Monday, September 12, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၁) အပိုင်း(၄)


ဒီမိုကရေစီနှင့် နိုင်ငံရေးညီမျှမှု

(Democracy and Political Equality)

          ဒီမိုကရေစီနိုင်ငံရေးစနစ်အတွင်းတွင် နိုင်ငံသားအားလုံး နိုင်ငံရေးညီမျှမှု ရှိရမည်သာဖြစ်သည်။ ဤနေရာတွင်နိုင်ငံရေး ညီမျှမှုဆိုသည်မှာ အဘယ်နည်း၊ ၄င်းတို့ကို မည်သည့်စံများအရ မည်သို့တိုင်းတာ မည်းနည်းဟူသော မေးခွန်းများမေးရန် ပေါ်ပေါက်လာပေလိမ့်မည်။

          ပညာရှင်များ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေဘုယျတင်ပြရလျှင် နိုင်ငံရေးညီမျှဆိုသည်မှာမဲပေးခွင့်ရှိ သူတိုင်း တပြားစီ မဲပေးခွင့်ရှိပြီး ထိုမဲပြားတိုင်းသည် တူညီသောတန်ဖိုးရှိရမည်ဟူ၍ဖြစ်သည်။ ဆင်းရဲချမ်းသာ၊ ကျားမ၊ ဘာသာ၊ လူမျိုး၊ နိုင်ငံရေးယုံကြည်မှု ခွဲခြားမှုမရှိဘဲ နိုင်ငံရေးတွင် အဆင့်အတန်းတူညီစွာ ပူးပေါင်းဆောင်ရွက်ခွင့်ပင် ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသာ မဲပြားနှင့်တန်ဖိုး တူညီခြင်းဖြစ်ရန် လိုသကဲ့သို့ ထိန်ချုပ်မှု၊ ခြိမ်းခြောက်မှုမရှိဘဲ မဲပေးခွင့်သည်လည်း နိုင်ငံရေးညီမျှမှုအတွက် မရှိမဖြစ်လိုအပ်သည်။

          တချို့သောနိုင်ငံများနှင့် နိုင်ငံရေးစနစ်များတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း တူညီသော မဲပြားအရေ အတွက် ရရှိကြသည်မဟုတ်ပေ။ တိုင်းပြည်အုပ်ချုပ်သူ၊ ပညာတတ်သူ၊ စီးပွားချမ်းသာသူ၊ အစိုးရ၀န်ထမ်း၊ သလုပ်သမား၊ လယ်သမား စသည်ဖြင့် အလွှာခွဲခြားကာ မဲပေးစေသည့် စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ထိုသို့သော မဲပေးခြင်းကို အလေးကဲသော မဲပေးစနစ် (Weighted Voting System) ဟုခေါ်သည်။ အလေးကဲသော မဲပေးစနစ်အရ နိုင်ငံရေးညီမျှမှုကို ဖော်ဆောင်နိုင်မည် မဟုတ်ပေ။

          အထက်၌ တင်ပြခဲ့သည်တို့မှာ လူတဦးချင်းစီအလိုက် အခွင့်အရေး ညီမျှမှုများဖြစ်ပြီး နိုင်ငံရေးအရ ညီမျှမှုဖြစ်စေရန် အခြားသော လိုအပ်ချက်များသည်လည်း ပါဝင်လျက်ရှိသည်။ ဥပမာ- ယောက်ျား မိန်းမ အခွင့်အလမ်း ညီမျှမှုများရှိစေရန် အထူးပြဌာန်းချက်များကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် နိုင်ငံ၏ လိုအပ်ချက်နှင့် အညီ ပြုလုပ်ကြရသည်။

