မှီငြမ်းမှု၊ ကူးယူအသုံးပြုမှုတွေ ပြုကြရာဝယ်..
ဒီပိုစ်ကိုရေးရန်၊ မ ရေးရန်ကို
စဉ်းစားခဲ့တာ လနဲ့ချီခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ (ကျမ အပါအ၀င်)
ဘယ်သူမှ အမှား မကင်းကြသူများမို့ ရိုးသားစွာ မှားယွင်းမိသော လူငယ်များ၊
Copy right law, plagiarism စသည်များကို တိတိကျကျမသိလို့ (ကျမ ကိုယ်တိုင်လဲ
ဒီဥပဒေတွေ ဒေါင့်စေ့အောင် မသိပါဘူး) လုပ်မိတဲ့လူငယ်များကို
ဖိပြီးပြောသလိုဖြစ်မှာစိုးလို့ လဲ အချိန်ပေးပြီး စဉ်းစားပါတယ်။
နောက်ဆုံးတော့ ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီပိုစ်ကို တင်ရတဲ့
ရည်ရွယ်ချက်က ကိုယ်တိုင်လေ့လာ သင်ယူချင် လို့လည်းဖြစ်ပါတယ်။ အားလုံးရဲ့
ပွင့်လင်းမျှတပြီး ရင့်ကျက်သော အမြင်များကိုလဲ မျှော်လင့်ပါတယ်။ ကျမ
ပြောဖူးသလိုပဲ ဒီကိစ္စဟာ ပြန်လည်မျှဝေသူများရဲ့ intention ပေါ်မှာ
အများကြီးမူတည်လို့ ဘယ်သူကိုမှ မထိခိုက်အောင် သတိထားရေးနေသည့်အခါ
အမှားအယွင်းပါခဲ့ရင် နားလည်ပေးကြရန် ရှေးဦးစွာ ပြောလို ပါတယ်။
မွေးဖွားလာကတည်းက စကားတတ်ပြီး
မွေးလာတာမဟုတ်တဲ့ ကျမတို့လူသားတွေ နေ့စဉ်ပြောတဲ့စကားတွေ၊ ရေးသမျှစာတွေဟာ
မှီငြမ်းမှု၊ ကူးယူအသုံးပြုမှုတွေနဲ့ မလွဲပါဘူးတဲ့…..
ဒါပေမယ့် ခံစားချက်တွေ၊ ကဗျာတွေ၊ စာတွေ၊
သီချင်းသံစဉ်တွေ၊ စာသားတွေကတော့ တစ်ဦးနဲ့တစ်ဦး ထပ်တူကျနိုင်ဖို့က
နဲပါတယ်။ စာပေအနုပညာကို တန်ဘိုးထားသူများဟာ မိမိရဲ့ ကဗျာတွေ၊ စာတွေကို
အခြေအနေပေါ်မှာမူတည်ပြီး စိန်တွေ၊ရွှေတွေထက် တန်ဘိုးထားတတ်ကြပါတယ်။
ဘလောဂါအချို့ကဆိုရင် သူတို့ရဲ့ဖန်တီးမှုတွေကို သားသမီးနဲ့တောင် တင်စားပါတယ်။
ကိုယ်ရေးတဲ့စာတွေကို မယူဖို့၊ ယူပြီး ဝေမျှရင်လဲ အနည်းဆုံးတော့
မူရင်းဖန်တီးသူရဲ့ အမည်လေးကို ဖော်ပြပေးဖို့ ထပ်ခါတလဲလဲ ပြောနေကြတာ၊
မိမိရေးတဲ့ စာတွေက သိပ်ကောင်းနေတယ်ထင်လို့၊
မိမိကသိပ်ကြီးကျယ်မြင့်မြတ်နေတာ ဆိုပြီး အထင်ရောက်လို့တော့ မဟုတ်ပါဘူး။ ကိုယ့်ကဗျာတွေ၊
