Monday, September 5, 2011

ရသအလင်းဖောင်ဒေးရှင်းမှ ကဗျာဆရာပိုင်စိုးဝေအား ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ခြင်း

by ရသ အလင်း on Sunday, September 4, 2011 at 10:12pm
 

စင်ကာပူနိုင်ငံရှိ အနုပညာချစ်မက်သူတွေနဲ့ ဖွဲ့စည်း အုတ်မြစ်ချထားတဲ့ ရသအလင်းဖောင်ဒေးရှင်းမှ သြဂုတ်လအတွက် ဂုဏ်ပြုငွေကျပ် သုံးသိန်းကို မန္တလေးမြို့မှာ နေထိုင်တဲ့ ဆရာပိုင်စိုးဝေအား ပေးအပ် ချီးမြှင့် နိုင်ခဲ့ပါတယ်။ ရသအလင်းရဲ့ဂုဏ်ပြုငွေပေးအပ်ခြင်း ကိစ္စအ၀၀ကိုမန္တလေးမှ ဆရာကျော်ရင်မြင့်က အစစအရာရာတာဝန်ယူ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။


ပထမအစီအစဉ်ကတော့ ဆရာပိုင်စိုးဝေရဲ့အိမ်မှာ အခမ်းအနားလေး ကျင်းပဖို့ စီစဉ်ခဲ့ကြပေမယ့် ဆရာ့အိမ်က မိုးများပြီးရေမြုတ်တဲ့ အထဲပါဝင်နေခဲ့တာကြောင့် မန္တလေး ပန်တျာကျောင်းဝန်းထဲမှာရှိတဲ့ ပန်းချီပန်းပုဌာနရှေ့မှာ ၂၀.၈.၂၀၁၁ နေ့က ဂုဏ်ပြုငွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားလေးမှာဆရာကျော်ရင်မြင့်နဲ့အတူပန်းချီပန်းပုကျောင်းအုပ်ကြီးဦးခင်မောင်စန်း၊ဆရာစန်းယုကျော်(ကုမုဒြာ)၊ ဆရာအောင်ရှင်(မြန်မာတိုင်းမ်)ဆရာမင်းဒင်(7days)၊ဆရာသင့်နော်(ဈေးကွက်)၊ဆရာဘဦး(အလင်းတန်း)၊ ဆရာမင်းထက်ငြိမ်းချမ်း၊ဆရာစိုးဘားဒိုင်၊လမင်းသစ်၊သျှိုင်းရဲဝံ့နဲ့မောင်ဖူလုံ(ပုသိမ်ကြီး)တို့တက်ရောက်ခဲ့ကြောင်း ကြားသိရပါတယ်။

မြန်မာကဗျာ၊ စာပေလောကတွင် နှစ်ပေါင်းမြောက်များစွာ အားကောင်းမောင်းသန်ကဗျာများ ၊ ၀တ္ထုတိုများစွာကို ရေးဖွဲ့ခဲ့သောကိုယ့်ကြောင့် ကမ္ဘာကြီးကို မနာစေချင်သော သိန်းစွန်ငှက် ကဗျာဆရာပိုင်စိုးဝေ အားအနုပညာ အပေါ်တွင်ထားရှိသည့် ဇွဲသတ္တိ အားမာန်နှင့် ခိုင်မြဲတည်ကြည်သော ရပ်တည်ချက်တို့ကို လေးစားသော အားဖြင့် စင်ကာပူနိုင်ငံရှိ ကဗျာ၊စာပေ၊အနုပညာ ချစ်မက်လေးမြတ်သူများ ဖွဲ့စည်းထားသည့် ရသအလင်း ဖောင်ဒေးရှင်း မှ  မြန်မာကျပ်ငွေ (၃) သိန်းကို လေးစားစွာ ဂုဏ်ပြုချီးမြှင့်အပ်ပါသည် လို့ ရေးသားထားတဲ့ မှတ်တမ်းတင် ဂုဏ်ပြူလွှာနဲ့ ဆရာပိုင်စိုးဝေကို ဂုဏ်ပြုပေးအပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ရသအလင်းကိုယ်စား အစစအရာရာ အဆင်ပြေအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးနေတဲ့ ဆရာကျော်ရင်မြင့်နဲ့ အဖွဲ့သားအားလုံးကို ရသအလင်းမှ လှိုက်လှဲစွာ ကျေးဇူးဥပကာရတင်ရှိကြောင်း လေးစားစွာ မှတ်တမ်း တင် အပ် ပါတယ်။

