Monday, September 5, 2011

အနောက်နိုင်ငံတွေမှာ ထိန်းချုပ်တင်းကျပ် လာရပြီဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်

by Thant Ko Ko Maung on Monday, September 5, 2011 at 11:32am
 
 
(By Northern Star Journal Originally posted at 09/08/2011 09:54AM on Yatanarpon Article)

မကြာမီက ဗြိတိန် နိုင်ငံမှာ ဘာသာစာပေ ရေးသားပြောမှု ဆိုင်ရာ ပွဲတော်တစ်ခု ကျင်းပ ခဲ့တယ်။  အဲဒီ ပွဲတော်ကိုဝါးဝစ် တက္ကသိုလ် နိုင်ငံရေး၊ စီးပွားရေး ဘာသာ ပါမောက္ခ ဗြိတိသျှ ပါလီမန် အထက် လွှတ်တော် အမတ် ရောဘတ်စကီဒဲလ်စကီး လည်း တက်ရောက်ပြီး “လွတ်လပ်စွာ ပြောဆိုခွင့်” နဲ့ ပတ်သက်တဲ့ ဆွေးနွေးရေးအဖွဲ့မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ “လွတ်လပ်မှုကို ယုံကြည်မြတ်နိုးသူတွေ အတွက် လွတ်လပ်စွာ ပြောဆိုခွင့်ဟာ လွတ်လပ်မှုအတိုင်းအတာ ပမာဏကို ညွှန်ပြတဲ့ စံညွှန်းကိန်း (Index) တစ်ခုပါပဲ။
ဒီမိုကရေစီ နိုင်ငံတွေက လွတ်လပ်စွာပြောဆိုခွင့် အတွက် ကာကွယ် ရပ်တည် ပေးချိန်မှာ အာဏာရှင် နိုင်ငံတွေက လွတ်လပ်စွာ ပြောဆိုခွင့် မရအောင်ဖိနှိပ် ချုပ်ချယ်ပြီး လူတွေရဲ့ ပါးစပ်ကို အတင်း ပိတ်ထားကြတယ်” လို့ သူက ဆိုပါတယ်။ ကမ္ဘာ့ ပြည်သူအများစုကြီးနဲ့  တစ်ထပ်တည်း ကျတဲ့ သဘောထားအမြင် ဖြစ်ပါတယ်။ ဒါ့ကြောင့် အနောက် နိုင်ငံတွေမှာ ရှိတဲ့မိမိတို့ အပါအဝင် လွတ်လပ်စွာ ပြောဆိုခွင့် အတွက် ကြိုးပမ်းလှုပ်ရှား နေသူတိုင်းက လူထုကို ဖမ်းဆီး အကျဉ်းချနှုတ်ပိတ်နေရုံ မကဘဲ စာရေးဆရာနဲ့ သတင်းစာ ဆရာတွေကို သတ်ဖြတ်နေတဲ့ အစိုးရတွေကို ရှုတ်ချ ခဲ့ပါတယ်တဲ့။


Creative Time and Lower Manhattan Cultural Council Invite Everyone in New York to Visit Freedom of Expression National Monument — AND MAKE THEIR VOICES HEARD!

နယ်စည်းမခြား သတင်းထောက်များ ကောက်ယူ စုဆောင်း ပြုစုတဲ့ စာရင်း တစ်စောင်အရ ဒီနှစ် တစ်နှစ်တည်းမှာတင် သတင်းထောက် ၂၄ ဦး သေဆုံးခဲ့ပြီး ၁၄၈ ဦး အကျဉ်းချထား ခံနေရကြောင်းနဲ့ အာရပ်လူထု တော်လှန်အုံကြွမှုတွေရဲ့ သက်ရောက်မှု တစ်စိတ် တစ်ပိုင်းအဖြစ် အာဏာရှင်တွေ လက်ကနေ သတင်း မီဒီယာတွေ ပိုမိုလွတ်လပ်မှု ရလာနိုင်မယ့် အလားအလာကို တွေ့မြင် နေရတယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့်ခုအခါမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရေးလို့ ကြွေးကြော်နေတဲ့ အနောက် နိုင်ငံတွေမှာပဲ လွတ်လပ်စွာပြောဆိုခွင့်ဟာ အထိပါး အချုပ်ချယ် ခံလာနေရပြီး စိုးရိမ် ပူပန်စရာတွေ၊ ဖိအား ပေးမှုတွေနဲ့ ရင်ဆိုင် နေရပြီလို့ပါမောက္ခ စကီဒဲလ်စကီးက စင်ကာပူ The Straits Times သတင်းစာမှာ ဆောင်းပါး တစ်ပုဒ် ရေးပြီး ရင်ဖွင့်လာပါတယ်။