စာတွေဟာ သုံးမရအောင် ညံ့ဖျင်းနေရင်လဲပဲ အမြတ်တနိုးလေးနဲ့ ဖြစ်တတ်ကြတာ
စာရေးသူ၊ ကဗျာရေးသူ အချင်းချင်းလဲ သိပါတယ်။ ဥပမာ.. ရွှေလက်ကောက်တစ်ကွင်း
ပျောက်သွားရင် ဆိုင်မှာ ပုံတူပြန်လုပ်လို့ရပါတယ်။ အသစ်ဝယ်လို့ရပါတယ်။
ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ သီချင်းစာသားတစ်ပုဒ်၊ ပန်းချီတစ်ချပ်ပျောက်သွားရင်
အဲသလို ထပ်တူကျတဲ့ ကဗျာ၊ စာ၊ သီချင်း၊ ပန်းချီကားချပ်ကို ထပ်တူကျအောင်
ထပ်ရေးဖို့ ထပ်ဆွဲနိုင်ဖို့က မလွယ်တော့ပါဘူး။ ဖန်တီးသူရဲ့ ခံစားချက်၊
အခြေအနေ၊ အချိန်က၊ ဖန်တီးမှုတစ်ခုကို လုံးဝ ပြောင်းလဲသွားစေပါပြီ။
ပုံတူတစ်ခု ဘယ်လိုမှ ထွက်မလာတော့ပါဘူး။
အနုပညာကို ဝေမျှခံစားသူတွေကလည်း ကဗျာတွေ၊
စာတွေ ကောင်းလို့ ဝေမျှချင်တယ်၊ ကိုယ့်ဘလော့ဂ်မှာ တင်ချင်ကြတယ်။ အချို့က
ရိုးသားစွာ မူရင်းရေးသူကို မဖော်ပြဘဲ တင်မိတယ်။ အချို့ကတော့ သူများစာတွေကို
ကိုယ်ရေးသလို လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပြီးတင်တတ်ကြတယ်။
အပေါ်က စကရင်ရှော့မှာဆိုရင် စာရေးသူဟာ
ကျမရဲ့ ဆောင်းအိပ်မက်ထဲက
စာသားတွေကို ဖြတ်တောက်ပြီး သူ့စာလေးထဲမှာ ဖြတ်ကပ်ညှပ်ထားပါတယ်။ ကျမ
စိတ်ထဲမှာတော့ “သြော်.. သူ..
ငါရေးတဲ့ ဒီစာသားတွေကို တော်တော်လေးကြိုက်နှစ်သက်သွားတာ ပါလား” လို့
ဖြစ်သွားပါတယ်။ အမှန်ပြောရရင်တော့ ၀မ်းသာမိပါတယ်။ ကျမရဲ့ စာသားအချို့ဟာ
စာဖတ်သူအချို့ကို “ထိ” သွားစေတာကို။ ဆက်ပြီး ဒီဆိုက်ဒ်အောက်က စာရေးသူရဲ့
အောက်က စာကို ဖတ်ရတော့ ဒီတစ်ခါ “ထိ” သွားသူကတော့ ကျမ ပါပဲ။
“အခွင့်ရှိစေချင်” ဆိုတာကို ကျမ ၀ိုင်းပြထားပါတယ်။ ဖတ်ကြည့်ကြပါ။
ကျမ အဲဒီမှာ စိတ်မကောင်းတော်တော်လေး
ဖြစ်သွားတယ်။ ကိုယ်ချင်းစာသွားတယ်။ သူတို့မှာ မြို့ပေါ်ကို တက်လာမှ
အင်တာနက်ဆိုတာကို ဖွင့်ကြည့်ဖြစ်တယ်။ ကျမလဲ ရန်ကုန်မှာ အင်တာနက်
ထိုင်ဖူးပါတယ်။ ကွန်နက်ရှင်က ကောင်းလိုက်၊ မကောင်းလိုက် ကြုံရဖူးပါတယ်။
