တရားဥပဒေစိုးမိုးရေး ဆင့်ကဲဖြစ်စဉ်မှသည် ငြိမ်းရေးဆီသို့
လူသားတိုင်သည်ငြိမ်းချမ်းရေးကိုလိုလားကြသည်မှာ
အထူးအဆန်းအဖြစ် ပြောစရာမလိုတော့ချေ။ သို့မူကား ငြိမ်းချမ်းရေးဆိုသည်မှာ
အဘယ်နည်း။ မည်ကဲ့သို့သော အခြေအနေသည် ငြိမ်းချမ်းသည်ဟု ဆိုနိုင်သနည်း။
မည်သည့် အဆင့်ရောက်လျှင် ငြိမ်းချမ်းပြီးဟုပြောနိုင်ပါသနည်း။
ဆိုသည်များမှာကား စဉ်းစားစရာများဖြစ်လာပါသည်။ ယနေ့လူ့ဘောင်အဖွဲ့အစည်းတွင်
အတွေးအခေါ်များရှုပ်ထွေးနေသည်ကား လွတ်လပ်မှုရှိလျှင်ပင်
ငြိမ်းချမ်းရေးရှိနေသယောင်၊ ဖွံ့ဖြိုးတိုးတက်နေလျှင်ပင် ငြိမ်းချမ်းရေးရှိနေသယောင်၊
လုံခြုံမှုကပဲငြိမ်းချမ်းရေးလိုလိုဖြစ်နေသည်။ ထိုအတွက်ကြောင့်ပင်
ငြိမ်းချမ်းရေး ဟူသည်မှာ ထင်ယောင်ထင်မှား အဓိပ္ပါယ်သတ်မှတ်ချက်များကြားတွင်
ဝေဝေဝါးဝါးနှင့်ပျောက်ဆုံးနေရပါသည်။
တဖန်ငြိမ်းချမ်းရေးဆိုရာတွင်လည်း ယာယီသဘောသောဖြစ်လွယ်ပျက်လွယ်၊ ကွဲရှလွယ်သော အနေအထား မျိုးမဟုတ်ပဲ ရေရှည်တည်တံ့၍ အာမခံချက်ရှိသော၊ ပြီးပြည့်စုံသည့်ငြိမ်းချမ်းရေး မျိုးဖြစ်လျှင် ပို၍ကောင်းမည်ဆိုသည်မှာ အငြင်းပွါးစရာ မဟုတ်တော့ပါ။ သို့ဆိုလျှင် အဆိုပါ ငြိမ်းချမ်းရေးမှာ အဘယ်နည်း။ မည်သို့ တည်ဆောက်ကြပါမည်နည်း။ ဆိုသည်မှာလည်း ထပ်မံစဉ်းစားစရာများဖြစ်လာပါသည်။ ငြိမ်းချမ်းရေးအပေါ်ဖွင့်ဆိုယုံကြည်မှုများစွာအနက် လူ့အဖွဲ့အစည်းအတွင်း လောကပါဋ္ဌ တရား မျာ: ကြီးစိုးနေလျှင် ပြီးပြည့်စုံသော ငြိမ်းချမ်းရေးရှိပြီးဟု အခိုင်အမှာယုံကြည်သူများလည်း ရှိနေကြပါသည်။
ထိုသို့သော လောကပါဋ္ဌတရားဟူသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဟူသည့်အဆင့် (၃) ဆင့်ကိုတွေ့နိုင်ပါသည်။ ထိုအခြေအနေတွင် ငြိမ်းချမ်းခြင်းဟူသောပန်းတိုင်အတွက် တရားမျှတခြင်းဟူသည်မှာအခရာ ဖြစ်လာ ပါသည်၊ မူလသန္ဓေတည်ရာဖြစ်လာပါသည်။ တဆက်တည်းမှာပင် တရားမျှတခြင်းကို လက်တွေ့ဖော်ဆောင်ရာတွင်လည်း လူ့အဖွဲ့အစည်းအတွင်း တရားဉပဒေစိုးမိုးမှု ရှိနေရန်မှာ အဓိကအရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်လာပါတော့သည်။