          နေ့စဉ် နိုင်ငံရေးပြဿနာအချို့သည် ညီမျှရှိခြင်း၊ မရှိခြင်းကို အခြေတည်ငြင်းခုံရာမှ ဖြစ်ပေါ်နေကြသည်။ မည်သို့သော အခြေအနေတွင် ညီမျှမှုရှိသည်ဟူး၍ကား အတိအကျပြောရန် ခက်ခဲလှပါသည်။ လူမှုသိပ္ပံသုတေသီ (Social Scientist) များက ညီမျှမှုပြဿနာနှင့် ပတ်သက်၍ အဆုံးသတ်ဖြေရှင်းနိုင်သော အခြေအနေမျိုး မည်သည့်အခါတွင်မျှ ရနိုင်မည်မဟုတ် ကြောင်းဆိုကြသည်။ နိုင်ငံရေးအရ ညီမျှမှုသည် သင်္ချာဘာသာ ညီမျှမှုကဲ့သို့မဟုတ်ဘဲ စိတ်ခံစားမှုနှင့် ပို၍သက်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။လူတိုင်းသည် တူညီစွာ ဖြစ်တည်လာကြပြီး လွတ်လပ်သောသူများ ဖြစ်ကြသည်။ ထိုအမှန် တရားသည် အဆက်အစပ်ရှိပြီး ငြင်းဆို၍ မရနိုင်သော အရာများဖြစ်သည်ဟု အမေရိကန လွတ်လပ်ရေး ကြေညာစာတမ်း ရေးသားသူ သောမာ့စ်ဂျက်ဖာဆန် (Thomas Jefferson. 1743-1826) က ရေးသား ခဲ့ပါသည်။ လူတိုင်းသည် တူညီစွာမွေးဖွားဖြစ်တည်လာခြင်းဖြစ်ရာ အခွင့်အလမ်းအရာတွင် အားလုံးတန်တူ ဖြစ်မှုကိုသာ အာမခံရမည်ဖြစ်ပြီး သင်္ချာနည်းအရ အချိုးချနိုင်သော ညီမျှမှုကို        ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က  အကောင်အထည် ဖော်နိုင်မည်မဟုတ်ချေ။ ဒီမိုကရေစီစနစ်တွင် လူတို့၏ အခြေခံ နိုင်ငံရေးအခွင့်အရေး ဆိုင်ရာတို့နှင့် ပတ်သက်သော အချက်များ၌ ညီမျှမှုကိုသာ အာမခံမည်ဖြစ်သည်။ လူတိုင်း၏ စီးပွားရေးနှင့် အခြားရုပ်ပိုင်ဆိုင်ရာ ညီမျှမှုကို အကောင်အထည်ဖော်ရန် သို့မဟုတ် အာမခံရန်သည် ဒီမိုကရေစီ၏ အဓိက တာဝန် မဟုတ်တော့ဘဲ ဒီမိုကရေစီကို ကျင့်သုံးခြင်းပြုသော လူ့အဖွဲ့အစည်း အတွင်းရှိ နိုင်ငံရေးစနစ်ကို ၀ိုင်းဝန်း တည်ဆောက်သ်ည့ အခြားသော ကဏ္ဍများ၏ တာဝန်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် အုပ်ချုပ်ရေးစနစ်သာ ဖြစ်ပြီး စီးပွားရေးနှင့် လူတို့၏ အခြားရုပ်ပိုင်းဆိုင်ရာ ညီတူညီမျှ တိုးတတ်ရေး သီအိုရီတရပ် မဟုတ်ခြင်း ကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ပြည်သူ့ဒီမိုကရေစီကို ကျင့်သုံးသော နိုင်ငံများတွင် လူတိုင်း၏ ရုပ်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုကို အာမခံ အကောင်အထည် ဖော်ပေးမည့် ကွန်မြူနစ်ဝါဒနှင့် ထိုဝါဒအခြေခံအရ တည်ဆောက်ထားသော စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်နှင့် အစိုးရအဆောက်အအုံ များရှိကြသည်။

ဒီမိုကရေစီကျင့်ဝတ်များ

(Democratic Ethic)

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် အကောင်းဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အခြားသော အုပ်ချုပ်ရေးစနစ်များသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထက် ဆိုးသောကြောင့်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်သူ နေရူး (Jawaharlal Nehru,1889-1964) က ပြောခဲ့ဖူးသည်။ ယနေ့အချိန်အထိ လူ့အဖွဲ့အစည်းတွင် ကျင့်သုံးခဲ့ဖူးသော အုပ်ချုပ်ရေးစနစ်များထဲတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်သည် အကောင်းဆုံးဖြစ်သည်ဟု လူအများက လက်ခံထား၍သာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ဒီမိုကရေစီထက် ကောင်းမွန်သာလွန်သော အုပ်ချုပ်ရေးစနစ်များ ရှိသည်ဟု အချို့သော အတွေးအခေါ်ပညာရှင်းများနှင့် နိုင်ငံရေးသမားမျာက ပြောဆိုတတ်ကြသည်။ ထိုသို့ပြောဆိုချက် မှန်သည် မှားသည်ကို အတိအကျငြင်းချက်ထုတ်ရန်မှာ ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် ပြီးပြည့်စုံသောအုပ်ချုပ်ရေးစနစ် တရပ်မဟုတ်ခြင်း၊ ထိုအုပ်ချုပ်ရေးစနစ် အရ ဖြေရှင်းမရနိုင် သေးသော ပြဿနာများရှိနေသေးခြင်းက ဒီမိုကရေစီထက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တရပ် မွေးဖွားပေးရန် အခြေခံအကြောင်းတရားများအဖြစ် လူအများ သိမြင်ထားကြ၍ ဖြစ်သည်။ သို့သော် ယနေ့အချိန်ခါသည်ကား ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထက် သာလွန်ကောင်းမွန်သည်ဆိုသော အုပ်ချုပ်ရေး စနစ်ခေတ်ကို မရောက်သေးသည်မှာ သေချာသည်။ မဖော်ထုတ်နိုင်သေးသည်မှာလည်း သေချာနေသည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အားနည်းချက်များကို ထောက်ပြဝေဖန်မှု တခုတည်းဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် တခုလုံးကို ပစ်ပယ်ခြင်း၊ ဆန့်ကျင်ခြင်းကား မပြုအပ်ပေ။ ဒီမိုကရေစီကျင့်စဉ်အတိုင်းသား နေထိုင်ကျင့်ကြံပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အတွင်း ပါဝင်ပတ်သက်ရမည်သာ ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...