ဒီလိုအခြေအနေ၊ အချိန်အခါမျိုးမှာ ကျမရဲ့ စာလေးတွေကို ပြန်လည်ခံစားပြီး
ဖြတ်၊ကပ်၊ညှပ် လဲ ကျမ ဘာမှကို မပြောလိုတော့ပါဘူး။ ဒါဟာ ဆယ်ရှစ်နှစ်
မပြည့်လောက်သေးတဲ့ ကလေး တစ်ယောက်ယောက်လဲ ဖြစ်နိုင်ပါတယ်။ ကော်ပီရိုက်တို့
ပလေဂျာရစ်ဇင်မ် တို့ကို ဘာမှ မသိသူတစ်ဦးဦးလဲ ဖြစ်နိုင်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ စာကတော့ ကျမ၏
နှလုံးသည်းပွတ် ချစ်သူ့အိမ် ကလေးကို စာရေးသူ ဘလောဂါမလေးတစ်ဦးက
ဖော်ပြပြီး အမည် မထည့်ထားပါဘူး။ သူလဲပဲ ဘာအခက်အခဲရှိလဲ မသိနိုင်ပါဘူး။
သူ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကျမ သူ့အမည်၊ ဆိုက်ဒ် အမည်ကို ဖျက်ထားပါတယ်။
(မည်သို့ပင်ဖြစ်စေ…
ဒီလိုလုပ်လိုက်တယ်ဆိုရင် ဆင့်ပွားကူးယူ တင်ပြသူဟာ မရည်ရွယ်ပေမယ့်
စာဖတ်သူများကို မလေးမစားလုပ်မိသလို ဖြစ်သွားတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
စာဖတ်သူများဟာ မူရင်းဖန်တီးသူကို သိခွင့်ရှိပါတယ်) အချို့
ဆင့်ပွားဝေမျှသူတွေကတော့ စကားလုံးတွေကို ပြင်ပြီးကို တင်ကြတယ်။ ဒီနေရာမှာ
စကားလုံးတွေကို ပြင်လိုက်ပြီဆိုကတည်းက မူရင်းဖန်တီးသူရဲ့
ဆိုလိုရင်းအဓိပ္ပယ်ဟာ အနည်းနဲ့အများ ပြောင်းသွားပါပြီ။ ဒါကို
မုရင်းရေးသူတွေအနေနဲ့ မည်သူကမှ နှစ်သက်လိမ့်မယ်လို့ မထင်ပါဘူး။
ကော်ပီရိုက်ဥပဒေဟာ မူရင်းဖန်တီးသူတွေရဲ့
ဖန်တီးမှုတွေကို ကာကွယ်ထားခြင်းဖြစ်ပါတယ်တဲ့…
ကျမ အင်္ဂလိပ်လိုပဲ တိုက်ရိုက်ရေးပြပါတော့မယ်။
ကျမ အင်္ဂလိပ်လိုပဲ တိုက်ရိုက်ရေးပြပါတော့မယ်။
According to Copyright.gov: Copyright is
a form of protection provided (….) to the authors of “original works of
authorship,” including literary, dramatic, musical, artistic, and
certain other intellectual works. This protection is available
to both published and unpublished works.