ဒီနေရာတွင် တရားဉပဒေစိုးမိုးမှုဆိုသည်ကို ရှင်းလင်းစရာလိုအပ်လာပါသည်။ တဆက်ထဲမှာပင် တရားဉပဒေစိုးမိုးမှုဟု ဆိုလိုက်သည်နှင့် (ANARCHISM) မင်းမဲ့စရိုက် နှင့် (DESPOTISM) အာဏာရှင်စရိုက် တို့ကိုယှဉ်တွဲ သိမြင်ဖို့လည်း လိုအပ်လာ ပါသည်။
(Anarchism) မင်းမဲ့စရိုက်ဆိုသည်မှာ လွတ်လပ်မှုကို မြစ်ဖြားခံပြီး လူ့အဖွဲ့အစည်းအတွင်း လူသားများအားထိန်းချုပ်ရန် ဉပဒေမလို၊ အစိုးရမလိုဘူးဟူသည့် (Absolutely Freedom) အကြွင်းမဲ့လွတ်လပ်မှုကို တောင်းဆိုခြင်းဖြစ်သည်။ ထိုလွတ်လပ်မှု သည် အကန့်အသတ်မရှိ၊ဘောင်မရှိ၊ ကိုယ့်သဘောနှင့် ကိုယ်လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်သည့် အခြေအနေမျှသာ။ ကမ္ဘာ့ သမိုင်း အစပိုင်းလောက်တွင် လူတို့သည် နယ်နမိတ်မရှိ၊ တိုင်းပြည်မရှိ၊ အစိုးရမရှိပဲ တစ်ကမ္ဘာလုံးကိုလွတ်လပ်စွာ သွားလာနိုင် ပါသည်။ ထိုအခြေအနေသည် ငြိမ်းချမ်းသည် ဟု ဆိုနိုင်မည်လော။ မငြိမ်းချမ်းပါ။ ထိုကာလ၊ထိုယဉ်ကျေးမှုတွင်ရှိလူတို့သည် မိမိကြိုက်သည့်အမျိုးသ္မီးကို မတရားပြုကျင့်နိုင်သည်၊သတ်နိုင်သည်၊ ကျွန်ပြုနိုင်သည်။ အားကြီးကအားငယ်သူကို အနိုင်ကျင့်ဗိုလ်ကျ နိုင်သည်။ မတရားအနိုင်ပြုကျင့်ခံရလျှင် အားကိုးစရာမရှိ၊တိုင်တန်းရာနေရာမရှိ၊ ခေါင်းငုံ့ငြိမ်းခံနေယုံမှတစ်ပါး အခြားမရှိ။ လွတ်လပ်မှုကို အပြည့်အဝကျင့်သုံးနိုင်သည်ဆိုသော်ငြာလည်း အကန့်အသတ်ဘောင်မရှိပဲ ပရမ်းပတာ လွတ်လပ်မှုသာ ဖြစ်နေ၍ မိမိတို့မျှော်မှန်းသည့် ငြိမ်းချမ်းရေးဆီသို့ မရောက်သည်ကား သေခြာလှသည်။ လွတ်လပ်မှုကို လူသားတိုင်း မက်မောကြ သည်မှာ မှန်သော်ငြားလည်း ပရမ်းပတာ အကန့်အသတ်မဲ့တော့ မဟုတ်တန်ရာ။
တဖန် (Despotism) အာဏာရှင်းစရိုက်ဆိုသည်လည်း မင်းမဲ့စရိုက်နှင့်ဆန့်ကျင်ဖက်။ လုခြုံမှုကို အကြောင်းပြပြီး
ပြည်သူ၏အာဏာများဖြစ်သော နိုင်ငံရေးအာဏာ ၊စစ်ရေးအာဏာ၊ (စီးပွားရေး)အာဏာများကို မတရားသိမ်းယူမည်။ မခိုင် လုံသည့် အကြောင်းပြချက်များဖြင့် တရားမျှတမှုမရှိသော ဉပဒေများကို လိုရင်လိုသလို ထုတ်ပြန်ကြမည်။ လူတစ်စုကောင်းစားရေး ကိုရှေ့တန်းတင်ပြီး စီးပွါးရေးစနစ်၊ ပညာရေးစနစ်၊ အဓိပ္ပါယ်မရိုသောနိုင်ငံရေးစနစ်များကို ချမှတ် အကောင်ထည်ဖော်မည်။ ထိုစနစ်တွင် လွတ်လပ်မှုဆိုသည်မှာ ရှားပါးပစ္စည်းတစ်ခုလို သာဓကအားဖြင့် မြန်မာနိုင်ငံအပါဝင် အာဏာရှင်နိုင်ငံများ၏ အနိဋါရုံများမှာ အထင်အရှားပင်။ ထိုစနစ်မျိုးသည်လည်း မိမိတို့မျှော်မှန်းသည့် ငြိမ်းချမ်းရေးမျိုး မဖြစ် တန်ရာ။