အစဉ်အလာ အားဖြင့် ဗြိတိသျှ ဥပဒေက လွတ်လပ်စွာ ပြောဆိုခွင့် အပေါ်မှာ အဓိက ကန့်သတ်ချက် နှစ်ခု ချမှတ်ပြဋ္ဌာန်း ထားပါတယ်။ ပထမ တားမြစ်ချက်က စကားလုံး အသုံးအနှုန်း တွေနဲ့ တင်ပြပုံ အများပြည်သူ အမြင်မှာရိုင်းပျပြီး အနှောင့်အယှက် ဖြစ်စေတာ၊ ဒုတိယ တားမြစ်ချက်က ဥပဒေ ကြောင်းအရ အသေရေ ဖျက်မှု မြောက်တဲ့ပြောဆိုတာပါပဲ။ တားမြစ်ချက် နှစ်ခုလုံးမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ ကျော်ကြားမှုကိုလိမ်လည်မှုများမှ အကာအကွယ် ပေးဖို့ ခိုင်လုံတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ်။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတိုင်းက အဲဒီ ကန့်သတ်ချက် နှစ်ခုလုံးကို ကျိုးကြောင်း ဆီလျော်မှုရှိတဲ့ ကန့်သတ်ချက်တွေ အဖြစ် လက်ခံကြပါတယ်တဲ့။

ဒါပေမယ့် ခုအဲဒီ ဥပဒေက ပိုမို ချုပ်ချယ်လာပြီး လူထုကို အနေအထိုင် ပိုမိုတင်းကျပ် လာစေတယ်။ ဘာသာရေးနဲ့လူမျိုးရေး မုန်းတီးမှုတွေ၊ အခြေခံ ဖိုမ လိင်ကွဲပြားမှုကြောင့် ပေါ်ပေါက်လာတဲ့ မုန်းတီးမှုတွေ တိုးပွားအောင်လှုံ့ဆော်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ဥရောပနိုင်ငံ အများစုမှာ ရှိနေတာ တွေ့လာရတယ်။ ဥပဒေဟာ ဆူပူအကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖွယ် ရှိတဲ့ ပြောဆိုမှုကို တားမြစ်တဲ့ ပုံစံကနေ ဆူပူမှုတွေ ဖြစ်လာအောင် ရည်ရွယ်တားမြစ်တဲ့ ဥပဒေလို ဖြစ်လာတယ်။

ဗြောင်ကျကျ ထင်းခနဲ မြင်နိုင်တဲ့ ဥပမာ တစ်ခုကို ပြရရင် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးတွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ် ဆိုတာကို လက်မခံ ငြင်းပယ်တာ၊ ဒါမှမဟုတ် အရေး မပါသလို သေးသိမ်အောင်ပြောဆိုမှုဟာ ဥရောပ ၁၅ နိုင်ငံနဲ့ အစ္စရေးနိုင်ငံမှာ ဥပဒေနဲ့ ဆန့်ကျင်တာပါပဲ။ ပြင်သစ် နိုင်ငံမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက် တွေကို ဖောက်ဖျက်တဲ့ ရာဇဝတ်မှု အဖြစ် နိုင်ငံတကာ အသိအမှတ် ပြုထားပြီးအမှုတွေနဲ့ ပတ်သက်လို့ လက်မခံ ငြင်းပယ်တာဟာ ဥပဒေနဲ့ ငြိစွန်းပါတယ်။ မွတ်စလင် နိုင်ငံတွေ မှာလည်း၁၉၁၅-၁၉၁၇ အမေရိကန်တွေရဲ့ လူအစုအပြုံလိုက် သတ်ဖြတ်မှုကို “လူမျိုးသုဉ်း သတ်ဖြတ်မှု” အဖြစ် လက်မခံငြင်းဆိုခြင်းဟာ ဥပဒေ ဖောက်ဖျက် ကျူးလွန်တာ ဖြစ်ပါတယ်။