ဒီသတ်မှတ်ချက်ဟာ ထုတ်ဝေပြီးသားအရာတွေကော၊ ခုလို အွန်လိုင်းပေါ်က
စာတွေပါ သက်ရောက်ပါတယ်။
အွန်လိုင်းပေါ်က စာတွေကို ဘာသာပြန်ကြ၊
ကူးယူဖော်ပြ ကြတဲ့အခါမှာ ဘယ်လိုတွေကိုင်တွယ်ရမလဲဆိုတာ ဒီဆိုက်ဒ်မှာ
ဆွေးနွေးထားကြပါတယ်။ (ကျမ
ထိုဆိုက်ဒ်ကို ခွင့်တောင်းပြီး အချို့အပိုဒ်တွေကို ပြန်ရေးပြထားပါတယ်)
ဘာဖြစ်လို့လဲဆိုတော့ ကျမ ဟာ
ဘာသာပြန်ဖူးပါတယ်။ အော်ဝဲလ်ရဲ့ ဆင်ပစ်ခြင်း ကျမဆိုက်ဒ်မှာ တင်ဖူးပါတယ်။
ကျမ ဘာသာပြန်တိုင်းလဲ မူရင်းစာရေးသူများကို အမြဲဖော်ပြပါတယ်။ များများလဲ
မပြန်ဖြစ်ပါဘူး။ မပြန်နိုင်တာကော၊ ကိုယ့်ခံစားချက်မဟုတ်တော့ မြန်မာစာ
ထောက်နေတာကော၊ ကိုယ့်ဟာကိုယ်ရေးတာ ပိုအားသန်လို့ကော စတဲ့အချက်တွေကြောင့်ပါ၊
ဘာရယ်မဟုတ်ပါဘူး။ ပညာရှင်များရဲ့ အနှစ်နှစ်အလလက research လုပ်ထားတာတွေ၊
စာရေးဆရာ အော်ဝဲလ်ရဲ့ ခံစားချက်တွေကို ကျမ ရှာဖွေတွေ့ရှိတဲ့ပုံ၊
ခံစားရေးဖွဲ့ထားတဲ့ ပုံစံမျိုး မလုပ်ပါဘူး။ ဒါပေမယ့်
စည်းမျဉ်းစည်းကမ်းတွေအရ ဒီလိုတောင် မလုပ်ရဘူးဆိုပါတယ်။ ဒါတွေဟာ unauthorized translation တွေဖြစ်ပါတယ်တဲ့။
ဒီနေရာမှာ fair use ဆိုတာ ပါလာပါပြီ။
အချို့ဘာသာပြန်သူတွေဟာ အမြတ်အစွန်းမရဘဲ ဝေမျှရုံတင်ကြပါတယ်။ ဒါပေမယ့်လည်း
တစ်ချိန်ချိန်မှာ အမြတ်အစွန်းရလာတဲ့အခါမှာ (ငွေကြေးနဲ့ပဲ တိုင်းတာလို့
မရတဲ့ အမြတ်အစွန်း — ဥပမာ၊ ကျော်ကြားမှု၊ လူအထင်ကြီးခံရမှု) ဖြစ်လာတဲ့အခါမှာ
မူရင်းစာရေးသူတွေဟာ လိုင်စင်ခတောင်းခွင့်ရှိနိုင်ပါ တယ်တဲ့။ ဒါမှမဟုတ်
သူတို့ရဲ့ အမည်များကို မိမိဆိုက်ဒ်မှာ တင်ခိုင်းလာနိုင်ပါတယ်တဲ့။
တစ်ကယ်တော့ ဘာသာပြန်တဲ့ နေရာမှာ သုံးလေးပိုဒ်ကိုသာ ပြန်ခွင့်ရှိပြီး
ကျန်တာတွေကို လင့်ခ်နဲ့ ဖော်ပြကြဖို့ အကြံပေးကြပါတယ်။ ကိုယ်နဲ့
မူရင်းစာရေးသူနဲ့ နှစ်ဦးသဘောတူချက်ရှိတယ်ဆိုရင်ေ တာ့ ဒါဟာ ချွင်းချက်တစ်ခု
ဖြစ်ပါတယ်။
ဒီနေရာမှာ ကျမ တော်တော်လေးတွေးမိပါတယ်။
မြန်မာပြည်မှာ ဘာသာပြန်ဝတ္ထုတွေ၊ နောက် အမျိုးသားစာပေဆုရတာတွေ။ ကျမ
လိုက်လို့မမှီတော့ပါဘူး။ ဘာသာပြန်ဆရာကြီး၊ ဆရာမကြီးများဟာ
မူရင်းစာရေးသူတွေနဲ့ စကားပြောပြီး၊ ခွင့်ရပြီးမှ ဘာသာပြန်တာလား၊