(THE RULE OF LAW) တရားဉပဒေစိုးမိုးရေးဆိုသည်မှာကား အထက်တွင်ဖော်ပြခဲ့သည့် အစွန်းနှစ်ဖက်ဖြစ်သော လုံခြုံမှုကင်းမဲ့နေသည့် ပရမ်းပတာ အကန့်အသတ်မဲ့လွတ်လပ်မှု (မင်းမဲ့စရိုက်) နှင့် လွတ်လပ်မှုများ ဆိတ်သုန်းပျောက်နေသော မတရားသည့် စဉ်းမျဉ်းဉပဒေများဖြင့် ကန့်သတ်ထိန်းချုပ်ထားမှု (အာဏာရှင်စရိုက်) နှစ်ခုစလုံးကိုရှောင်ရှားပြီး လွတ်လပ်မှုနှင့် လုံခြုံမှုကို သဟဇာသဖြစ်အောင် တည်ဆောက်ထားပေးခြင်းဖြစ်သည်။ ဤနေရာတွင် သဟဇာသဆိုသည် မှာဉပဒေဖြင့် ထိန်း ကြောင်းထားခြင်းဖြစ်ပြီး အကန့်အသတ်ဆိုသည်မှာလည်း ဉပဒေဖြင့်သာကန့်သတ်ခြင်းကိုသာဆိုလိုပါသည်။ သို့ရာတွင် အထက် ဖော်ပြပါ သဟဇာသဖြစ်စေသော အကန့်အသတ်ဆိုသည့်ဉပဒေများသည် တရားမျှတသောဉပဒေများ ဖြစ်ဖို့ အထူးအရေးကြီး ပါသည်။ ထိုဉပဒေများသည် ပြည်သူလူထုကရေးဆွဲသော၊ ပြည်သူလူထုကိုကိုယ်စားပြုသော၊ ပြည်သူလူထု၏ အခွင့်အရေး များကို ကာကွယ်ပေးသော ဉပဒေများဖြစ်ဖို့လိုသည်။ ထိုဉပဒေမျိုး၏ အကူအညီကိုရယူခွင့်နှင့် အကာအကွယ်ယူခွင့်များရှိပြီး တရားမျှတမှုကိုရှာဖွေခွင့်ရှိသော လူ့အဖွဲ့အစည်းဖြစ်မှသာလျှင် တရားဉပဒေစိုးမိုးမှုရှိသော လူ့အဖွဲ့အစည်းဟုခေါ်ဆိုနိုင်ပါမည်။ မည်သူမဆို ဉပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေးရှိသော လူ့အဖွဲ့အစည်းကိုဆိုလိုရင်းဖြစ်သည်။
ပြစ်မှုအမှန်တကယ် ကျူးလွန်သူတိုင်းသည် အာဏာရှိလျှင်ဖြစ်စေ အာဏာမဲ့လျှင်ဖြစ်စေ၊ အသားအရောင်၊ လိင်၊ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိစေပဲ အပြစ်ဒဏ်ခံရမည်ဖြစ်ပြီး ကျူးလွန်ခံရသူတိုင်းသည်လည်း ဉပဒေ၏ အကာ အကွယ်ကိုရယူခြင်းဖြင့် လွတ်လပ်မှုဟူသည်ကို ဖော်ဆောင်နိုင်မည်။ ဉပမာလူသတ်မှုကိုကျူးလွန်သူတိုင်းသည် ပြစ်ဒဏ်ကို မဖြစ်မနေကျခံရမည့် အလေ့အထ အားကောင်းလာခြင်းဖြင့် ကျူးလွန်မှုများနည်းသွားနိုင်သည်။ တဖြေးဖြေးပပျောက်သွားနိုင် သည်။ အခြားတဖက်မှကြည့်လျှင်လည်း ကျူးလွန်ခံရသူများနည်းသွားနိုင်ပြီး တဖြေးဖြေးပပျောက်သွားနိုင်သည်။ ဤသို့ဖြင့် ကျုးလွန်ခံရသူဖက်မှ လွတ်လပ်မှုအာမခံချက်များ တစတစတိုးပွါးကျယ်ပြန့်လာကာ လွတ်လပ်သောလူ့အဖွဲ့အစည်းတစ်ရပ်သို့ ရောက်ရှိလာနိုင်ပေမည်။ ထိုမှတဆင့် အာမခံချက်ရှိပြီး လွတ်လပ်မှုများလွမ်းခြုံနေသည့် လူ့အဖွဲ့အစည်းသည် ငြိမ်းချမ်းမှုများကို လက်ဆုပ်လက်ကိုင်ပြုနိုင်ပေးလိမ့်မည်။
ဤသို့ ဉပဒေစိုးမိုးရေးအခြေခံမှ ပြီးပြည့်စုံသော ငြိမ်းချမ်းမှုသို့ ဉီးတည်ရာ ဆင့်ကဲဖြစ်စဉ်အပေါ် ရှုထောင့်အမြင်မတူ သူများမှ ဝေဖန်ထောင့်ပြစရာများ ရှိကောင်းရှိလာပါလိမ့်မည်။ ဉပမာဆိုရသော် မြန်မာနိုင်ငံလက်ရှိပြဿနာနှင့် နိုင်တကာ၏ မျက်မှောက်အခြေအနေများတွင် တရားဉပဒေစိုးမိုးမှုရှိယုံဖြင့် ငြိမ်းချမ်းမှုကိုတည်ဆောက်နိုင်မည်လောဟု မေးခွန်းများရှိလာ နိုင်ပါသည်။
ထိုမေးခွန်းကိုပြန်ဖြေရန်မှာလည်း အမေးကိုအမေးဖြင့်ပြန်ဖြေရန်သာရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် တရားဉပဒေစိုးမိုးမှု ရှိပြီးလော။ မျက်မှောက်နိုင်ငံတကာအခြေအနေတွင်လည်း တရားဥပဒေစိုးမိုးမှုကို မည်မျှအကောင်ထည်ဖော် ဆောင်ရွက်နေကြ ပြီးလော။ ကျိမ်းသေ ကံသေကံမပြောနိုင်သည်ကား မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို တရားဥပဒေစိုးမိုးမှုသာ အမှန်တကယ် ရှိနေပါက တရားမျှတမှုကိုရှာဖွေနိုင်၍ ထိုမှတဆင့် အာမခံချက်ရှိသည့် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း ဟူသော အသီးအပွင့်များ ဖူးပွင့်ဝေဆာ လာမည်မှာဧကန်ပင်။ သို့ပါ၍ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားသည်ဆိုပါက မိမိတို့ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးနိုင်ရေး ကို ဦးစွာပထမ တည်ဆောက်ရမည်ဖြစ်ကြောင်း။
စိုးမင်းဦး
edit by လူဗိုလ်
ဤဆောင်းပါးအား မိမိလေ့လာထားသည့် THE RULE OF LAW (မြန်မာနိုင်ငံရှေ့နေများကောင်စီထုတ်) စာအုပ်ကိုကိုးကားပြီး မိမိ၏အမြင်ဖြင့်ရေးသားခြင်းသာဖြစ်ပါသည်။

0 comments:
Post a Comment