“တစ်ခါက  အာဏာရှင် စနစ်ရဲ့ သင်္ကေတ ပြယုဂ် အမှတ် လက္ခဏာ တစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ သဲသဲမဲမဲစွဲစွဲမြဲမြဲ မှတ်ယူ တွေးထင်ခဲ့တဲ့ လူတွေရဲ့ မှတ်ဉာဏ်အပေါ် ဆင်ဆာ လုပ်မှုဟာ ခုတော့ လွတ်လပ်ပါတယ် ဆိုတဲ့အနောက် နိုင်ငံတွေမှာ ဧရာမ အလုပ်ကြီး တစ်ခုအဖြစ် ကြီးထွားလာနေ ပါပကောလား”  “တရားဝင် ဆင်ဆာလုပ်နေမှုတွေဟာ အစဉ်အလာ လုပ်နေတဲ့ ဧရာမ ဆင်ဆာ ရေခဲ ကျွန်းမျောကြီး တွေရဲ့ အစွန်အဖျား အစအနတစ်ခုမျှသာ ဖြစ်နေပြီး လူတွေဟာ အမြဲတမ်း စောင့်ကြည့်ခံ နေရတယ်။ အဲဒီလို ယဉ်ကျေးမှု ကျင့်ဝတ်တွေကိုဖောက်ဖျက်ပြီး ဆင်ဆာ လုပ်နေမှုတွေက လူတစ်ဦးချင်းရဲ့ ထင်ရှား ကျော်ကြားမှုနဲ့ ရံဖန်ရံခါမှာ အသက်မွေးဝမ်းကျောင်း အလုပ်ကိုပါ ပျက်စီး စေပါတယ်” လို့လည်း ပါမောက္ခ စကီဒဲလ်စကီးက ဆိုပါတယ်။

ဗြိတိန် ပြည်ထဲရေးဝန်ကြီး ကဲနက်ကလပ်ခ်ဟာ မကြာခင်က “အချို့သော မုဒိမ်းမှုတွေဟာ တခြား အမှုတွေလောက်ဆိုးဝါး ပြင်းထန် အရေးပါမှု မရှိပါဘူး” လို့ ပြောဆိုမိတဲ့ အတွက် ဥပဒေရေးရာ ခွဲခြားသိမြင် လိုက်နာမှုမှာလိုအပ်ချက် ရှိနေသူ အဖြစ်နဲ့ ဝန်ချ တောင်းပန်ခဲ့ရတယ်။ အဲဒီလို တစ်သီတစ်တန်း ပေါ်ထွက်နေတဲ့ ပြောမှားဆိုမှားဖြစ်မှုတွေ၊ ပြီးရင် ခယဝပ်တွား ပြန်ဝန်ချ တောင်းပန် နေမှုတွေ ပြည်သူတွေရဲ့ ဘဝ မြင်တွေ့နေကျ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်နေပါပြီ” တဲ့။