အမြတ်အစွန်းတွေကိုခွဲဝေယူသလား ကျမ မသိပါ။ သူတို့ ဘာသာမပြန်ရင်လဲ ကျမ
တို့လူမျိုးတွေ၊ အထူးသဖြင့် အင်္ဂလိပ်စာမတတ်သူတွေဟာ လေထန်ကုန်းလို စာတွေကို
မဖတ်ကြရတော့ဘူးလား။ နိုင်ငံခြားစာပေတွေကို မသိရတော့ဘူးလား။ unauthorized
translation တွေ မလုပ်ရလို့.. အင်္ဂလိပ်စာတတ်သူ၊ စာတတ်ပေတတ်၊ ပညာတတ်တွေပဲ
ဒီလိုစာတွေကို ဖတ်ကြရတော့မှာလား၊ စသဖြင့် တွေးမိပါတယ်။ ဒီလိုမျိုး မိမိ
လူမျိုး စာပေဗဟုသုတ ပြည့်ဝရေးဘက်ကတွေးရင်၊ ရှိသမျှ စာအုပ်ကောင်းတွေ (စာပေ၊
နည်းပညာ၊ ဆောင်းပါး) တွေကို တတ်နိုင်သမျှ အကုန်ဘာသာပြန်ပြီး အမြတ်အစွန်း၊
အမည် မယူဘဲ အကုန်ဝေမျှချင်စိတ်ပေါက်လာကြမှာ ပါပဲ။ ဒါပေမယ့် ငါ့တိုင်းပြည်၊
ငါ့လူမျိုး၊ ငါ.. ငါ.. ငါ.. မတွေးဘဲ မူရင်းစာရေးသူတွေ၊ အနှစ်နှစ်အလလ
ရှာဖွေလေ့လာပြီးမှ စာအုပ်ထုတ်ထားသူတွေ ဘက်ကကော ဘယ်လိုခံစားရမလဲလို့
တွေးမိဖို့လဲ လိုပါတယ်။ (ဒီနေရာမှာ ကျွမ်းကျင်သူများရှိပါက ကျမကို
မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းအကြောင်း အနည်းငယ်
ဝေမျှပေးစေလိုပါတယ်ရှင်။)
ဒါဆို.. ကျမတို့ ဘာလုပ်ကြမလဲ….
ခုလောလောဆယ် အွန်လိုင်းတွေပေါ်မှာ၊ အထူးသဖြင့် အခြားဆိုက်ဒ်တွေကနေ
ဝတ္ထုပဲဖြစ်ဖြစ်၊ ဆောင်းပါးပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ်၊ နည်းပညာပဲဖြစ်ဖြစ်၊
ဘာသာပြန်ကူးယူဖော်ပြရင် ဘယ်လိုလုပ်ကြရမလဲ…
သူတို့က အကြံပေးပါတယ်။
ငွေကြေးအမြတ်အစွန်းလုံးဝ မယူရပါဘူးတဲ့။
စာတစ်ခုလုံးကို ဘာသာမပြန်ရပါဘူးတဲ့။ သူများစာတစ်ပိုဒ်ပေါ်မှာ criticism ပဲလုပ်လုပ်၊ review ပဲလုပ်လုပ်၊ ၀တ္ထုတစ်ခုလုံး၊ ဆောင်းပါးတစ်ခုလုံးကို မလုပ်ရပါဘူးတဲ့။ အွန်လိုင်းပေါ်မှာပဲ ဖြစ်ဖြစ်.. အကုန်လုံးကို လုံးဝ ဘာသာမပြန်ရပါဘူးတဲ့။ ပြန်ချင်ရင် ကော်ပီရိုက်ကို ကိုင်ဆောင်သူကို ဆက်သွယ်ရပါမယ်တဲ့ (အော်ဝဲလ်ရဲ့ မြေးကို ကျမ မရ၊ ရအောင် ဆက်သွယ်ရတော့မယ်ထင်ရဲ့)
မူရင်းစာရေးသူကို လူတွေ မြင်သာထင်ရှားတဲ့ နေရာမှာ ရှင်းလင်းစွာ ဖော်ပြရမယ်တဲ့။ ကိုယ်ရေးသလိုလိုနဲ့ မူရင်းစာရေးသူကို ဖော်ပြတယ်ဆိုရုံ ချောင်လေးထဲမှာ သေးသေးလေး ကပ်ထားတာမျိုး မလုပ်ရပါဘူးတဲ့။
