ ကျမ ဆွမ်းပို့သွားတိုင်း "အရှင်ဘုရား၊ ဒီကျောင်းကဘယ်သူကျောင်း လဲဘုရား´လို့မေးရင် ဘုန်းကြီးက `ငါ့ကျောင်း၊´ ဒီသင်္ကန်းက ဘယ်သူသင်္ကန်းလဲဘုရားလို့´ မေးရင်လည်း၊ `ငါ့သင်္ကန်း´၊ဒီလိုနဲ့ တွေ့သမျှ၊ မြင်သမျှ၊ မေးမိတဲ့ အရာဝတ္ထုတိုင်းကို ဘုန်းကြီးက `ငါ့ပစ္စည်း၊ငါ့ဥစ္စာ´နဲ့ တစ်ငါတည်း ငါနေတာမို့ ဒီလောက်တောင်`ငါ´ စွဲနေရင် နိဗ္ဗာန်နဲ့ ဝေးတော့မှာမို့ `အရှင်ဘုရား နိဗ္ဗာန်လို ချင်ရင် ငါ့ကို မကြိုက်ပါနဲ့လို့ ငါစွဲ=အတ္တဒိဋ္ဌိကိုဖြုတ်ဖို့ သတိပေးလျှောက်ထားခဲ့တာပါ"လို့ ကျောင်း ဒကာမကြီးကို အသေအချာ ရှင်းလင်းပြောပြ ပါတယ်။
ဒီလိုနဲ့ သမီးဖြစ်သူက တရားအကြောင်းနဲ့ ဖြေရှင်းပြလိုက်မှ အားလုံးက သဘောပေါက် နားလည်သွားကြပြီး ကျောင်းသို့သွားကာ ဘုန်းတော်ကြီးကိုလည်း အကြောင်းစုံလျှောက်ထား ကြပါတယ်။ အဲဒီအခါကျမှ ဘုန်းတော်ကြီးကလည်း ပြုံးတော်မူပြီး "အင်း… ဒီလိုဆိုတော့လည်း ကျောင်းဒကာသမီး ပြောတာမှန်သဗျ"လို့ လက်ခံတော် မူလိုက်ရပါသတဲ့။
ဒီပုံပြင်ကလေးရဲ့ အဓိကဆိုလိုချက်ကတော့ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ချင် သူတွေဟာ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဘ၀ဆိုတဲ့ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိအစွဲတွေကို မလွှဲမသွေ ဖြုတ်ပယ် ပစ်စေဖို့ပါပဲ။ တကယ်တော့ ဒီသက္ကာယဒိဋ္ဌိ=ငါစွဲကြီးတာဟာ လောကီမှာဖြစ်စေ၊ လောကုတ္တရာ မှာဖြစ်စေ နည်းလေး ကောင်းလေပါပဲ။ များသောအားဖြင့် လူတွေရဲ့ နှလုံးသားကို အတ္တဒိဋ္ဌိ= ငါစွဲက နေရာပြည့်၊ အချိန်ပြည့်၊ စိုးမိုးထားတာမို့ စိတ်ကောင်းနဲ့ အသိဉာဏ် ဖြစ်ပေါ်ဖွဲ့ဖြိုးဖို့ နေရာ လွတ်၊ အချိန်အားဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။
ဒီသက္ကာယဒိဋ္ဌိ စည်းရိုးကို နည်းနည်းချင်း ဖျက်ချိုးပေးနိုင်တာနဲ့အမျှ လူ့နှလုံးသားမှာ လည်း ဗြဟ္မစိုရ် သူတော်ကောင်းတရားတွေ ရှင်သန်ပေါက်ဖွားနေဖို့ နေရာလွတ် နဲ့ အချိန်အား တွေ မုချပေါ်ပေါက်လာမှာပါ။ လူတွေရဲ့ နှလုံးသားမှာ မေတ္တာ၊ကရုဏာနဲ့ သူတော်ကောင်း တရားတွေ စည်ပင်ဝေဆာနေမှ ဒီကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာပြီး လှပနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လိုလားသူတိုင်းဟာ ငါစွဲ= အတ္တဒိဋ္ဌိကို မကြိုက်နှစ်သက်ကြဖို့ တကယ်ပဲလို အပ်လှပါတယ်။
တော်ဝင်နွယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...