ဂျွန်စတူးဝပ်မီးလ် ကလည်း သူ့ရဲ “လွတ်လပ်ခြင်းနှင့် ပတ်သက်၍” ဆိုတဲ့ ဂန္ထဝင် အက်ဆေး တစ်ပုဒ်မှာ ဗဟုသုတအသိအမြင် တိုးတက်ဖို့ အတွက် လွတ်လပ်စွာ ပြောဆို စုံစမ်း မေးမြန်းခွင့်ရှိဖို့ လိုအပ်တယ် လို့ နယ်ပယ်အကြောင်းအရာ ပေါင်းစုံမှာ လွတ်လပ်စွာ ပြောဆိုခွင့် အတွက် ကာကွယ် ရေးသားခဲ့တယ်။ “သမိုင်းဆိုင်ရာ စုံစမ်းမေးမြန်းမှု နယ်ပယ် တချို့မှာ ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်တာဟာ ဆန့်ကျင်ဘက် အုပ်စုပေါ်မှာအခြေခံထားတာ ဖြစ်တယ်။ ပြီးတော့ ဒါဟာ အမှန်တရားကို မလေးစားတာပဲ။ ဒါဟာ အဓိပ္ပာယ် ကင်းမဲ့တဲ့ကိုးရိုးကိုးကားရား လုပ်ရပ် တစ်ခုပဲ။ အဲဒါမျိုး အပြီးသတ် နောက်ဆုံး သမိုင်းဆိုင်ရာ အမှန်တရား အဖြစ် ဘယ်မှာမှမရှိဘူး ဆိုတာ သမိုင်း ပညာရှင်တိုင်း သိတယ်" တဲ့။

သမိုင်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ ဒါမှမဟုတ် စိတ်ဓာတ် ကိုယ်ကျင့်တရားကို အကာအကွယ်ပေးဖို့မဟုတ်ဘဲ အဖြစ်အပျက်တွေကို ခိုင်မာစွာ သက်သေ ထူနိုင်အောင် မှတ်တမ်း တင်ဖို့သာ တာဝန် ရှိပါတယ်။သမိုင်းကို ဥပဒေကြောင်းအရ တရားဝင် အကာအကွယ် ပေးတာဟာ သမိုင်း ပညာရှင်တွေကို လွတ်လွတ်လပ်လပ်လုံခြုံ ဘေးကင်းစွာ ရေးသား မှတ်တမ်းတင်ခွင့် ရရှိစေပါတယ်။ ဂျွန်စတူးဝပ်မီးလ်ရဲ့ သဘောတရား မူတွေအတိုင်းကျင့်သုံးရာမှာ တစ်ခါတစ်ခါ မသတီစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ချို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့လည်းလိုအပ်တာ တွေ့ရပါမယ်။ ဒေးဗစ်အာဗင်းဟာ သမိုင်း အလိမ်အညာတွေကို ရေးသားခဲ့သူ ဖြစ်ပေမယ့် နာဇီတွေကဂျူးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ငြင်းကွယ်မှုကြောင့် သူ့ကိုသြစတြီးယား နိုင်ငံမှာ တရားစွဲဆို ထောင်ချခဲ့မှုက ဂျွန်စတူးဝပ်မီးလ်ကို အထိတ်တလန့် ဖြစ်သွား စေပါတယ်။

နိုင်ငံရေး အမှား ထောက်ပြမှုကို ဖိနှိပ်သူတွေက အမှန်တရား ဆိုတာ မသိနိုင်တဲ့ ကိစ္စပါလို့ ဆင်ခြေပေး
ငြင်းခုံကြတယ်။ လူတွေရဲ့ အခြေအနေ အကြောင်းကြောင်းနဲ့ ပတ်သက်ပြီး တစ်စုံ တစ်ယောက်ရဲ့ ထုတ်ဖော်ကြေညာချက် တွေမှာ ထင်မြင်ချက်၊ သဘောထားတွေ မဖြစ်မနေ ပါရှိတတ်သလို အချို့အချို့ ကြေညာချက်တွေဟာ အမှန်တရား ဖော်ထုတ်မှုကိုလည်း အထောက်အကူ မပြုဘဲ အခြားသူ တစ်စုံ တစ်ယောက်ကို ထိခိုက်စေ၊အသရေ ပျက်စေတာတွေ ဖြစ်နေတတ်ပါတယ်။ နိုင်ငံရေး အမှား ထောက်ပြရမှုတွေ ပျံ့ထွက်လာမှုရဲ့နောက်ကွယ်က လူမှု ဗေဒဆိုင်ရာ မရှိမဖြစ် အရေးပါတဲ့ အချက်ကတော့ ခုအခါမှာ လူသားတွေ အနေနဲ့ ပုရိသယောက်ျားတွေ ကြီးစိုးထားတဲ့၊ ကြီးစဉ်ငယ်လိုက် ဝါစဉ် အတိုင်းသာ ဖြစ်ရမယ့် ယဉ်ကျေးမှု တစ်ခုတည်းသက်သက်ကိုသာ အလေးထားရမယ့် လူ့အဖွဲ့အစည်း ထဲမှာ နေထိုင်နေကြတာ မဟုတ်တော့တာ ပါပဲ။