ဒီလိုအချက်တွေ လိုက်နာတယ်ဆိုတာတောင်မှ
ဘာသာပြန်သူဟာ မိမိကိုယ်ကို fair user လို့လဲ ယူဆလို့ မရသေးပါဘူးတဲ့။
ဒီလိုနဲ့ အထက်ဖော်ပြထားတဲ့ ဆိုက်ဒ်မှာ
ဆွေးနွေးချက်တွေက စာမျက်နှာ နှစ်ဆယ်ခန့်ရှိလာပါတယ်။
ဆက်သာဖတ်ကြည့်ကြပါတော့ရှင်။
မည်သို့ပင်ဖြစ်စေ.. အွန်လိုင်းပေါ်မှာ စာရေးနေသူများ အားလုံးကို ကိုယ်စားပြုပြီး မပြောနိုင်ပေမယ့် ကျမ အနေနဲ့ကတော့ ကျမ စာများကို ကူးယူဖော်ပြမည်ဆိုပါက ဖြတ်တောက်ခြင်း၊ ဖြည့်စွက်ခြင်း မပြုလုပ်ရန် နဲ့ အိမ့်ချမ်းမြေ့ အမည်လေးကို မြင်သာတဲ့ နေရာမှာ ဖော်ပြပေးပါရန် တောင်းပန်အပ်ပါတယ်။ ခွင့်တောင်းစရာလဲ မလိုပါဘူး။ စာပို့စရာလဲမလိုပါဘူး။ ကျမ အမည်လေးထည့်ပေးရင် ကျေနပ်ပါပြီလို့ လေးစားစွာနဲ့ ပန်ကြားရင်း ဤရှည်လျားလှသော ပိုစ်ကို အဆုံးသတ်လိုက်ပါတယ်ရှင်။
မည်သို့ပင်ဖြစ်စေ.. အွန်လိုင်းပေါ်မှာ စာရေးနေသူများ အားလုံးကို ကိုယ်စားပြုပြီး မပြောနိုင်ပေမယ့် ကျမ အနေနဲ့ကတော့ ကျမ စာများကို ကူးယူဖော်ပြမည်ဆိုပါက ဖြတ်တောက်ခြင်း၊ ဖြည့်စွက်ခြင်း မပြုလုပ်ရန် နဲ့ အိမ့်ချမ်းမြေ့ အမည်လေးကို မြင်သာတဲ့ နေရာမှာ ဖော်ပြပေးပါရန် တောင်းပန်အပ်ပါတယ်။ ခွင့်တောင်းစရာလဲ မလိုပါဘူး။ စာပို့စရာလဲမလိုပါဘူး။ ကျမ အမည်လေးထည့်ပေးရင် ကျေနပ်ပါပြီလို့ လေးစားစွာနဲ့ ပန်ကြားရင်း ဤရှည်လျားလှသော ပိုစ်ကို အဆုံးသတ်လိုက်ပါတယ်ရှင်။
အိမ့်ချမ်းမြေ့
--
Please don't forward any political, racial, religious and sexual emails to me. Thanks.
You can forward me emails such as technological (engineering and IT) emails. Thanks.
If you want to be a friend with me, just send invitation
to lwan.nay.ya.thu.par@gmail.comPlease don't forward any political, racial, religious and sexual emails to me. Thanks.
You can forward me emails such as technological (engineering and IT) emails. Thanks.
If you want to read the ebooks or listen songs, please send email to me, when I have the free time, I will send to you.
0 comments:
Post a Comment