ဆရာပိုင်စိုးဝေကို ၁၉၄၇ ခုနှစ်မှာ အဖဦးတင် အမိဒေါ်ရွှေမိတ်တို့မှ တောင်သာမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။
မြန်မာစာအဓိကနဲ့ BA ဘွဲ့ရရှိခဲ့ပြီး နေမင်းပိုင်စိုး ပိုင်စိုးဝေ ကလောင်အမည်တွေနဲ့ ကဗျာ၊ ၀တ္ထုတိုနဲ့ ဆောင်းပါးများစွာ ရေးသားခဲ့ပါတယ်။
၁၉၇၃ မှ ၁၉၇၇ အထိ ပန်တျာကျောင်းမှာ အစောင့်ဝန်ထမ်း
၁၉၇၈ မှ ၁၉၉၃ အထိ တိုင်းရင်းဆေးသိပ္ပံ ကျောင်းမှာ လက်ထောက်စာကြည့်တိုက်မှူး
၁၉၉၄ မှ ၂၀၀၇ အထိ ယဉ်ကျေးမှူဝန်ကြီးဌာန ၊ ကဗျာနည်းပြ
( ၂၀၀၇ မှာ အသက် ၆၀ ပြည့် အငြိမ်းစားယူခဲ့ပါတယ်)

ထုတ်ဝေခဲ့တဲ့ ဆရာ့ရဲ့ စာအုပ်တွေကတော့
ဗုဒ္ဓဟူးနေ့မှ မိုင် ၅၀၀ (၀တ္ထုတိုပေါင်းချုပ်)
သိန်းစွန်ငှက်အပြန်လမ်း(ကဗျာရှည်)
နေရောင်ခြည်နှင့်တွေ့ဆုံခြင်း(ကဗျာပေါင်းချုပ်)
မူးနေတဲ့ ကြယ်တံခွန်( ကဗျာပေါင်းချုပ်)
ဣတ္ထိယတောင်တန်း (ကဗျာပေါင်းချုပ်)
အပါအ၀င်စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပါတယ်။

ဆရာပိုင်စိုးဝေဟာ မျက်လုံးတစ်ကြိမ် ခွဲစိတ်ခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ပဲ နောက်တစ်ကြိမ် ထပ်မံခွဲစိတ်ဖို့ လိုအပ်နေတဲ့ အတွက် ဆရာ့ရဲ့ မျက်လုံးကုသစရိတ်ထောက်ပံ့ရန်အလို့ငှာ ရသအလင်းဖောင်ဒေးရှင်းအမှုဆောင်အဖွဲ့မှ ဂုဏ်ပြုငွေအဖြစ် ပေးအပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ကိုယ့်ကြောင့်ကမ္ဘာမြေကိုမလေးလံစေလိုတဲ့ သိမ်းစွန်ငှက် ကဗျာဆရာကြီးပိုင်စိုးဝေရသအလင်း၏ ဂုဏ်ပြုမှတ်တမ်းဆရာပိုင်စိုးဝေရဲ့ ကျေးဇူးတင်မှတ်တမ်းဆရာကျော်ရင်မြင့်မှ ဆရာပိုင်စိုးဝေထံ ရသအလင်း၏ကိုယ်စားဆရာကျော်ရင်မြင့်ရဲ့ အခမ်းအနားမှတ်တမ်း


အခုလို အနုပညာကိုမြတ်နိုးသူများရဲ့ ၀ိုင်းဝန်းအားဖြည့်မှုတွေနဲ့ ရသအလင်းရဲ့ အုတ်မြစ်ဟာ ခိုင်မာမြဲမံနေပြီး ရသအလင်းရဲ့ ခြေလှမ်းတွေဟာလည်း တက်ကြွခိုင်မာနေပြီ ဖြစ်ပါတယ်။ အနုပညာချစ်မက်သူ အပေါင်း စိတ်ပါဝင်စားခဲ့ရင် ရသအလင်းကို ပူးပေါင်းဝိုင်းဝန်းကြဖို့ ရသအလင်းအမှုဆောင်အဖွဲ့မှ လိုက်လှဲပျူငှာစွာ ဖိတ်ခေါ်အပ်ပါတယ်။

ရသအလင်းအမှုဆောင်အဖွဲ့ဝင်အဖြစ်ပါဝင်အားဖြည့်လိုသူ ရသအလင်းအဖွဲ့သားများအားလုံးကိုလည်း တတ်နိုင်သလောက် အချိန်ဖဲ့ပေးပြီး ပါဝင်ကြပါဦးလို့ လေးစားစွာတိုက်တွန်းပါရစေ..။

တစ်စက်ချင်းတစ်ပေါက်ချင်းက ပြည့်အောင်ဖြည့်နေကြရတာဖြစ်တဲ့အတွက်
တစ်စက်ချင်းတစ်ပေါက်ချင်းကနေ ပြည့်အောင်ဖြည့်လိုက်ကြစို့လား......

ရသအလင်းဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...