အဲဒီလို လူ့အဖွဲ့အစည်း ထဲမှာ ဗြိတိသျှလူမျိုး ဗြိတိန်နိုင်ငံသား၊ ဒတ်ခ်ျလူမျိုး ဒတ်ခ်ျနိုင်ငံသား အဖြစ် ပေါ်လွင်
ပီသအောင် သနားစဖွယ် ကြိုးပမ်းနေမှုမျိုးဟာ လူမျိုးစုံ ယဉ်ကျေးမှု စရိုက်စုံ စုဝေး ရောထွေးနေတဲ့ လူ့အဖွဲ့အစည်းအသိုက်အဝန်းတွေ ကြားမှာ ယေဘုယျ ကိုယ်ပိုင် လက္ခဏာ တစ်ရပ်ကို ပိုင်ဆိုင်ဖို့ သွန်သင် ပြနေရသလိုမျိုးပြိုကွဲပျက်စီး သွားနိုင်တာပါ။ လူအများ ပြောဆိုတဲ့ ဘာသာစကား ဝေါဟာရ အသုံးအနှုန်းတွေလည်း အဲဒီနည်းနဲ့ပဲယဉ်ကျေးမှု ဖလှယ်မှုကနေ အများလက်ခံတဲ့ စကား အသုံးအနှုန်းတွေ ဖြစ်လာရတာပါပဲ။ အဲဒီမှာတင် လူတိုင်းလူတိုင်းဟာ တစ်ပါးသူတွေရဲ့ အပြောအဆို အပေါ် အာရုံစိုက်လာတာ ဖြစ်ပါတယ်။ ရလဒ်ကတော့ နိုင်ငံရေးနဲ့ကျင့်ဝတ် စိတ်ဓာတ်ဆိုင်ရာ အချေအတင် ပြောဆို ဆွေးနွေးမှုတွေကို အရှိန် လျော့ကျအောင် ဖန်တီးမယ့်ဝေ့လည်ကြောင်ပတ် စကားတွေ ဆပွား တိုးတက်လာပြီး လူအများ ပြောဆို သုံးနှုန်းနေတဲ့ စကားနဲ့ သာမန်လူများစုရဲ့ အတွေး အမြင်တွေကြားမှာ ကွာဟချက် ကြီးမား ကျယ်ပြန့်အောင် ဖန်တီးတော့တာ ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်စွာ ပြောဆိုခွင့်ကို အကာအကွယ် ပေးမှုဟာ နာမည်ကြီး လူကြိုက်များတဲ့
စာနယ်ဇင်းတွေရဲ့အလွဲသုံးစား ပြုမှုကြောင့် သိပ်တော့ မလွယ်လှပါဘူး။ အာဏာ အလွဲသုံးမှုတွေကို လူတွေကဖော်ထုတ်ဖို့ လွတ်လပ်တဲ့ စာနယ်ဇင်းတွေ အများအပြား ပေါ်ထွက်လာဖို့ လိုပါတယ်။ ဒါပေမယ့် စုံစမ်းမေးမြန်းစူးစမ်း လေ့လာရတဲ့ စာနယ်ဇင်း ပညာနဲ့ စာနယ်ဇင်းတွေဟာ အများပြည်သူ အကျိုးစီးပွား ပါဝင်ပတ်သက်မှု မရှိတဲ့ပြဿနာ တချို့မှာ ကျော်ကြား ထင်ရှားသူတွေရဲ့ ကိုယ်ပိုင် ပုဂ္ဂလိက ဘဝနဲ့ ပတ်သက်လို့ ဖော်ထုတ် တင်ပြရေးသားပြောဆိုတဲ့အခါ မမှန်သက်သေ ထွက်ဆိုစေဖို့ အသုံးချ ခံနေတဲ့ စာနယ်ဇင်း အချို့ကြောင့် သိက္ခာ ကျခဲ့ရတယ်။

အတင်းအဖျင်းတွေကို လက်သင့်ခံတာ ဟာလည်း အဲဒီ အတင်းအဖျင်း စကားတွေကို လူတွေရဲ့ အိပ်ခန်းထဲကထွက်လာပြီး သတင်း စာမျက်နှာတွေပေါ် ရောက်သွားစေခြင်း အားဖြင့် တခြားသူတွေရဲ့ ပုဂ္ဂလိက သီးသန့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးမှုအဖြစ် ပုံစံ ပြောင်းသွားစေတာ ပါပဲ။ ဒါ့ကြောင့် နောက်ဆုံး ပြောချင်တာက လွတ်လပ်စွာပြောဆိုခွင့်ဟာ လွတ်လပ်မှုရဲ့ အတိုင်းအတာ တစ်ခု ဖြစ်တယ်။ ဒီမိုကရေစီ ကျင့်စဉ်ကို လက်ခံ ကျင့်သုံးနေတဲ့လူ့အဖွဲ့အစည်း တိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချရာမှာ အများပြည်သူ လူ့အဖွဲ့အစည်းရဲ့ ထုံးစံ
အစဉ်အလာနဲ့ ယဉ်ကျေးမှုကို မထိခိုက် မပျက်ပြားစေ သင့်ဘဲ ရိုင်းပျ စော်ကား အနှောင့်အယှက် ပေးတဲ့ ဝေါဟာရစကားလုံး အသုံးအနှုန်းနဲ့ တင်ပြပုံမျိုးကို ခွင့်မပြုဖို့ လိုအပ်သလို အတင်းအဖျင်း မမှန် သတင်းတွေနဲ့
လူတစ်ဦးချင်းရဲ့ သီးသန့် ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ဖျက်ဆီး ထိပါးရာ မရောက်အောင် မလွဲမသွေ ထိန်းသိမ်းရမှာဖြစ်တယ် ဆိုတာပါပဲ။

ဒီလိုမှ မဟုတ်ရင် တန်ဖိုး မဖြတ်နိုင်တဲ့ လွတ်လပ်စွာ ရေးသားဖော်ပြ ပြောဆိုခွင့်ကို ကျင့်သုံးသူတွေရဲ့
မှန်မှန်ကန်ကန် အသုံးမချတတ်မှုနဲ့ အလွဲသုံးစား ပြုမှုတွေကြောင့် လွတ်လပ်စွာ ပြောဆိုခွင့် အပေါ် တန်ပြန်ဝေဖန်ထိုးနှက်မှုနဲ့ ကန့်သတ် ထိန်းချုပ်မှုတွေ ဖြစ်ပေါ်လာမယ်ဆိုတာ ယုံမှားစရာ မရှိကြောင်း ပြောချင်ပါတယ်။ အခုပဲလွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်လို့ တကျီကျီ ပြောဆိုနေတဲ့ အနောက် နိုင်ငံတွေမှာ ပင်လျှင် လွတ်လပ်စွာပြောဆိုမှုအပေါ် တန်ပြန် ဝေဖန် ထိုးနှက်မှုတွေ ရှိလာသလို ချုပ်ချယ် တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ဆင်ဆာလုပ်လာနေပြီလို့ ဆိုတယ် မဟုတ်လားဗျာ။




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...